အတွေ့အကြုံကတ်ကို အသက်သွင်းလိုက်သည်နှင့် အလင်းစက်လေး တစ်ခုက ကျန်းမင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ခဏတာမျှ ကျန်းမင်က အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူနှင့်တူသော လူရိပ်တစ်ခု သူ့အား လာရောက် ကူညီပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုလူရိပ်က သူ့ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် သူ့ စွမ်းအားများမှာ တုန်လှုပ်ဖွယ် ကောင်းလောက်အောင် ထိုးတက်သွားတော့သည်။
လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် ဂြိုဟ်တစ်ခုကို ချေမှုန်းနိုင်ပြီး ခြေတစ်ချက် ဆောင့်ရုံဖြင့် မြေပြင်ကို အက်ကွဲသွားစေနိုင်စွမ်း ရှိနေလေပြီ။ သူ ရှေ့သို့ လှမ်းကြည့်ရာ အရာအားလုံးမှာ မျက်စိထဲ၌ ရှင်းလင်း ထင်ရှားနေ၏။ လေထုထဲရှိ ချီစွမ်းအင် စီးဆင်းမှုများ၊ ယင်နှင့် ယန် ပြောင်းလဲမှုများအပြင် ဓာတ်ကြီးငါးပါး စွမ်းအားများကိုပါ ထင်ရှားစွာ မြင်တွေ့နိုင်နေသည်။ သူက လက်ဖဝါးကို အပေါ်လှန်၍ ရှေ့သို့ ဆန့်ထုတ်လိုက်ရာ သဘာဝတရားကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသော နိယာမ သံကြိုးက သူ့လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူ အပြည့်အဝ နားမလည်နိုင်သေးသည့် တစ်ခုတည်းသော အရာမှာ အချိန်စွမ်းအားသာ။ သို့တိုင် ထိုအရာနှင့် ပတ်သက်၍ အနည်းအကျဉ်းတော့ သဘောပေါက် နားလည်နေဆဲပင်။
ယခုမှသာ အနိမ အဆင့်ဆိုသည်မှာ မည်သို့သော အရာမှန်း ကျန်းမင် သဘောပေါက်သွားတော့သည်။ လူတစ်ယောက်အနေဖြင့် အနိမ အဆင့်သို့ ရောက်သွားသည်နှင့် စကြာဝဠာထဲရှိ အစွန်းရောက် စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း ရှိသွားပေလိမ့်မည်။
"အနိမရဲ့ စွမ်းအားက အခုချိန်ထိ ငါ ကျွမ်းကျင်ထားတဲ့ တာအိုအပေါ် မူတည်နေတာပဲ... ငါ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ စွမ်းအားကတောင် စိတ်ကူးနဲ့မှန်းဆလို့ မရနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ..."
ကျန်းမင်ကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။
သူက ယခင်ကထက် အဆတစ်ထောင်... မဟုတ်သေး... အဆတစ်သန်းမက ပိုသန်မာလာခဲ့ပြီ ဖြစ်သည်။
ကျန်းမင်က စိတ်ထဲမှ တွေးလိုက်ရုံဖြင့် အာကာပြင် သဏ္ဌာန်မဲ့ ဓားချီကို အမြင့်ဆုံး အဆင့်အထိ ထုတ်ဖော်နိုင်နေလေပြီ။
သူ မည်မျှ သန်မာလာကြောင်း အမှန်တကယ် စမ်းသပ်ချင်နေသော်လည်း ယခုအချိန်မှာ မသင့်တော်မှန်း ကောင်းစွာ သိထားသည်။
ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ပိုင်ကျန်းကျီ တစ်ယောက် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။
'ဘာ...'
အစပိုင်းတွင် ပိုင်ကျန်းကျီက ကျန်းမင်အား လွယ်လွယ်ကူကူ ချေမှုန်းပစ်နိုင်သော ပုရွက်ဆိတ် တစ်ကောင်ဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် ကျန်းမင်မှာ သူ့ထက် အဆပေါင်းများစွာ သန်မာနေမှန်း သိလိုက်ရသောအခါ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။ မည်သို့ပင်ဆိုစေ လက်ရှိ အခြေအနေရှိ ကျန်းမင်အား ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းနှင့် မခြားနားပေ။
ကျန်းမင်ထံတွင် မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း သေချာ မသိသော်ငြား ယခုချက်ချင်း ထွက်ပြေးမှ ရမည်ကိုတော့ သူ ကောင်းကောင်း သဘောပေါက်ထား၏။
"ပြေးချင်နေတာလား... အိပ်မက်မက်နေလိုက်..."
