အချိန်များက မည်သူ့အတွက်မျှ ရပ်တန့်မနေဘဲ လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။
ကျိုးပြက္ခဒိန် နှစ် ၉,၉၉၅ ခုနှစ်၊ ပထမလ...
သန်းခေါင်ယံ အချိန်သို့ ရောက်ရှိသည်နှင့် စနစ် နိုးထလာခဲ့သည်မှာ ငါးနှစ် တင်းတင်း ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းမင် တစ်ယောက် ဤအချိန်ကို စောင့်မျှော်နေခဲ့သည်မှာ အတော်ကြာလှပြီ မဟုတ်ပါလား။
ညနေဆည်းဆာ အချိန်... အနောက်ဘက်သို့ ဝင်ရောက်သွားသော နေမင်းကြီးက ကောင်းကင်နှင့် တောင်တန်းများအထက် အနီရောင် အလင်းတန်းများ ဖြာကျစေ၏။
ခေါင်မိုးပေါ်ရှိ စားပွဲထက်တွင်တော့ ဟင်း ရှစ်ခွက်နှင့် စွပ်ပြုတ် နှစ်ပန်းကန်က အသင့်။
ခြံဝင်း တစ်ခုလုံးတွင်လည်း ဟင်းလျာများ၏ သင်းပျံ့သော ရနံ့များဖြင့် လွှမ်းခြုံလို့နေသည်။
ဇီလင်းလုံက ကျန်းမင်၏ ပါးစပ်နားသို့ ဖက်ထုပ်တစ်ခု ခွံ့ပေးလာရင်း...
"အစ်ကိုကြီး... ဒါက ကျွန်မ ပထမဆုံးအကြိမ် လုပ်ဖူးတဲ့ ပုစွန်ဖက်ထုပ်လေး... မြည်းကြည့်ပါဦး"
"ငါ့ဘာသာ စားပါ့မယ်"
"အရင်တုန်းက အစ်ကိုကြီး ခွံ့ကျွေးခဲ့တာပဲ... အခု ညီမလေး အလှည့်ပေါ့"
"ငါက မလှုပ်နိုင် မရှားနိုင်တဲ့ အဘိုးကြီးမှ မဟုတ်တာ"
"လိမ္မာပါတယ် အစ်ကိုကြီးရဲ့… ဟ"
"အေးပါ... အေးပါ"
ကျန်းမင်လည်း ပါးစပ်ဟ၍ ဖက်ထုပ်ကို စားလိုက်သည်။ ထို့နောက် သူ့ မျက်လုံးများ တောက်ပသွားပြီး အာမေဋိတ်သံဖြင့်...
"အရမ်း စားကောင်းတာပဲ... နင့် လက်ရာက ငါ့ထက်တောင် ပိုကောင်းနေသေးတယ်"
"တကယ်လား"
"တကယ်ပေါ့... ငါ နင့်ကို လိမ်စရာ အကြောင်းမှ မရှိတာ"
ကျန်းမင်က ပြောပြောဆိုဆိုဖြင့် ကျန်ရှိနေသော အစားအစာများကို အငမ်းမရ စားသောက်တော့သည်။
ညဉ့်အမှောင် ကျရောက်လာချိန်တွင် ကောင်းကင်ထက်၌ ကြယ်များဖြင့် ပြည့်နှက်နေ၏။
ကျန်းမင်က ကြိမ်ကုလားထိုင်ပေါ် ထိုင်ရင်း ကောင်းကင်ကြီးကို ငေးမောနေသည်။ ဇီလင်းလုံက သစ်သီး တစ်ပန်းကန် ဆေးကြော၍ သူ့ဘေးရှိ စားပွဲပေါ် တင်ပေးလိုက်သည်။ ထို့နောက် သူမအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ ကုလားထိုင်၏ အခြား တစ်ဖက်သို့ သွား၍ ဝင်ထိုင်လိုက်သည်။
"ဟိုဘက်မှာ နောက်ထပ် ကုလားထိုင် တစ်လုံး ရှိတယ် မဟုတ်လား"
"ဒီကုလားထိုင်က လူနှစ်ယောက် ထိုင်လို့ ရလောက်အောင် ကြီးပါတယ် အစ်ကိုကြီးရဲ့... အတူတူ ထိုင်ကြတာပေါ့"
"အဲ့ဒီလောက်လည်း မကြီးပါဘူး... ဟိုဘက် ကုလားထိုင်ကို သွားထိုင်စမ်းပါ"
"ကျွန်မ ချမ်းနေလို့ပါ အစ်ကိုကြီးကလဲ"
"ဟေ့... ငါက နင့် အကွက်တွေထဲ ဝင်သွားမယ် ထင်နေတာလား"
"အစ်ကိုကြီး မချစ်တော့ဘူးလား... ညီမလေးတို့ ငယ်ငယ်တုန်းက ကုတင်တစ်လုံးတည်း အတူတူ အိပ်ခဲ့ကြတာ မှတ်မိတယ်မလား... အခုကျမှ ဘာလို့ ဒီလို လုပ်ရတာလဲ... ဝမ်းနည်းလိုက်တာ..."
