ဇီလင်းလုံက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ...
"အစ်ကိုကြီး ရှိတဲ့နေရာတိုင်းမှာ ကျွန်မ ရှိနေမှာပါ"
ကျန်းမင်လည်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြုံး၍...
"စိတ်မပူပါနဲ့... ငါ နင့်ကို ဆက်ပြီး ကာကွယ်ပေးသွားမှာပါ"
ဇီလင်းလုံ၏ မျက်လုံးလေးများ တောက်ပသွား၏။
ဂူဟိုင်က မဲ့ပြုံး ပြုံးရင်း...
"မင်းက... လင်းလုံကို ကာကွယ်ပေးနိုင်တယ် ဟုတ်လား"
"ဘာလို့ မကာကွယ်နိုင်ရမှာလဲ... သူမ ငယ်ငယ်တုန်းက ကြွက်တွေ မြွေတွေနဲ့ တွေ့တဲ့အခါတိုင်း ဒါမှမဟုတ် သစ်ပင်ပေါ် အဆော့လွန်ပြီး ပြုတ်ကျတဲ့ အခါတိုင်း... သူမကို အမြဲတမ်း ကာကွယ်ပေးခဲ့တာ ကျွန်တော်ပါ" ကျန်းမင်က ချက်ချင်း ပြန်လည် ချေပလိုက်သည်။
"ဒီတစ်ခါနဲ့တော့ မတူဘူးလေ... အနာဂတ်မှာ ဘယ်လို အန္တရာယ်တွေ ရှိလာဦးမလဲ ဆိုတာ ဘယ်သူက သိမှာလဲ... ငါတို့က ပိရွှေဂိုဏ်းကိုတော့ တွန်းလှန်နိုင်ခဲ့ပြီ... ဒါပေမဲ့ မိစ္ဆာဂိုဏ်းတွေသာ ဝင်တိုက်လာရင် ဘယ်လိုလုပ်မလဲ... မမေ့နဲ့ဦး... တစ်ချိန်တုန်းက မိစ္ဆာဂိုဏ်းသား တစ်စု ငါတို့ဂိုဏ်း အပြင်ဘက်မှာ ပုန်းအောင်းနေခဲ့ဖူးတယ်... သူတို့က ငါတို့ကို ပစ်မှတ်ထားနေတာ ထင်ရှားနေတာပဲ" ဂူဟိုင်က တင်းမာသော လေသံဖြင့် ပြန်ပြောလာ၏။
"စိတ်အေးအေးထားပါ ဆရာရဲ့... မိစ္ဆာဂိုဏ်းတွေက လူလုံးထွက်ပြသွားပြီ ဆိုတော့ ဒီကို ဘာကိစ္စ ထပ်လာတော့မှာလဲ... ဒါ့အပြင် အခုချိန်မှာ ကျွန်တော်တို့ဂိုဏ်းက အခက်အခဲတွေ ကြုံနေရတာ... တကယ်လို့ ကျွန်တော်တို့သာ အခုချိန် ထွက်သွားရင် လူတွေက ကျွန်တော်တို့ စရိုက်ကို အထင်သေးသွားကြမှာပေါ့" ကျန်းမင်က ဖျောင်းဖျနေသည်။
"မင်းကတော့ စကားတတ်လွန်းတယ်"
"အမှန်တရားကို ပြောပြရုံပါ"
သူတို့ နှစ်ယောက်လုံး နောက်ဆုတ်ပေးလိုသည့် အရိပ်အယောင် မရှိပေ။
သုံးရက် အကြာတွင် ဈာပန အခမ်းအနားကို ကျင်းပခဲ့သည်။ ကျန်းမင်လည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့၏။ ထောင်ပေါင်းများစွာသော သင်္ချိုင်းဂူများထက် လွှမ်းခြုံနေသည့် ခြောက်ကပ် တိတ်ဆိတ်သော လေထုက သူ့အား ပိုနက်ရှိုင်းသော ခံစားချက်ထဲသို့ နစ်မြုပ်သွားစေသည်။ ခွန်အားသာလျှင် အရာရာကို လွှမ်းမိုးနိုင်သော ဤလောကတွင် လူ့အသက်မှာ အလွန်တရာ နုနယ်လွန်းလှသည်ဟု သူ ခံစားလိုက်ရသည်။
"ငါ့ညီမငယ်လေး အတွက် ပိုပြီး ကြိုးစား ကျင့်ကြံရမယ်..." ကျန်းမင် စိတ်ထဲမှ တွေးလိုက်မိ၏။
