အမှောင်ထုက ကျန်းမင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ့ အာရုံခံစားမှု အားလုံးကို ရုပ်သိမ်းသွားလေပြီ။ လေထုမှာ ထူပိန်းနေပြီး ဟင်းလင်းပြင် အမှတ်အသားများပင် ပုံပျက်နေ၏။
ကျန်းမင်က သူ့ အထူး စွမ်းရည်များကို အသုံးမပြုနိုင်တော့ဘဲ သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖန်တီးထားသော သုခဘုံ အတွင်း ရောက်နေမှန်း သဘောပေါက်သွားသည်။ ၎င်းမှာ စက်လုံး တစ်ခု သို့မဟုတ် အတိုင်းအတာ တစ်ခုနှင့် တူပြီး တစ်ကြိမ် ပိတ်မိသွားပါက ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို နှိမ်နင်းရန် သူတို့၏ သုခဘုံကို ထုတ်ဖော်လိုက်ရုံသာ လိုအပ်သည်။ ဤသည်က သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ပြသနေခြင်းပင်။
"အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ"
ကျန်းမင်က ကောင်းကင်ခွဲဓားကို မြှောက်ကာ သူ့ ပတ်လည်တွင် သဏ္ဍာန်မဲ့ ဓားစွမ်းအင် ကိုးခု ဖန်တီးလိုက်သည်။ ထိုဓားစွမ်းအင်များက အတိုင်းအတာကို ထိုးဖောက်၍ အမှောင်ထုကို ဆွဲဖြဲလျက် သူ့အထက်မှ ကျဆင်းလာသော လက်ဝါးကြီးဆီသို့ ပြေးဝင်သွားရာ ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။
အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာပြီး လေထုမှာ တုန်ခါနေကာ လရောင်အောက်ရှိ တိမ်တိုက်များ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။
သူ့ပတ်လည်ရှိ တောင်ထွတ်များ ပြိုကျသွားပြီး မြေကမ္ဘာကြီးပင် ငိုကြွေးနေသကဲ့သို့။
"မင်းက ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး… မင်းက ငါ့ရဲ့ သုခဘုံ ပုံရိပ်ကို ဖျက်ဆီးပြီး ငါ့ရဲ့ တိုက်ခိုက်မှုတွေ တွန်းလှန်နိုင်တာ အံ့ဩစရာတော့ မဟုတ်တော့ဘူး" အသံတစ်ခု ပဲ့တင်ထပ်လာပြီးနောက် လူတစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာ၏။ ထိုသူမှာ အသက် လေးဆယ် ဝန်းကျင်ခန့် ရှိပုံရသည်။ သူက သွေးကဲ့သို့ နီရဲသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များက ကောက်ကွေးနေကာ အရိုင်းဆန်သော အငွေ့အသက်ကို ပေးစွမ်းနေသည်။
သူ့နောက်ကျောဘက်ရှိ လက်တစ်ဖက်တွင်တော့ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရရှိထား၏။ ထိုဒဏ်ရာမှ သွေးများ စီးကျနေသော်လည်း ဒဏ်ရာ အလျင်အမြန် ပြန်လည် ကျက်လာသည်နှင့်အမျှ လေထဲတွင် အငွေ့ပျံ သွားလေပြီ။
"ခင်ဗျား ဘယ်သူလဲ" ကျန်းမင် မျက်မှောင်ကြုတ်လိုက်သည်။
အစောပိုင်းက သူ ထုတ်ဖော်ခဲ့သော အာကာပြင် သဏ္ဍာန်မဲ့ ဓားချီမှာ ဒုတိယ အဆင့်တွင် ရှိသည်။ ၎င်းက ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်စွမ်း ရှိပြီး ဓားစွမ်းအင် ကိုးခုကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နိုင်ခြင်းက ထိုအဆင့်အတွက် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေ၏။ ထိုတိုက်ခိုက်မှုက အလွန် အစွမ်းထက်ပြီး သာမန်လူများ မတားဆီးနိုင်ပေ။ ထို့ကြောင့် သူ့ရှေ့ရှိ လူမှာ ထိုတိုက်ခိုက်မှုကြောင့် အထိအခိုက် မရှိသလောက် ဖြစ်နေသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