ကျန်းမင်က ချီပိတ်လှောင်ခြင်း စစ်တုရင်ခုံကို ပြန်လည် သိမ်းဆည်းပြီး အထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် လက်ဖြင့် လက်သင်္ကေတ တစ်ခု ဖော်ဆောင်၍ ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးအား ပိုင်ကျန်းကျီထံ ပစ်လွှတ်လိုက်တော့သည်။
နတ်ဘုရား တံဆိပ်တုံးကြီးမှာ ဧရာမ အရွယ်အစား ရှိလှ၏။ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အာကာသ ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်း သန်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။ မသိလျှင် ထိုတံဆိပ်တုံးကြီးက ဟင်းလင်းပြင်ကို ချေမှုန်းပြီး ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ စီနီယာ... ဒါတွေ အကုန်လုံးက အထင်လွဲမှုတွေပါ..." နတ်ဘုရား တံဆိပ်တုံးကြီး၏ ဖိနှိပ်မှုအောက်တွင် မြေပြင်ပေါ် ပိကျသွားသော ပိုင်ကျန်းကျီက အော်ဟစ် တောင်းပန်တော့သည်။ သူ အော်ဟစ်နေစဉ်မှာပင် သူ့ မူလပုံစံဖြစ်သော ဖြူဖွေးသည့် နဂါးကြီး တစ်ကောင်အဖြစ် အလိုအလျောက် ပြောင်းလဲသွား၏။
ထို့နောက် အလယ်အလတ်အဆင့် ခံစစ် တာအိုလက်နက် ဖြစ်သော နတ်ဘုရားစေတီ တစ်ဆူကို ထွေးထုတ်လိုက်သည်။ ထိုစေတီမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့အား ကာကွယ်ရန် အမိုးခုံးတစ်ခုသဏ္ဍာန် ဖန်တီးလိုက်သည်။
ဘန်း…
နတ်ဘုရား တံဆိပ်တုံးကြီး ကျဆင်းလာပြီး စေတီကို တစ်စစီ ကြေမွသွားစေ၏။
"ဟင့်အင်း..." ပိုင်ကျန်းကျီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နတ်ဘုရား တံဆိပ်တုံးကြီး သူ့အပေါ် ကျဆင်းလာပြီး သူနှင့်တကွ သူပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ချေမှုန်းပစ်သည်အား မျှော်လင့်ချက် ကင်းမဲ့စွာ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပေ။
တောင်ထွတ်ကြီးပင် ပြိုကျ ပျက်စီးသွားပြီး နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခုမှလွဲ၍ ဘာမှ ကျန်ရစ်မနေတော့ချေ။
ကျန်းမင်က ပိုင်ကျန်းကျီအား ထပ်မံ စိတ်ဝင်စားမနေတော့ဘဲ ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်သွားသည်။ နောက်တစ်စက္ကန့် အတွင်းမှာပင် သူက ကျိုယန်ဂိုဏ်းနှင့် လီတစ်သောင်း ကွာဝေးသော နေရာသို့ ရောက်ရှိသွား၏။ သူ့ဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်ရာ ကျိုယန်ဂိုဏ်းကို ကာကွယ်ပေးထားသည့် မဟာအစီအရင်ကြီး ပျက်စီးနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ပိရွှေ မဟာဧကရာဇ်ကလွဲလို့ ကျန်တဲ့ လေးယောက်က ကနဦးဝိညာဉ် အဆင့်တွေပဲလား... ကောင်းပြီလေ..." ကျန်းမင် အေးစက်စွာ နှာခေါင်းရှုံ့ပြီး ဓားချီစွမ်းအင် ဖော်ဆောင်၍ ပိရွှေ မဟာဧကရာဇ်ထံ ပစ်လွှတ်လိုက်၏။
ထိုသည်ကား ကောင်းကင်ခွင်း ဓားကျင့်စဉ်ပင်။
၎င်းက လေထုကို ဆုတ်ဖြဲသွားပြီး ညကောင်းကင်ယံတွင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ချန်ရစ်ခဲ့လေသည်။