ချူယန် တောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းမင်က ခေါင်မိုးပေါ်ရှိ ဝရန်တာဆီ သွားလိုက်သည်။ သူက ကြိမ်ကုလားထိုင်ပေါ် လဲလျောင်းလိုက်သည်နှင့် ကုလားထိုင်မှာ ညင်သာစွာ ယိမ်းထိုးသွားလေပြီ။
သူ အလွန် သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားလိုက်ရပြီး လုံးဝပင် မလှုပ်ချင်တော့ပေ။ ထို့ကြောင့် ဤကုလားထိုင်ကို စုန်းမ တစ်ယောက်ယောက်ကများ မှော်ပညာဖြင့် ဖန်တီးထားလေသလားဟုပင် တွေးတောမိသွားသည်။
ဇီလင်းလုံက ကျန်းမင် အနားသို့ တိုးဝှေ့လာရင်း တိုးညှင်းစွာ ပြောလာ၏။
"အစ်ကိုကြီး... ကျွန်မ တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်နေတယ်"
"လမင်းတာအိုကို နားလည် သဘောပေါက်အောင် ကြိုးစားမလို့လား" ကျန်းမင်က မေးလိုက်သည်။
ဇီလင်းလုံက ပြန်ဖြေလာသည်။
"ဟုတ်တယ်... ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တိုးတက်ချင်သေးတယ်... ပြီးခဲ့တဲ့ တိုက်ပွဲမှာ ကျွန်မ အများကြီး အားနည်းနေသေးတယ် ဆိုတာ သဘောပေါက်လိုက်ရတယ်... ကျွန်မ အစ်ကိုကြီးကို ကာကွယ်ဖို့တောင် နီးပါး ကျရှုံးခဲ့ရတာလေ"
"ညီမလေး... ငါတို့အိမ်ကို ကာကွယ်ရမှာက ငါ့တာဝန်ပါ... အခုတော့ နင်ကပဲ တာဝန်ယူနေရတယ်"
ထိုညက လူမှာ သူဖြစ်ကြောင်း သူမအား ပြောပြသင့် မပြောပြသင့် တွေဝေနေမိသည်။ သို့သော် နောက်ဆုံးတွင်တော့ မျိုသိပ်ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အကယ်၍သာ ဆူညံပွက်လောရိုက်မှုတွေ ဖြစ်လာပါက ကောလာဟလများ ပျံ့နှံ့သွားမည် ဖြစ်ပြီး ပြဿနာများသာ ဆောင်ကြဉ်းလာပေလိမ့်မည်။
ကျန်းမင်က လက်ဖဝါးကို လှန်လိုက်ရာ မီးခိုးရောင် ကျောက်စရစ်ခဲလေး နှစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဇီလင်းလုံထံ ကမ်းပေးရင်း...
"ကျင့်ကြံတဲ့ အချိန်ကျရင် ဒါလေးတွေကို သုံးလိုက်... အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"
ဇီလင်းလုံ အံ့အားသင့်သွားသည်။
"ဒါတွေက ဉာဏ်အလင်းပွင့် ကျောက်တုံးတွေလား"
ကျန်းမင် အံ့အားသင့်သွား၏။
"ဒါတွေကို သိတယ်လား"
ဇီလင်းလုံက စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဆက်ပြောလာသည်။
"သိတာပေါ့... ညီမလေး အနိမ သင်္ချိုင်းဂူရဲ့ ကောင်းချီးကို ရခဲ့တာ အစ်ကိုကြီး မမှတ်မိဘူးလား... အဲ့ဒီထဲမှာ ဒီဉာဏ်အလင်းပွင့် ကျောက်တုံးတွေ အကြောင်း ဖော်ပြထားတာကို ဖတ်ခဲ့ဖူးတယ်... ဒါတွေက လောကမှာ ရှားပါးတဲ့ ရတနာတွေလေ... အစ်ကိုကြီး ဒါတွေကို ဘယ်လိုလုပ် ရလာတာလဲ"
ကျန်းမင်က သူမ၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ရင်း...
