အရှေ့ပိုင်းဒေသနှင့် ကျုံးပြည်နယ်တို့ ဆုံမှတ်တွင်...
မိုင်သုံးသောင်းကျော် ရှည်လျားသော နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး တစ်ခု ရှိပြီး ဘေးတစ်ဖက် တစ်ချက်စီတွင် တောင်တန်းကြီးများက သွယ်တန်းလို့နေ၏။
ကျားဟိန်းသံများနှင့် လင်းယုန် အော်သံများက ရံဖန်ရံခါ ပဲ့တင်ထပ်နေတတ်ပြီး ဤနေရာ၌ သတ္တဝါများ နေထိုင်မှု နည်းပါးလှသည်။
ထျန်းစစ် တစ်ယောက် တောင်ကြားတစ်ခုထဲမှ ထွက်ပေါ်လာခဲ့သည်။
"ဒီနေ့ ငါ့ကံကောင်းတဲ့နေ့ပဲ... စိတ်ပြေလက်ပျောက် လမ်းထွက်လျှောက်တာတောင် သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက် ချန်ထားရစ်ခဲ့တဲ့ အင်မော်တယ်ဂူ တစ်ခုနဲ့ တိုးရတယ်လို့..." ထျန်းစစ်က သူ့လက်ထဲရှိ ဓားငယ်လေး တစ်လက်အား ကစားရင်း ပြောလိုက်သည်။ ထိုဓားငယ်လေးမှ ရံဖန်ရံခါ ထွက်ပေါ်လာသော ဓားချီများမှာ တောင်တစ်လုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်၏။
သူက လေထဲသို့ ခုန်တက်၍ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်လိုက်သည်။
တောင်တန်းများနှင့် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကို ငေးကြည့်နေစဉ် ဧည့်ခံခြင်း တောင်ထွတ်၌ ဇီလင်းလုံနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲက သူ့ခေါင်းထဲ ဝင်ရောက်လာခဲ့လေပြီ။
"ငါက ကြီးမားတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားတဲ့ အကြို အင်မော်တယ်လောင်းပါ... ဒါကို ကောင်မလေး တစ်ယောက်ရှေ့မှာ ရှုံးနိမ့်ခဲ့ရတယ်... အရှက်ကွဲလိုက်တာ..."
ထျန်းစစ်၏ မျက်နှာမှာ မှုန်မှိုင်းသွားတော့သည်။
"ငါ့ရဲ့ အစွမ်းအထက်ဆုံး လက်နက်ကို ထုတ်သုံးပြီး ကျိုယန်ဂိုဏ်းနဲ့အတူ သူမကိုပါ တစ်ခါတည်း ချေမှုန်းပစ်ခဲ့သင့်တာ..." ညည်းတွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်မိ၏။
"ကံမကောင်းတာက အဲ့ဒီအချိန်မှာ ချင်းယွင်ဂိုဏ်းက ချင်ဖုန်းဇီနဲ့ အနန္တ ဆေးလုံးစံအိမ်က အဘိုးအိုထျဲ့တို့ ရောက်နေခဲ့တယ်... သူတို့က ဘာလို့ အဲ့ဒီလောက်တောင် အားနေရတာလဲ... တခြား လုပ်စရာ ဘာမှ မရှိတော့ဘူးလား... လူငယ်မျိုးဆက်တွေကြားက တိုက်ပွဲမှာ ဘာကိစ္စ ဝင်ပါရတာလဲ..." ထျန်းစစ်က ခေါင်းခါယမ်းလိုက်သည်။
"ငါ ပိုကြိုးစားမှ ဖြစ်မယ်... အလင်း တာအိုမျိုးစေ့နဲ့ အမှောင် တာအိုမျိုးစေ့ကို ပေါင်းစပ်ပြီး အလင်း အမှောင် တာအိုကို ဖော်ဆောင်ရမယ်... အဲ့ဒါမှ မူလဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်ပြီး ငါ့ရဲ့ မူလဝိညာဉ်တွေကို ဖန်တီးနိုင်မှာ... ကျောင်းတော် ပြန်ရောက်ရင် မူလဝိညာဉ် အဆင့်ကို မရောက်မချင်း တံခါးပိတ် ကျင့်ကြံတော့မယ်..."
