ထိုညက အိပ်မပျော်နိုင်သူ များစွာ ရှိခဲ့၏။
ထိုအထဲတွင် ပိုင်ကျန်းကျီ နေထိုင်ရာ တောင်နီနန်းတော် ပါဝင်သလို မော့လင်း ရှိနေခဲ့သည့် ယင်မိစ္ဆာဂိုဏ်းလည်း ပါဝင်ပေမည်။ အခြား သူများမှာမူ ဤစစ်ပွဲ တစ်ခုလုံးအပေါ် အာရုံစိုက်နေကြသည့် လူအများအပြားပင် ဖြစ်ပေလိမ့်မည်။
အသနားစရာ အကောင်းဆုံး အဖွဲ့မှာ ပိရွှေဂိုဏ်းမှလွဲ၍ အခြား မရှိချေ။ သူတို့၏ တပည့်အချို့ ကျိုယန်ဂိုဏ်းမှတဆင့် ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့သည့်တိုင် မည်သူ့ကိုမျှ ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။ ဂိုဏ်းကြီး တစ်ခုလုံး အဆုံးသတ်သွားပြီဟုပင် သတ်မှတ်၍ ရလေပြီ။
ချင်းယွင်ဂိုဏ်း၌...
လေထဲတွင် မျောလွင့်နေသော တောင်ထွတ်တစ်ခုထက်၌ ချင်ဖုန်းဇီ၏ အရှေ့တွင် ကျောက်စိမ်း စာလိပ်တစ်ခု မျောလွင့်နေသည်။ စာလိပ်ထဲမှ စာကြောင်းများ အစီအရီ ထွက်ပေါ်လာပြီး လေဟာပြင်ထဲတွင် တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။
ထိုအရာများမှာ ပြီးခဲ့သောညက သူတို့ စုဆောင်း ရရှိထားသည့် သတင်းအချက်အလက်များပင်။
"ယင်မိစ္ဆာဂိုဏ်းက သူတော်စင် သားတော် မော့လင်းနှင့် သူ့ အစောင့်အရှောက်တို့ သတ်ဖြတ် ခံလိုက်ရပြီ... အနီးအနားတွင် ရှိနေသော တောင်နီနန်းတော်မှ ပိုင်ကျစ်ကျိုက်မှာလည်း ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တော်ဖြင့် အသတ်ခံလိုက်ရသည်..."
"ပိရွှေဂိုဏ်း၏ အရှင်သခင်မှာ ကောင်းကင်ခွဲဓားသိုင်းဖြင့် အသတ်ခံလိုက်ရပြီး ဂိုဏ်းတစ်ခုလုံးကိုလည်း ကောင်းကင်ကိုးထပ် အင်ပါယာ မိုးကြိုးဖြင့် ဖျက်ဆီး ပစ်လိုက်သည်..."
"ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ လေးယောက်ထဲမှ သုံးယောက်မှာ အမည်မသိ ကျွမ်းကျင်သူ တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ထိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်... ထို့နောက် ကျိုယန်ဂိုဏ်းက ကျန်ရှိနေသော ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်လိုက်သည်... ကျန်ရှိနေသည့် တပည့်များ အားလုံး အသတ်ခံရပြီး အနည်းငယ်သာ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေး လွတ်မြောက်သွားကြသည်..."
"နန်ထျန် ချောက်ကမ်းပါးကြီး ဘက်တွင်တော့ ထျန်းယွမ်ကျောင်းတော်မှ ထျန်းစစ် တိုက်ခိုက် ခံခဲ့ရပြီး သူ့ အစောင့်အရှောက် လျူယွမ်မှာ ကောင်းကင်ကိုးထပ် အမြောက်ဒဏ်ဖြင့် အသတ်ခံလိုက်ရသည်..."
"နောက်မှ ရောက်လာသော ယဲ့မင်ပင်လျှင် ထျန်းစစ်အား ကာကွယ်ရန် နီးပါး ကျရှုံးခဲ့ရသည်..."
"ပျံ့နှံ့သွားသော မျက်စိကျိန်းမတတ် အလင်းရောင်မှာ ထျန်းစစ် ဖုံးကွယ်ထားသည့် အင်မော်တယ် သွေးကြောမှ ဖြစ်မည်ဟု ခန့်မှန်းရသည်..."