"မမေးနဲ့တော့... ငါကိုယ်တိုင်လည်း မသိဘူးလို့ပဲ မှတ်ထားလိုက်"
"ဟုတ်ပါပြီ... ကျွန်မ မမေးတော့ဘူး... ဒါပေမဲ့ အစ်ကိုကြီး... ဒါတွေကို အစ်ကိုကြီး ကိုယ်တိုင် သုံးတာ ပိုကောင်းမယ် ထင်တယ်" ဇီလင်းလုံက လိမ္မာရေးခြားရှိသော ကလေးလေး တစ်ယောက်ပမာ ဖြေလာ၏။
"စကားတွေ အရမ်း မရှည်ပါနဲ့... ယူသာ ယူထားလိုက်... ဒါက တစ်ခါသုံး ပစ္စည်းမျိုးပဲ... အကောင်းဆုံး အကျိုးသက်ရောက်မှု ရဖို့ အချိန်ကိုက် သုံးဖို့တော့ လိုမယ်"
"ဟုတ်ကဲ့ပါ"
အချိန် အနည်းငယ် အကြာတွင် ဇီလင်းလုံလည်း သူမ အခန်းသို့ ပြန်သွားခဲ့သည်။
သူမ လက်ဖဝါးထဲရှိ ဉာဏ်အလင်းပွင့် ကျောက်တုံးများကို ကြည့်ရင်း တွေဝေသွားမိ၏။
"ဘာလို့ အစ်ကိုကြီးဆီမှာ ဒီလို ပစ္စည်းမျိုး ရှိနေရတာလဲ... အဲ့နေ့ညက လူကများ အစ်ကိုကြီး ဖြစ်နေမလား... မဖြစ်နိုင်ပါဘူး... အစ်ကိုကြီးက ငါ့မျက်စိအောက်ကနေ တစ်ခါမှ မခွာခဲ့တာကို... ဒါပေမဲ့လည်း... ဟူး..."
"ပြီးတော့ ပိရွှေဂိုဏ်းက ဘာလို့ ငါတို့ဂိုဏ်းကို ပထမဆုံး လာတိုက်ရတာလဲ... အရာအားလုံးက ရှုပ်ယှက်ခတ်နေတာပဲ... ထားလိုက်ပါတော့... ရှုပ်ချင်လည်း ရှုပ်ပါစေတော့... ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်သာ တိုးတက်လာမယ် ဆိုရင် အစ်ကိုကြီးကို ကာကွယ်ပေးနိုင်ဖို့နဲ့ အရာအားလုံးကို ဖိနှိပ်ထားနိုင်ဖို့ လုံလောက်ပါပြီ"
ဇီလင်းလုံက ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် သူမ ရရှိထားသော ယင်ဝိညာဉ် ပစ္စည်းများ ထုတ်ယူကာ ၎င်းတို့ထဲရှိ တာအို အငွေ့အသက်များ စုပ်ယူ၍ ကျင့်ကြံခြင်းကို နားလည်သဘောပေါက်ရန် အရှိန်မြှင့်တင်လိုက်တော့သည်။
အချိန်များက စီးဆင်းနေသော မြစ်ရေပမာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။
ကျန်းမင် တစ်ယောက် တောင်တန်းများ အနောက်တွင် ထပ်မံ၍ လယ်လုပ်နေပြန်၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ စိုက်ပျိုးသမျှ အားလုံးမှာ အလယ်အလတ် သို့မဟုတ် အဆင့်မြင့် ဆေးပင်များသာ ဖြစ်သည်။ ရိတ်သိမ်းချိန် ရောက်လျှင် မည်ကဲ့သို့သော ဆုလာဘ်များ ရရှိမည်ကိုမူ သူ မသိသေးချေ။