သူ့အနာဂတ်အတွက် ရှင်းလင်းပြတ်သားသော အစီအစဉ်တစ်ခု ရှိနေလေပြီ။
"စောင့်နေလိုက် ဇီလင်းလုံ... ငါ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ မင်းကို ငါ့ရှေ့ ဒူးထောက်စေရမယ်... မင်း ငါ့အပေါ် လုပ်ခဲ့တာတွေအတွက် အစားအဖြစ် မင်းကို ငါ့ရဲ့ ကျွန်မအဖြစ် ခိုင်းစားပစ်မယ်..."
ထျန်းစစ်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။ ထိုစဉ် ရုတ်တရက် လေပြင်းတစ်ခု တိုက်ခတ်လာပြီး လူရိပ်တစ်ခုက သူ့အကွာ ပေတစ်ရာခန့်တွင် ထွက်ပေါ်လာ၏။ ရောက်လာသူမှာ မည်သူမှန်း ထျန်းစစ် မသိသော်လည်း သူ့နှလုံးသားထဲ၌ ကြောက်ရွံ့မှုတို့ စတင် ကြီးထွားလာသဖြင့် ကောင်းသော လက္ခဏာ မဟုတ်မှန်းတော့ ခံစားမိနေသည်။
ထိုသူမှာ အခြားသူ မဟုတ်၊ ကျန်းမင်ပင်။
ထျန်းစစ်နှင့် မိုင်တစ်သန်းခန့် ကွာဝေးနေသော်ငြား လူသားလမ်းစဉ် မှတ်တမ်းစာအုပ်မှ တစ်ဆင့် တည်နေရာကို အတိအကျ ခြေရာခံနိုင်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး..."
ကျန်းမင်က ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လက်ဖြင့် လက်သင်္ကေတ ဖော်ဆောင်၍ နတ်ဘုရား တံဆိပ်တုံးကို ထုတ်ဖော်လိုက်သည်။ နတ်ဘုရား တံဆိပ်တုံးကြီး ကောင်းကင်ယံ၌ ရုပ်လုံးပေါ်လာသည်နှင့် ညကောင်းကင်ယံပင် မှေးမှိန်သွားတော့သည်။
ထျန်းစစ်က ပါးစပ်ဟလိုက်သော်လည်း မည်သည့် အသံမှ ထွက်မလာခဲ့ပေ။
ကျဆင်းလာသော နတ်ဘုရား တံဆိပ်တုံးကြီးမှာ အလွန် အစွမ်းထက်လှသဖြင့် သူ့ခံနိုင်ရည် ကန့်သတ်ချက်ကိုပင် ကျော်လွန်နေလေပြီ။ ထိုဖိအားကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ လက်နက်များက သခင်ဖြစ်သူအား ကာကွယ်ရန် တစ်ခုပြီးတစ်ခု နိုးထလာကြတော့သည်။
စေတီတစ်ဆူက သူ့အထက်တွင် ထွက်ပေါ်လာပြီး ကြေးမုံတစ်ချပ်က သူ့အရှေ့၌ ရပ်တန့်ကာ စစ်ဝတ်တန်ဆာ တစ်စုံက ခန္ဓာကိုယ်ထက် ဖုံးလွှမ်းသွား၏။ ထိုအရာများ အားလုံးမှာ အဆင့်မြင့် ခံစစ် တာအိုလက်နက်များချည်းသာ။
"ဟာ… ဘာတွေလဲ..." ထိုတာအိုလက်နက်များကို မြင်လိုက်ရချိန်တွင် ကျန်းမင်က ကျိန်ဆဲလိုက်သည်။
"ဒီနွားက တကယ်ကို ကောင်းကင်ဘုံရဲ့ အချစ်တော်ပဲ... ကောင်းပြီလေ... မင်းနဲ့ငါ ဘယ်သူ ပိုသန်မာလဲ ကြည့်ကြသေးတာပေါ့..."
