အမည် - ခုံးချန်
အခြေအနေ - အမည်မသိ နယ်မြေ တစ်ခုထဲ စုပ်ယူခံလိုက်ရသည်။ ထိုနေရာတွင် သူ့ မှော်စွမ်းအင်များကို အသုံးပြု၍ မရတော့ကြောင်း သဘောပေါက်သွားချိန်တွင်တော့ ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က သူ့အား လွှမ်းမိုးသွားတော့၏။ သူ့ပြိုင်ဘက် ကောင်းကင်မှ ကျဆင်းလာသည်ကို မြင်သောအခါ ချုံခို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ထိုကြိုးပမ်းမှု ကျရှုံးသွားချိန်တွင် သူ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။
အခွင့်အရေး တစ်ကြိမ်သာ ရှိတော့မှန်း သိလိုက်သဖြင့် ပြိုင်ဘက်၏ အာရုံကို လွှဲရန် ဒူးထောက် အညံ့ခံပြလိုက်၏။ ထို့နောက် သူ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ရန် တားမြစ် မှော်ပညာ တစ်ခုကို အသက်သွင်းပြီး ပြိုင်ဘက်အား နောက်တစ်ကြိမ် ချုံခို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
"ငါ့ကို ချုံခို တိုက်ခိုက်ချင်တာလား… အိပ်မက် မက်နေလိုက်"
လူသားလမ်းစဉ် မှတ်တမ်းထဲမှ အကြောင်းအရာကို ဖတ်ရှုရင်း ကျန်းမင် ခပ်ဟဟ ရယ်မောလိုက်သည်။
ခုံးချန် သေဆုံးသွားသည်နှင့် စစ်တုရင် ခုံမှာ အလိုအလျောက် ပိတ်သွားခဲ့လေပြီ။ ကျန်းမင်က လက်ဆန့်တန်း၍ လေထဲတွင် ဖမ်းဆုပ်လိုက်ရာ ခုံးချန်၏ ဓားက သူ့လက်ထဲသို့ ရောက်ရှိလာသည်။ ထိုဓားမှာ လုံးဝ မည်းနက်နေပြီး ဓားသွားပေါ်တွင်တော့ 'အမှောင် ချောက်နက်' ဟူသော စာလုံးနှစ်လုံး ရေးထွင်းထားသည်။
"အမှောင် ချောက်နက် ဟုတ်လား" ကျန်းမင်က ဓားကို သိမ်းဆည်းလိုက်ပြီးနောက် ခုံးချန်၏ သိုလှောင်ရေး လက်စွပ်ထဲမှ ပစ္စည်း အားလုံးကို ထုတ်ယူသည်။ ထို့နောက် အရာအားလုံးကို ပြာဖြစ်သည်အထိ မီးရှို့ပစ်လိုက်တော့သည်။
အရာအားလုံး လုပ်ဆောင်ပြီးစီးသွားချိန်တွင်တော့ သူ့ ခန္ဓာကိုယ်မှာ မူလ အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားပြီး တစ်ကိုယ်လုံး နွမ်းနယ်မှုလှိုင်း တစ်ခု ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရ၏။
"သီသီလေးပဲ"
သူ့တိုက်ခိုက်နိုင်စွမ်းမှာ သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် အများကြီး မနိမ့်ကျကြောင်း ကျန်းမင် သတိပြုမိလိုက်သည်။ မည်သို့ပင်ဆိုစေ သုခဘုံ ပုံရိပ်မှာ အမှန်တကယ်ကို ဖြေရှင်းရ ခက်ခဲသော စွမ်းရည် တစ်ခုပင်။ ၎င်းက သူ့ အထူးစွမ်းရည်နှင့် စွမ်းအားများစွာကို ဖိနှိပ်ထားနိုင်ပြီး အသုံးမဝင်အောင် ပြုလုပ်ပစ်နိုင်စွမ်း ရှိ၏။
