ကျန်းမင် မျက်မှောင်ကြုတ်သွား၏။
ထျန်းစစ် ကဲ့သို့သော လူတစ်ယောက်အား သတ်ဖြတ်ရန် အလွန် ခက်ခဲမည်မှန်း သူ သိထားသော်လည်း ဤမျှလောက်အထိ ခက်ခဲလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထျန်းစစ်တွင် သူ့အား ကာကွယ်ရန် အဆင့်မြင့် တာအိုလက်နက် သုံးခု၊ ရုပ်သေး ကိုယ်ပွား အစားထိုးခြင်း အဆောင် တစ်ခု၊ လျှို့ဝှက်ဆန်းကြယ် အလင်းဓားမှ ကာကွယ်မှု သုံးကြိမ်နှင့် သုခဘုံအဆင့် အစောင့်အရှောက် တစ်ဦး၏ ကာကွယ်မှုတို့ ရှိနေခဲ့သည်။
အစောင့်အရှောက် ဖြစ်သူ လျူယွမ်အား သတ်ဖြတ်ပြီးနောက် ယဲ့မင် ထွက်ပေါ်လာ၏။ သူက အတိတ်တွင် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်ခဲ့ဖူးသည့် အနိမ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ယဲ့မင် အနေဖြင့် ဟင်းလင်းပြင် တာအိုကိုလည်း အပြည့်အဝ ကျွမ်းကျင်ထားသောကြောင့် အကြို အင်မော်တယ် ကျွမ်းကျင်သူ တစ်ဦးကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် လောကကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ကြောက်မက်ဖွယ် ကောင်းလှသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ငြင်းဆိုဖွယ်ရာ မရှိပေ။
သို့တိုင် လူသားလမ်းစဉ် မှတ်တမ်းစာအုပ်၏ အလွှာလိုက် တွက်ချက်မှုများကို အသုံးပြု၍ ထျန်းစစ်အား အပြည့်အဝ ချေမှုန်းနိုင်ခဲ့ပေမည်။ သို့သော် နောက်ဆုံးစက္ကန့်တွင် နောက်ထပ် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ဦး ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုသူ၏ အငွေ့အသက်ကပင် လူများကို တာအိုများစွာ၏ ကန့်သတ်ချက်များ ဖြတ်ကျော်လာခဲ့သူ တစ်ဦးဟု ခံစားရစေပြီး ကျောရိုးထဲအထိ စိမ့်ဝင်သွားစေလောက်အောင် ကျောချမ်းဖွယ် ကောင်းလှသည်။
ထိုသူမှာ အနိမ အဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ တစ်ဆင့် ပိုမြင့်သော အကြို အင်မော်တယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်း ထင်ရှားနေလေပြီ။
အကြို အင်မော်တယ် ဤ ကျင့်ကြံခြင်း လောကတွင် အင်မော်တယ် တစ်ပါးနှင့် တူညီသည်။ တစ်နည်းအားဖြင့် ဆိုရသော် အကြို အင်မော်တယ် ဆိုသည်မှာ လူ့လောကကို ခြေတစ်လှမ်း ကျော်လွန်နေပြီး စစ်မှန်သော လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသူပင်။
ဤဖြစ်စဉ် တစ်ခုလုံးက ဤမျှ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုမျိုး ထွက်ပေါ်လာအောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု ကျန်းမင် တစ်ခါမှ မတွေးမိခဲ့ပေ။ ထျန်းစစ် တစ်ယောက် ထူးခြားသော ပါရမီရှင် တစ်ဦး ဖြစ်နေလျှင်ပင် အရေးမကြီးချေ။ သူက တာအိုမျိုးစေ့ အဆင့်ရှိ သာမန် လူငယ်လေး တစ်ယောက်မျှသာ ဖြစ်သည်။
သုခဘုံအဆင့် အစောင့်အရှောက် တစ်ဦး ရှိနေခြင်းကပင် အဓိပ္ပာယ် မဲ့လွန်းနေပြီ ဖြစ်သည်။ ထို့နောက် အနိမ အဆင့် ကျင့်ကြံသူ တစ်ဦးက တိုက်ပွဲထဲ ဝင်ပါလာပြီး ယခုအခါ အကြို အင်မော်တယ် ကျွမ်းကျင်သူ တစ်ဦးပင် ထွက်ပေါ်လာခဲ့လေပြီ။
သေစမ်း... သူက နတ်ဘုရားတွေရဲ့ အချစ်တော်များ ဖြစ်နေမလား။
"သူက အကြို အင်မော်တယ် အဆင့်ဆိုတော့ကော ဘာဖြစ်လဲ..."