"လျူချန်ကုန်း အချိန်မီ ရောက်လာခဲ့သောကြောင့် ရန်သူများ နောက်ဆုတ်သွားရန် ဖိအားပေးနိုင်ခဲ့သည်..."
"ဤလူ အသုံးပြုသွားသော အထူးစွမ်းရည်များမှာ ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တော်၊ ကောင်းကင်ခွဲဓားသိုင်း၊ ကောင်းကင်ကိုးထပ် အင်ပါယာ မိုးကြိုး၊ ကောင်းကင်ကိုးထပ် အမြောက်နှင့် ကြယ်တာရာ အသွင်ပြောင်းခြင်းတို့ ဖြစ်သည်..."
"ကောက်ချက်ချရလျှင်... အနန္တ ဆေးလုံးစံအိမ်မှ သူတော်စင် သားတော်ကို ဤသူကပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်လောက်သည်..."
"ဒီလောက် စွမ်းအားကြီးတဲ့လူက ဘယ်ကနေ ဘယ်လို ရုတ်တရက် ထွက်လာရတာလဲ... သူက ငါတို့နဲ့ အနန္တ ဆေးလုံးစံအိမ်ရဲ့ အထူးစွမ်းရည်တွေကို တမင် ရွေးသုံးသွားတာ... အပြစ်တွေကို ငါတို့ခေါင်းပေါ် ပုံချချင်နေတာလား... တကယ်လို့ ဟုတ်ခဲ့ရင်တော့ သူက တကယ့် အရူးပဲ" ချင်ဖုန်းဇီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
"မှန်တယ်... ငါတို့ အဆင့်မှာ တခြားလူတွေရဲ့ အထူးစွမ်းရည်တွေကို အတုခိုးဖို့ဆိုတာ လုံးဝ မခက်ခဲဘူး... ဒီလိုနည်းနဲ့ ငါတို့ခေါင်းပေါ် အပြစ်ပုံချလို့ ရမယ် ထင်နေရင်တော့ သိပ်မိုက်မဲလွန်းရာ ကျလိမ့်မယ်" သူ့ဘေးတွင် ရပ်နေသော ချင်းရွှီဇီက ခေါင်းညိတ် ထောက်ခံသည်။
"ဒါပေမဲ့ ပိရွှေဂိုဏ်းဆီ သွားတဲ့လမ်းမှာ စုဆောင်းရရှိခဲ့တဲ့ သတင်းတွေနဲ့ ပိုင်းကျန်းကျီ သေဆုံးသွားတဲ့ စစ်မြေပြင်က အကြွင်းအကျန်တွေကို ထောက်ဆကြည့်ရင် အဲ့ဒီလူက မိုးကြိုးတာအို၊ မြေကြီးတာအို၊ ပျက်စီးခြင်း ဓားတာအိုနဲ့ မီးတာအိုတွေကိုပါ ကျွမ်းကျင်ထားတာပဲ... တကယ်လို့ ဒါတွေအားလုံးကို လူတစ်ယောက်တည်းက လုပ်ခဲ့တာဆိုရင် ဒီလူကို လျှော့တွက်လို့ မရတော့ဘူး... တိုက်ပွဲတစ်ခုလုံးရဲ့ အသေးစိတ်ကို ထျန်းယွမ်ကျောင်းတော်ဆီ တောင်းဆိုကြည့်သင့်လား"
"ဒီထက် ပိုအသေးစိတ်ကျတဲ့ သတင်းပေးဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူး"
ချင်ဖုန်းဇီက ခေါင်းခါယမ်း၍ ပြန်ပြောလာ၏။