အဝေးတစ်နေရာရှိ ပိရွှေ မဟာဧကရာဇ်မှာ ကျိုယန်ဂိုဏ်းကို ချက်ချင်း ဝင်ရောက် တိုက်ခိုက်ခြင်း မရှိသေးပေ။ မည်သို့ပင်ဆိုစေ သူက သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့် စစ်ပွဲထဲ ချက်ချင်း ဝင်ပါခြင်းဖြင့် မိမိကိုယ်ကို အဆင့်နှိမ့်ချလိုစိတ် မရှိချေ။ ထို့အပြင် ပိုင်ကျန်းကျီ ရောက်မလာသေးသဖြင့် လူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေရန်လည်း မဝံ့ရဲပေ။
"ဒါ အနိမ ကျင့်ကြံသူ တစ်ယောက်ဆီက ထွက်လာတဲ့ ဓားချီပဲ... ကျက်သရေမရှိလိုက်တာ... ဘယ်သူများ ဖြစ်နေမလဲ... မဖြစ်နိုင်ဘူး... ဒါ ပိုင်ကျန်းကျီ ဖြစ်ရမယ်..." ပိရွှေ မဟာဧကရာဇ် မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ဖြစ်ပျက်နေသည်များကို ချက်ချင်း သဘောပေါက်သွား၏။
သူ အရှေ့ပိုင်းဒေသသို့ ရောက်လာခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် သူ့အား သတ်ချင်နေမည့်သူ ရှိမည်ဟု မယုံကြည်ပေ။ ထို့အပြင် ဤစစ်ပွဲသို့ သူ့အား ဖိတ်ခေါ်ခဲ့သူမှာ ပိုင်ကျန်းကျီ ဖြစ်ပြီး ထိုလူကသာ ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပါလား။
"ရွှေသဲနန်းတော်... ငါ့ကို ကူညီပါဦး..."
"သွေးပြာဖား အသွင်ပြောင်းခြင်း..."
ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် တာအိုလက်နက်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူကိုယ်တိုင်ကလည်း ဖားကြီး တစ်ကောင်အဖြစ် အသွင်ပြောင်းသွား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် မိမိကိုယ်ကို ကာကွယ်သည့် နောက်ထပ် အထူးစွမ်းရည် တစ်ခုကို ထုတ်ဖော်လိုက်သဖြင့် နတ်ဘုရား အလင်းတန်းများ တောက်ပလာတော့သည်။
ဖောင်း...
နောက်တစ်ခဏတွင် ရွှေသဲနန်းတော်ကြီးမှာ ပြိုကျ ပျက်စီးသွားလေပြီ။ သူ့ကိုယ်ပေါ်ရှိ ကာကွယ်ရေး အထူးစွမ်းရည်မှာလည်း စက္ကူတစ်ရွက်ပမာ အလွယ်တကူ စုတ်ပြဲသွား၏။
"ကျက်သရေမရှိတဲ့ ပိုင်ကျန်းကျီ..." ပိရွှေ မဟာဧကရာဇ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ဓားချီ၏ ခုတ်ပိုင်းမှုကြောင့် ခန္ဓာကိုယ် ထက်ပိုင်းပြတ်သွားတော့သည်။
သို့သော် ထိုမျှနှင့် ပြီးဆုံးမသွားပေ။ ဓားချီထဲတွင် ပါဝင်သော ကြီးမားလှသည့် စွမ်းအားများက ပိရွှေ မဟာဧကရာဇ်၏ ခန္ဓာကိုယ်အား အပြီးတိုင် ဖျက်ဆီးပစ်လိုက်လေသည်။
ကျန်းမင်က လက်ဖျစ်တစ်ချက် တီးလိုက်ရာ ဓားချီ သုံးခု ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျိုယန်ဂိုဏ်းအား ဝင်ရောက် တိုက်ခိုက်ခဲ့သည့် မူလဝိညာဉ် အဆင့် လေးယောက်ထဲမှ အသန်မာဆုံး သုံးယောက်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့၏။
နောက်ဆုံး ကျန်ရစ်သူ တစ်ယောက်ကိုမူ ကျိုယန်ဂိုဏ်းအတွက် လေ့ကျင့်ရေး အရုပ်အဖြစ် ချန်ထားရစ်ရန် ဆုံးဖြတ်လိုက်သည်။ ပိရွှေဂိုဏ်းမှ အခြား တပည့်များကိုလည်း သူ သတ်ဖြတ်ခြင်း မပြုခဲ့ချေ။
ညီမငယ်ဖြစ်သူအား နောက်တစ်ကြိမ် လှမ်းကြည့်ပြီးနောက် သူ ထွက်ခွာလာခဲ့သည်။
သုံးမိနစ်စာ အနိမ အတွေ့အကြုံကတ်မှ ပေးစွမ်းသော သုံးမိနစ် အချိန်ကို အကျိုးရှိရှိ အသုံးချရန် ရည်ရွယ်ထား၏။
ချူယန် တောင်ထွတ်တွင်တော့...