ကျန်းမင်က လျှို့ဝှက်ဆန်းကြယ် အလင်းလက်နက်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ထားပြီး ကျန်လက်တစ်ဖက်ကို လက်သီးဆုပ်ကာ ရှေ့သို့ ပြေးဝင်သွားတော့သည်။
သူ့ လက်သီးက လေဟာနယ်ကို ထိုးဖောက်သွားပြီး ထိုဖြစ်စဉ်အတွင်း တွင်းနက်ကြီး တစ်ခုကို ဖန်တီးလိုက်၏။ ကောင်းကင်ယံပင် တုန်လှုပ် ပုံပျက်စ ပြုလာသည်။ ၎င်း၏ စွမ်းအားမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ချေ။
ဘန်း...
ဓားများ ရိုက်ခတ်မှုကြောင့် အဘိုးအို တစ်ယောက် နောက်သို့ လွင့်စင်သွားတော့သည်။ ပြင်းထန်သော စွမ်းအားများဖြင့် နောက်သို့ တွန်းထုတ်ခံရစဉ် သူက ကြီးမား နက်ရှိုင်းသော လမ်းကြောင်းကြီး တစ်ခုကို ချန်ရစ်ခဲ့ပြီး လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော တောင်ထွတ်များကို တစ်စစီ ချေမှုန်းပစ်ခဲ့၏။ သူ ရပ်တန့်သွားချိန်တွင် မိုင်ထောင်ချီ၍ ကွာဝေးသော နေရာသို့ ရောက်နေလေပြီ။
"ဒီလို စွမ်းအားမျိုးလား..." အဘိုးအိုက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "မင်းက အနိမ အဆင့်မှာပဲ ရှိသေးတာကို ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ထုတ်ဖော်နိုင်တယ်ပေါ့... ဒါက ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ကြောင့်များလား... အနန္တ ဆေးလုံးစံအိမ်ရဲ့ ကြယ်တာရာ အသွင်ပြောင်းခြင်းကိုတောင် အသုံးပြုထားသေးတာပဲ..."
"အဲ့ဒါက အမှန်ဆိုရင်တောင် ဘာဖြစ်လဲ..."
