သုခဘုံ ပုံရိပ်နှင့် အနိမ့်အဆင့် တာအို လက်နက် သုံးခုတို့၏ ပေါင်းစပ် စွမ်းအားက ကျန်းမင်အား အောင်မြင်စွာ ချုပ်နှောင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထွက်ပြေးရန် မဆိုထားနှင့်… သူ ရှေ့တစ်လှမ်းပင် မတိုးနိုင်တော့ပေ။
ခုံးချန်က သူ့ အဆင့်မြင့် တာအို ဓားကို ဆွဲထုတ်၍ ကျန်းမင်၏ အထူးစွမ်းရည် အားလုံးကို ခုတ်ပိုင်း ဖျက်ဆီးပစ်လိုက်ချိန်တွင်တော့ သူ့အား မျှော်လင့်ချက် ကင်းမဲ့ခြင်း တွင်းနက်ကြီးထဲသို့ ထပ်မံ တွန်းပို့လိုက်သလိုပင်။
ဝုန်း…
ကျန်းမင် တစ်ယောက် ငြိမ်သက်စွာ ရပ်၍ သေမည့်အချိန်ကို စောင့်နေမည် မဟုတ်သည်မှာ သေချာလှ၏။ သူ့ ခန္ဓာကိုယ်မှာ ကြီးမားလာပြီး အရှိန်အဝါများ မြင့်တက်လာသည်။ သူက ပိုပို အရပ်ရှည်လာပြီး (၉၉၉)စင်တီမီတာခန့် အရောက်တွင်မှ ရပ်တန့်သွားတော့သည်။
၎င်းမှာ အနန္တ ဆေးလုံးစံအိမ်၏ ကြယ်တာရာ အသွင်ပြောင်းခြင်း ပညာရပ်ပင်။ သူက တတိယအဆင့် အထိ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ သူ့ အရပ်အမောင်းမှာ (၉၉၉)စင်တီမီတာသို့ ရောက်ရှိသွားပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း ရှစ်ဆ တိုးလာခဲ့လေပြီ။
သူ့အပေါ် သက်ရောက်နေသော ဖိနှိပ်မှု စွမ်းအားများ ပေါ့ပါးသွား၏။
ကျန်းမင် လက်ထဲရှိ ကောင်းကင်ခွဲဓား ပျောက်ကွယ်သွားပြီး အလယ်အလတ် အဆင့် တာအို လက်နက် ဖြစ်သော အာဏာရှင် လှံရှည် နေရာယူလာသည်။
ထိုအချိန်တွင် ဓားစွမ်းအင်က သူ့မျက်နှာရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဘန်း…
ကျန်းမင်လည်း တိုက်ခိုက်မှုကို ကာကွယ်ရန် လှံရှည်အား အလျင်အမြန် လှည့်လိုက်သော်လည်း ရိုက်ခတ်မှု အရှိန်ကြောင့် နောက်သို့ လွင့်ထွက်သွားရသည်။
"ငါ ထင်ထားတဲ့ အတိုင်းပဲ… မင်းလို ပါရမီရှင် တစ်ယောက်ကို သတ်ရတာ ကောင်းကင်ပေါ် တက်ရတာထက်တောင် ခက်သေးတယ်… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်းကို သေချာပေါက် ဖျက်ဆီးပစ်ရမယ်" ခုံးချန်၏ မျက်နှာထား မှောင်မိုက်သွားပြီး ကျန်းမင်ထံ နောက်ထပ် တိုက်ခိုက်မှု တစ်ခု ထပ်မံ ပြုလုပ်လိုက်သည်။
"အစောကြီး ကြိုမတွေးထားနဲ့ ဆိုတဲ့ စကားကို ခင်ဗျား မကြားဖူးဘူးလား… ငါ့ကို တကယ်ပဲ ဖျက်ဆီးနိုင်မယ်လို့ သေချာနေတာလား" ကျန်းမင်က သူ့လှံရှည်ကို ဝှေ့ယမ်းကာ ခုံးချန်၏ တိုက်ခိုက်မှုအား စတင် တားဆီးတော့သည်။
