အမည် - မော့လင်း
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော်
ဆက်ဆံရေး - အနှုတ် ၅၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (အမှောင် မိစ္ဆာ ခန္ဓာကိုယ်)
အခြေအနေ - အစပိုင်းတွင် သူက ထျန်းစစ်နှင့် တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ဇီလင်းလုံ၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ သို့သော် သူ စိတ်ပျက်အားငယ် မသွားခဲ့ချေ။ ကျိုယန်ဂိုဏ်းအား အနီးကပ် စောင့်ကြည့်နေခဲ့ပြီးနောက် ဤဂိုဏ်းမှာ လုံးဝ အစွမ်းမထက်ကြောင်း သတိပြုမိသွား၏။
လူတိုင်း ကျိုယန်ဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် သူ့အစောင့်အရှောက်ကို အကူအညီတောင်းကာ ဇီလင်းလုံအား ချုံခိုတိုက်ခိုက် ဖမ်းဆီးပြီး သူ့ ကျင့်ကြံခြင်း မီးပြင်းဖိုအဖြစ် အသုံးချရန် ရည်ရွယ်ထားသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် သူက ရွယ်တူများကြားတွင် အသန်မာဆုံး ဖြစ်လာပေလိမ့်မည်။
မော့လင်း၏ အခြေအနေကို ဖတ်ပြီးနောက် ကျန်းမင် သတ်ဖြတ်လိုစိတ်များ ထောင်းခနဲ ထွက်ပေါ်လာ၏။
"ညရောက်တဲ့အထိတော့ မင်းကို အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်… အခုက အချိန်မကျသေးဘူး"
ရွှမ်း…
လူသားလမ်းစဉ် မှတ်တမ်း ပွင့်ဟသွားပြန်သည်။
အမည် - ယွဲ့ချန်
နောက်ခံ - ကျီယန် တောင်ထွတ်၏ ပထမ အကြီးအကဲ (မှတ်ချက်။ တကယ်တမ်းတွင် ယင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်)
ဆက်ဆံရေး - အနှုတ် ၁
အခြေအနေ - ဇီလင်းလုံ တစ်ယောက် မဟာကျိုး အင်ပါယာ၏ (၁၈)ပါးမြောက် မင်းသား ကျိုးထျန်းအား အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် သူ အံ့အားသင့်နေခဲ့ပြီးပြီ ဖြစ်သည်။ ယခုအခါ ပါရမီရှင် အများအပြားကိုပါ ဆက်တိုက် အနိုင်ယူလိုက်သည်အား မျက်မြင်တွေ့လိုက်ရချိန်တွင် ပို၍ပင် ထိတ်လန့်သွားခဲ့၏။ တကယ်လို့ သူသာ အမှားတစ်ခုခု လုပ်မိပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားပါက သူမ၏ ဓားတစ်ချက်တည်းနှင့် အသတ်ခံရမည်ကို စိုးရိမ်နေလေပြီ။
'သေစမ်း… ငါ ဒီမှာပဲ ဆက်နေသင့်လား ဒါမှမဟုတ် ထွက်ပြေးရမလား… ငါ့ကိုယ်ငါ သွားအဖမ်းခံလိုက်ရင် ကောင်းမလား… ငါ့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်အရေး ရနိုင်သေးရဲ့လား… မရတော့ဘူး… လုံးဝ မရနိုင်တော့ဘူး… သူတော်စင် သားတော်ကို ငါ့အကြောင်း သွားပြောပြသင့်လား… မဖြစ်သေးပါဘူး… ဒါလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး… သူက ငါရှိနေမှန်းတောင် သိတာမှ မဟုတ်တာ… တကယ်လို့ ငါသာ သတိလက်လွတ်နဲ့ သူ့ဆီ တန်းသွားမိရင် သူက ငါ့ကို အသိအမှတ် မပြုတာမျိုး ဒါမှမဟုတ် ငါ့လျှို့ဝှက်ချက် ပေါက်ကြားသွားတာမျိုး ဖြစ်ရင် ငါတော့ သေပြီပဲ… ဟူး… တကယ်ကို ခက်ခဲလွန်းတယ်'