ထို့အပြင် နောက်ဆုံးတွင်တော့ သူက အင်မော်တယ် ဉာဏ်အလင်းပွင့် လက်ဖက်စေ့ကို မြေအောက်ရှိ ဝိညာဉ် စမ်းရေတွင်းထဲတွင် စိုက်ပျိုးရန် စီစဉ်နိုင်ခဲ့သည်။ သူက သေခြင်း ရှင်ခြင်း ဝင်္ကပါပြားကို ပြန်လည် ချိန်ညှိလိုက်ပြီး အစီအရင်ကို ပိုသိုသိပ်ကာ အစွမ်းထက်လာစေခဲ့သည်။
အစ်ကိုကြီးကျန့် တစ်ခေါက် ရောက်လာခဲ့ဖူးသော်လည်း ဘေးတွင် တိတ်ဆိတ်စွာသာ ထိုင်နေခဲ့သည်။ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့ပေ။ မထွက်ခွာမီ သူကလည်း ခရမ်းရောင် နန်းတော် အဆင့်သို့ တက်လှမ်းရန် ကြိုးစားရင်း တံခါးပိတ် ကျင့်ကြံတော့မည်ဟု ပြောသွားခဲ့သည်။
ချန်ရိမင်လည်း ရောက်လာခဲ့၏။ သူက သက်ပြင်း အကြိမ်ကြိမ် ချပြီးနောက် ဝိုင်တစ်အိုး တောင်းယူလိုက်သည်။ ထို့နောက် ဝိုင်တစ်အိုးလုံးကို တစ်ကျိုက်တည်း မော့သောက်ပြီး ကျယ်လောင်စွာ အော်ဟစ်တော့သည်။
"ဒါမှ အရသာဟေ့"
ကျန်းမင် အံ့အားသင့်သွားပြီး...
"ရိက္ခာကို အလဟဿ ဖြုန်းတီးပစ်တာပဲ"
ချန်ရိမင်က ရယ်မောလိုက်သော်လည်း ရုတ်တရက် သူ့မျက်နှာထား လေးနက်သွားသည်။
"ဘယ်သူက မင်းကို ချက်ခိုင်းလို့လဲ... မိုမို အခြေအနေ သိပ်မကောင်းဘူး... ပိရွှေဂိုဏ်းနဲ့ တိုက်ပွဲမှာ ငါတို့ နိုင်ခဲ့ပေမဲ့ ညီအစ်ကိုတွေ အများကြီး ကျဆုံးခဲ့ရတယ်လေ... အဲ့ဒါကြောင့် လူအများကြီးက သူမဆီ သွားပြီး ပြဿနာ ရှာနေကြတယ်... ယင်ယွဲ့ တောင်ထွတ်သခင်မကသာ အတိတ်ကို ပြန်တွေးပြီး မညှာတာခဲ့ရင် သူမ အခြေအနေ ဒီထက်တောင် ပိုဆိုးသွားနိုင်တယ်"
ကျန်းမင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် အကြံပြုလိုက်သည်။
"သူ့ကို ခင်ဗျားဆီ ခေါ်လာခဲ့လိုက်ပါလား... ခင်ဗျားဆီမှာ နေပြီး ခင်ဗျားကို ပြုစုစောင့်ရှောက်ခိုင်းလိုက်လေ... ခင်ဗျားလည်း သူ့ကို ပြန်စောင့်ရှောက်ပေးလို့ ရတာပဲ"
ထိုကိစ္စအတွက် သူ အနည်းငယ် နောင်တရနေမိဆဲပင်။ မည်သို့ဖြစ်စေ သူတို့က သိကျွမ်းခဲ့ဖူးသူများ မဟုတ်ပါလား။