"ဘယ်လိုပဲဖြစ်ဖြစ်... သူက နောက်ထပ် အစွမ်းထက်တဲ့ ပြိုင်ဘက် တစ်ယောက်ပဲ... တကယ်လို့ သူသာ ချင်းယွင်ဂိုဏ်းထဲ ခြေချရဲရင် အစတောင် မကျန်အောင် ဖျက်ဆီးပစ်လို့ ရတယ်... ဒါပေမဲ့ ထူးဆန်းတာ တစ်ခုတော့ ရှိတယ်... ဒီလူက ဘာလို့ ကျိုယန်ဂိုဏ်းကို ကူညီပေးခဲ့တာလဲ... ကူညီပေးတယ် ဆိုရင်တောင်မှ ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို ကျိုယန်ဂိုဏ်းသားတွေ လေ့ကျင့်ဖို့အတွက် ဘာလို့ တမင်သက်သက် ချန်ထားခဲ့ရတာလဲ... ဒီဆက်ဆံရေးကကို ပုံမှန် မဟုတ်ဘူး... မော့လင်းနဲ့ ထျန်းစစ်တို့ ကျိုယန်ဂိုဏ်းကို သွားတုန်းကလည်း နှစ်ယောက်လုံး တိုက်ခိုက် ခံခဲ့ရတယ်... ဒီဖြစ်ရပ် နှစ်ခုကြားမှာ ဆက်စပ်မှုများ ရှိနေမလား... ဒါမှမဟုတ် တိုက်ဆိုင်မှု သက်သက်ပဲလား"
"ကျိုယန်ဂိုဏ်းရဲ့ စွမ်းအားကို ငါတို့ အူမချေးခါးမကျန် သိထားပြီးသားပါ... ငါတို့ မသိအောင် ဖုံးကွယ်ထားတာ ဘာမှ မရှိနိုင်ဘူး... တစ်ခုတည်းသော အပြောင်းအလဲက ဇီလင်းလုံ ရုတ်တရက် ပေါ်ထွက်လာတာပဲ... အသက် ဆယ်နှစ်ကျော် အရွယ်လေးနဲ့ ပါရမီရှင် အများအပြားကို အနိုင်ယူနိုင်တာက ပုံမှန်မှ မဟုတ်တာ... ကျိုယန်ဂိုဏ်းကို အထူးသဖြင့် ဇီလင်းလုံကို စောင့်ကြည့်ထား... အဲ့ဒီ ကြောက်မက်ဖွယ် ကောင်းတဲ့လူနဲ့ ကျိုယန်ဂိုဏ်းကြားက တစ်ခုတည်းသော ဆက်စပ်မှုက ဇီလင်းလုံပဲ ဖြစ်နေမလား စိုးရိမ်ရတယ်"
"မင်းပြောတာလည်း ယုတ္တိရှိတာပဲ"
"ဒါတွေက ကိစ္စသေးတွေပါ... ငါတို့ ကိုယ်တိုင် ပြင်ဆင်ထားပြီး ယင်မိစ္ဆာဂိုဏ်းနဲ့ တောင်နီနန်းတော်တို့ ထွက်ပေါ်လာမယ့် အချိန်ကို စောင့်သင့်တယ်... ဒီတစ်ခါတော့ သူတို့ကို တကယ့် သင်ခန်းစာ ပေးရမယ်... ဒီလို အသေးအဖွဲ လှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့အတွက် သူတို့ သေချာပေါက် အပြစ်ပေး ခံရလိမ့်မယ်"
"ဟား ဟား... ဒီပုစွန်နဲ့ ဂဏန်း စစ်သည်တွေရဲ့ အရသာကို ငါတကယ် လွမ်းနေပြီ... အထူးသဖြင့် ရေနဂါးတွေရဲ့ အကြောတွေနဲ့ တကယ့် နဂါးစစ်စစ်တွေရဲ့ အသည်းတွေပေါ့" ချင်ဖုန်းဇီက ရယ်မောလိုက်သည်။
"အဲ့ဒါတွေက တကယ်ကို အရသာ ရှိတာ"
"ရေသူမတွေ၊ နဂါးမိန်းမပျိုတွေ၊ ခရုမလေးတွေလည်း မဆိုးပါဘူးကွာ"
"မင်းကတော့လေ အဘိုးကြီးရာ..."
အနန္တ ဆေးလုံးစံအိမ်၌...