ထို့အပြင် ဓာတ်ကြီးငါးပါး အမျိုးအစား ဖြစ်ဖြစ်၊ အလင်းနှင့် အမှောင် အမျိုးအစား ဖြစ်ဖြစ်… သူ့တွင် အထူးစွမ်းရည်များ နည်းပါးနေကြောင်းကိုပါ သတိပြုမိလိုက်သေးသည်။
သူ ခဏတာ စဉ်းစားပြီးနောက် စွမ်းအင်ပိတ်လှောင် စစ်တုရင် ခုံထဲမှ ထွက်လာခဲ့သည်။
ကျန်းမင် တစ်ယောက် မတ်မတ်ပင် မရပ်ရသေးခင်မှာ အားကောင်းသော အရှိန်အဝါ တစ်ခု သူ့ထံသို့ တည့်တည့် ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ လူတစ်ယောက်က သူ့အား အဝေးမှ လှမ်းကြည့်နေလေပြီ။
ကျန်းမင် ကြောင်အသွားသည်။
ထိုလူမှာ အခြားသူ မဟုတ်၊ သုခဘုံ အဆင့် အရှင်သခင် ပိုင်ကျန်းကျီပင်။
ကျန်းမင်က သူ့ ရုပ်အဆင်းကို ပြောင်းလဲထားသော်ငြား မှော်စွမ်းအင် ပိတ်လှောင်ခြင်း စစ်တုရင်ခုံမှာမူ သူ့ရှေ့ တည့်တည့်တွင် ရှိနေသေးသည် မဟုတ်ပါလား။
ရွှမ်း…
လူသားလမ်းစဉ် မှတ်တမ်း ပွင့်ဟသွားပြန်၏။
အမည် - ပိုင်ကျန်းကျီ
မျိုးနွယ် - အကြေးခွံ နဂါး
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - သုခဘုံ အဆင့်
နောက်ခံ - တောင်တန်းနီ နန်းတော်၏ တပ်မှူးလေးဦးထဲမှ တစ်ဦး
ဆက်ဆံရေး - အနှုတ် ၉၉
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (သန့်စင်သော အကြေးခွံ နဂါး သွေးဆက်)
အခြေအနေ - ကျိုယန်ဂိုဏ်းမှ ဇီလင်းလုံ တစ်ယောက် ထျန်းယွမ် ကျောင်းတော်မှ အကြို အင်မော်တယ်လောင်း အပါအဝင် ပါရမီရှင် အများအပြားကို အနိုင်ယူခဲ့ကြောင်း သတင်း ကြားရချိန်တွင် အလွန် ဝမ်းမြောက်ခဲ့၏။ ဇီလင်းလုံ၌ သန့်စင်သော ဖီးနစ် သွေးဆက် ရှိနေမှန်းကိုပါ သူ သိရှိသွားခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ ပိုသန်မာလာစေရန် ထိုသွေးဆက်ကို အသုံးချရန် ရည်ရွယ်ထား၏။ ပါရမီရှင် အားလုံး ကိုယ့်နေရာကိုယ် ပြန်သွားကြပြီးနောက် သူ့ အခွင့်အရေး ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ပြီး အခြေအနေများ မလွဲချော်သွားစေရန် အလျင်အမြန် လှုပ်ရှားရတော့မည် ဖြစ်သည်။