ရွှမ်း…
လူသားလမ်းစဉ် မှတ်တမ်း ထွက်ပေါ်လာ၏။
အမည် - ခုံးချန်
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - သုခဘုံ အဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ မဟာ အကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၉၁
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - သူ့ ကျင့်ကြံခြင်းတွင် အဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရကြောင်း ခံစားမိပြီးနောက် သူတော်စင် သားတော် မော့လင်း၏ အစောင့်အရှောက် ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်အတွင်း အခွင့်အရေး နည်းပါးသော်လည်း နောက်တစ်ဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရှာဖွေခြင်းကို စွန့်လွှတ်ခဲ့ခြင်း မရှိပေ။ သူက ကျိုယန်ဂိုဏ်း၏ ဧည့်ခံတောင်ထွတ်ရှိ တိုက်ပွဲ တစ်လျှောက်လုံး အမှောင်ထဲမှနေ၍ စောင့်ကြည့်နေခဲ့၏။
ပါရမီရှင် အများအပြားကို မြင်တွေ့ရချိန်တွင် သူ သက်ပြင်းချခဲ့ရပြီး အထူးသဖြင့် ထျန်းစစ်နှင့် ဇီလင်းလုံတို့ပင်။ ထိုနှစ်ယောက်မှာ အလွန် ပါရမီ ပါလွန်းသဖြင့် သူပင် မနာလို ဖြစ်ခဲ့ရသည်။ အကယ်၍ သူသာ ထိုသူများကဲ့သို့ ပါရမီ ပါခဲ့လျှင် သုခဘုံ အဆင့်တွင် ဤမျှ အချိန်ကြာမြင့်စွာ ပိတ်မိနေမည် မဟုတ်ပေ။ မော့လင်း၏ အစီအစဉ်ကို ရရှိချိန်တွင် သူ ခဏတာ တွေဝေသွားခဲ့သော်လည်း နောက်ဆုံးတွင် သဘောတူလိုက်၏။ ဇီလင်းလုံအား အတင်းအကျပ် ဖမ်းဆီးရန် ကျိုယန်ဂိုဏ်းသို့ မသွားမီ သူ့ကိုယ်သူ ပြင်ဆင်နေခဲ့သည်။
သူ ကျင့်ကြံနေစဉ် ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြောင်း အံ့အားသင့်စွာ သတိပြုမိလိုက်၏။ သူ အလျင်အမြန် ပြေးလာခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ အစီအရင် ပြိုကျသွားပြီး တောင်ထွတ်များ ကြေမွသွားကာ သူတော်စင် သားတော်မှာလည်း သေဆုံးသွားခဲ့ချေပြီ။ ဒေါသစိတ်ဖြင့် သူ ကျန်းမင်အား တိုက်ခိုက်လိုက်သည်။ သို့သော် သူ့ရှေ့ရှိ လူငယ်လေးက သူ့အား ဒဏ်ရာရစေနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို လက်တစ်ဖက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရ၏။
ဤလူငယ်လေးမှာ ထျန်းစစ်နှင့် ဇီလင်းလုံ တို့ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု တစ်ခုဖြစ်ကြောင်း သူ ယုံကြည်နေလေပြီ။ ဤလောကတွင် ကျန်းမင်ကဲ့သို့ လူမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သလို ပါရမီရှင် အများအပြား ရုတ်တရက် ပေါ်ထွက်လာသောကြောင့် ကမောက်ကမ အခြေအနေများ ကျရောက်လာတော့မည်လားဟုပင် တွေးတောနေမိသည်။ သို့တိုင် ကောင်းကင် မိစ္ဆာ လမ်းစဉ် ခြောက်သွယ် ထွက်ပေါ်လာတော့မည်ဟု တွေးမိချိန်တွင် ထိုသည်မှာ သေချာပေါက် ဖြစ်နိုင်ပြီး ဤလောကကြီး အပေါ်သို့ ကမောက်ကမ အခြေအနေများ ကျရောက်လာတော့မည်ဟု ချက်ချင်း ခံစားလိုက်ရ၏။