သူ မည်သည့် အထူးစွမ်းရည်ကိုမှ အသုံးမပြုခဲ့ပေ။ လှံရှည်ကို ဝှေ့ယမ်း၍ သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်ဖြင့်သာ ခုံးချန်၏ တိုက်ခိုက်မှုကို ကာကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဟင်းလင်းပြင် ကြေမွသွားပြီး ခုံးချန် တစ်ယောက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။
"လာစမ်းပါဦး" ကျန်းမင် အော်ဟစ်လိုက်သည်။
သူက လှံရှည်ကို မြှောက်ကာ တိုက်ခိုက်မှုကို ပြန်လည် စတင်ပြန်၏။
"ဟက်… မိုက်မဲလိုက်တာ" ခုံးချန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူက မီးခိုးငွေ့ တစ်ခု အဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။
ကျန်းမင် အထက်ရှိ ကြေးမုံ သုံးချပ်က ကြောက်မက်ဖွယ် အလင်းရောင်များ ထုတ်လွှတ်ရင်း တုန်ခါလာကြသည်။
ကျန်းမင် ပတ်လည်ရှိ နေရာများ ပုံပျက်သွားပြီး နောက်တစ်စက္ကန့်တွင် သူက ကြေးမုံ တစ်ချပ်ရှေ့၌ ပေါ်လာ၏။ သူက လှံရှည်ကို မြှောက်ကာ အားကုန် လွှဲချလိုက်ရာ ကြေးမုံမှာ ထက်ပိုင်း ပြတ်သွားတော့သည်။
"ဘာ" အမှောင်ထုထဲမှ ထွက်လာပြီး ကျန်းမင် အနောက်တွင် ပေါ်လာသော ခုံးချန် တစ်ယောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အာမေဋိတ်သံဖြင့် အော်လိုက်မိသည်။ "သူက အနိမ့်အဆင့် တာအိုလက်နက်ကို ထက်ပိုင်း ပိုင်းပစ်လိုက်တာလား"
သူ ကျန်ရှိနေသော ကြေးမုံ နှစ်ချပ်ကို ပြန်မရုပ်သိမ်းနိုင်မီမှာပင် ကျန်းမင်က ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်ချေပြီ။
"လာခဲ့စမ်း… ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မယ့်သူ တစ်ယောက်ပဲ ရှိရမယ်… မင်း မဟုတ်ရင် ငါပဲ" ကျန်းမင် အော်ဟစ်လိုက်ရာ သူ့ အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာပြီး သူ့အား ပို၍ပင် ဩဇာတိက္ကမ ကြီးမားသော ပုံစံ ပေါက်သွားစေသည်။
သူ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ပင် ပုံပျက်သွား၏။
"ကောင်းပြီလေ… မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့" ခုံးချန် အေးစက်စက် နှာခေါင်းရှုံ့ပြီးနောက် ထူထပ်သော မိစ္ဆာ သင်္ကေတများ ပါဝင်သည့် အနက်ရောင် အလံတစ်ခု အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အနက်ရောင် အလံမှာ တောက်ပလာပြီး သေးငယ်သော လူ့ပုံရိပ် အနည်းငယ် ထိုထဲမှ ပျံထွက်လာကြသည်။ အားလုံးမှာ အလွန် နုနယ်ပုံရသော်လည်း သူတို့ မျက်နှာများမှာမူ ပုံပျက်နေ၏။
စုစုပေါင်း ကိုးယောက်တိတိ ရှိလေသည်။