"အေးပါ... အေးပါ... ကြက်သီးတွေတောင် ထလာပြီ"
ကျန်းမင် တစ်ယောက် တစ်ကိုယ်လုံး တုန်တက်သွားပြီး အလျင်အမြန် ဘေးသို့ ရွှေ့ပေးလိုက်ရသည်။
လေပြေက နွေးထွေးပြီး လမင်းကြီးက သာယာလှပနေသည်။
သန်းခေါင်ယံ အချိန်သို့ ရောက်လုနီးပါး ဖြစ်နေပြီကို သတိပြုမိသဖြင့် ကျန်းမင်က သူ့ညီမငယ်လေးအား မတတ်သာဘဲ ပြန်လွှတ်လိုက်ရ၏။
ထို့နောက် သူ့အခန်းသို့ ပြန်လာခဲ့ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
သူ မျက်လုံးများကို မှိတ်၍ စောင့်ဆိုင်းနေမိသည်။
ရုတ်တရက် သူ မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်ရာ မှောင်မိုက်နေသော အခန်းထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး စနစ်၏ အသံက သူ့ခေါင်းထဲ ပဲ့တင်ထပ်လာတော့သည်။
[ဒင် - အိမ်ရှင်အနေဖြင့် ချူယန် တောင်ထွတ်တွင် ငါးနှစ် တင်းတင်း နေထိုင်ခဲ့ပြီး နေ့စဉ် အလုပ်ကြမ်း အနည်းဆုံး တစ်မျိုး လုပ်ဆောင်ခဲ့သည့်အတွက် ဂုဏ်ယူသည်။ ဆုလာဘ်များ အနေဖြင့် နှစ် (၂,၀၀၀)စာ ကျင့်ကြံခြင်း အဆင့်၊ အဆင့်မြင့် ဉာဏ်အလင်းပွင့် လက်ဖက်ရွက် (၁,၀၀၀)၊ ငါးမိနစ်စာ အနိမ အတွေ့အကြုံ ကတ်ပြား (၁)ခု၊ အထွတ်အထိပ် အမိန့်တော် (၁)ခုနှင့် စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ် (၁)ခုတို့ ရရှိသည်]
ဆုလာဘ် အရေအတွက် သိပ်မများသော်လည်း တစ်ခုချင်းစီတိုင်းက အလွန် ကောင်းမွန်လှ၏။
"နှစ် နှစ်ထောင်စာ ကျင့်ကြံခြင်း အဆင့် ဟုတ်လား..."
ကျန်းမင် အံ့အားသင့်သွားသည်။ စနစ်က သူ့အား ချီစွမ်းအင်များ စုဆောင်းရန် အချိန်ဖြုန်း မနေစေချင်တော့သည့်ပုံပင်။
"ဒါက စိတ်ဝင်စားစရာပဲ... အဆင့်မြင့် ဉာဏ်အလင်းပွင့် လက်ဖက်ရွက် အချပ် တစ်ထောင်..."