"ဒီချူယန် တောင်ထွတ်မှာ လူသိပ်မများဘူးလေ... သူမကို ဒီခေါ်လာတာ ပိုကောင်းမယ်... လင်းလုံက ဒီမှာ ဂိုဏ်းချုပ်ပြီးရင် အဆင့် အမြင့်ဆုံးပဲ... တကယ်လို့ မိုမိုသာ ဒီကို လာနေရင် ဘယ်သူမှ ပြဿနာလာရှာရဲမှာ မဟုတ်ဘူး... အခု သူမက တစ်ယောက်တည်း ဖြစ်နေတာ... မင်းကို အဖော်ပြုပေးဖို့ဆို အတော်ပဲပေါ့... မင်းက လယ်ထဲမှာ အလုပ်ရှုပ်နေချိန် သူမက မီးဖိုချောင်မှာ အလုပ်လုပ်ပေး... တကယ်ကို ပျော်စရာကြီးပဲ" ချန်ရိမင်က ပြန်ပြောလာ၏။
ကျန်းမင်က မျက်လုံးလှန်ကြည့်ရင်း…
"တော်ပါတော့... တစ်ယောက်တည်းကိုတောင် နိုင်အောင် မထိန်းနိုင်တာကို နှစ်ယောက်ဆိုရင် ပိုဆိုးမှာပေါ့"
ချန်ရိမင် ကျယ်လောင်စွာ ရယ်မောတော့သည်။
"နောက်ဆုံးတော့ မင်းရဲ့ စရိုက်မှန်တွေ ပေါ်လာပြီပေါ့လေ... ညစ်ညမ်းတဲ့ အတွေးတွေနဲ့ ကောင်"
ကျန်းမင် တစ်ယောက် ဆွံ့အသွားလေပြီ။
ချန်ရိမင်လည်း အချိန်အကြာကြီး မနေဘဲ ပြန်လည် ထွက်ခွာသွားခဲ့သည်။
သူ ထွက်သွားပြီးနောက် ကျန်းမင်က ထိုနေရာတွင် အချိန်အတော်ကြာ ထိုင်နေပြီးမှ ခေါင်းမော့၍ မျောလွင့်နေသော တိမ်တိုက်များကို ငေးကြည့်နေမိ၏။
"ငါ့မှာ ညစ်ညမ်းတဲ့ အတွေးတွေ ရှိတယ် ဟုတ်လား" သူ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်း ထုတ်မိသည်။
ထို့နောက် ခေါင်းခါယမ်း၍...
"ဒီလောကကြီးမှာ ငါ့လောက် သန့်စင်တဲ့သူ ဘယ်မှာ ရှိလို့လဲ"
သူ မတ်တပ်ထရပ်ပြီး အိမ်နောက်ဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားရင်း သီချင်းတစ်ပုဒ်ကို ညည်းတွားနေမိသည်။
ငါ့မှာ တောက်ပတဲ့ ပုလဲလေး တစ်လုံး ရှိတယ်...
နှစ်ပေါင်းများစွာ ဖုန်တွေ ဖုံးလွှမ်းနေခဲ့တဲ့ ပုလဲလေး...
အခုများတော့ ဖုန်တွေကင်းပြီး တောက်ပလာတဲ့ ပုလဲလေးက တောင်တန်းတွေ၊ မြစ်ရေတွေ အထက်မှာ ထွန်းလင်းနေပြီ...
ထောင်ချီ တောင်တန်းတွေ မြစ်ရေတွေ အထက်မှာ ဝဲပျံလို့... တစ်နေ့နေ့ကျ အလင်းရောင်က ငါ့ လယ်ကွင်းတွေ အပေါ်ကိုလည်း ထွန်းလင်းလာမှာပေါ့...