"မူလဝိညာဉ်တွေ" ကျန်းမင် မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။
"မှန်တာပေါ့" ခုံးချန်၏ အသံ ပဲ့တင်ထပ်လာ၏။ "ဒီလူကိုးယောက်က အတိတ်မှာ ငါ သတ်ခဲ့ဖူးတဲ့ မူလဝိညာဉ် အဆင့် ကျင့်ကြံသူတွေပဲ… ငါလိုချင်တဲ့ အချိန်တိုင်း အသုံးချလို့ရအောင် သူတို့ရဲ့ မူလဝိညာဉ်တွေကို ငါ့ရဲ့ နတ်ဘုရား ချုပ်နှောင်ခြင်း အလံနဲ့ ဖမ်းလှောင်ထားခဲ့တာ… နတ်ဘုရား ဖျက်ဆီးခြင်း"
သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သေးငယ်သော လူ့ပုံရိပ် ကိုးခုမှာ သူတို့၏ ပါးစပ်များကို တစ်ပြိုင်နက်တည်း ဟကာ အသံမဲ့ အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် မူလဝိညာဉ်၏ ကြောက်မက်ဖွယ် စွမ်းအားက ထိတ်လန့်ဖွယ် မုန်တိုင်းတစ်ခု ဖန်တီးကာ ကျန်းမင် စိတ်ထဲသို့ တိုက်ရိုက် ကျဆင်းလာပြီး သူ့ အသိစိတ်ပင်လယ်ကို ဖျက်ဆီး၍ မြင့်မြတ်သော ဝိညာဉ်အား ချေမှုန်းရန် ကြိုးစားတော့သည်။
"ဒီမူလဝိညာဉ် ရုပ်သေး ကိုးရုပ်နဲ့ဆို ငါက သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် အလွယ်တကူ သတ်နိုင်တယ်… ဒီတစ်ခါ မင်း ဒီတိုက်ခိုက်မှုကို ဘယ်လို တားဆီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်" ခုံးချန်က ယုံကြည်ချက် အပြည့်ပါသော လေသံဖြင့် ပြောလိုက်သည်။
"ဒါက ငါ့ရဲ့ ဝှက်ဖဲပဲ… နောက်ဆုံး အချိန် မရောက်မချင်း ငါ ဒါကို မသုံးဘူး… ဒါကြောင့် မင်းကိုယ်မင်း ကံကောင်းတယ်လို့သာ မှတ်လိုက်တော့ ကောင်လေး"
ထို့နောက် သူ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။
ကျန်းမင်မှာ သွေးများ အဆက်မပြတ် ထွက်ကျနေပြီး အချိန်မရွေး လဲကျသွားတော့မည့်ပုံ ပေါက်နေသော်ငြား မကြာမီ သေဆုံးသွားမည့် အရိပ်အယောင်မျိုး မတွေ့ရချေ။
"သူက သူ့ရဲ့ အသိစိတ်ပင်လယ်ကို ပစ္စည်း တစ်ခုခုနဲ့ ကာကွယ်ထားတာများလား" ခုံးချန် မျက်လုံးများ မှေးစင်းသွားပြီး သူ့ ဓားကို ကျန်းမင် နဖူးတည့်တည့်သို့ ချိန်ရွယ်လျက် ချဉ်းကပ်လာခဲ့သည်။
"ဒီအချိန်ကိုပဲ ငါ စောင့်နေခဲ့တာ" ကျန်းမင် မျက်လုံးများ ဆတ်ခနဲ ပွင့်လာ၏။ စစ်တုရင်ခုံ တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး ကြောက်မက်ဖွယ် ဆွဲငင်အားဖြင့် ခုံးချန်အား ထိုအထဲသို့ စုပ်ယူရန် ကြိုးစားတော့သည်။
သို့သော် ခုံးချန်မှာ သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေ၏။ သူက ဆွဲငင်အားကို အံတုနိုင်ခဲ့သည်။