ပိုလုံခြုံစေရန် သူက ပိရွှေဂိုဏ်းအား ကျိုယန်ဂိုဏ်းဆီသို့ ဦးစွာ စေလွှတ်လိုက်၏။ ကျိုယန်ဂိုဏ်းကို တိုက်ခိုက်ရန် သူနှင့် ကျင့်ကြံခြင်း အဆင့်တူသော ပိရွှေဂိုဏ်း၏ အကြီးအကဲကိုပင် သွေးထိုးပေးခဲ့သေးသည်။ သူ့အတွက်မူ သူ့အား ပစ်မှတ်မထားလာစေရန် ပတ်ဝန်းကျင်တွင် သူ့ထက် အစွမ်းထက်သော ကျင့်ကြံသူများ ရှိ၊ မရှိ သိနိုင်ရန် အမှောင်ထဲမှ ပုန်းကွယ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ပိရွှေဂိုဏ်းမှ လူများ ကျိုယန်ဂိုဏ်းဆီ ဦးတည်သွားချိန်တွင် ဤနေရာမှ ကြောက်မက်ဖွယ်အရှိန်အဝါ တစ်ခုကို သတိပြုမိလိုက်၏။ ဤနေရာသို့ ရောက်လာပြီးနောက် စစ်တုရင်ခုံ တစ်ခု လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ ထိုစစ်တုရင်ခုံ ပိုင်ရှင်မှာ သူ့ ချစ်သူ၊ သူ့ သားနှင့် မြေးဖြစ်သူတို့ကို သတ်ဖြတ်ခဲ့သူမှန်း မှတ်မိသွားပြီးနောက် ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။
သူ အနီးသို့ ရောက်သွားချိန်တွင် စစ်တုရင်ခုံထဲမှ ထွက်လာသူမှာ ရုပ်အဆင်း ကွဲပြားနေသော်ငြား ထိုလူမှန်း သူ အပြည့်အဝ ယုံကြည်နေ၏။ ဇီလင်းလုံအား ဖမ်းဆီးရန် ကျိုယန်ဂိုဏ်းသို့ မသွားမီ ထိုသူ၏ကို သတ်ဖြတ်ပြီး တန်ဖိုးကြီး ပစ္စည်းများ အားလုံးကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဂြိမ်း…
ရေအကာ တစ်ခု ပေါ်လာပြီး ကောင်းကင် တစ်ခွင် လွှမ်းခြုံသွားကာ နေရာ တစ်ခုလုံးကို ရေကမ္ဘာ တစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။
သုခဘုံ ပုံရိပ်… ဤသည်မှာ ရေတာအို လမ်းစဉ်ပင်။
ကျန်းမင် တစ်ယောက် ပင်လယ်ထဲ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ မရေမတွက်နိုင်သော စွမ်းအားများက အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာပြီး ရေဝဲများစွာ ဖြစ်ပေါ်လာကာ ကျန်းမင် ထွက်မပြေးနိုင်အောင် ဟင်းလင်းပြင် အမှတ်အသားများကို ပုံပျက်သွားစေတော့သည်။
"မင်း ဘယ်သူလဲ" ပိုင်ကျန်းကျီ အသံက ကျန်းမင် နားထဲသို့ တိုးဝင်လာ၏။
သူ့ ငွေရောင် ဆံပင်များက လေထဲတွင် လွင့်ခါနေပြီး သူ့ အင်္ကျီမှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေသည်။ ထို့နောက် သူက ဓားတစ်လက်ကို လက်ထဲသို့ ဆင့်ခေါ်လိုက်၏။ ထိုဓားမှာ နတ်ဘုရား အလင်းရောင်များ ထုတ်လွှတ်နေပြီး အလွန် ထက်မြက်လွန်းသဖြင့် လောကရှိ အရာအားလုံးကို ခုတ်ပိုင်းပစ်နိုင်မည်ဟု ထင်ရသည်။