ထိုအရာ၏ အကျိုးသက်ရောက်မှုမှာ ပို၍ပင် ကောင်းမွန်လိမ့်မည်ဟု ကျန်းမင် သေချာပေါက် ယုံကြည်ထားသော်လည်း စနစ်က သူ့ကို ဉာဏ်အလင်းပွင့် ကျောက်တုံးများ ဆုချမပေးခဲ့သည့်အတွက် အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။
"နောက်ထပ် အနိမ အတွေ့အကြုံ ကတ်ပြား တစ်ခုလား... အင်း... ဒါက ကောင်းတဲ့ အရာပဲ" ကျန်းမင် စိတ်ထဲမှ တွေးလိုက်၏။ မည်သို့ပင်ဖြစ်စေ ဤအရာက တိုက်ပွဲ၏ အခြေအနေကို သူ့ဘက်သို့ အသာစီး ရစေရန် ကူညီပေးနိုင်သည် မဟုတ်ပါလား။
အထွတ်အထိပ် အမိန့်တော်၏ အစွမ်းကို မြင်လိုက်ရချိန်တွင် ကျန်းမင် တစ်ယောက် ထိတ်လန့်တကြား ခုန်ထလုနီးပါး ဖြစ်သွားသည်။
[အထွတ်အထိပ် အမိန့်တော် - ကံကြမ္မာကို ကျော်လွန်သွားခဲ့သော ပုဂ္ဂိုလ် တစ်ဦးမှ အထွတ်အထိပ် စေတီတစ်ဆူကို ဖန်တီးခဲ့ပြီး မတူညီသော အထွတ်အထိပ် အမိန့်တော်များ လောက အနှံ့အပြားသို့ ဖြန့်ဝေခဲ့သည်။ ၎င်းကို ရရှိရန် ကံကောင်းသူများမှာ စေတီထဲသို့ ဝင်ရောက်၍ စမ်းသပ်မှုများကို ခံယူနိုင်ပြီး သူ့ အမွေအနှစ်များ သို့မဟုတ် အခြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ မှတ်ချက် - ဤအရာအား သွေးတစ်စက်ဖြင့်သာ အသက်သွင်းနိုင်သည်]
"ကံကြမ္မာကို ကျော်လွန်သွားတဲ့ ပုဂ္ဂိုလ် ဟုတ်လား... စနစ်... ဘယ်လောက် ကျင့်ကြံခြင်း အဆင့်ရောက်မှ ကံကြမ္မာကို ကျော်လွန်နိုင်တာလဲ"
သို့သော် စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။
ကျန်းမင် တစ်ယောက် ဦးရေပြားတစ်ခုလုံး ကျဉ်တက်သွားသလို ခံစားလိုက်ရ၏။
"ကံကြမ္မာကို ကျော်လွန်ပြီး လောက တစ်ခွင်လုံးကို အမိန့်တော်တွေ ဖြန့်ဝေခဲ့တယ်... ဒီလို အရာတွေကို လုပ်နိုင်ဖို့ သူက ဘယ်လို ကြောက်မက်ဖွယ် အဆင့်မျိုး ဖြစ်နေမလဲ"
သူက ထိုအကြောင်းကို ဆက်မတွေးတော့ရန် စိတ်ကို ထိန်းချုပ်ပြီး တည်ငြိမ်အောင် ထားလိုက်သည်။
ထို့နောက် ဆုလာဘ်များထဲမှ တစ်ခုတည်းသော အထူးစွမ်းရည်ဆီသို့ အကြည့် လွှဲလိုက်၏။
[စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ် - ဤအထူးစွမ်းရည်ကို ကျွမ်းကျင်ပြီးနောက် ဝိညာဉ် ပစ္စည်းများ၏ ကြီးထွားနှုန်းကို မြှင့်တင်နိုင်သည်]
"ဒီလို အထူးစွမ်းရည်မျိုး တကယ်ကြီး ရှိနေတာလား"
ကျန်းမင်၏ မျက်လုံးများ တောက်ပသွားတော့သည်။
လက်ရှိ သူစိုက်ပျိုးထားသော ဝိညာဉ် အပင်များထဲတွင် အလယ်အလတ် အဆင့်များမှာ အနည်းဆုံး ဆယ်နှစ် ကြာမြင့်မည် ဖြစ်ပြီး အဆင့်မြင့် အပင်များမှာမူ ရင့်မှည့်ရန် အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်မည် ဖြစ်သည်။
သူ ရိတ်သိမ်းနိုင်ရန် အချိန်အကြာကြီး စောင့်ဆိုင်းရဦးမည်ပင်။ အကယ်၍ သူသာ စွန့်စားချင်စိတ် မရှိခဲ့ပါက အနိမ့်ဆုံး အဆင့် ဝိညာဉ် ဆေးပင်များကိုသာ အကုန်လုံး စိုက်ပျိုးခဲ့ပေလိမ့်မည်။
စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ်၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် သူ ထိတ်လန့်သွား၏။
ဤအထူးစွမ်းရည်တွင် အဆင့်သုံးဆင့် ပါဝင်သည်။ ပထမ အဆင့်တွင် ကြီးထွားနှုန်းကို ဆယ်ဆ မြှင့်တင်ပေးနိုင်သည်။ ဒုတိယ အဆင့်တွင် အဆ တစ်ရာ မြှင့်တင်ပေးနိုင်ပြီး တတိယ အဆင့်တွင်တော့ အဆ တစ်ထောင်အထိ မြှင့်တင်ပေးနိုင်လေသည်။
"ဘုရားရေ..."