အဘိုးအိုထျဲ့မှာ အနီရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်ဘေးတွင် ယှဉ်တွဲ ရပ်နေ၏။ သူတို့လည်း တူညီသော သတင်းအချက်အလက်များကို လက်ခံရရှိထားလေပြီ။
"ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တော်၊ ကောင်းကင်ခွဲဓားသိုင်း၊ ကောင်းကင်ကိုးထပ် အင်ပါယာ မိုးကြိုး၊ ကောင်းကင်ကိုးထပ် အမြောက်နဲ့ ကြယ်တာရာ အသွင်ပြောင်းခြင်း... သူက ငါတို့ဂိုဏ်းတွေရဲ့ အထူးစွမ်းရည်တွေကိုပဲ ရွေးသုံးသွားတာ... ငါတို့ခေါင်းပေါ် အပြစ်ပုံချချင်နေတာလား... အဓိပ္ပာယ် မရှိလိုက်တာ"
"ဘာလို့ အဓိပ္ပာယ် မရှိရမှာလဲ... သူတော်စင် သားတော် အသတ်ခံရတုန်းက မင်းက ပထမဆုံး ထွက်လာပြီး ချင်းယွင်ဂိုဏ်းထဲအထိ အတင်း ဝင်သွားခဲ့တာလေ... ငါတောင် မင်းနောက်ကို မလိုက်ချင်ဘဲ လိုက်ခဲ့ရသေးတယ်"
"ဒီကိစ္စက အရှေ့ပိုင်းဒေသမှာ ဖြစ်သွားတာ... ချင်းယွင်ဂိုဏ်းနဲ့ မပတ်သက်ဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ ဒေါသထွက်နေချိန်မှာ ပေါက်ကွဲစရာ နေရာရှာတာ သဘာဝပဲလေ... ချင်းယွင်ဂိုဏ်းထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ဘယ်မှာရှိလို့လဲ... ကံဆိုးတာက ချင်းယွင်ဂိုဏ်းရော ငါတို့ပါ ဒီကိစ္စရဲ့ နောက်ကွယ်က တရားခံကို မရှာတွေ့သေးတာပဲ... အခုကျတော့ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်လာတဲ့ နောက်တစ်ယောက်ကိုပါ ရင်ဆိုင်ရဦးမယ်... သူက သူတော်စင် သားတော်ကို သတ်တဲ့သူ မဟုတ်ရင်တောင် တစ်နည်းမဟုတ် တစ်နည်းတော့ ပတ်သက်နေမှာ သေချာတယ်"
"တကယ်လို့ သူသာ အပြင်ကို ထွက်လာရဲရင် သေချာပေါက် အရှာခံရမှာပဲ... သူ့ကို ငါတို့ချည်း အာရုံစိုက်နေတာမှ မဟုတ်တာ... ချင်းယွင်ဂိုဏ်း၊ ထျန်းယွမ်ကျောင်းတော်နဲ့ ယင်မိစ္ဆာဂိုဏ်းတို့ကပါ သူ့ကို စောင့်ကြည့်နေကြတာ... ဒါပေမဲ့ အဲ့ဒီလူက ကျိုယန်ဂိုဏ်းနဲ့ တစ်ခုခုတော့ ပတ်သက်နေမယ် ထင်တယ်... အဘိုးအိုထျဲ့... ခင်ဗျား တောင်ပေါ်မှာ ရက်အတော်ကြာ နေခဲ့တယ် မဟုတ်လား... အဲ့ဒီမှာ ထူးခြားတာ ဘာမှ မတွေ့ခဲ့ဘူးလား"
"လုံးဝ မတွေ့ခဲ့ဘူး... တစ်ခုတည်းသော ထူးခြားမှုက ဇီလင်းလုံပဲ... အသက် ဆယ်နှစ် အရွယ်နဲ့ တာအိုမျိုးစေ့ အဆင့်အထိ ကျင့်ကြံနိုင်တာက တကယ့်ကို အံ့မခန်းပဲ... သူမက နေမင်းတာအိုကိုတောင် ဆုပ်ကိုင်နိုင်ခဲ့ပြီး အထူးစွမ်းရည် မျိုးစုံကို နားလည် သဘောပေါက်ရုံမက အစွမ်းထက်တဲ့ ပြိုင်ဘက် အများအပြားကိုပါ အနိုင်ယူနိုင်ခဲ့တယ်... ငါ လျှို့ဝှက် စုံစမ်းကြည့်တော့လည်း သူမက တခြားတစ်ယောက် ဝင်ပူးခံထားရတဲ့ အရိပ်အယောင် မတွေ့ရဘူး... ချင်ဖုန်းဇီ ကိုယ်တိုင် စုံစမ်းကြည့်တော့လည်း ကောက်ချက်က အတူတူပဲ ထွက်လာတာ... ဘယ်နေရာမှ မှားယွင်းနေတာ မရှိဘူး... နောက်ဆုံးတော့ သူမ နိုးထလာတဲ့ ဖီးနစ်သွေးကြောက ပုံမှန်မဟုတ်ဘဲ အတိတ်ဘဝက မှတ်ဉာဏ်တွေကိုပါ အမွေဆက်ခံရရှိထားတယ် ဆိုတဲ့ ယုတ္တိတစ်ခုတည်းပဲ ရှိတော့တယ်"