"အင်မော်တယ် သုံးပါး ခုတ်ပိုင်းခြင်း..." အဘိုးအိုက သူ့ လည်ပင်းကို လှည့်၍ ကြောက်မက်ဖွယ် ကောင်းလှသော အထူးစွမ်းရည် တစ်ခုကို ထုတ်ဖော်လိုက်၏။ ခုတ်ပိုင်းမှုမှ ထွက်ပေါ်လာသော တောက်ပသည့် အလင်းတန်းမှာ ဂလက်ဆီ လှိုင်းလုံးများကို စီးနင်းလာသကဲ့သို့ ဖြစ်နေပြီး ဟင်းလင်းပြင် အလွှာများ ထိုးခွဲ ဝင်ရောက်လာတော့သည်။
ကျန်းမင် တစ်ယောက် နောက်သို့ တွန်းထုတ်ခံလိုက်ရသော်လည်း မိုင်အနည်းငယ်ခန့်သာ ဆုတ်ခွာလိုက်ရသည်။
သူ့ ဆုပ်ကိုင်မှု အောက်တွင်တော့ လျှို့ဝှက်ဆန်းကြယ် အလင်းဓားမှာ ရုန်းထွက်ရန် ကြိုးစားရင်း ပြင်းထန်စွာ တုန်ခါနေ၏။ ကံမကောင်းစွာဖြင့် သခင်ဖြစ်သူအား ကာကွယ်ရန် ပေးအပ်ထားသော စွမ်းအား သုံးကြိမ်စလုံး အသုံးပြုပြီးသွားပြီ ဖြစ်ရာ ကိုယ်ပိုင် ချီစွမ်းအင်လေးဖြင့် မည်သို့ ထွက်ပြေး လွတ်မြောက်နိုင်မည်နည်း။
ကျန်းမင်က ဓားကို သူ့ဟင်းလင်းပြင် လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းရန် ကြိုးစားခဲ့သော်လည်း လက်စွပ်က လက်ခံနိုင်စွမ်း မရှိခဲ့ပေ။ ဓားကို သန့်စင်ခြင်း မပြုဘဲ သူ့ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားရန်လည်း မဖြစ်နိုင်ချေ။
ကျန်းမင် တစ်ယောက် အကြပ်ရိုက်နေစဉ် ရုတ်တရက် လူသားလမ်းစဉ် မှတ်တမ်းစာအုပ်ကို ကြည့်လိုက်မိ၏။ စိတ်ကူး တစ်ချက် ရုတ်တရက် ဝင်လာသဖြင့် ဓားရှည်ကို လူသားလမ်းစဉ် မှတ်တမ်းစာအုပ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။ သူ့အံ့ဩမှုနှင့်အတူ ဓားမှာ အထဲသို့ အလွယ်တကူ ဝင်ရောက်သွားတော့သည်။
ကျန်းမင် မျက်လုံးများ တောက်ပလာ၏။
စာမျက်နှာ တစ်ခုတွင် ဓားရှည် တစ်လက်၏ သင်္ကေတ ထွက်ပေါ်လာပြီး အောက်ပါ ဖော်ပြချက် ပါဝင်နေသည်။ လျှို့ဝှက်ဆန်းကြယ် လက်နက် လျှို့ဝှက်ဆန်းကြယ် အလင်းဓား။ အင်မော်တယ် တစ်ပါး၏ အမှတ်အသား ပြုလုပ်ထားသည်။ အသက်သွင်းလိုက်ပါက အင်မော်တယ် တစ်ပါး၏ စွမ်းအားကို ထုတ်ဖော်ပေးနိုင်သည်။
မှတ်ချက် ၁။ ပိုင်ရှင် မဟုတ်သူ အသုံးပြုပါက အင်မော်တယ် စွမ်းအားဖြင့် သတ်ဖြတ်ခြင်း ခံရမည်။
မှတ်ချက် ၂။ ချီစွမ်းအင်ကို လက်နက်ထဲသို့ ထည့်သွင်း၍ ဓားကို သန့်စင်နိုင်သည်။
ဖော်ပြချက်ကို ဖတ်ပြီးနောက် ကျန်းမင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားတော့သည်။
လူသားလမ်းစဉ် မှတ်တမ်းစာအုပ်သာ မရှိခဲ့လျှင် ဤအရာမှာ ပေါက်ကွဲရန် စောင့်ဆိုင်းနေသော အချိန်ကိုက် ဗုံးတစ်လုံးပင်။ အကယ်၍ သူသာ ဓားကို အသက်သွင်းမိပြီး အင်မော်တယ်၏ စွမ်းအားက သူ့ကို ပြန်လည် ခုတ်ပိုင်းရန် ကျဆင်းလာခဲ့ပါက ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။
မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လက်သီးနှစ်ဖက်စလုံးဖြင့် ရှေ့သို့ ထိုးချလိုက်ရာ ဓားတိုက်ခိုက်မှု သုံးခုစလုံးကို အလွယ်တကူ ချေဖျက်ပစ်ပြီး သူ့လက်သီးများပေါ်တွင် အဖြူရောင် အမှတ်အသား သုံးခုသာ ကျန်ရစ်ခဲ့၏။
"ဒီလောက်ပဲလား..." ကျန်းမင်က နှာခေါင်းရှုံ့လိုက်ပြီး ထျန်းစစ်ထံသို့ ပြေးဝင်သွားတော့သည်။
ယဲ့မင်၏ မျက်လုံးများ တောက်ပလာသည်။ ကျန်းမင်ကို နောက်တစ်ကြိမ် စိန်ခေါ်ချင်သော်လည်း ယခုအချိန်မှာ မသင့်တော်မှန်း သူ ကောင်းကောင်း သိထား၏။ သက်သာလာစ ပြုနေပြီ ဖြစ်သော ထျန်းစစ်ကို အလျင်အမြန် ဖမ်းဆွဲ၍ လေဟာနယ်ထဲသို့ ဝင်ရောက်ကာ ထျန်းယွမ် ကျောင်းတော်သို့ အမြန် ပြန်သွားတော့သည်။
"ဒါကို ထပ်ယူလိုက်ဦး..." အဘိုးအို၏ တိုက်ခိုက်မှုက သူ့ထံသို့ ပျံသန်းလာခဲ့လေပြီ။ ဤတစ်ကြိမ်တွင်တော့ တိုက်ခိုက်မှုမှာ အပြာရောင် အငွေ့အသက်များဖြင့် ရစ်ပတ်ထား၏။
ကျန်းမင် ရုတ်တရက် စိုးရိမ်စိတ် ဝင်လာပြီး အလျင်အမြန် ကိုယ်ကို ယိမ်းကာ တိုက်ခိုက်မှုကို ရှောင်ရှားရန် လေထဲသို့ ဘေးတိုက် ရှောင်ထွက်လိုက်သည်။
"ကောက်ကျစ်တဲ့ အဘိုးကြီး..." ကျန်းမင်က အဘိုးအိုအား ကျိန်ဆဲလိုက်သည်။
အမည် - လျူချန်ကုန်း
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - အကြို အင်မော်တယ် အဆင့်
နောက်ခံ - ထျန်းယွမ် ကျောင်းတော်၏ မဟာ အကြီးအကဲများထဲမှ တစ်ဦး
ဆက်ဆံရေး - အနှုတ် ၈၁
မွေးရာပါ ပါရမီ - အင်မော်တယ် (ဓားအရိုးစု ခန္ဓာကိုယ်)
အခြေအနေ - ထျန်းယွမ် ကျောင်းတော်ရှိ အသန်မာဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး။ သူက အတိတ်တွင် ဩဇာလွှမ်းမိုးမှု ရှိသူ တစ်ဦး ဖြစ်ခဲ့ပြီး မကောင်းမှု ဒုစရိုက်များကို ရွံရှာကာ မိစ္ဆာများကို ချေမှုန်းရာတွင် အဓိက အင်အားစု တစ်ခု ဖြစ်ခဲ့သည်။ မိစ္ဆာများ အင်အား နည်းပါးလာချိန်တွင် တာအိုကို ဆင်ခြင် သုံးသပ်ရန်နှင့် နားလည် သဘောပေါက်ရန်အတွက် တံခါးပိတ် ကျင့်ကြံခဲ့သည်။