ကျန်းမင်က သူ့အခြေအနေအား တစ်ချက် ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားတော့သည်။
စနစ်က ပိုပိုပြီး ဆိုးသွမ်းလာသလိုပင်။ သူ့ အခြေအနေ ဖော်ပြချက်မှာ အလွန် အသေးစိတ်ကျသော်လည်း အသုံးဝင်သော အချက်အလက် အရေအတွက်မှာ အကန့်အသတ် ရှိနေလေပြီ။
ကျန်းမင် တစ်ယောက် အချက်အလက်များကို ဖတ်ရှုနေစဉ် ခုံးချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
"ငါ ဘယ်သူလဲ ဟုတ်လား… မင်းက ငါ့ရဲ့ သူတော်စင် သားတော်ကို သတ်သွားပြီးတော့ ငါက ဘယ်သူလဲလို့ မေးရဲသေးတယ်ပေါ့… မင်းနာမည် ပြောစမ်း"
"ဘာလို့ ခင်ဗျားဘာသာ မခန့်မှန်းကြည့်တာလဲ" ကျန်းမင်က ပြောရင်း ဘယ်ဘက်လက်ဖြင့် လက်ကွက် တစ်ခုကို ဖော်ပြလိုက်သည်။ ကောင်းကင်မှ လျှပ်စီးကြောင်း တစ်ခု ကျဆင်းလာပြီး ထိုလူ့အပေါ် သေချာပေါက် တိကျစွာ ပစ်ချလိုက်တော့သည်။
၎င်းမှာ ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး ဖြစ်ပြီး သူက ကျွမ်းကျင်မှု အဆင့်အထိ နားလည် သဘောပေါက်ထားပြီး ဖြစ်၏။
သူက သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို မည်မျှကြာအောင် တောင့်ခံနိုင်မည်လဲ ဆိုသည်ကို သိရှိရန်နှင့် သူ့ ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းအား အကဲဖြတ်ရန် ခုံးချန်နှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။
ဂြိမ်း…
မိုးခြိမ်းသံများနှင့် လျှပ်စီးများ ထပ်မံ ကျဆင်းလာ၏။
"ဟက်… ကလေးကလား လှည့်ကွက်တွေ" ခုံးချန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ မှောင်မိုက်သော အလင်းတန်း တစ်ခုက သူ့ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး လျှပ်စီးများကို တားဆီး၏။
နောက်တစ်စက္ကန့်တွင် ကျန်းမင်က ဓားကို ဆင့်ခေါ်၍ ခုံးချန်အား ကောင်းကင်ခွင်း ဓားသိုင်းဖြင့် တိုက်ခိုက်လိုက်သည်။
"မင်းက ချင်းယွင်ဂိုဏ်းက တပည့်လား" ခုံးချန် မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက ကျန်းမင် အနောက်တွင် ပေါ်လာပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်ဖော်သည်။
ထိုတိုက်ခိုက်မှုမှာ အသံမဲ့၊ သဏ္ဍာန်မဲ့ ဖြစ်သော်လည်း လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားပါလှသည်။
ကျန်းမင်က သူ့လှုပ်ရှားမှုကို ဖတ်သိနေသည့်အလား ဘေးသို့ တစ်လှမ်းဆုတ်ကာ ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းရန် ဟင်းလင်းပြင် အတွင်း ဝင်ရောက်သွားလေပြီ။
"မင်း ဟင်းလင်းပြင် တာအိုကို ကျွမ်းကျင်ထားတာပဲ" ခုံးချန်၏ မျက်ခုံးများ ပြင်းထန်စွာ လှုပ်ခတ်သွားရင်း ပြောလိုက်သည်။
"မင်းရဲ့ ဓားစွမ်းအင်နဲ့ ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်ရုံသာမက နေရာရွှေ့ပြောင်းတတ်သေးတယ်ပေါ့… ရွယ်တူတွေထဲမှာ မင်းထက်သာတဲ့သူ ဘယ်သူမှ ရှိနိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီနေ့ မင်းရဲ့ ပြိုင်ဘက်က ငါဖြစ်နေတယ်… အမှောင်ထု နိုင်ငံတော်… ကျဆင်းစမ်း"