ကျန်းမင် အာမေဋိတ်သံ ထွက်ပေါ်သွားသည်။
သို့သော် ဤအထူးစွမ်းရည်တွင် အားနည်းချက်များလည်း ရှိနေ၏။ ပထမ အချက်မှာ ဝိညာဉ်အပင် တစ်ပင်ပေါ်တွင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဒုတိယ အချက်မှာ လည်ပတ်နိုင်ရန် တစ်စုံတစ်ရာ၏ အထောက်အကူ လိုအပ်ခြင်းပင်။
"လောကကြီးက တကယ်ကို ကျယ်ပြောပြီး အံ့ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာပဲ... ဒီလို အထူးစွမ်းရည်မျိုးကို ဖန်တီးနိုင်တဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး... ဒါက ငါ့အတွက်တော့ ကွက်တိပဲ"
ကျန်းမင်က ကုတင်ပေါ်မှ ဆင်း၍ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
ပိုအရေးကြီးသည့် အလုပ်တစ်ခု ရှိနေသေးသောကြောင့် ထိုအထူးစွမ်းရည်ကို ခဏတာ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။
သူက လက်ဖဝါးကို လှန်လိုက်ရာ အမိန့်တော် တစ်ခု ထွက်ပေါ်လာ၏။
ထိုအမိန့်တော်မှာ ရွှေရောင် တောက်ပနေပြီး ၎င်းပေါ်တွင် အထွတ်အထိပ် ဟူသော စာလုံးကို ထွင်းထုထားသည်။ ထိုအချက်မှလွဲ၍ အခြား အမိန့်တော်များနှင့် ဘာမှ ထူးထူးခြားခြား ကွာခြားမှု မရှိပေ။
၎င်းကို ချီစွမ်းအင်ဖြင့် အသက်မသွင်းနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်လည်း ဖျက်ဆီး၍ မရချေ။ ထိုသည်မှာ ဖျက်ဆီး၍ မရသော ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသည့် အမိန့်တော် တစ်ခုပင် ဖြစ်သည်။
အချိန်အတော်ကြာ တွေးတောပြီးနောက် ကျန်းမင်က သွေးတစ်စက် ချလိုက်သော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ။
သူက ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သောကြောင့် သူ့ ဆုံးဖြတ်ချက်အပေါ် နောင်တရမည် မဟုတ်ချေ။
ချီစွမ်းအင်ကို အသုံးပြု၍ ၎င်းအား အသက်သွင်းလိုက်ရာ နောက်တစ်စက္ကန့်တွင် အမိန့်တော်ထံမှ ပြင်းထန်သော စုပ်ယူမှု အားတစ်ခု ထွက်ပေါ်လာပြီး သူ့အား အတွင်းသို့ စုပ်ယူသွားတော့သည်။
သူ နောက်ဆုံး အနေအထားကို ပြန်လည် ထိန်းချုပ်နိုင်ချိန်တွင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်၏။ သူက တစ်ခါမှ မရောက်ဖူးသော တောင်ကြား တစ်ခုထဲတွင် ရောက်နေပုံရသည်။ သူ ရှေ့သို့ လှမ်းကြည့်လိုက်သော်လည်း သူ့ အမြင်အာရုံထဲတွင် ကျယ်ပြောသော တောင်တန်းကြီးများမှလွဲ၍ ဘာမှ မရှိပေ။
ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်သော်လည်း ဘာမှ ပြောင်းလဲသွားခြင်း မရှိ။ လူသားလမ်းစဉ် မှတ်တမ်းကိုလည်း ဖွင့်၍ ရနေဆဲပင်။
ကျန်းမင် တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချနေစဉ်မှာပင် ခန့်ညား ထည်ဝါသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