တရားထိုင်နေစဉ် ယဲ့မင်ထံမှ သတင်းစကား တစ်ခု ရရှိခဲ့၏။ လေဟာနယ်ကို ဆုတ်ဖြဲ၍ ရောက်လာခဲ့ပြီး ထျန်းစစ်အား အချိန်မီ ကယ်တင်နိုင်ခဲ့သည်။ ယဲ့မင်က ဖြစ်စဉ် တစ်ခုလုံးကို စိတ်ချင်း ဆက်သွယ်၍ အသိပေးလိုက်ချိန်တွင် သူ အံ့အားသင့်သွားပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လှုပ်ရှားခဲ့သည်။ မည်သို့ပင်ဆိုစေ ထျန်းယွမ် ကျောင်းတော်၏ မဟာ အကြီးအကဲ တစ်ဦး အနေဖြင့် မိမိကျောင်းတော်မှ တပည့်ကို အခြားသူများ အနိုင်ကျင့်သည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူသာလျှင် တပည့်များကို အနိုင်ကျင့်နိုင်သူ ဖြစ်ရပေမည်။
'ပြိုင်ဘက်က ငါ့ရဲ့ စစ်မှန်တဲ့ အင်မော်တယ် လက်နက် တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိနေတယ်... သူ့ရဲ့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်နဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအားတွေကို တစ်ခါမှ မကြားဖူးဘူး... ဒီလို လူမျိုးကို ရင်ဆိုင်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်... အပြာရင့်ရောင် မရဏရေကို ဓားအလင်းတန်းထဲ စိမ့်ဝင်စေပြီး သူ့ခန္ဓာကိုယ်ကို စားပစ်မယ်၊ သွေးကြောတွေကို ဖျက်ဆီးပြီး သူ့ကို အနိုင်ယူမယ်... သူ့ကို ကျောင်းတော်ဆီ ပြန်ခေါ်သွားပြီး သူ့နောက်ခံကို သေချာ စုံစမ်းရမယ်... သူက မိစ္ဆာဂိုဏ်းက မဟုတ်ဘူးဆိုရင်တော့ ကယ်တင်လို့ ရသေးတယ်...'
ပြိုင်ဘက်၏ နောက်ခံ သမိုင်းကြောင်းကိုသာ မဖတ်ခဲ့ရလျှင် ကျန်းမင် တစ်ယောက် သူ့ အကြံအစည်ထဲ သေချာပေါက် ကျဆင်းသွားပေလိမ့်မည်။ မည်သို့ဆိုစေ သူ့ ရုပ်ပိုင်းဆိုင်ရာ အထူးစွမ်းရည်တွင် မည်သည့် အထူး မှော်အတတ်မှ မပါဝင်ပေ။
'ငါ အခု သွားသင့်ပြီ...' ကျန်းမင် တွေးတောပြီး လေဟာနယ်ထဲသို့ လှစ်ခနဲ ဝင်ရောက်သွား၏။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား..." လျူချန်ကုန်း၏ ဓားတိုက်ခိုက်မှုက လေဟာနယ်ထဲသို့ တိုက်ရိုက် ဦးတည်၍ သူ့ထံသို့ ပျံသန်းလာခဲ့သည်။
ကျန်းမင်က နောက်လှည့်ပြီး အာကာပြင် သဏ္ဌာန်မဲ့ ဓားချီကို ထုတ်ဖော်လိုက်သည်။ ကန့်သတ်ချက် အထိ အသုံးပြုလိုက်သဖြင့် အလယ်အလတ်အဆင့် တာအိုလက်နက်မှာ တစ်စစီ ပေါက်ကွဲထွက်သွားတော့သည်။
ဓားချီ ကိုးခုက လျူချန်ကုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး လေဟာနယ်ကို ပြိုကွဲသွားစေကာ သူ့အား ထိုအထဲတွင် နစ်မြုပ်သွားစေ၏။
တစ်ချိန်တည်းမှာပင် ကျန်းမင်က စနစ်၏ အကူအညီဖြင့် သူ့ အငွေ့အသက်များကို ဖုံးကွယ်ပြီး ဟင်းလင်းပြင် အလွှာများ ဖြတ်သန်း သွားလာနေစဉ် ရန်သူ၏ အာကာသ ချုပ်နှောင်မှုကို ဖြတ်တောက်ရန် လူသားလမ်းစဉ် မှတ်တမ်းစာအုပ် အသုံးပြုလိုက်သည်။
အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် ချူယန် တောင်ထွတ်သို့ တိတ်တဆိတ် ပြန်ရောက်လာပြီး သူ့အခန်းထဲသို့ ဝင်သွားတော့သည်။
"သုံးမိနစ်မှာ ၁၅ စက္ကန့်လောက်ပဲ ကျန်တော့တယ်..." ကျန်းမင်က အချိန်ကို အမြဲတမ်း တွက်ချက်နေခဲ့၏။
ထိုအချိန်မှသာ သူ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
ထို့နောက် ဂိုဏ်းကို သူ့ အသိစိတ်ဖြင့် စစ်ဆေးကြည့်ရာ ဂိုဏ်းမှာ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဂူဟိုင်က ကူညီရန်အတွက် ချူယန် တောင်ထွတ်သို့ ပြန်ရောက်နေလေပြီ။
တစ်ချိန်တည်းမှာပင် ဇီလင်းလုံက သူမ၏ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ အပြန်အလှန် လှုပ်ရှားလျက် ပိရွှေဂိုဏ်းမှ မူလဝိညာဉ် ကျွမ်းကျင်သူများကို သတ်ဖြတ်နေ၏။ ချူယန် တောင်ထွတ်၏ ရန်သူများမှာ သူတို့စွမ်းအား မည်မျှပင် ရှိစေကာမူ ချေမှုန်းခံနေရသည်။
နောက်ဆုံး မူလဝိညာဉ် ကျွမ်းကျင်သူကို ရှင်းလင်းပြီးနောက် ဂိုဏ်းချုပ် ထိန်းချုပ်ထားသော နောက်ဆုံး မူလဝိညာဉ် ကျွမ်းကျင်သူအပေါ် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေတော့သည်။
'အခြေအနေ တစ်ခုလုံး အေးဆေး ဖြစ်သွားပြီ...' ကျန်းမင် တွေးလိုက်ပြီး ဆက်လက် အာရုံစိုက် မနေတော့ပေ။
သူက မည်သည့် အထူးစွမ်းရည်ကိုမျှ ထုတ်ဖော်ရန် မကြိုးစားတော့ဘဲ သူ့ စိတ်ကို ကောင်းကင်နှင့် မြေကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားစေကာ အချိန် စွမ်းအားနှင့် ကံကြမ္မာ အံ့ဖွယ်ရာများကို စုပ်ယူရန် အခွင့်အရေး ယူလိုက်၏။
ဤတစ်ကြိမ်တွင် သမ္ဗောဓိဉာဏ်ကို အထူးသဖြင့် ကံကြမ္မာ တာအိုကို ပိုနက်နဲစွာ ခံစားလာရသည်။
မော့လင်းအား သတ်ဖြတ်ရန်အတွက် ပိုင်ကျန်းကျီနှင့် သုခဘုံအဆင့် ပိရွှေ မဟာဧကရာဇ်တို့ကို မြှူဆွယ် ခေါ်ယူခဲ့ရ၏။ သူက သုံးမိနစ်စာ အနိမ အတွေ့အကြုံကတ်ကို အသုံးပြုရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
ရန်သူကို အင်အားသုံး သတ်ဖြတ်ပြီးနောက် ထျန်းစစ်အား ဆက်လက် လိုက်လံ သတ်ဖြတ်ခဲ့သည်။ ရလဒ်အနေဖြင့် ယဲ့မင်နှင့် လျူချန်ကုန်းတို့ကို ထွက်ပေါ်လာစေခဲ့၏။
ဖြစ်စဉ် တစ်ခုလုံးမှာ အလွန်အမင်း ရှုပ်ထွေး ယှက်နွယ်နေသဖြင့် ရှင်းပြရန် ခက်ခဲလှသည်။ သို့သော် ဤသည်ကလည်း ကံကြမ္မာ၏ ပုံစံတစ်မျိုးပင်။
ယခုအခါ ကျန်းမင်တွင် တာအို ထောင်ပေါင်းများစွာကို ဖိနှိပ်နိုင်စွမ်း ရှိနေပြီး ၎င်း၏ အနှစ်သာရကို တဖြည်းဖြည်း နားလည် သဘောပေါက်ရန် ဓမ္မအမြင် ရှိနေလေပြီ။ ထိုသို့ဖြင့် ကံကြမ္မာ၏ အံ့ဖွယ်ရာများက မှန်ကန်သော တံခါးပေါက်သို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့၏။