ကျန်းမင် မည်သည့် တာအိုမျိုးကို ကျွမ်းကျင်ထားကြောင်း သိပြီးနောက် ခုံးချန်၏ သတ်ဖြတ်လိုစိတ် မြင့်တက်လာသည်။ ယနေ့ ဤနေရာတွင် သူ့ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် အနာဂတ်တွင် သူက အန္တရာယ် တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် နေရာတစ်ခုလုံး ပြီးပြည့်စုံသော အမှောင်ထု ဖုံးလွှမ်းသွားပြီး အတွင်းရှိ လူများကို ကြေမွသွားစေနိုင်သည့် ကြီးမားသော ဖိအားတစ်ခု နောက်မှ လိုက်ပါလာခဲ့သည်။
ကျန်းမင်က ဤအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် လမင်းထက် ပိုတောက်ပပြီး နေမင်းထက် ပိုဖြူဖွေးသော အလင်းရောင် ပြင်းပြင်း တစ်ခု သူ့ထံမှ ထွက်ပေါ်လာ၏။
၎င်းမှာ သန့်စင်သော အမှောင်ထု သက်သက်သာ ပါဝင်သည့် ခုံးချန်၏ အမှောင်ထု နိုင်ငံတော် အတွက် ပြီးပြည့်စုံသော တန်ပြန်မှုပင်။ ထိုမျှမက သူက အစီအစဉ်တကျဖြစ်သော အလင်းစွမ်းအားကိုပင် ဆင့်ခေါ်ထားသေးသည်။
"ဘာ… မင်း အလင်း တာအိုကိုပါ ကျွမ်းကျင်ထားတာလား" ခုံးချန် အာမေဋိတ်သံဖြင့် အော်လိုက်၏။
သူ့ အမှောင်ထု နိုင်ငံတော်မှာ အလင်းရောင်ကြောင့် ကြေမွသွားလေပြီ။ ကံကောင်းစွာဖြင့် ဤသည်က သူ့ သုခဘုံ ပုံရိပ် ဖြစ်နေ၏။ သူ့ တိုက်ခိုက်မှု စွမ်းအား မြင့်တက်လာပြီး စိတ်အာရုံ တစ်ချက် လှုပ်ခတ်ယုံဖြင့် အလင်းရောင်ကို ပြန်လည် တွန်းလှန်လိုက်သည်။
"မင်းလို လူမျိုးကို ဒီလောကမှာ ဆက်ရှိနေခွင့် မပေးနိုင်ဘူး… ဒီနေ့ ဒီနေရာမှာ မင်းကို သတ်ရမယ်" ခုံးချန်က ဒေါသတကြီး အော်ဟစ်နေလေပြီ။ "အမှောင် စီးကြောင်း"
အမှောင် စွမ်းအားများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာပြီး ကျန်းမင် အပေါ်သို့ ဒီရေလှိုင်း တစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။ ထိုသည်က ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေပြီး ဟင်းလင်းပြင် အမှတ်အသားများ ပျောက်ကွယ်သွားတော့သည်။
ကျန်းမင် စိတ်ထဲမှ သက်ပြင်းချလိုက်၏။
အစောပိုင်းက သူ ထုတ်လွှတ်ခဲ့သော အလင်းစွမ်းအားမှာ အလင်း တာအို၏ ပုံဖော်မှု တစ်ခုသာ ဖြစ်သည်။ သူ မည်သည့် အလင်း အထူးစွမ်းရည်ကိုမှ မသိသောကြောင့် အလင်း၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ပေ။
ဟင်းလင်းပြင် အမှတ်အသားများ ပျောက်ကွယ်သွားသည်ကို အာရုံခံမိချိန်တွင် အလေးအနက်ထားရမည့် အချိန် ရောက်လာပြီမှန်း သူ သိလိုက်သည်။
"အာကာပြင် ခြေလှမ်း"
"အာကာပြင် လက်ဝါး"
ကျန်းမင်က ဟင်းလင်းပြင် ကွန်ရက်များမှ တစ်ဆင့် အမှောင်ထု အတွင်း လျှောတိုက်ဝင်ရောက်ကာ ဘယ်ဘက်လက်ဖြင့် ကောင်းကင်ကို ဖုံးကွယ်ပြီး ညာဘက်လက်ဖြင့် ဓားစွမ်းအင်များ ဖန်တီး၍ သူ့ အထူးစွမ်းရည် အားလုံး တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်သည်။