"ငါ ဘယ်သူလဲ ဟုတ်လား" ကျန်းမင် အေးစက်စက် ရယ်မောတော့သည်။ သူက မောက်မာသော ဟန်ပန်ဖြင့် ခေါင်းမော့ကာ ဆက်ပြောလိုက်၏။ "ခင်ဗျား တကယ် သိချင်တာလား… ကျုပ် ဘယ်သူလဲဆိုတာ သိရရင် ခင်ဗျား ခံနိုင်ရည် ရှိပါ့မလား"
တစ်ချိန်တည်းမှာပင် သူက လူသားလမ်းစဉ် မှတ်တမ်းပေါ်၌ ပိရွှေ မဟာအရှင်သခင် ဟူသော နာမည်ကို စိတ်ဖြင့် ရေးလိုက်သည်။
အံ့အားသင့်စရာ ကောင်းစွာဖြင့် ထိုသူ၏ အချက်အလက်များ ထွက်ပေါ်လာခဲ့၏။
အမည် - ပိရွှေ (ပိရွှေ မဟာအရှင်သခင်)
မျိုးနွယ် - လူသား၊ မိစ္ဆာ ကပြား (လူသား သွေးဆက် တစ်ဝက်နှင့် သွေးပြာ ဖားပြုတ် သွေးဆက် တစ်ဝက်)
နောက်ခံ - ပိရွှေဂိုဏ်း၏ မဟာအရှင်သခင်
ဆက်ဆံရေး - အနှုတ် ၆၆
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - သူ့ သွေးပြာ ဖားပြုတ် သွေးဆက်အတွက် အမြဲတမ်း ရှက်ရွံ့နေခဲ့သူ ဖြစ်သည်။ သူ့ကိုယ်သူ ပိုသန်မာလာစေရန် ဖခင်ဘက်မှ ဆွေမျိုးများ ဖြစ်ကြသော သွေးပြာ ဖားပြုတ်များ အားလုံးကို မျိုးတုံးသတ်ဖြတ်ခဲ့ပြီး မိစ္ဆာ အစီအရင် တစ်ခုမှ တစ်ဆင့် အတင်းအကျပ် သန့်စင်စုပ်ယူကာ သူ့ သွေးဆက် မူလအစကို မြှင့်တင်ခဲ့၏။ ထို့နောက် ပိရွှေဂိုဏ်းကို တည်ထောင်ခဲ့သည်။ သို့သော် ရေအောက် နဂါးတိုက်ကြီးတွင် အပယ်ခံ ဖြစ်ခဲ့ရပြီး အစွန်အဖျားတွင်သာ ရပ်တည် နေထိုင်ခဲ့ရသည်။
သူ့ ကံကြမ္မာကို လက်မခံနိုင်သဖြင့် တောင်တန်းနီ နန်းတော်နှင့် မဟာမိတ် ဖွဲ့ခဲ့၏။ တောင်တန်းနီ နန်းတော်က သူ့ထံ ချဉ်းကပ်လာချိန်တွင် မိစ္ဆာ ဂိုဏ်းများ ရှန်ကျိုး မြေပေါ်သို့ ပြန်လည် ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။ လောကကြီး အပေါ်သို့ ကမောက်ကမ အခြေအနေများ ကျရောက်လာမည် ဖြစ်ပြီး အရှေ့ပိုင်း ဒေသမှာလည်း ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ တောင်တန်းနီ နန်းတော် အနေဖြင့် အရှေ့ပိုင်း ဒေသကို စိုးမိုးလိုပြီး ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးရန် ကောင်းကင် မိစ္ဆာ ဂိုဏ်း ခြောက်ခုထဲမှ တစ်ခုဖြစ်သော ယင်မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းလိုကြသည်။