ကျန်းမင် မျက်ခုံး ပင့်လိုက်သည်။ သူ ယွဲ့ချန်ကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ ယွဲ့ချန်မှာ သူလျှိုတစ်ယောက် ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သဖြင့် သတ်ပစ်မည့်အစား အသက်ရှင်ခွင့် ပေးထားခြင်းက ပိုကောင်းပေမည်။ ထိုသူ၏ထံမှ ယင်မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက် အချို့ ရနိုင်သည် မဟုတ်ပါလား။
လူတိုင်း ထွက်သွားသည်ကို မြင်ပြီးနောက် ဇီလင်းလုံက ပြေးလာကာ သူ့အပေါ် ခုန်အုပ်လိုက်သည်။
"ဂိုဏ်းတူအစ်ကိုကြီး"
ကျန်းမင်လည်း မသိစိတ်အရ လက်နှစ်ဖက် ဆန့်တန်း၍ သူမအား ရင်ခွင်ထဲ တင်းကြပ်စွာ ဖက်ထား၏။ သို့သော် အရှိန်ကို မထိန်းနိုင်သဖြင့် မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားရသည်။
သူ့ကျောပြင် မြေကြီးနှင့် မထိမီလေးတွင် မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင် အတားအဆီး တစ်ခုက သူ့အနောက်တွင် ပေါ်လာပြီး မြေပြင်ပေါ် ပုံကျမည့် ကံကြမ္မာမှ ကယ်တင်ပေးလိုက်တော့သည်။
ဇီလင်းလုံက သူ့အပေါ် မှောက်လျက်သား အနေအထားဖြင့် မေးလာ၏။
"အစ်ကိုကြီး ထိခိုက်သွားသေးလား"
"စောစောက မင်းပြောသလိုပဲ… မင်းငါ့ကို ဖိသတ်လုနီးပါး ဖြစ်သွားတာ" ကျန်းမင်က သူမ၏ ဆံပင်များကို ဖွရင်း ပြန်ဖြေသည်။
"ညီမလေး အားကုန် မသုံးခဲ့တာကိုပဲ ကျေးဇူးတင်သင့်တယ် အစ်ကိုကြီး… ထားပါတော့… တကယ် ထိခိုက်သွားသေးလား"
"ငါ့ကျောရိုးတောင် ကျိုးမလို့ ဖြစ်သွားတယ်"
"ဟီးဟီး… စိတ်မပူပါနဲ့… ချက်ချင်း ပြန်ကုပေးလို့ ရပါတယ်"
"ဟမ့်… အခုချက်ချင်း ဆင်းစမ်း"
"မဆင်းဘူး"
"ငါ ရိုက်တော့မှာနော်"
"အစ်ကိုကြီး မရိုက်ရက်ပါဘူး"
ဖြန်း…
မွန်းလွဲပိုင်းတွင် ဂူဟိုင် ပြန်ရောက်လာပြီး အသိပေးလာ၏။
"မင်… တောင်ထွတ်ရဲ့ ကိစ္စတွေကို မင်းလက်ထဲ အပ်ခဲ့မယ်… လင်းလုံ… မင်းက မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ကူညီပေးလိုက်"
ကျန်းမင် အံ့အားသင့်စွာဖြင့် လှမ်းမေးလိုက်သည်။
"ဆရာကကော ဘယ်သွားမလို့လဲ… ပထမ အကြီးအကဲ ယင်ယွဲ့နဲ့ ဘဝအကြောင်းတွေ၊ အိပ်မက်တွေ သွားဆွေးနွေးမလို့လား"
"အဟွတ်… အဟွတ်…" ဂူဟိုင်က ဝိုင်တစ်ငုံ ကြီးကြီး သောက်ချပြီးနောက် ဆက်ပြောသည်။ "ငါ့ဘဝ တစ်လျှောက်လုံး အလုပ်ရှုပ်ခဲ့ပြီးပြီ… အခုတော့ အနားယူရမယ့် အချိန် ရောက်ပြီလေ… မင်း ခရမ်းရောင် နန်းတော် အဆင့်ကို ရောက်သွားတာနဲ့ ငါမင်းကို ပထမ ခေါင်းဆောင် နေရာ ပေးမယ်… လင်းလုံကတော့… အင်း… သူမ ကျင့်ကြံဖို့အတွက် အချိန်နဲ့ ဟင်းလင်းပြင် နည်းနည်း ပေးဖို့ လိုတယ်"