"ဒါက အတော်လေး ရှင်းလင်းသွားတာပဲ... အခုကစပြီး သေချာ စောင့်ကြည့်ထားဖို့ မှတ်ထား... အရေးမပါတဲ့ ကိစ္စတွေအတွက် ငါ့ကို လာမရှာဖို့လည်း မှတ်ထားဦး... သူတော်စင် သားတော် တစ်ယောက် သေသွားရင်လည်း သေပါစေပေါ့... အစွမ်းအစ မထွက်သေးတဲ့ သူတော်စင် သားတော် ဆိုတာ အသုံးမကျတဲ့ ကောင်တွေချည်းပဲ... ငါတို့လို အနိမ အဆင့် မဟာ အကြီးအကဲ နှစ်ယောက် သွားလှုပ်ရှားရလောက်အောင် တန်ကြေးမရှိဘူး"
"မင်းပြောပုံက မင်းကိုယ်တိုင် သူတော်စင် သားတော် ဖြစ်ခဲ့ဖူးတဲ့ အတိုင်းပဲ"
"ဟမ့်... အဲ့ဒီနှစ်က သူတော်စင် သားတော်ကို ငါ သေလုနီးပါး ရိုက်နှက်ခဲ့တာ... နောက်ဆုံးတော့ သူ စိတ်ဝေဒနာ ရပြီး ရူးသွားတဲ့အထိ နှိပ်စက်ပစ်ခဲ့တာလေ"
"မင်းက တကယ့် မကောင်းဆိုးဝါးကောင်ပဲ"
နံနက်စောစော အချိန်...
"ကောင်းလိုက်တဲ့ အိပ်မက်... တကယ်ကို အိပ်မက်ကောင်း တစ်ခုပဲ"
ကျန်းမင်က ပြတင်းပေါက်ကို တွန်းဖွင့်ရင်း သက်ပြင်းချလိုက်သည်။ သူ အလွန် လန်းဆန်း တက်ကြွနေပြီး လတ်ဆတ်သော လေကို ရှူရှိုက်ကာ သက်သောင့်သက်သာ အကြောဆန့်လိုက်၏။
အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသော ဖွဲ့စည်းပုံ အစီအရင်မှာ ယာယီ ရပ်ဆိုင်းသွားလေပြီ။
ထိုစဉ် သူ့ညီမငယ်လေးက ပြတင်းပေါက်မှတစ်ဆင့် သူ့ရင်ခွင်ထဲသို့ ရုတ်တရက် ခုန်ဝင်လာပြီး တိုးညှင်းစွာ ခေါ်လိုက်သည်။
"အစ်ကိုကြီး..."
"မနက်စောစောစီးစီး ဘာဖြစ်တာလဲ" ကျန်းမင် နားမလည်စွာ မေးလိုက်၏။
"မနေ့ညက ဂိုဏ်းတစ်ခုလုံး ဗြောင်းဆန်နေတာပဲ... ကျွန်မ... ကျွန်မ သေရတော့မယ်လို့တောင် ထင်လိုက်တာ..."
သူမက သက်သောင့်သက်သာ ရှိမည့် နေရာကို ရှာ၍ တိုးဝင်ရင်း ပြောလာသည်။
"ဗြောင်းဆန်နေတယ် ဟုတ်လား" ကျန်းမင်က ထိတ်လန့်စွာဖြင့် သူမကို စားပွဲပေါ်သို့ ပွေ့တင်လိုက်သည်။
သို့သော် သူ့ညီမငယ်လေးက သူ့အား လွှတ်မပေးပေ။ သူလည်း ဘာမှ မလုပ်တတ်တော့ဘဲ ထိုနေရာတွင်သာ ဆက်ရပ်နေရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာတွေ ဗြောင်းဆန်တာလဲ... ညီမလေး ဘာသာ အဆင်ပြေရင် ပြီးတာပါပဲ... ဆရာကော ဘယ်လိုနေလဲ"
"တပည့် အနည်းငယ်ပဲ သေသွားတာပါ... ဘာမှမဖြစ်ပါဘူး"
ဇီလင်းလုံက ယမန်နေ့ညက အဖြစ်အပျက်များကို အကျဉ်းချုံး ပြန်ပြောပြသည်။ ထို့နောက် တိုးညှင်းစွာ သက်ပြင်းချ၍...