ထို့နောက် ကျန်းမင်က မဟာ ဖျက်ဆီးခြင်း တာအို၏ စွမ်းအားများကို ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံးထဲသို့ သွန်းလောင်းလိုက်ရာ စက္ကန့်အနည်းငယ် အတွင်းမှာပင် ၎င်း စွမ်းအားမှာ တုန်လှုပ်ဖွယ် ကောင်းလောက်အောင် အဆပေါင်းများစွာ မြင့်တက်သွားတော့သည်။
ဘန်း...
နတ်ဘုရား တံဆိပ်တုံးကြီး ကျဆင်းလာချိန်တွင် စေတီမှာ တစ်စစီ ကြေမွသွားပြီး ကြေးမုံချပ် အက်ကွဲကာ ထျန်းစစ် ခန္ဓာကိုယ်ပေါ်ရှိ စစ်ဝတ်တန်ဆာများလည်း လွင့်စင် ပျောက်ကွယ်သွားလေပြီ။
ထျန်းစစ်၏ မျက်နှာထက် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ကျန်းမင် အနေဖြင့် အဆင့်မြင့် တာအိုလက်နက် သုံးခုကို ချေမှုန်းပြီး ထျန်းစစ်အား သတ်ဖြတ်ရန် နတ်ဘုရား တံဆိပ်တုံး တစ်တုံးသာ လိုအပ်ခဲ့ခြင်းပင်။
သို့သော် ကျန်းမင်က ရုတ်တရက် မျက်လုံးများ မှေးစင်း၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာ၌ ထျန်းစစ်၏ တည်ရှိမှုကို သူ ခံစားလိုက်ရ၏။
"ရုပ်သေး ကိုယ်ပွား အစားထိုးခြင်းလား..."
ထျန်းစစ် ရှိခဲ့သော နေရာသို့ သူ လှမ်းကြည့်ရာ ကျိုးပဲ့နေသော သစ်သား အရုပ်တစ်ရုပ်ကို မြင်လိုက်ရပြီး ထိုအရုပ်မှာ ချက်ချင်းပင် ပေါက်ကွဲကာ ပျောက်ကွယ်သွားတော့သည်။
"သူ့မှာ အသက်လု ထွက်ပြေးနိုင်တဲ့ ဒီလိုစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..."
ကျန်းမင် တစ်ယောက် ထျန်းစစ်နောက်သို့ လိုက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက် ရောက်လာခဲ့သည်။
"မင်း ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ... အကြို အင်မော်တယ်ကိုတောင် ရန်ရှာရဲတယ်ဆိုတော့ မင်းက တကယ် သေချင်နေတာပဲ..."
ထိုသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ပင်။ သူက လေထဲသို့ တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်ရာ ကောင်းကင်ယံ၌ ပိုက်ကွန်ကြီး တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ကျန်းမင်အား ချုပ်နှောင်ရန် ကြိုးစားရင်း သူ့ ပတ်ပတ်လည် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ကံမကောင်းစွာဖြင့် ကျန်းမင်က တစ်လှမ်း ပိုမြန်နေခဲ့သည်။
သူက လူသားလမ်းစဉ် မှတ်တမ်းစာအုပ်ကို အသုံးပြု၍ ထျန်းစစ်၏ တည်နေရာကို ရှာဖွေလိုက်ပြီး ထိုလူနောက်သို့ သူ့ ကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်သည်။
ထို့နောက် လက်ခုပ်တစ်ချက် တီးလိုက်ပြီး လက်ကို ပြန်လှန်၏။ သူ့လက်ဖဝါးများကို အပြင်ဘက်သို့ လှည့်ကာ လက်မနှင့် လက်ညှိုးများ ယှက်နွယ်၍ ရောက်လာသူအား ချိန်ရွယ်လျက် နှလုံးသားပုံသဏ္ဍာန် ဖန်တီးသည်။
"ကောင်းကင်ကိုးထပ် အမြောက်..."