ခြံဝင်းထဲတွင် ရပ်နေရင်း ဇီလင်းလုံ၏ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
သူမ အခန်းထဲမှ ထွက်ပေါ်လာသော တာအို အငွေ့အသက် လှိုင်းများကို သူ ခံစားနေရသည်။ ထိုအရာက လရောင်ကဲ့သို့ အေးမြသော ခံစားချက်ကို ပေးစွမ်းပြီး ဆောင်းရာသီ၏ မြူခိုးများနှင့်ပင် တူညီနေသေး၏။
"သူ အောင်မြင်သွားပြီလား"
ကျန်းမင်၏ မျက်လုံးများ ဝမ်းသာအားရမှုဖြင့် တောက်ပလာပြီး လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူလိုက်သည်။
အမည် - ဇီလင်းလုံ
မျိုးနွယ် - လူသား
လိင် - မ
ကျင့်ကြံခြင်း အဆင့် - ရွှေရောင် ရွှေအမြူတေ အဆင့် (နဝမ အစွန်းရောက်)
နောက်ခံ - ကျိုယန်ဂိုဏ်း၊ ချူယန် တောင်ထွတ်၏ တပည့်။
ဆက်ဆံရေး - ၉၇
မွေးရာပါ ပါရမီ - ပထမ တာအိုခန္ဓာ (အဆင့်မြင့် ဖီးနစ် သွေးကြော)
အခြေအနေ - သူတော်စင် သမီးတော်များနှင့် ပါရမီရှင်များကို အနိုင်ယူခဲ့ပြီးနောက် သူမ၏ နာမည်က အရှေ့ပိုင်းဒေသနှင့် ကျုံးပြည်နယ် တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ ပိရွှေဂိုဏ်း လာရောက် တိုက်ခိုက်ချိန်တွင် အမှောင်ထဲ၌ သူမ အစ်ကိုကြီး၏ မျက်လုံးများနှင့် အလွန် တူညီသော မျက်လုံး တစ်စုံကို တွေ့လိုက်ရသည်။ ခွန်အားကြီးသော ရန်သူများလွန်းလှသဖြင့် ဂိုဏ်းချုပ်အား ကနဦးဝိညာဉ် အဆင့် ကျွမ်းကျင်သူကို ဟန့်တားထားရန် စိတ်ချင်း ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ပြီး သူမကိုယ်တိုင်ကမူ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် ထွက်လာခဲ့သည်။ သွေးထွက်သံယို များပြားသော ညတစ်ညကို ဖြတ်ကျော်ပြီးနောက် ဂိုဏ်းကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။
အောင်ပွဲခံနိုင်ခဲ့သော်လည်း သူမ နှလုံးသားကမူ တုန်လှုပ်နေဆဲပင်။ အကယ်၍ ထိုအမည်မသိ ကျွမ်းကျင်သူသာ ကနဦးဝိညာဉ် အဆင့် လေးယောက်ကို ဝင်ရောက် တားဆီး မပေးခဲ့ပါက သူမ အစ်ကိုကြီးကို ကာကွယ်နိုင်မည် ဟုတ်၊ မဟုတ် မသေချာခဲ့ပေ။ သူမ အစ်ကိုကြီး တစ်ခုခု ဖြစ်သွားပါက ရူးသွပ်သွားမည်လားဟု တွေးတောနေခဲ့မိပြီး နောက်ဆုံးတွင် တစ်လောကလုံးကို သတ်ဖြတ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
"အစ်ကိုကြီးက ဉာဏ်အလင်းပွင့် ကျောက်တုံးတွေကိုတောင် ထုတ်ပေးနိုင်တယ် ဟုတ်လား" ထိုအရာက စိတ်ကူးယဉ်ဖို့ပင် မဖြစ်နိုင်ကြောင်း သူမ ထင်မှတ်ခဲ့သော်လည်း အစ်ကိုကြီး၏ လက်ဆောင် ဖြစ်သောကြောင့် ဂရုစိုက်မနေခဲ့ပေ။