ရုတ်တရက် ပုံရိပ်တစ်ခု သူ့ အနောက်တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ လူသားလမ်းစဉ် မှတ်တမ်းမှ တစ်ဆင့် ကျန်းမင် ဖန်တီးထားသော အယောင်ပြ ကိုယ်ပွားပင်။ ထိုအယောင်ပြ ကိုယ်ပွားက ခုံးချန်အား စစ်တုရင် ခုံထဲသို့ ကန်သွင်းလိုက်တော့သည်။
သေးငယ်သော လူ့ပုံရိပ် ကိုးခုနှင့် အနက်ရောင် အလံပင်လျှင် ခုံးချန်နှင့်အတူ စစ်တုရင် ခုံထဲသို့ စုပ်ယူခံလိုက်ရလေပြီ။
သုခဘုံ ပုံရိပ် ပျောက်ကွယ်သွားပြီး လရောင်က ကျန်းမင် အပေါ်သို့ နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။
ရွှမ်း…
သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စစ်တုရင် ခုံထဲသို့ ဝင်ရောက်သွား၏။ ထို့နောက် စစ်တုရင် ခုံမှာ နတ်ဘုရား အလင်းရောင်များ ထုတ်လွှတ်ရင်း မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။
စစ်တုရင် ခုံအတွင်း၌ သူ မြေပြင်ပေါ်သို့ ဆင်းသက်မိသည်နှင့် ဓားတစ်လက်က သူ့ကို ဆီးကြိုနေခဲ့သည်။
ခုံးချန် မြန်ဆန်သော်လည်း ကျန်းမင်က အနည်းငယ် ပိုမြန်နေ၏။ သူက လက်ဝှေ့ယမ်းကာ ထိုတိုက်ခိုက်မှုကို ပုတ်ထုတ်လိုက်ပြီး ခုံးချန်အား လွင့်စင်သွားစေသည်။
"ဒီနေရာက ငါ့ရဲ့ ကမ္ဘာပဲ" ကျန်းမင် ပြုံးလိုက်၏။
သူ့မျက်နှာ တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ထိုအပြုံးက သူ့အား ပို၍ ကြောက်မက်ဖွယ် ကောင်းသော ရုပ်သွင်ကို ပေါက်သွားစေသည်။
မူလဝိညာဉ် ရုပ်သေး ကိုးရုပ်မှာ ပျောက်ကွယ်နေကြပြီ ဖြစ်သည်။ သူတို့က အနက်ရောင် အလံထဲသို့ ပြန်ဝင်သွားခြင်း မဟုတ်ဘဲ လေထဲတွင် လုံးဝ အငွေ့ပျံ ပျောက်ကွယ်သွားကြခြင်းပင်။
"အဲ့ဒါကြောင့် ငါ ပါရမီရှင်တွေကို အမုန်းဆုံးပဲ… အတိတ်တုန်းက ငါကိုယ်တိုင်လည်း သူတို့ထဲက တစ်ယောက် ဖြစ်ခဲ့ရင်တောင် မင်းလို ပါရမီရှင်မျိုးကို ပိုမုန်းတယ်" ခုံးချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
စစ်တုရင်ခုံ ပေါ်လာကတည်းက မကောင်းသော ခံစားချက် တစ်ခု သူ့ရင်ထဲ လှုပ်ခတ်နေခဲ့သည်။ စစ်တုရင်ခုံထဲ ရောက်သည်နှင့် သူ့ မှော်စွမ်းအင်များကို အသက်သွင်း၍ မရတော့သလို သုခဘုံ ပုံရိပ်ကိုလည်း လုံးဝ အသုံးပြု၍ မရတော့မှန်း သူ သဘောပေါက်လိုက်၏။ ၎င်းတို့ကို အတင်းအကျပ် အသက်သွင်းရန် ကြိုးစားလိုက်ချိန်တွင် သူ့ အသိစိတ်ပင်လယ် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။
"ဘာလို့လဲ" ကျန်းမင်က မေးလိုက်၏။