သွေးရောင် အလင်းတန်းကြီး တစ်ခုက အရှေ့သို့ ပြေးထွက်သွားပြီး ပိုက်ကွန်သဏ္ဍာန် တာအိုလက်နက်နှင့်တကွ ရောက်လာသူကိုပါ ဝါးမြိုသွားတော့သည်။
တာအိုလက်နက်၏ အစွမ်းများ ပျောက်ကွယ်သွားသလို လူလတ်ပိုင်း အမျိုးသားမှာလည်း အစအနပင် မကျန်တော့ချေ။
ကျန်းမင်၏ လက်ရှိ စွမ်းအားများကို ထည့်တွက်ကြည့်လျှင် အလွန် သာမန်ဆန်သော အထူးစွမ်းရည် တစ်ခုကပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ချေမှုန်းနိုင်စွမ်း ရှိနေလေပြီ။
ဝှစ်...
လူသားလမ်းစဉ် မှတ်တမ်းစာအုပ် လန်ကျသွားပြီး လူလတ်ပိုင်း အမျိုးသား၏ အချက်အလက်များ ထွက်ပေါ်လာ၏။
အမည် - လျူယွမ်
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - သုခဘုံအဆင့်
နောက်ခံ - ထျန်းယွမ် ကျောင်းတော်၏ မဟာအကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၉၉
အခြေအနေ - သူ့သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ကျင့်ကြံခြင်းလမ်းစဉ်တွင် ထပ်မံ တိုးတက်နိုင်ရန် မျှော်လင့်ချက် မရှိတော့မှန်း သူကောင်းကောင်း သိထားသည်။ ထျန်းစစ်ဟု ခေါ်သော အကြို အင်မော်တယ်လောင်းလျား ထွက်ပေါ်လာသည့်အခါ သူက အလွန် ဝမ်းမြောက်သွားပြီး အစောင့်အရှောက် အဖြစ် တာဝန်ယူရန် ကိုယ်တိုင် ကမ်းလှမ်းခဲ့သည်။ သူက ထျန်းစစ်နှင့်အတူ အရှေ့ပိုင်းဒေသသို့ လိုက်ပါလာခဲ့သော်လည်း အဝေးမှသာ စောင့်ကြည့်နေခဲ့၏။ ထျန်းစစ် တစ်ယောက် တိုက်ပွဲတိုင်းတွင် အနိုင်ရနေသည်ကို မြင်တွေ့ရသဖြင့် အလွန် ပျော်ရွှင်နေခဲ့သည်။
အစပိုင်းတွင် သူက ထျန်းစစ်အနေဖြင့် ဧည့်ခံခြင်း တောင်ထွတ်ရှိ ပါရမီရှင်များကို အနိုင်ယူပြီးနောက် နာမည်ကောင်း တစ်ခု ရလာလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ထျန်းစစ် တစ်ယောက် ဇီလင်းလုံ၏ အနိုင်ယူခြင်း ခံရမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ထိုအချိန်က သူ အလွန် ဒေါသထွက်ခဲ့သော်လည်း စိတ်ထဲမှသာ သက်ပြင်းချနိုင်ခဲ့၏။
'လူတွေက ကောင်းကင်တစ်ခုရဲ့ အထက်မှာ နောက်ထပ် ကောင်းကင်တစ်ခု ရှိသေးတယ်လို့ အမြဲ ပြောကြတယ်... ဒီလို သေးငယ်တဲ့ နေရာလေးမှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...'