"အစ်ကိုကြီး... ကျွန်မ အစ်ကိုကြီးကို ဆုံးရှုံးရမှာ အရမ်း ကြောက်နေခဲ့တာ... တကယ်လို့ အဲ့လိုသာ ဖြစ်ခဲ့ရင် ကျွန်မ ဘာလုပ်ရမလဲလို့ တွေးနေမိတာ..."
ထိုအတွေးလေးကပင် သူမ တစ်ကိုယ်လုံးကို တုန်ယင်သွားစေ၏။
"အစ်ကိုက အရမ်း အသုံးမကျလို့ ဖြစ်ရတာပါ... နင့်ကို ကာကွယ်ပေးဖို့တောင် မလုပ်နိုင်ဘူး" ကျန်းမင်က စိတ်ပျက်စွာ သက်ပြင်းချမိသည်။ ထို့နောက် အလျင်အမြန် စိတ်ကို ပြန်စုစည်း၍...
"အစ်ကို ဆုံးဖြတ်လိုက်ပြီ... အခုကစပြီး ညီမလေးကို ကာကွယ်ပေးနိုင်ဖို့ ပိုပြီး ကြိုးစား ကျင့်ကြံတော့မယ်... ညီမလေး အပြင်မှာ လျှောက်သွားပြီး တိုက်ခိုက် သတ်ဖြတ်တာတွေ လုပ်ခွင့် မပေးတော့ဘူး"
ဇီလင်းလုံက မျက်လုံးလေးများ ပြုံးယောင်သန်းလျက် ရယ်မောလိုက်သည်။
"သေချာတာပေါ့ အစ်ကိုကြီးရဲ့"
"ကဲ... စိတ်လေး နည်းနည်း တည်ငြိမ်သွားအောင် စားစရာ တစ်ခုခု လုပ်ပေးမယ်"
"မလိုပါဘူး... ဒီလိုလေး နေရတာကပဲ စိတ်တည်ငြိမ်စေတာ"
"နင် အဖက်ကြမ်းလို့ ငါ့ခန္ဓာကိုယ် နှစ်ပိုင်း ကျိုးတော့မယ်"
"ကျိုးသွားရင်လည်း ပြန်ဆက်ပေးမှာပေါ့"
"ငါက တီကောင်လို နှစ်ပိုင်း ပြတ်သွားပြီးရင်တောင် အသက်ရှင်နေဦးမယ် ထင်နေတာလား"
"အစ်ကိုက ငါးရှဉ့်နဲ့ တူတယ်... ကျွန်မ နည်းနည်းလေး လျှော့ပေးလိုက်တာနဲ့ ထွက်ပြေးတော့မှာ... အစ်ကိုကြီး... ကျွန်မ တစ်ညလုံး အရမ်း ကြောက်နေခဲ့တာ... ကျွန်မကို ခဏလောက် ထပ်ဖက်ထားခွင့် ပေးပါဦး... အစ်ကို့ဘေးမှာ နေရတာ လုံခြုံသလို ခံစားရလို့ပါ"
ကျန်းမင်လည်း လက်လျှော့လိုက်ဟန်ဖြင့် ပြန်ပြောလိုက်ရတော့သည်။
"ဟူး… မလွယ်ပါဘူး"
ခေါင်မိုးပေါ်တွင် မနက်စာ စားနေစဉ်...