"ဒါဆို ဆရာက တာဝန်တွေကို ကျွန်တော်တို့ဆီ ပုံချခဲ့တော့မလို့ပေါ့" ကျန်းမင် အာမေဋိတ်သံဖြင့် အော်လိုက်၏။
ဂူဟိုင်က လေထဲသို့ ပျံတက်သွားရင်း… "ငါ သွားတော့မယ်… ဒီက ကိစ္စ အကုန်လုံး မင်းတို့ကိုပဲ အပ်ခဲ့တော့မယ်… ငါ တစ်ခါတလေ ပြန်လာခဲ့မယ်… အဲ့ဒါကြောင့် ငါ့အခန်းကို မကြာခဏ သန့်ရှင်းရေး လုပ်ထားဖို့ မမေ့နဲ့"
"ဒီအဘိုးကြီးတော့လေ…" ကျန်းမင် ခေါင်းခါယမ်းမိသည်။ "ဒီအရွယ်ကြီး ရောက်မှ မိန်းမ သွားဖွန်ကြောင်တော့မလို့လား"
"ဘယ်သူသိမှာလဲ" လင်းလုံက ဝင်ပြော၏။ ထို့နောက် သူမက လှည့်လာပြီး ပျော်ရွှင်စွာ တေးဆိုသလို မေးလာသည်။ "ဂိုဏ်းတူအစ်ကိုကြီး… ဒါဆို ဒီတောင်ပေါ်မှာ ညီမလေးတို့ နှစ်ယောက်တည်း ကျန်တော့မှာပေါ့ ဟုတ်လား… ပြီးတော့ ဘယ်သူမှ လာနှောင့်ယှက်တော့မှာ မဟုတ်ဘူးပေါ့"
"အင်းလေ"
"အရမ်း မိုက်တာပဲ"
ပျော်ရွှင်စရာ အချိန်များမှာ အမြဲတမ်း တိုတောင်းလွန်းလှ၏။
ညစာ စားပြီးနောက် ကျန်းမင်က တစ်လစာ ကျင့်ကြံမှု စွမ်းအင်အား ဆုကြေးအဖြစ် ရရှိခဲ့သည်။ ထိုစွမ်းအင်များကို သူ့ အသိစိတ်ပင်လယ်ထဲ စုပ်ယူလိုက်ပြီးနောက် ထိုနေ့အတွက် ပြီးဆုံးသွားခဲ့လေပြီ။
ထုံးစံအတိုင်း သူတို့နှစ်ယောက် ကုလားထိုင်များပေါ် ထိုင်၍ သန်းခေါင်ယံ အချိန်အထိ ကြယ်ရောင်လင်းသော ကောင်းကင်ကြီးအား ငေးကြည့်နေခဲ့ကြသည်။
"မင်း အခန်းပြန်ပြီး အနားယူသင့်ပြီ"
"အစ်ကိုကြီး… ညီမလေးရဲ့ လက်ရှိ အဆင့်မှာ အနားယူဖို့ မလိုတော့ပါဘူး… အစ်ကိုကြီး အနားမှာပဲ အဖော်လုပ်ပေးပါရစေ… တကယ်လို့ အစ်ကိုကြီး ကျင့်ကြံချင်ရင် အစောင့် လုပ်ပေးမယ်လေ"
"လိမ္မာပါတယ်… သွားအိပ်တော့" ကျန်းမင် အနေဖြင့် သူမအား အခန်းထဲ ပြန်ဝင်သွားရန် အတော်လေး အားထုတ် ဖျောင်းဖျလိုက်ရပေသည်။
သန်းခေါင်ယံ အချိန် သူ့အခန်းထဲတွင်တော့…
ကျန်းမင်က အစီအရင်ကို ဖွင့်လှစ်လိုက်ပြီး အယောင်ပြ ကိုယ်ပွားတစ်ခု ချန်ထားခဲ့ကာ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့၏။
တောင်တန်းကြီးများမှာ လရောင်နှင့် ကြယ်ရောင်များ အောက်တွင် လှပစွာ တောက်ပနေသည်။
ဟိုင်ပြည်နယ်၏ အစွန်အဖျားတွင် တောင်ကြား တစ်ခု ရှိသည်။ ထိုနေရာမှာ အစီအရင် တစ်ခုဖြင့် ဝန်းရံထားသောကြောင့် အလွန် တိတ်ဆိတ်နေ၏။ အပြင်ဘက်မှ ကြည့်လျှင် ဘာမှမရှိသကဲ့သို့ ထင်ရသော်လည်း တောင်ကြား ဗဟိုချက်တွင်တော့ ဧရာမ ယဇ်ပလ္လင်ကြီး တစ်ခု နေရာယူထားသည်။
ထိုယဇ်ပလ္လင်ပေါ်တွင် သွေးရောင် မိစ္ဆာ သင်္ကေတများ ထူထပ်စွာ ရေးဆွဲထားပြီး မီးလောင်ကျွမ်းနေသကဲ့သို့ပင်။
မော့လင်းမှာ ယဇ်ပလ္လင်၏ ဗဟိုချက်၌ ရပ်နေ၏။