[ကျန်းမင်... ထျန်းယွမ် လောကမှ ကံတရား၏ မျက်နှာသာပေးမှုကို ခံရသော လူသား... စမ်းသပ်မှုများကို ခံယူရန် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ။ စမ်းသပ်မှု သုံးခု ရှိမည်။ ထိုစမ်းသပ်မှု အားလုံးကို အောင်မြင်ပြီးမှသာ အထွတ်အထိပ် စေတီ၏ အစစ်အမှန် ရုပ်သွင်ကို မြင်တွေ့ရလိမ့်မည်။ တကယ်လို့ ကျရှုံးခဲ့လျှင် ဤနေရာနှင့် ပတ်သက်သော မှတ်ဉာဏ်များ ဖယ်ရှားခံရမည် ဖြစ်ပြီး ရောက်လာခဲ့သော နေရာသို့ ပြန်ပို့ခံရမည်။ တစ်ချိန်တည်းမှာပင် အထွတ်အထိပ် အမိန့်တော်သည်လည်း ပျောက်ကွယ်သွားလိမ့်မည်]
[မှတ်ချက် - အလယ်အလတ် အဆင့် တာအိုလက်နက် အထက်ရှိ မည်သည့် အထူးစွမ်းရည် သို့မဟုတ် လက်နက်ကိုမျှ အသုံးပြုခွင့် မပြု]
[မှတ်ချက် - ဤနေရာတွင် မည်မျှပင် ကြာအောင် နေထိုင်ရပါစေ ယခင် ရှိနေခဲ့သော လောကတွင် တစ်နာရီသာ ကုန်ဆုံးသွားလိမ့်မည်]
[မှတ်ချက် - ပထမ စမ်းသပ်မှုကို စက္ကန့် (၃၀)အတွင်း စတင်မည်]
ထိုနတ်ဘုရား အသံမှာ သူ့နားဘေးတွင် ကပ်ပြောနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ထိုအသံက သူ့ခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခြင်း ဖြစ်သည်။
"စမ်းသပ်မှုတွေ ရှိတယ် ဟုတ်လား... ပြီးတော့ ငါနေတဲ့ လောကနာမည်က ထျန်းယွမ်လောက တဲ့လား"
ကျန်းမင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ထွက်ပေါ်လာ၏။
အချိန်များ ကုန်လွန်သွားပြီးနောက် သူနှင့် မိုင်တစ်ထောင်ခန့် အကွာတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်ပင်။ သူ့ ဆံပင်ရှည်များကို နောက်ဘက်တွင် သေသပ်စွာ စည်းနှောင်ထားပြီး မျက်လုံးများက စူးရှကာ ထင်းနေသော မျက်နှာပေါက် ရှိသည်။
သူက ကျန်းမင်ဆီသို့ လျှောက်လာရင်း ပြောလိုက်၏။
"ငါက မင်းနဲ့ အဆင့်တူတူပဲ... ငါ လေ့ကျင့်ထားတာက ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ပဲ"
"ဓာတ်ကြီးငါးပါး မဟာ ကြိတ်ဆုံ"
စကားဆုံးသည်နှင့် သူက ကျန်းမင်ဆီသို့ တိုက်ရိုက် တိုက်ခိုက်လာတော့သည်။
"သူက ရုပ်သေးရုပ် မဟုတ်ဘူးပဲ" ကျန်းမင်က ရေရွတ်လိုက်သည်။ "အင်း... ဒါက ခက်ခဲတော့မှာပဲ"
ထိုလူငယ်က ကျန်းမင်နှင့် အဆင့်တူသော်လည်း ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ကို ကျွမ်းကျင်ထားနှင့်ပြီး ဖြစ်သည်။ ထျန်းယွမ် လောကတွင် ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ကို ကျွမ်းကျင်နိုင်သူ အလွန် နည်းပါးလှ၏။ တစ်နည်းအားဖြင့် သူ့ရှေ့ရှိ လူငယ်ကို လျှော့တွက်၍ မရနိုင်ကြောင်း ပေါ်လွင်နေသည်။
ကျန်းမင် တစ်ယောက် ထိုလူငယ်ကို မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားနေစဉ်မှာပင် ထိုလူငယ်က ဓာတ်ကြီးငါးပါး စွမ်းအား စီးကြောင်းကြီးဖြင့် သူ့အား ဝါးမြိုသွားပြီး ကြိတ်ဆုံတစ်ခုပမာ ဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားလာတော့သည်။