အစောပိုင်းက မူလဝိညာဉ် ရုပ်သေး ကိုးရုပ်၏ တိုက်ခိုက်မှုကို ခံရချိန်တွင် သူ့ အသိစိတ်ပင်လယ် ဖျက်ဆီးမခံရအောင် တားဆီးနိုင်ခဲ့သော်လည်း သွေးများ အဆက်မပြတ် ထွက်ကျခဲ့ရသည်။ ကံကောင်းသည်မှာ သူ တခြား ဒဏ်ရာများ ထပ်မရခဲ့ခြင်းပင်။
"ဒါ သိသာနေတာပဲ မဟုတ်ဘူးလား" ခုံးချန် ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူ ကျန်းမင်အား တိုက်ခိုက်ချင်ခဲ့သော်လည်း ထိုဆန္ဒကို မျိုသိပ်ထားလိုက်ရသည်။
"အရင်တုန်းက ငါလည်း ပါရမီရှင် တစ်ယောက်ပဲ… ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံခဲ့ရပြီး ဘေးဒုက္ခတွေကို ကောင်းချီးတွေ အဖြစ် အမြဲ ပြောင်းလဲနိုင်ခဲ့တာ… အဲ့ဒီနောက် ငါ ပိုပိုပြီး သန်မာလာခဲ့တယ်… ဒါပေမဲ့ ငါ အဟန့်အတား တစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ… ငါ ဘယ်လောက်ပဲ ကြိုးစား လေ့ကျင့်၊ ကျင့်ကြံပါစေ နောက်တစ်ဆင့်ကို တက်လှမ်းလို့ မရတော့ဘူး…”
“ငါ ပါရမီရှင် အများကြီး အကြောင်း လေ့လာခဲ့ပြီးပြီ… သူတို့ အကုန်လုံးက သတ်ရ အရမ်း ခက်တယ် ဆိုတာ ငါ သိတယ်… ဒါကြောင့် မင်းကို မြင်တာနဲ့ ငါ့ရဲ့ အထူးစွမ်းရည် အားလုံးကို သုံးပြီး မင်းကို သတ်ဖို့ ကြိုးစားခဲ့တာ… ဒါပေမဲ့… ဒါပေမဲ့… အခုထိ မင်းကို မသတ်နိုင်သေးဘူး… သေစမ်း… မင်းက တာအိုမျိုးစေ့ အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတာ… ငါက သုခဘုံ အဆင့်ကို ရောက်နေပြီကွ"
"တာအိုမျိုးစေ့၊ မူလဝိညာဉ်၊ ကနဦးဝိညာဉ်၊ သုခဘုံ… မင်းနဲ့ငါ့ ကြားမှာ ဒီလောက်တောင် ကြီးမားတဲ့ ကွာဟချက်ကြီး ရှိနေတာကို ငါက မင်းကို မသတ်နိုင်ရုံတင် မကဘူး… မင်းက ငါ့ကို ဒီကျိန်စာသင့်နေတဲ့ နေရာမှာပါ လှောင်ပိတ်ထားလိုက်သေးတယ်… သေစမ်း… ဒီလောကကြီးက ဘာလို့ ဒီလောက်တောင် မတရားရတာလဲ" ခုံးချန် အော်ဟစ်လိုက်သည်။
"ခင်ဗျားက အရမ်း သတိကြီးတယ်၊ ရက်စက်တယ်… ပြီးတော့ လူတစ်ယောက်ကို သတ်ဖို့လည်း ဝန်လေးမနေဘူး… တကယ်လို့ ခင်ဗျား တခြားလူတွေနဲ့သာ ကြုံခဲ့ရင် သူတို့ ခင်ဗျားကို ယှဉ်နိုင်ဖို့ အခွင့်အရေး ရှိမယ်လို့ မထင်ဘူး" ကျန်းမင်က ခနဲ့တဲ့တဲ့ လှောင်ပြုံး ပြုံးရင်း ပြောလိုက်၏။ "အခုတော့ ခင်ဗျား မျှော်လင့်ချက် ကင်းမဲ့သွားပြီ မဟုတ်လား"