မော့လင်းက လက်နောက်ပစ်လျက် ကောင်းကင်ကြီးအား မော့ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်…
"အရာအားလုံး အဆင်သင့် ဖြစ်နေပြီ… ငါလိုတာ လိုအပ်နေတဲ့ အစိတ်အပိုင်း တစ်ခုတည်းပဲ"
မော့လင်း၏ မျက်စိရှေ့တွင် တောက်ပသော အနာဂတ် တစ်ခု ပေါ်လာသကဲ့သို့ စိတ်ကူးယဉ်ရင်း…
"ဖီးနစ် သွေးဆက်က ငါ့ရဲ့ အသွင်ပြောင်းခြင်းကို မကူညီနိုင်ရင်တောင် ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုသန်မာစေပြီး ငါ့စွမ်းအားတွေကို အဆင့်သစ် တစ်ခုဆီ ခေါ်ဆောင်သွားနိုင်တယ်… အဲ့ဒါပြီးသွားရင် ငါက အလင်းအမှောင် ခန္ဓာကိုယ်ကို ရလိမ့်မယ်… ပြီးရင် ထျန်းစစ်ကို စုပ်ယူလိုက်ရုံနဲ့ ဒီလောကကြီး တစ်ခုလုံးကို အုပ်စိုးနိုင်မယ့် စွမ်းအားကို ရပြီ"
ရုတ်တရက် သူ့ရှေ့တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။
ထိုလူကို မြင်သည်နှင့် မော့လင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
"မင်း ဘယ်သူလဲ" သို့သော် သူက ချက်ချင်း တည်ငြိမ်သွားပြီး တိုက်ခိုက်မှု စတင်တော့သည်။ ယဇ်ပလ္လင်မှ တောက်ပသော အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး တောင်ကြား တစ်ခုလုံးတွင် ရှေးဟောင်း စာလုံးများ ပေါ်ထွက်လာလေပြီ။
မော့လင်း၏ မျက်နှာထား တင်းမာသွားပြီး မေးလိုက်သည်။
"မင်း ဘယ်သူလဲ… ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ… ငါမသိဘဲ ငါ့အစီအရင်ထဲကို တစ်ယောက်ယောက် ဝင်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး… မင်းက ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်ထားတာလား"
ထိုသူမှာ အခြားသူ မဟုတ်၊ ကျန်းမင်ပင်။
ဤနေရာသို့ ရောက်ပြီးနောက် သူက အစီအရင် အတွင်းသို့ တိုက်ရိုက် ရွှေ့ပြောင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ မော့လင်း သူ့အား မှတ်မိမည်စိုး၍ ရုပ်အဆင်းကိုပင် ပြောင်းလဲထားခဲ့သေး၏။
ကျန်းမင်က သူ့လက်ထဲရှိ အလယ်အလတ်အဆင့် ကောင်းကင်ခွဲဓားကို ဆင့်ခေါ်ရင်း ပြန်ဖြေသည်။
"ငါ ဘယ်သူလဲ ဟုတ်လား… ငါက မင်းရဲ့ အသက်ကို လာယူတဲ့သူပဲ"
ပြောပြီးသည်နှင့် ဓားကို ဝှေ့ယမ်း၍ ချင်းယွင်ဂိုဏ်း၏ အထူး စွမ်းရည် တစ်ခုဖြစ်သော ကောင်းကင်ခွင်း ဓားသိုင်းအား ထုတ်ဖော်တော့သည်။
သူက ထိုအထူး စွမ်းရည်ထဲသို့ ဖျက်ဆီးခြင်း တာအိုကိုပါ ပေါင်းစပ်လိုက်သဖြင့် တိုက်ခိုက်မှု အားအင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွားလေပြီ။
ဓားစွမ်းအင် ထွက်ပေါ်လာပြီး အစီအရင်ကို ချိုးဖျက်သွား၏။ ရှေးဟောင်း စာလုံးများမှာ ကောင်းကင်မှ တစ်ခုပြီး တစ်ခု ပြုတ်ကျလာပြီး ယဇ်ပလ္လင်ပင် ထိုတိုက်ခိုက်မှုကို မခံနိုင်သဖြင့် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