"ဒီအထူးစွမ်းရည်က ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တော်နဲ့ သစ်သားနဂါးထက်တောင် ပိုအစွမ်းထက်သေးတယ်... ဒါ့အပြင် သူက ဒီအထူးစွမ်းရည်ကို အပြည့်အဝ ကျွမ်းကျင်တဲ့ အဆင့်အထိ ရောက်နေပြီ... ထျန်းစစ်တောင် ဒီတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"
ကျန်းမင်က ခဏတာ စဉ်းစားပြီးနောက် ဓာတ်ကြီးငါးပါး မဟာ ကြိတ်ဆုံဆီသို့ လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
သူ့ချီစွမ်းအင်များက သွေးကြောများထဲ စီးဆင်းသွားပြီး ခွန်အား အားလုံးကို လက်သီးပေါ်သို့ စုစည်းလိုက်၏။ သူက လူငယ်ဆီသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးသွင်းကာ ချေမှုန်းပစ်လိုက်သည်။
"ပထမ စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် ကျန်းမင်ကို ဂုဏ်ပြုပါတယ်"
ထိုအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး သူ့ ပတ်ဝန်းကျင်မှာ မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားတော့သည်။ သူ့ပတ်လည်တွင် အလင်းရောင်များ လင်းလက်လာပြီးနောက် လှေကားထစ် တစ်ခု၏ အစွန်းတစ်ဖက်တွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
သူ ခေါင်းမော့ကြည့်လိုက်သည်။ လှေကားထစ်များကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး လေဟာပြင်ထဲသို့ ဆန့်တန်းနေကာ စုစုပေါင်း အထစ် (၁၀၀)ရှိလေသည်။
"ကျန်းမင်... ဒါက မင်းရဲ့ ဒုတိယ စမ်းသပ်မှုပဲ... မင်း ဒီကောင်းကင် လှေကားကို တက်လှမ်းရမယ်... အပေါ်ဆုံးကို ရောက်တာက စမ်းသပ်မှုကို အောင်မြင်တာ ဖြစ်ပြီး ပြုတ်ကျသွားတာကတော့ ကျရှုံးတာပဲ" အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ကျန်းမင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွား၏။
"ကောင်းကင် လှေကားကို တက်ရမယ် ဟုတ်လား"
သူ စဉ်းစားနေရင်း ပထမဆုံး လှေကားထစ်ပေါ်သို့ ခြေချလိုက်မိသည်။ ရုတ်တရက် ကြီးမားသော အလေးချိန် တစ်ခုက သူ့အား ဖိနှိပ်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ့နှလုံးသားပေါ်တွင် ကျောက်တုံးကြီး တစ်တုံး ဖိတင်ထားသလိုပင်။
"ဒီစမ်းသပ်မှုက ငါ့ရဲ့ စိတ်စွမ်းအားကို စမ်းသပ်မှာလား" ကျန်းမင် ခန့်မှန်းလိုက်သည်။
သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်တိုင်း နှလုံးသားပေါ်ရှိ အလေးချိန်က ပိုပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်မှာလည်း ပို၍ လေးလံလာသည်။
သို့သော် သူ့တွင် ခိုင်မာသော စိတ်စွမ်းအား ရှိသောကြောင့် သူ့အား သိပ်ပြီး သက်ရောက်မှု မရှိလှပေ။
ချူယန် တောင်ထွတ်တွင် နေထိုင်စဉ်က သူက ပျင်းရိပြီး စိတ်ဓာတ် ပျော့ညံ့ပုံ ပေါ်ကောင်း ပေါ်နိုင်သော်လည်း တာအိုတစ်ခုကို နားလည် သဘောပေါက်ချိန်တိုင်း အပြည့်အဝ ကျွမ်းကျင်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်သည်။ ထိုသည်ကပင် သူ့ စိတ်စွမ်းအားကို သန့်စင်ပြီး ပိုခိုင်မာလာစေသည့် လေ့ကျင့်မှု တစ်မျိုးဟု ဆိုရပေမည်။