ယင်ဝိညာဉ် ပစ္စည်းများကို စုပ်ယူပြီး ဉာဏ်အလင်းပွင့် ကျောက်တုံး တစ်တုံးကိုပါ အသုံးပြုပြီးနောက် နောက်ဆုံးတွင် အစွန်းရောက် ယင်တာအိုကို နှိုးဆွနိုင်ခဲ့ပြီး အစွန်းရောက် ယင်မဟာတာအိုကိုပါ နားလည် သဘောပေါက်သွားခဲ့သည်။
ကျန်းမင်က အခြေအနေကို ဖတ်ရှုပြီးနောက် ရှုပ်ထွေးသော အပြုံးတစ်ခု ပြုံးလိုက်မိ၏။ သူတို့၏ ဆက်ဆံရေးမှာ (၂)မှတ် တက်လာပြီး ၉၇ မှတ်သို့ ရောက်ရှိသွားလေပြီ။ အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် သူတို့၏ ခံစားချက်များ ပိုခိုင်မာလာခြင်းလားဟု သူ တွေးတောနေမိသည်။
"ငါသေသွားရင် တစ်လောကလုံးကို သတ်ပစ်မယ် ဟုတ်လား... ငါ့ညီမလေးကတော့ တကယ်ပါပဲ" ကျန်းမင် ဝမ်းသာအားရ ပြုံးလိုက်သည်။
ပင်မ အဆောက်အအုံကို လှမ်းကြည့်ရာ တံခါးများ တင်းကြပ်စွာ ပိတ်ထားသည်ကို တွေ့လိုက်ရ၏။ ထိုအဘိုးကြီး တစ်ယောက် အပြင်ထွက်ပြီး သူလုပ်ချင်ရာ သွားလုပ်နေပြီ ဖြစ်လောက်သည်။
ကျန်းမင်လည်း သူ့အခန်းသို့ ပြန်သွားပြီး ဖွဲ့စည်းပုံ အစီအရင်ကို ဖွင့်လိုက်သည်။ ထို့နောက် ချူယန် တောင်ထွတ်ကို ယာယီ ပိတ်ဆို့လိုက်ပြီး သူကိုယ်တိုင်လည်း တံခါးပိတ် ကျင့်ကြံတော့သည်။
သူ့စိတ်နှင့် နှလုံးသားက ကောင်းကင်နှင့် မြေကြီးထဲသို့ ပေါင်းစပ်သွားပြီး ကံကြမ္မာ၏ အံ့ဖွယ်ရာများကို ဆက်လက် ခံစားနေသည်။
ပတ်ဝန်းကျင်ကို ခံစားကြည့်ချိန်တွင် သူ့ ကိုယ်ခန္ဓာထဲမှ ပုံရိပ်ယောင် ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး လေဟာပြင်အား ထိုးဖောက်၍ အရာခပ်သိမ်းနှင့် သွားရောက် ဆက်သွယ်နေသည်ကို ခံစားလိုက်ရ၏။ အထူဆုံး ကြိုးမျှင် တစ်ချောင်းမှာ သံကြိုးတစ်ချောင်းပမာ သူ့ညီမငယ်လေး အခန်းထဲသို့ တိုက်ရိုက် ဆက်သွယ်နေ၏။
သို့သော် အများစုသော ကြိုးမျှင်များမှာ အလွန် သေးငယ်လွန်းလှသဖြင့် အချိန်မရွေး ပြတ်တောက်သွားနိုင်သည်ဟု ခံစားရသည်။
"ကံကြမ္မာ... ကံကြမ္မာ ဆိုတာ လူသားတွေ ကြားက ဆက်ဆံရေး သက်သက်ပဲ... တိုက်ရိုက် ဆက်သွယ်မှု ရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်နေတာ ဒါမှမဟုတ် တိကျတဲ့ အချိန်နဲ့ နေရာ တစ်ခုမှာ အတူတူ ရှိနေတာတွေက ကံကြမ္မာကို ဖြစ်ပေါ်လာစေနိုင်တယ်... အတိတ်က စကားတစ်ခွန်း ရှိတယ်... မင်းတို့ ပတ်သက်နေသရွေ့ အပြန်အလှန် လဲလှယ်မှုတွေ ရှိနေမှာပဲတဲ့... တကယ်ကို မှန်တာပဲ"