အခြေအနေ မဟန်မှန်း သိသည်နှင့် မော့လင်းက လျင်မြန်စွာ တုံ့ပြန်သည်။
"ပြောင်းပြန် မိစ္ဆာကြေးမုံ… တန်ပြန်စမ်း"
မှောင်မိုက်နေသော မိစ္ဆာကြေးမုံ တစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင် တစ်ခုကို ထုတ်လွှတ်လိုက်၏။
၎င်းမှာ မည်သည့် တိုက်ခိုက်မှုကိုမဆို တန်ပြန်နိုင်သည့် အဆင့်မြင့် လက်နက်တစ်ခု ဖြစ်သည်။
သို့သော် ဓားစွမ်းအင် ကျဆင်းလာချိန်တွင် ပြောင်းပြန် မိစ္ဆာကြေးမုံမှာ ထက်ပိုင်းပြတ်သွားပြီး မော့လင်း အပေါ်သို့ ပြုတ်ကျလာခဲ့ချေပြီ။
ဘန်း…
မော့လင်း၏ စစ်ချပ်ဝတ်တန်ဆာပေါ်ရှိ အလွှာကိုးထပ် ကာကွယ်ရေး အတားအဆီးများ ကြေမွသွားသည်နှင့်အမျှ အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ထို့နောက် သူက သွေးများ ပန်းထွက်လျက် လေထဲ လွင့်စင်သွားတော့သည်။
'ဒီလောက် တိုက်ခိုက်တာတောင် အသက်ရှင်နေသေးတယ် ဟုတ်လား… အင်းလေ… သူ့မှာ အမှောင် မိစ္ဆာ ခန္ဓာကိုယ်နဲ့ ကာကွယ်ရေး အထူးစွမ်းရည် အပြင် ကာကွယ်ရေး ချပ်ဝတ် နှစ်ခုပါ ရှိနေတာ ဆိုတော့ သူ အသက်ရှင်နေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး'
ကျန်းမင် အံ့အားသင့် မနေပေ။ မည်သို့ပင်ဆိုစေ မော့လင်းမှာ သူတော်စင် သားတော် တစ်ယောက် မဟုတ်ပါလား။ သူက ကာကွယ်ရေး လက်နက်များ တပ်ဆင်ထားရုံသာမက သူ့ကိုယ်ပေါ်တွင် အစီအရင်များကိုပါ ဖန်တီးထားသေး၏။
သို့တိုင်အောင် ထိုတိုက်ခိုက်မှုကြောင့် သူ အသားစများ ကြေမွလုနီးပါး ဖြစ်သွားခဲ့ရသည်။
"ကောင်းကင်ခွင်း" ကျန်းမင်က သူ့အား အသက်ရှူချိန်ပင် မပေးတော့ဘဲ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
ထိုတိုက်ခိုက်မှုက ဟင်းလင်းပြင်ကို ဖြတ်တောက်သွားပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေပြီ။
"ဟင့်အင်း" မော့လင်း အသည်းအသန် အော်ဟစ်လိုက်၏။ "ဆရာ… ကျွန်တော့်ကို ကယ်ပါဦး"
ဖွပ်…
ကာကွယ်ရေး လက်နက်များ မရှိတော့သော မော့လင်းမှာ ထိုတိုက်ခိုက်မှုကို မတားဆီးနိုင်တော့ဘဲ ထက်ပိုင်း ပိုင်းဖြတ် ခံလိုက်ရတော့သည်။
သူ သေဆုံးသွားခဲ့ပြီ။
ဂြိမ်း…
ယဇ်ပလ္လင် ပြိုကျသွားပြီး အစီအရင်များ ပျက်စီးသွားသောကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ မြေနဂါး တစ်ကောင် လူးလှိမ့်နေသကဲ့သို့ တုန်ခါ အက်ကွဲသွားတော့သည်။
ကျန်းမင် ထွက်ခွာရန် ပြင်လိုက်ချိန်တွင်ပင် သူ့အထက် ကောင်းကင်၌ လက်ဝါးကြီး တစ်ခု ပေါ်လာခဲ့၏။ ကြယ်ရောင်များ ပျောက်ကွယ်သွားပြီး အမှောင်ထုက သူ့ကို လွှမ်းခြုံသွားကာ ပြီးပြည့်စုံသော အမှောင်ကျင်းထဲသို့ ဆွဲချသွားတော့သည်။
End
***