ကျန်းမင်က အာရုံပြောင်းပြီး အချိန်၏ ပဟေဠိကို တဖြည်းဖြည်း ဖြေရှင်းလိုက်သည်။ သူသာ အချိန် တာအိုဆီသို့ သွားရာလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ပါက သူ့ သမ္ဗောဓိဉာဏ်မှာ အမှန်တကယ် ပြီးပြည့်စုံသွားပေလိမ့်မည်။ ကျန်ရှိနေသော တာအိုများ အတွက်မူ အပြည့်အဝ နားလည်ရန် အချိန်တစ်ခုသာ လိုအပ်တော့၏။
သို့သော် တာအို ထောင်ပေါင်းများစွာကို ဖိနှိပ်နိုင်စွမ်း ရှိနေလျှင်ပင် သို့မဟုတ် စည်းမျဉ်းများ၏ လည်ပတ်မှုကို ဟန့်တားနိုင်စွမ်း ရှိနေလျှင်ပင် အချိန် စွမ်းအားမှာ မသဲကွဲသေးပေ။ ၎င်းမှာ မှန်ထဲတွင် ထင်ဟပ်နေသော ပန်းတစ်ပွင့်၊ ရေပြင်ထက်တွင် ထင်ဟပ်နေသော လမင်းတစ်စင်း ကဲ့သို့ အချိန်၏ အစစ်အမှန် အသွင်အပြင်ကို မြင်တွေ့ရန် အလွန် ခက်ခဲလှသည်။
တိုက်ပွဲများတွင် တိုက်ခိုက်သူများမှာ လျင်မြန်သော အရှိန်အဟုန်ဖြင့် အပြန်အလှန် တိုက်ခိုက်ကြသော်လည်း အချိန်မှာ အလွန် နှေးကွေးစွာ ရွေ့လျားနေ၏။ သို့သော် ဉာဏ်အလင်းပွင့်ချိန်တွင်မူ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားတတ်သည်။
ကျန်းမင် တစ်ကိုယ်လုံး ရုတ်တရက် တုန်ယင်သွားပြီး မျက်နှာမှာ သွေးဆုတ်ဖြူရော်သွား၏။ ကြီးမားလှသော စွမ်းအားများ သူ့ထံမှ စုပ်ယူခံလိုက်ရသည်။
ကောင်းကင်နှင့် မြေကြီးကို စူးစမ်း ကြည့်ရှုနေသော မျက်လုံးများမှာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ဟန့်တားထားသည့် မရေမတွက်နိုင်သော ကန့်လန့်ကာ အလွှာများဖြင့် ဖုံးအုပ်ခံလိုက်ရသည်။ နှလုံးသားပင်လျှင် ပို၍ မှေးမှိန်သွားသကဲ့သို့ ခံစားရ၏။
အလွန်အမင်း အားနည်းသွားသည့် ခံစားချက်က သူ့ထံသို့ လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာပြီး ကျန်းမင် တစ်ယောက် အလွန် အိုမင်းသွားကာ လက်တစ်ချောင်းပင် မမြှောက်နိုင်တော့သကဲ့သို့ ခံစားလိုက်ရသည်။
တကယ်တမ်းတွင် သူက တောင်တစ်လုံးကို လက်ဗလာဖြင့် ချေမှုန်းနိုင်စွမ်း ရှိနေဆဲပင်။ သို့သော် ယခင်ကနှင့် နှိုင်းယှဉ်ပါက ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှသည်။ သူ ကျင့်သားမရသေးချေ။
မသန့်စင်သော လေများကို မှုတ်ထုတ်လိုက်ပြီးနောက် ကျန်းမင် မျက်လုံးများကို မှိတ်ကာ မိမိကိုယ်ကို ပြန်လည် ချိန်ညှိမှုများ ပြုလုပ်တော့သည်။
ကျိုယန်ဂိုဏ်း အတွင်းတွင်တော့...