"အမှောင်ထု ပျောက်ကွယ်ခြင်း"
ကျန်းမင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခုံးချန် ပျောက်ကွယ်သွားပြီး အမှောင်ထုထဲ လုံးဝ ပေါင်းစပ်သွားလေပြီ။
"အရိပ် ကိုယ်ပွား"
မကြာမီတွင် ခုံးချန်၏ ကိုယ်ပွားများ အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ကျန်းမင်ထံ ပြေးဝင်လာကြသည်။
ကျန်းမင် ရှေ့တစ်လှမ်းတိုး၍ ပတ်ဝန်းကျင်သို့ အလင်းရောင်များ ထုတ်လွှတ်ကာ ဓားစွမ်းအင်များ အဖြစ် ပုံဖော်၍ သူ့အနား ကပ်လာသူတိုင်းအား ခုတ်ပိုင်းပစ်လိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူ့ကိုယ်ပေါ်၌ အားတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
သူ လှည့်ကြည့်ရာ သူ့ပတ်လည်တွင် ကြေးမုံ သုံးချပ် ရှိနေသည်ကို တွေ့လိုက်ရ၏။ အားလုံးက သူ့အပေါ်သို့ ကြောက်မက်ဖွယ် အလင်းရောင်များ ထုတ်လွှတ်နေပြီး ရွှံ့နွံထဲ ကျွံကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်များ သို့မဟုတ် ဟင်းလင်းပြင် အမှတ်အသားများ အတိုင်း ရွေ့လျားရန် မဆိုထားနှင့်… ရှေ့တစ်လှမ်း တိုးရန်ပင် အနိုင်နိုင် ဖြစ်နေလေပြီ။
လေထုမှာ ထူပိန်းလာပြီး ဖိအားက ပိုပို အားကောင်းလာ၏။
"လုပ်ချလိုက်ပြန်ပြီ" ကျန်းမင် ငိုချင်လုနီးပါး ဖြစ်သွားသည်။ "အနိမ့်အဆင့် တာအို လက်နက် သုံးခု… အားလုံးက ငါ့လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်တဲ့ အထောက်အကူပြု အမျိုးအစားတွေချည်းပဲ"
"မင်းက ငါ့ထက် ငယ်ပေမဲ့ ငါ မင်းကို တန်းတူ သတ်မှတ်တယ်… ဒီနေ့ ငါမင်းကို မသတ်ရင် တစ်နေ့ မင်းလာပြီး ငါ့ကို သတ်လိမ့်မယ်… ဒါကြောင့် ငါ အစွမ်းကုန် ကြိုးစားပြီး မင်းကို သတ်ရမယ်" ခုံးချန်က ခပ်သဲ့သဲ့ ပြောလိုက်၏။
"ငါ့ရဲ့ သုခဘုံ ပုံရိပ်ကို ထုတ်ဖော်လိုက်တာနဲ့ မူလဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ကို အလွယ်တကူ သတ်နိုင်တယ်… ဒါပေမဲ့ မင်းကို မထိခိုက်တဲ့အပြင် မင်းရဲ့ အလင်း တာအိုနဲ့တောင် ကြေမွလုနီးပါး ဖြစ်အောင် လုပ်နိုင်ခဲ့တယ်… ဒီအချက်ကို ငါ လက်မခံနိုင်ဘူး… မင်းကိုယ်ပေါ်မှာ ဝှက်ဖဲ ဘယ်နှခု ရှိသေးလဲ မသိပေမဲ့ နောက်မှ ပူပင်သောက မရောက်ရအောင် ဒီနေ့ မင်းကို သေချာပေါက် ဖျက်ဆီးပစ်ရမယ်"
ဓားတစ်လက် သူ့လက်ထဲ ပေါ်လာ၏။ ထိုဓားမှာ ထက်မြက်ပြီး ကျန်းမင် တစ်ယောက် ကြည့်ရုံနှင့်ပင် ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရသည်။
၎င်းမှာ ကောင်းကင်ခွဲဓားထက်ပင် ပို၍ အစွမ်းထက်နေလေပြီ။
"သေစမ်း… ဒါ အဆင့်မြင့် တာအိုဓားပဲ" ကျန်းမင် ကျိန်ဆဲလိုက်၏။
"ခင်ဗျားက တကယ်ကို ကျုပ်တွေ့ဖူးသမျှထဲမှာ သတိအကြီးဆုံး လူပဲ… ကျုပ်က ခင်ဗျားထက် ငယ်တယ်လေ… ကျုပ်ကို အထူးစွမ်းရည်တွေ သုံးပြီး တိုက်သင့်တာပေါ့… သတ်ရုံလေးအတွက် သုခဘုံ ပုံရိပ်နဲ့ အဆင့်မြင့် တာအို လက်နက်တွေကို အစကတည်းက တန်းမသုံးသင့်ဘူးလေ… သေစမ်း… ခင်ဗျားက ကျုပ်ထက်တောင် သတိပိုကြီးနေသေးတယ်"
End
***