ကျိုယန်ဂိုဏ်း တိုက်ခိုက်ခံရသည်နှင့် တပြိုင်နက် ဇီလင်းလုံ ထွက်ပေါ်လာခဲ့သည်။ အစ်ကိုကြီး ဖြစ်သူ့ အခန်းဘက်သို့ လှမ်းကြည့်ပြီးနောက် အခန်းပတ်လည်တွင် အစီအရင်တစ်ခု ကာကွယ်ပေးထားသည်ကို မြင်တွေ့ရမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
"ဒီအချိန်မှာ ငါတို့ကို တစ်ယောက်ယောက် လာတိုက်ခိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး... မူလ ကံကြမ္မာ လမ်းကြောင်းက လုံးဝကို ဗြောင်းဆန်နေပြီပဲ..." ဇီလင်းလုံ စိတ်ထဲမှ ညည်းတွားလိုက်မိသည်။
အကယ်၍ ကျိုယန်ဂိုဏ်းသာ ဤအကျပ်အတည်းကို မကျော်လွှားနိုင်ပါက အစ်ကိုကြီးကို ခေါ်၍ ဤနေရာမှ ထွက်ပြေးရန်လည်း သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
စစ်မြေပြင်သို့ ရောက်ရှိလာချိန်တွင် ဂိုဏ်းကို ကာကွယ်ပေးထားသော အစီအရင်ကြီး ပျက်စီးနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။
ကနဦးဝိညာဉ် အဆင့် ကျင့်ကြံသူ လေးယောက်မှာ လေထဲတွင် ပျံဝဲနေပြီး ပိရွှေဂိုဏ်းမှ အဖွဲ့ဝင် အများအပြားကလည်း သူတို့ အထူးစွမ်းရည်များကို ထုတ်ဖော်နေကြသည်။
ရုတ်တရက် သူမ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
"အဲ့ဒီလူက ဘယ်သူလဲ... သန်မာလိုက်တာ... ငါ သိဖူးသမျှ လူတွေအားလုံးထက် အများကြီး ပိုသန်မာတယ်... သူ့ဆီကနေ တာအို ဆယ်မျိုးထက်မက ခံစားနေရပြီးတော့ အဲ့ဒီအရာတွေ အကုန်လုံးကို ကျွမ်းကျင်နေတာလား..." ဇီလင်းလုံ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံ၌ ဓားချီစွမ်းအင်တစ်ခု ထွက်ပေါ်လာ၏။
"ကောင်းကင်ခွင်း ဓားသိုင်းလား... ဒါပေမဲ့ ချင်းယွင်ဂိုဏ်းမှာ ဒီအထူးစွမ်းရည်ကို ဒီလောက်အဆင့်အထိ ထုတ်ဖော်နိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး..."