ထို့ကြောင့် သူ့တွင် တခြားသူများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခိုင်မာသော စိတ်စွမ်းအား ရှိနေခဲ့၏။
မကြာမီမှာပင် သူက (၈၉)ထစ်မြောက် လှေကားထစ်သို့ ရောက်ရှိလာခဲ့လေပြီ။
သူ့ခြေထောက်များ ထိုလှေကားထစ်ပေါ် ကျရောက်သွားသည်နှင့် သူ့နှလုံးသားထဲတွင် တစ်စုံတစ်ရာ မြည်ဟည်းသွား၏။ နတ်ဘုရား တောင်ထွတ် တစ်ခု ပြုတ်ကျလာပြီး သူ့အပေါ်သို့ ပြင်းထန်သော ဖိအားများ သက်ရောက်လာကာ သူ့စိတ်စွမ်းအားကို ချေမှုန်းပစ်ရန် အစွမ်းကုန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ အထစ် (၉၀)သို့ ရောက်ရှိသွားချိန်တွင် ထိုအနိုင်ယူမရသော ဖိအားကြီးက အလင်းဓား တစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ကောင်းကင်ကို ဖြတ်သန်း ပျံသန်းလာပြီး သူ့ အသိစိတ်ပင်လယ်ဆီသို့ တည့်မတ်စွာ ဝင်ရောက်လာ၏။
"ဒီတိုက်ခိုက်မှုက အထွတ်အထိပ် မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုလောက်ကို ပြင်းထန်တာပဲ" ကျန်းမင် အာမေဋိတ်သံ ထွက်သွားသည်။
အလင်းဓား ကျရောက်လာသော်လည်း သူ့ အသိစိတ်ပင်လယ်ကိုတော့ ဘာမှ မလုပ်နိုင်ခဲ့ချေ။
ကျန်းမင်က လှေကားထစ်များကို ဆက်လက် တက်လှမ်းနေသည်။
(၉၁)ထစ်မြောက်တွင် အလင်းဓားက နှစ်လက် အဖြစ် ကွဲထွက်သွား၏။
(၉၈)ထစ်မြောက်တွင်တော့ အလင်းဓားက ကိုးလက် အထိ ကွဲထွက်သွားပြီး ဓားတစ်လက်စီတိုင်း၏ တိုက်ခိုက်မှုမှာ မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှနေလေသည်။
ကျန်းမင် တစ်ယောက် ခဏတာ ကြောင်အသွားသည်။ သို့သော် သူ အလျင်အမြန် စိတ်တည်ငြိမ်သွားပြီး လှေကားများကို ဆက်လက် တက်လှမ်းလိုက်၏။
ဘုန်း...
အလင်းဓားများက ပို၍ အစွမ်းထက်လာပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုအရာက သူ တစ်ခါမှ မမြင်ဖူးခဲ့သော မြင်ကွင်းမျိုးပင်။ အလင်းဓား အဆက်မပြတ် ရွာသွန်းမှုကြီးက သူ့ အသိစိတ်ပင်လယ်ဆီသို့ ဒုန်းစိုင်း ပြေးဝင်လာတော့သည်။
"ဒါက မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှနေတာပဲ"
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ပေ။ ယင်းအစား သူ့ စိတ်ထဲသို့ တိုက်ရိုက် ဦးတည်နေသော တိုက်ခိုက်မှု ဖြစ်သည်။
အပေါ်ဆုံးသို့ ရောက်ချိန်တွင် ကျန်းမင် ရပ်တန့်လိုက်ရာ သူ ခံစားနေရသော ဖိအားများလည်း ပျောက်ကွယ်သွားလေပြီ။
သူ့ စိတ်ထဲတွင်လည်း ဖုန်မှုန့် တစ်လွှာကို သုတ်သင်လိုက်သကဲ့သို့ ရုတ်တရက် လင်းထိန်သွားသည်။ သူက ကောင်းကင်နှင့် မြေကြီးအကြား ပိုသဟဇာတ ဖြစ်လာသလို ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ဉာဏ်အလင်းပွင့် လက်ဖက်ရည် သောက်သုံးနေရသကဲ့သို့ ခံစားနေရသည်။