"သေချာတာပေါ့… ငါ မှော်စွမ်းအင်တွေကို သုံးလို့မရတော့ဘူး… ငါက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေမှာလည်း မကျွမ်းကျင်ဘူး… ပြီးတော့ မင်းကို ကြည့်ဦး… မင်းက အနန္တ ဆေးလုံးစံအိမ်ရဲ့ ကြယ်တာရာ အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ထားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ… အခု မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အရမ်း သန်မာနေပြီ ဆိုတော့ ငါမင်းကို ဘယ်လို တိုက်ခိုက်ရမလဲ" ခုံးချန် ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ့ကို လွှတ်ပေးဖို့ မင်း ဘာလိုချင်လဲ"
"မင်းရှေ့မှာ ဒူးထောက်ရမလား… ငါ့ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အကုန်လုံး မင်းကို ပေးရမလား… မင်းကို ငါ့သခင်အဖြစ် သတ်မှတ်ပေးရမလား… ငါ့ကို ကျွန်ပြုမလား… တစ်ခုခု ပြောလို့မရဘူးလား… မင်းက ငါ့ကို ပိုပြီး စိတ်လှုပ်ရှားလာအောင် လုပ်နေတာပဲ" ခုံးချန် သက်ပြင်းချရင်း မေးလိုက်၏။
"ဘာပဲဖြစ်ဖြစ် ငါ မကြာခင် သေတော့မှာပဲ… အဲ့တော့ ငါအေးအေးချမ်းချမ်း သေရအောင် ငါ့ရဲ့ နောက်ဆုံး ဆန္ဒလေး ဖြည့်ဆည်းတဲ့ အနေနဲ့ မင်းဘယ်သူလဲ၊ မော့လင်းကို ဘာလို့ သတ်ချင်ရတာလဲ ဆိုတာ ပြောပြလို့ မရဘူးလား"
"ကျုပ်က ဘာကိစ္စ ခင်ဗျားကို ပြောပြရမှာလဲ" ကျန်းမင် အေးစက်စက် ရယ်မောလိုက်သည်။ လက်ထဲရှိ လှံရှည်ကို ကိုင်ထားရင်း ခုံးချန် အနီးသို့ လျှောက်သွားကာ… "ခင်ဗျားက အေးအေးချမ်းချမ်း သေချင်တယ် ဟုတ်လား… အိပ်မက် မက်နေလိုက်"
"ကျေးဇူးပြုပြီး တောင်းပန်ပါတယ်… ငါမသေခင် ငါ့ရဲ့ နောက်ဆုံး ဆန္ဒလေးကို ဖြည့်ဆည်းပေးလို့ မရဘူးလား" ခုံးချန်က ဒူးထောက်ချရင်း တောင်းဆိုလာသည်။
ကျန်းမင် ကြောင်အသွား၏။
"အခုက ငါ့အခွင့်အရေးပဲ… ကောင်းကင် မိစ္ဆာ ဖျက်ဆီးခြင်း နည်းစနစ်" ခုံးချန်၏ မှော်စွမ်းအင်များ မြင့်တက်လာပြီး အော်ဟစ်လိုက်သည်။ သူ ခေါင်းမော့၍ သူ့ ဓားကို ကျန်းမင်ထံ ချိန်ရွယ်ထား၏။
တစ်ချိန်တည်းမှာပင် လှံရှည်က ကျဆင်းလာပြီး သူ့အား ထက်ပိုင်း ပိုင်းဖြတ်သွားလေပြီ။
ခုံးချန် ဆွံ့အသွား၏။ သူ ဤသည်ကို လုံးဝ ထင်မှတ်မထားခဲ့ပေ။ အသိစိတ် ပြန်ဝင်လာပြီးနောက် သူ မကျေမနပ်ဖြင့်…
"ငါလို သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်က ဒူးထောက်တာတောင် မင်းက ငါ့ကို သတ်ချင်သေးတာလား… မင်း… မင်း ကျိန်စာသင့် ခွေး"
ကျန်းမင်က သူ့စကားပင် မဆုံးခင် ခြေထောက်ဖြင့် တစ်ချက် ဆောင့်ကန်လိုက်ရာ ခုံးချန် တစ်ယောက် သွေးမြူခိုးများ အဖြစ် ကြေမွသွားတော့သည်။
"ပါးစပ်ပိတ်ပြီး သေလိုက်စမ်းပါ… ကောက်ကျစ်တဲ့ ကောင်ရဲ့"
End
***