သူက ထျန်းစစ်အား ကျောင်းတော်သို့ ဘေးကင်းစွာ ပြန်ပို့ပြီးနောက် ဇီလင်းလုံကို ကျောင်းတော်ထဲ ဝင်ရောက်ရန် ဆွဲဆောင်သင့်သည်ဟု တွေးတောနေခဲ့သည်။
အပြန်လမ်းတွင် သူက ထျန်းစစ်နောက်မှ လိုက်ပါလာခဲ့သည်။ သို့သော် ရုတ်တရက် လူတစ်ယောက် ထွက်ပေါ်လာပြီး ထျန်းစစ်၏ လက်နက် သုံးခုကို ချေမှုန်းပစ်ခဲ့၏။ သူ ဒေါသထွက်သွားသလို အံ့အားလည်း သင့်သွားရသည်။ ထို့ကြောင့် ကျောင်းတော်ရှိ မဟာ အကြီးအကဲထံ အလျင်အမြန် သတင်းပို့ပြီး အချိန်ဆွဲရန် ရှေ့သို့ ထွက်လာခဲ့ခြင်းပင်။
ထျန်းစစ် ပေါက်ကွဲထွက်သွားပြီး အထူးနည်းလမ်း တစ်ခုဖြင့် အသက်ရှင် လွတ်မြောက်သွားသည်ကို မြင်ပြီးနောက် သူ သေချာပေါက် ရှေ့ထွက်မှ ရမည်ကို သဘောပေါက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထျန်းစစ် အသက်ရှင်လျက် ထွက်ပြေးနိုင်ရန်အတွက် မဟာ အကြီးအကဲ အမြန်ဆုံး ရောက်လာဖို့ မျှော်လင့်နေခဲ့၏။
ထျန်းစစ် အမြင့်ဆုံး စွမ်းအားများဆီ တက်လှမ်းနိုင်မည့် အချိန်ကို မမြင်တွေ့ရခင် သူ သေဆုံးရတော့မည် ဖြစ်သောကြောင့် အလွန် စိတ်ပျက် နေမိသည်။
ကျန်းမင်က လူလတ်ပိုင်း အမျိုးသား၏ အချက်အလက်များကို ဖတ်ရှုလိုက်ပြီး တစ်စက္ကန့်အတွင်း အရာအားလုံးကို နားလည် သဘောပေါက်သွားသည်။ တစ်ချိန်တည်းမှာပင် ထျန်းယွမ် ကျောင်းတော်၏ မဟာ အကြီးအကဲ ဤနေရာသို့ လာနေကြောင်း သိလိုက်ရ၏။
ထိုအချိန်တွင် သူ့ကိုယ်ပွားမှာလည်း ထျန်းစစ်၏ အထက်သို့ ရောက်ရှိနေလေပြီ။
ဤကိုယ်ပွားတွင် သူ့မူလစွမ်းအား၏ ဆယ်ပုံတစ်ပုံခန့် ပါဝင်သည်။ သူက လက်ဖဝါးကို လှန်ချလိုက်ရာ နတ်ဘုရား တံဆိပ်တုံးကြီး အောက်သို့ ကျဆင်းသွားတော့သည်။
"မင်း ဘယ်သူလဲ... ဘာလို့ ငါ့ကို သတ်ချင်နေရတာလဲ..." ထျန်းစစ်က မျှော်လင့်ချက် ကင်းမဲ့သော အသံဖြင့် မေးလာသည်။
သို့သော် မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
ဝုန်း...
တံဆိပ်တုံးကြီး ကျဆင်းလာပြီး ထျန်းစစ်၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ တစ်စစီ အက်ကွဲစပြုလာ၏။ သူ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်တော့မည့် ဆဲဆဲတွင် သူ့နဖူး အလယ်တည့်တည့်မှ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ဝိညာဉ်ထဲရှိ သူကိုယ်တိုင်ပင် မသိသော လက်နက်တစ်ခု ရုတ်တရက် နိုးထလာခဲ့ခြင်းပင်။
ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက် တစ်ခုက ထိုနေရာ တစ်ဝိုက်သို့ တိုက်ခတ်သွားပြီး အရာအားလုံးက တစ်စက္ကန့်ခန့် ရပ်တန့်သွားကြသည်။
နတ်ဘုရား တံဆိပ်တုံးကြီးက ကျဆင်းနေဆဲ ဖြစ်သော်လည်း အရှိန် အနည်းငယ် လျော့ကျသွား၏။
ရုတ်တရက် ဓားတစ်လက်က ထျန်းစစ် နဖူးတည့်တည့်မှ ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ယံသို့ ပျံတက်သွားပြီး နတ်ဘုရား တံဆိပ်တုံးနှင့်တကွ ကျန်းမင်၏ ကိုယ်ပွားကိုပါ ချေမှုန်းပစ်လိုက်တော့သည်။
သို့သော် ထိုမျှနှင့် ပြီးဆုံးမသွားပေ။ ထိုဓားက ကျန်းမင်အား ပစ်မှတ်ထား၍ အသိစိတ်ပင်လယ်ထဲရှိ သူ့ဝိညာဉ်ဆီသို့ တိုက်ရိုက် ပျံသန်းလာလေသည်။
"အင်မော်တယ် လက်နက်လား..." ကျန်းမင်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်တော့သည်။
End
***