"ပြီးတော့ သွယ်ဝိုက်ပြီး ပတ်သက်နေရင်လည်း အရေးကြီးတဲ့ စမ်းသပ်မှုတွေနဲ့ အမြဲတမ်း အဆုံးသတ်ရတာပဲ... ငါ မော့လင်းကို သတ်ခဲ့တယ်... အဲ့ဒါကြောင့် ယင်မိစ္ဆာဂိုဏ်းနဲ့ ပတ်သက်သွားတယ်... ထျန်းစစ်နဲ့ တိုက်ခိုက်ခဲ့တယ်... အဲ့ဒါကြောင့် ထျန်းယွမ်ကျောင်းတော်နဲ့ ပတ်သက်သွားတယ်"
"ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း နှစ်မျိုးစလုံး ရှိတာပဲ"
ကျန်းမင်က ကံကြမ္မာကို ခံစားရင်း နစ်မြုပ်နေခဲ့သည်။ ကံကြမ္မာ မဟာတာအိုအပေါ် သူ့ နားလည်သဘောပေါက်မှုက ဒုံးပျံ တစ်စင်းလို မြင့်တက်လာ၏။ လမ်းပိတ်သွားသည့် အခါတိုင်း သူက ဉာဏ်အလင်းပွင့် ကျောက်တုံး တစ်တုံးကို အသုံးပြုလိုက်သည်။ ကျောက်တုံးများ များများစားစား မကျန်တော့သော်လည်း သူ ဂရုမစိုက်ပေ။
ကျင့်ကြံနေချိန်တွင် အချိန်များ အမြန်ဆုံး ကုန်လွန်သွားတတ်သော်လည်း ကျန်းမင်က သူစိုက်ပျိုးထားသော ဆေးပင်များကို နေ့စဉ် စစ်ဆေးရန် အချိန် အနည်းငယ် ပေးဆဲပင်။ ကံမကောင်းစွာဖြင့် အလယ်အလတ်နှင့် အဆင့်မြင့် ဆေးပင်များမှာ အလွန် နှေးကွေးစွာ ကြီးထွားကြသည်။ ဝိညာဉ်ရေဖြင့် လောင်းပေးသည့်တိုင် ယခုမှ အညှောင့်ထွက်လာရုံသာ။
ထင်းခွဲခြင်း၊ မြစ်ထဲမှ ရေခပ်ခြင်းနှင့် ဟင်းချက်ခြင်းတို့မှာ သူ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်များပင်။ တစ်ခါတစ်ရံတွင်မူ အပြောင်းအလဲ အနေဖြင့် ငါးသွားမျှားတတ်သေး၏။
အပြင်လောကကြီးမှာ အလွန် တင်းမာနေကြောင်း ချန်ရိမင်ထံမှ သူ ကြားခဲ့ရသည်။
ချင်းယွင်ဂိုဏ်းက မိစ္ဆာဂိုဏ်း၏ တပည့်များကို ဝန်းရံ ဖိနှိပ်လာသလို ထိုသူများကလည်း အရူးအမူး ပြန်လည် တိုက်ခိုက်နေကြသည်။ အခြေအနေ တစ်ခုလုံးမှာ ပိုဆိုးရွားလာနေ၏။ ရေနေမိစ္ဆာများပင် အရပ်မျက်နှာ အသီးသီးရှိ ရေပြင်များမှ စတင် ထွက်ပေါ်လာကြလေပြီ။
ကျန်းမင်ကတော့ တိတ်ဆိတ်စွာဖြင့်သာ နားထောင်နေခဲ့သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ငါးနှစ်မြောက် သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ငါးနှစ်တောင် ရှိသွားပြီပဲ... အချိန်တွေ ကုန်တာ အရမ်း မြန်တာပဲ... ဒီတစ်ခါ စနစ်က သေချာပေါက် အကြီးအကျယ် ပေါက်ကွဲထွက်လာတော့မှာပဲ..." ကျန်းမင် တစ်ယောက် အတော်လေး စိတ်လှုပ်ရှားနေမိတော့သည်။
ဤတစ်ကြိမ်တွင် သူ စိတ်ကူးပင် မယဉ်ဖူးသော အရာတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ရတော့မည်ဟု ထူးဆန်းသော ခံစားချက် တစ်ခုက သူ့စိတ်ထဲ ဝင်ရောက်လာခဲ့လေပြီ။
End
***