ဂူဟိုင် တစ်ယောက် တိတ်ဆိတ်စွာ စားသောက်နေသည်ကို မြင်ရခြင်းမှာ ရှားပါးလှသည်။ အချိန်အတော်ကြာပြီးနောက် သူက နောက်ဆုံးတွင် စကားစလာ၏။
"ကနဦး လူစာရင်း စစ်ဆေးမှုတွေအရ မနေ့ညက တပည့်တွေရဲ့ သုံးပုံတစ်ပုံ သေဆုံးသွားတယ်"
"အဲ့ဒီလောက်တောင် များတာလား" ကျန်းမင်က ထိတ်လန့်စွာ မေးလိုက်သည်။
"ပိရွှေဂိုဏ်းရဲ့ တိုက်ခိုက်မှုက အရမ်း ရုတ်တရက် ဆန်လွန်းတယ်... ပြီးတော့ သူတို့ တပည့်တွေကလည်း အရမ်း အစွမ်းထက်ကြတယ်... တကယ်လို့ သူတို့ရဲ့ အထက်ပိုင်း ခေါင်းဆောင် တချို့သာ တစ်ယောက်ယောက် သတ်ဖြတ်တာကို မခံခဲ့ရရင် ကျိုယန်ဂိုဏ်း တစ်ခုလုံး မျိုးတုံးသွားလောက်ပြီ" ဂူဟိုင်က လေးနက်စွာ ပြောနေသည်။
သူက ဇီလင်းလုံအား ကြည့်၍…
"ကလေးမ... ချင်းယွင်ဂိုဏ်းနဲ့ အနန္တ ဆေးလုံးစံအိမ်တို့က နင့်ကို တပည့်အဖြစ် လက်ခံဖို့ ဖိတ်ခေါ်ထားတယ် မဟုတ်လား... လက်ခံပြီး သွားလိုက်ပါ... အဲ့ဒီမှာ ပိုပြီး လုံခြုံသလို ပိုမြန်မြန်လည်း တိုးတက်နိုင်လိမ့်မယ်" ဂူဟိုင်က ခါးသီးသော မျက်နှာထားဖြင့် ပြောလာသည်။
"အစ်ကိုကြီးကော ဘယ်လိုထင်လဲ" ဇီလင်းလုံက မေးလိုက်သည်။ ယမန်နေ့က ဖြစ်ရပ်များကို ပြန်တွေးမိချိန်တွင် သူမ စိတ်ထဲ ကြောက်ရွံ့မှုတို့ ခံစားနေရဆဲပင်။
ထို့နောက် ကျန်းမင်၏ မျက်လုံးများထဲသို့ သေချာ စူးစိုက်ကြည့်နေမိ၏။ ထိုလူ၏ အကြည့်က သူမ အစ်ကိုကြီး အကြည့်နှင့် အလွန် တူညီနေသလို ခံစားရသော်လည်း စိတ်နေသဘောထားမှာမူ သိသိသာသာ ကွဲပြားနေသည်။
အကြီးမားဆုံး ကွာခြားချက်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ပင်။ တစ်ယောက်မှာ ကောင်းကင်နှင့် တောင်တန်းများကိုပင် တုန်လှုပ်သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။ အခြား တစ်ယောက်မှာမူ တောင်ပေါ်တွင်သာ ပုန်းအောင်းနေရလောက်အောင် အားနည်းလွန်းသည်။
"နေခဲ့ပါ... ဘယ်မှမသွားပါနဲ့" ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။
"ပိရွှေဂိုဏ်း ဆိုတာ ဟိုင်ပြည်နယ်ကို ကြီးစိုးထားတဲ့ ပြင်ပ အင်အားစု တစ်ခုပါပဲ... ချင်းပြည်နယ်ကို သိမ်းပိုက်ဖို့ ရုတ်တရက် ဝင်တိုက်ခဲ့တာလေ... အခု သူတို့ကို မောင်းထုတ်နိုင်ခဲ့ပြီ ဆိုတော့ ပိရွှေဂိုဏ်းက ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ဘူး... ဘာကို ကြောက်နေရဦးမှာလဲ... အရှေ့ပိုင်းဒေသက အင်အားစုတိုင်းမှာ သူတို့ပိုင်နက်နဲ့ သူတို့ ရှိပြီးသား... ဘယ်သူက လှုပ်ရှားရဲမှာလဲ... ဒါကြောင့် အနာဂတ်မှာ ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်တော့ဘူး... ညီမလေး... နင် သွားချင်သေးလို့လား"
ကျန်းမင် တစ်ယောက် အတော်လေး စိတ်လှုပ်ရှားနေမိတော့သည်။
End
***