ဤသည်မှာ စမ်းသပ်မှု တစ်ခု ဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်ကြောင်း သူ သိလိုက်သည်။
ရုတ်တရက် သူ တစ်စုံတစ်ရာကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
သူ့ရှေ့တွင် ကြီးမားသော စင်မြင့်ကြီး တစ်ခု ရှိနေပြီး ထိုစင်မြင့်ထက်တွင် ကျောက်တိုင် တစ်တိုင် မတ်မတ် ရပ်တည်နေ၏။ ၎င်းပေါ်တွင် ကြယ်များကဲ့သို့ ထင်မှတ်ရသော မရေမတွက်နိုင်သည့် မျဉ်းကြောင်းများနှင့် အလင်းစက်များ ပါရှိသည်။
"ဒုတိယ စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် ကျန်းမင်ကို ဂုဏ်ပြုပါတယ်"
"အခု တတိယ စမ်းသပ်မှုကို ဆက်သွားပါ... မင်းရှေ့မှာ ရှိနေတာက ချီစွမ်းအင် သန်းချီ ကျောက်တိုင်ပဲ... မင်းက သုံးရက် အတွင်းမှာ အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ရလိမ့်မယ်"
ညွှန်ကြားချက်များ ပေးပြီးနောက် ထိုအသံ ပျောက်ကွယ်သွားတော့သည်။
ကျန်းမင်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွား၏။
"ငါက သုံးရက် အတွင်းမှာ အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ရမယ် ဟုတ်လား"
အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ဖို့ နေနေသာသာ သင်ယူဖို့ပင် သုံးရက်ထက် ပိုကြာမြင့်သည် မဟုတ်ပါလား။
"ပထမ စမ်းသပ်မှုက တိုက်ခိုက်ရေး စွမ်းရည်နဲ့ ပတ်သက်ပြီး ထျန်းစစ်လို ပါရမီရှင်မျိုးမှ အောင်မြင်နိုင်ဖို့ အခွင့်အရေး ရှိတာ... ဒုတိယ စမ်းသပ်မှုက စိတ်စွမ်းအားနဲ့ ပတ်သက်ပြီး မူလဝိညာဉ် အဆင့်က လူမှသာ အောင်မြင်နိုင်တာ... တတိယ စမ်းသပ်မှုက ဉာဏ်ပညာနဲ့ ပတ်သက်တာပဲ... အလွန် ဉာဏ်ကောင်းတဲ့သူ မဟုတ်ရင် ဘယ်သူကများ အောင်မြင်နိုင်မှာလဲ"
ကျန်းမင် ခေါင်းခါယမ်းလိုက်သည်။
တိုက်ခိုက်ရေး စွမ်းရည်၊ စိတ်စွမ်းအားနှင့် ဉာဏ်ပညာ... ဤအရာ သုံးခုက သက်ရှိ တစ်ဦး၏ မွေးရာပါ စွမ်းရည်ကို ကိုယ်စားပြုနေပြီး ဉာဏ်ပညာမှာ ကျန်နှစ်ခုထက် ပို၍ အရေးကြီးကြောင်း သိသာထင်ရှားနေသည်။
မည်သို့ဖြစ်စေ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန် အထူးစွမ်းရည်များကို ပိုကျွမ်းကျင်အောင် လေ့ကျင့်လိုက်ရုံသာ။ စိတ်စွမ်းအားကိုလည်း ကျင့်ကြံမြှင့်တင်၍ ရနိုင်သေး၏။ သို့သော် ဉာဏ်ပညာမှာကော...
ပြင်ပစွမ်းအား၏ အကူအညီဖြင့် တစ်စုံတစ်ယောက်၏ ဉာဏ်ပညာကို မြှင့်တင်ရန် ဆိုသည်မှာ နီးပါး မဖြစ်နိုင်သောအရာပင်။
"သုံးရက်တဲ့လား..."
ကျန်းမင်က လျှောက်သွားပြီး ကျောက်တိုင်ရှေ့တွင် ထိုင်ချလိုက်သည်။ သူ ဉာဏ်အလင်းပွင့် လက်ဖက်ရွက် တစ်ချပ်ကို ထုတ်ယူချင်သော်လည်း မည်မျှပင် ကြိုးစားပါစေ ထုတ်ယူ၍ မရနိုင်ခဲ့ပေ။
"ဒီစွမ်းရည်က..."
သူ့ကျောရိုး တစ်လျှောက် စိမ့်ခနဲ အေးစက်သွားသလို ခံစားလိုက်ရ၏။
သူ နှစ်ခါ မစဉ်းစားတော့ဘဲ ကျောက်တိုင်ဆီသို့ ခေါင်းလှည့်လိုက်ရာ အတွင်းသို့ စုပ်ယူခံလိုက်ရလေတော့သည်။
End
***