လွန်ခဲ့သော ရက်အနည်းငယ်က ပိုင်ယွီကို သတ်ဖြတ်ခဲ့သော လူတစ်ယောက်၏ ပုံရိပ်က ဇီလင်းလုံ ခေါင်းထဲ ဝင်ရောက်လာသည်။ သို့သော် ယခုလူမှာ ပိုင်ယွီကို သတ်ခဲ့သူထက် သိသိသာသာ ပို၍ သန်မာနေသည်။
ထို့နောက် လေထဲရှိ ကျင့်ကြံသူ လေးယောက်ထဲမှ သုံးယောက်မှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားသည်ကို သူမ မြင်လိုက်ရသည်။
"သူက ဘယ်သူများလဲ... ပြီးခဲ့တဲ့ အကြိမ်က ပိုင်ယွီကို သတ်ခဲ့တဲ့သူလည်း ချင်းယွင်ဂိုဏ်းရဲ့ အထူးစွမ်းရည်ကို သုံးခဲ့တာပဲ... ဒါပေမဲ့ အဲ့ဒီလူက ပိုင်ယွီကို သတ်ဖို့ လာတာလား ဒါမှမဟုတ် ငါ့ကို ကယ်ဖို့ လာတာလား ဆိုတာတောင် မသိရသေးဘူး... အခု ဒီရောက်နေတဲ့ လူက ပိုတောင် သန်မာနေသေးတယ်... သူက ငါတို့ကို ကယ်ဖို့ လာတာများလား..."
ဇီလင်းလုံ ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေတော့သည်။
ရုတ်တရက် ထိုလူက သူမအား ကြည့်နေသည်ဟု ခံစားလိုက်ရ၏။
"သူ ငါ့ကို ကြည့်နေတဲ့ အကြည့်တွေက..." ဇီလင်းလုံ မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ခုန်သံများ မြန်ဆန်လာသည်။ "ဘာလို့ အစ်ကိုကြီးနဲ့ ဒီလောက်တောင် တူနေရတာလဲ..."
ဟိုင်ပြည်နယ်တွင်တော့...
ကျန်းမင်က ပိရွှေဂိုဏ်း၏ ပင်မဌာနချုပ်သို့ ရောက်ရှိနေလေပြီ။
"မင်းတို့ အားလုံး ဒီနေ့ သေရမယ်..."
ကျန်းမင်က မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ လက်များအား မြှောက်လိုက်ရာ ထောင်ပေါင်းများစွာသော မိုးကြိုးများက အောက်ဘက်ရှိ အဆောက်အအုံများပေါ် ကျဆင်းလာပြီး အရာအားလုံး ဖျက်ဆီးကာ အထဲရှိ လူအားလုံးကို သတ်ဖြတ်ပစ်လိုက်တော့သည်။
"နောက်တစ်ယောက်..."
လူသားလမ်းစဉ် မှတ်တမ်းစာအုပ် ထွက်ပေါ်လာ၏။
ချင်းယွင်ဂိုဏ်းမှ သန့်စင်သောသားတော် လင်းဟန်မှာ ပြန်သွားပြီ ဖြစ်သောကြောင့် သူ့ကို သတ်၍ မရနိုင်တော့ပေ။
ထို့နောက် မဟာကျိုးမင်းဆက်၏ (၁၈)ပါးမြောက် မင်းသား ကျိုးထျန်းအား ကြည့်လိုက်သည်။ ကျိုးထျန်းမှာ အားနည်းပြီး သူ့အစောင့်အရှောက် ဆိုသူမှာလည်း ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။ သူ့အား သတ်ဖြတ်နေခြင်းမှာ အချိန်ဖြုန်းရာသာ ကျပေလိမ့်မည်။
ရုတ်တရက် စာမျက်နှာ လှန်နေခြင်းကို သူ ရပ်တန့်လိုက်သည်။
ထိုစာမျက်နှာတွင် ထျန်းစစ်၏ အချက်အလက်များကို ဖော်ပြထားသည်။
အကြောင်းရင်း သေချာ မသိသော်ငြား ထိုနာမည် မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယခုချက်ချင်း သွားမသတ်ပါက အနာဂတ်တွင် ထိုလူမှာ သူ့ရန်သူ ဖြစ်လာလိမ့်မည်ဟု ကြိုတင် ခံစားနေမိသည်။
"ကောင်းပြီလေ... မင်းပဲ ဖြစ်ရမယ်..." ပြောပြီးသည်နှင့် ကျန်းမင် အဝေးသို့ ထပ်မံ ပျောက်ကွယ်သွားခဲ့လေပြီ။
End
***