ဇီလင်းလုံနှင့် ဂိုဏ်းချုပ်တို့ ပူးပေါင်း၍ ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူကို အနိုင်ယူပြီးနောက် ချူယန် တောင်ထွတ်သို့ ပြန်လာခဲ့ကြသည်။ သူတို့က ကျန်းမင်၏ အဆောက်အအုံပေါ်သို့ ဆင်းသက်လာပြီး ထိုနေရာကို ကာကွယ်ရန် ဓားများ ကိုင်ဆောင်ထားသည်။
တစ်ချိန်တည်းမှာပင် ထျန်းယွမ် ကျောင်းတော်တွင်...
ထျန်းယွမ် ကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် ယဲ့မင်က ထျန်းစစ်အား သေချာစွာ စောင့်ရှောက်ထားကြောင်း သေချာစေပြီး လျူချန်ကုန်း ပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် သူတို့နှစ်ဦး တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားပြီး ဖြစ်ပျက်ခဲ့သမျှကို စတင် ဆန်းစစ်ကြတော့သည်။
"သူက ဓာတ်ကြီးငါးပါး တာအိုကို ကျွမ်းကျင်ထားတာလား... ယင် ယန် တာအိုကော... အလင်း အမှောင် တာအို၊ သေခြင်း ရှင်ခြင်း တာအို၊ သံသရာ တာအို၊ ဟင်းလင်းပြင် တာအို... မယုံနိုင်စရာပဲ... တွေးကြည့်ရုံနဲ့တင် ငါ့လက်မောင်းက အမွေးတွေတောင် ထောင်လာတယ်... ထျန်းစစ်က တောက်ပတဲ့ ကြယ်တစ်ပွင့်ဆိုရင် ဒီလူက စကြာဝဠာ တစ်ခုလုံးနဲ့တောင် တူနေပြီ..."
"သူ့ရဲ့ ကိုယ်ပွားတွေက စိတ်ဝင်စားစရာ ကောင်းတယ်... ဒါပေမဲ့ ကျန်တဲ့ အထူးစွမ်းရည်တွေကတော့ သိပ်မများလှဘူး..."
"သူ့မှာ ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ရှိနေပေမဲ့ အနန္တ ဆေးလုံးစံအိမ်ရဲ့ ကြယ်တာရာ အသွင်ပြောင်းခြင်းကိုပဲ ထုတ်ဖော်ခဲ့တယ်... သူက တခြား ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အထူးစွမ်းရည်တွေကို မကျွမ်းကျင်သေးဘူးပဲ..."
"သူက ဘာလို့ ထျန်းစစ်ကို သတ်ချင်နေရတာလဲ..."
"ထျန်းစစ်က ဘာလို့ အင်မော်တယ် ဓားတစ်လက်ကို ပိုင်ဆိုင်ထားရတာလဲ... အဲ့ဒါက သခင်ဖြစ်သူကို သုံးကြိမ်တောင် ကာကွယ်ပေးနိုင်တယ်..."
"ထျန်းစစ်က အကြို အင်မော်တယ်လောင်းလျာပဲ..."
"အဲ့ဒီလူက... လူသားမျိုးနွယ်ပဲ... သန့်စင်တဲ့ လူသားမျိုးနွယ်... သံသယဖြစ်စရာကို မလိုဘူး..."
"ဒီအရာတွေ အားလုံးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာများလဲ..."
တားမြစ်နယ်မြေရှိ နန်းတော်ထဲတွင် လူအများအပြား ရှိနေကြသည်။ သူတို့ တစ်ဦးစီတိုင်းမှာ သုခဘုံအဆင့်နှင့် အထက်တွင် ရှိကြလေသည်။
End
***