သူ့အား အခြေအနေကို ဦးစွာ စုံစမ်းရန် ပိရွှေဂိုဏ်းကို ဦးဆောင်သွားခိုင်းခဲ့၏။ အကယ်၍ အောင်မြင်ခဲ့လျှင် ပိရွှေဂိုဏ်းက အရှေ့ပိုင်း ဒေသ၏ သုံးပုံတစ်ပုံခန့်ကို ရရှိမည် ဖြစ်သည်။ ထိုအချက်က သူ့ကို သွေးဆောင်နိုင်ခဲ့သည်။ အကယ်၍ သူသာ အရှေ့ပိုင်း ဒေသ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်နိုင်ခဲ့လျှင် ချင်းယွင်ဂိုဏ်းမှ သူစုဆောင်းရရှိမည့် ပစ္စည်းများ၏ အကူအညီဖြင့် သူ့ စွမ်းအားကို နောက်ထပ် အဆင့်သစ် တစ်ခုသို့ တွန်းပို့နိုင်မည်ဟု ယုံကြည်နေသည်။
ပထမဆုံး အနေဖြင့် သူက ဟိုင်ပြည်နယ်သို့ ပိရွှေဂိုဏ်း၏ အကြီးအကဲ ဟိုင်ယန်ကို စေလွှတ်၏။ ဟိုင်ယန် တစ်ယောက် ဟိုင်ပြည်နယ်ကို သိမ်းပိုက်ခါနီး အချိန်တွင် ဟိုင်ပြည်နယ်ရှိ ပိရွှေဂိုဏ်း တစ်ခုလုံး ညတွင်းချင်း ဖျက်ဆီးခံလိုက်ရသဖြင့် သူ အလွန် ဒေါသထွက်သွားသည်။
ထို့နောက် အရှေ့ပိုင်း ဒေသကို လူများစွာ လိုချင် တပ်မက်နေကြောင်း သူ ကြားသိခဲ့ရ၏။ တောင်တန်းနီ နန်းတော်၏ ခေါင်းဆောင် ပိုင်ကျန်းကျီနှင့် လုံယွမ်တို့ပင် အရှေ့ပိုင်း ဒေသကို မျက်စိကျနေကြလေပြီ။ ထို့အပြင် ပင်လယ်ထဲမှ ပင်လယ် မျိုးနွယ်စုများမှာလည်း ကမ်းရိုးတန်း ရေပြင်များဆီသို့ တိတ်တဆိတ် ရွေ့လျားလာနေကြသည်။ အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူ့ ဂိုဏ်းကို အရှေ့ပိုင်း ဒေသရှိ ဟိုင်ပြည်နယ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်တော့သည်။
အရှေ့ပိုင်း ဒေသသို့ ရောက်ရှိချိန်တွင် အရှေ့ပိုင်း ဒေသ အပေါ်သို့ စစ်ပွဲကြီး တစ်ခု ကျရောက်တော့မည်ကို သတိပြုမိလိုက်၏။ လွန်ခဲ့သော ရက်အနည်းငယ်က ပိုင်ကျန်းကျီ သူ့ထံ လာရောက် ရှာဖွေခဲ့ပြီး ချင်း ပြည်နယ်ကို သိမ်းပိုက်ရာတွင် ကူညီရန် တောင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ချင်းယွင်ဂိုဏ်း၏ တုံ့ပြန်မှုကို စမ်းသပ်ရန်နှင့် ယင်မိစ္ဆာဂိုဏ်းကို အရှိန်မြှင့်ရန် တိုက်တွန်းလိုကြသည်။
ပိုင်ကျန်းကျီထံမှ သတင်းစကား ရရှိချိန်တွင် အခွင့်အရေး ရောက်လာပြီမှန်း သိလိုက်၏။ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ဂိုဏ်း၏ ထက်ဝက်နီးပါး ဦးဆောင်ကာ ကျိုယန်ဂိုဏ်းဆီ ထွက်ခွာလာခဲ့သည်။
ပိရွှေ၏ အခြေအနေကို မြင်ပြီးနောက် ကျန်းမင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားတော့သည်။
'သေစမ်း… သူ့ကို ခဏလောက် အာရုံမစိုက်မိလိုက်တာနဲ့ သူက ငါ့အတွက် ဒီလောက်ကြီးတဲ့ လက်ဆောင်ကြီး ပြင်ဆင်ထားလိမ့်မယ်လို့ မထင်ထားဘူး… ရေအောက် နဂါးတိုက်ကြီး၊ တောင်တန်းနီ နန်းတော်၊ လုံယွမ်၊ ပိရွှေဂိုဏ်း၊ ယင်မိစ္ဆာဂိုဏ်း… လောကကြီး တစ်ခုလုံး ရူးသွပ်ကုန်ကြပြီပဲ'
"ခင်ဗျား ကျိုယန်ဂိုဏ်းကို ဖျက်ဆီးချင်ရင် ကျုပ်အလောင်းကို အရင် ကျော်သွားလိုက်" ကျန်းမင် အော်ဟစ်လိုက်၏။
ကျန်းမင်က ပြင်ပ လောကတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို သိပ်ဂရုမစိုက်ပေ။ ချင်းယွင်ဂိုဏ်းက အရှေ့ပိုင်း ဒေသကို စိုးမိုးသည် ဖြစ်စေ၊ ယင်မိစ္ဆာဂိုဏ်းက အင်အားကြီးလာသည် ဖြစ်စေ… သူ့ကို လာမနှောင့်ယှက်သရွေ့ သူကလည်း ဘာမှ လုပ်မည် မဟုတ်ချေ။
သို့သော် သူတို့က ယခု ကျိုယန်ဂိုဏ်းကို ဖျက်ဆီးချင်နေကြလေပြီ။
'ဟက်'
"မင်းက ဟင်းလင်းပြင် တာအို ကျွမ်းကျင်ထားတာဆိုတော့ သာမန်လူ တစ်ယောက်တော့ မဖြစ်နိုင်ဘူး" ပိုင်ကျန်းကျီက ပြောလိုက်သည်။ "မင်း ဘယ်ကလာတာလဲ ဆိုတာ ပြောစမ်း… မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်တယ်"
"ငါက ထျန်းယွမ် ကျောင်းတော်က လာတာကွ" ကျန်းမင် အေးစက်စက် ပြုံးရင်း ပြောလိုက်၏။ "ဒါဆို ငါ့ကို တကယ် သတ်ရဲသေးလား"
"ထျန်းယွမ် ကျောင်းတော်" ပိုင်ကျန်းကျီ ကြောင်အသွားသည်။ ထို့နောက် သူ ခေါင်းခါယမ်း၍… "ဒါ မဖြစ်နိုင်ဘူး… မင်း ထျန်းယွမ် ကျောင်းတော်က လာတာ လုံးဝ မဖြစ်နိုင်ဘူး… မင်းက ထျန်းစစ်ထက် အများကြီး ပိုသန်မာတယ်… တကယ်လို့ မင်းသာ ထျန်းယွမ် ကျောင်းတော်ကဆိုရင် မင်းရဲ့ အစောင့်အရှောက်က ဘယ်မှာလဲ… ဘာပဲဖြစ်ဖြစ် အခု ဒါတွေက အရေးမကြီးတော့ဘူး… မင်းက ဘယ်သူလဲ ဘယ်ကလာတာလဲ ဆိုတာ မပြောချင်မှတော့ အခု မင်းကို သတ်ရတော့မှာပေါ့"
"ငါ့ကို သတ်မယ် ဟုတ်လား" ကျန်းမင် ရှေ့တွင် ကတ်ပြားတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ သုံးမိနစ် အနိမ အတွေ့အကြုံကတ် ဖြစ်ပြီး သူက မည်သည့် တွေဝေမှုမှ မရှိဘဲ ချက်ချင်း အသက်သွင်းလိုက်သည်။
ထိုအတွေ့အကြုံကတ်မှာ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားပြီး သူ့ ခန္ဓာကိုယ် အတွင်း ဝင်ရောက်ကာ သူ့ စွမ်းအားကို ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြှင့်တင်ပေးလိုက်လေပြီ။
ပိုင်ကျန်းကျီ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားတော့သည်။
"ဒီနေ့ သေရမယ့်သူက ကျုပ် မဟုတ်ဘူး… ခင်ဗျားပဲ" ကျန်းမင် အော်ဟစ်လိုက်ရာ ဟင်းလင်းပြင်ပင် ပုံပျက်သွားတော့သည်။
End
***