အလင်းစက်များက ကြယ်များ အဖြစ် ပြောင်းလဲသွားပြီး မျဉ်းကြောင်းများက မြစ်များအဖြစ် ပြောင်းလဲသွားကာ ကျယ်ပြောလှသော ကြယ်တာရာ စကြဝဠာကြီး တစ်ခုကို ဖန်တီးလိုက်၏။
ကျန်းမင်လည်း စိတ်ဝင်စားသွားပြီး ထိုအထဲသို့ ကိုယ်တိုင် ဝင်ရောက်ကာ စကြဝဠာ တစ်ခွင် ကူးခတ်သွားလေတော့သည်။ ထို့နောက် အလင်းစက် တစ်ခုစီတိုင်းကို သဘာဝတရား၏ နိယာမများဖြင့် ဖန်တီးထားပြီး မျဉ်းကြောင်း တစ်ခုစီတိုင်းမှာ စည်းမျဉ်းများ၏ သံကြိုးများ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ၎င်းတို့ အားလုံး ပေါင်းစပ်၍ သဘာဝတရားကို ဖန်တီးထားခြင်းပင်။
ထိုအထဲတွင် သစ်သားတာအို၊ မီးတာအိုနှင့် မြေကြီးတာအိုတို့လည်း ပါဝင်ပေသည်။ အနည်းငယ်ကို အမည်တပ်ပြရလျှင် ဓာတ်ကြီးငါးပါး၊ ပျက်စီးခြင်းနှင့် သံသရာ စသည့် တာအိုများကိုပါ သူ မြင်တွေ့ခဲ့ရ၏။
ဤနေရာတွင် အချိန်ကာလ၏ အရိပ်အယောင်များပင် ရှိနေသေးသည်။
ကြီးမားသော ဝမ်းမြောက်မှုနှင့် လွတ်လပ်မှု လှိုင်းတံပိုး တစ်ခုက ကျန်းမင်၏ ဝိညာဉ်ထဲတွင် ပြည့်လျှံလာခဲ့လေပြီ။ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ တာအို၏ အလင်းရောင်များ ပေါက်ကွဲ ထွက်ပေါ်နေ၏။ သူက ပိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန် ဤအံ့ဖွယ် နေရာလပ်ကြီးထဲ ဆက်လက် စူးစမ်း လေ့လာပြီး လှည့်လည် သွားလာချင်စိတ်သာ ရှိတော့သည်။
ရုတ်တရက် အလင်းစက် တစ်ခုက လှုပ်ခတ်သွားပြီး သူ့ရှေ့တွင် လူသား ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
"ညီမလေး..."
ကျန်းမင်၏ မျက်လုံးများ တောက်ပသွားပြီး သူ့မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ သူ ရှေ့သို့ တိုးသွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။
သူ ရှိနေသည်မှာ ချူယန် တောင်ထွတ်တွင် မဟုတ်ပေ။
"ငါက အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ရမှာ... ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်ခံလို့ မဖြစ်ဘူး"
သူ အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ တစ်ခုခုကို သတိပြုမိသွား၏။
အပြင်ပန်းတွင် အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ခြင်းက စမ်းသပ်မှု တစ်ခုဟု ထင်ရသော်လည်း တကယ်တမ်းတွင် တာအို ပင်လယ်ကြီးထဲ အလွန်အမင်း နစ်မြုပ် မသွားစေရန် သူ သတိထားရမည် ဖြစ်သည်။ မဟုတ်ပါက သူ စမ်းသပ်မှုတွင် ကျရှုံးသွားပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ညီမလေးရယ်... နင်က တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ" ကျန်းမင် စိတ်ထဲမှ ရေရွတ်လိုက်သည်။
နေ့တစ်ဝက်ခန့် ကုန်လွန်သွားပြီဟု သူ ထင်မှတ်ရသည်။ ထို့နောက် သူ မျက်လုံးများကို မှိတ်၍ စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ သူ့နောက်ကျောဘက်တွင် သူ့ကိုယ်ပိုင် ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာပြီး အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်စေရန် ကူညီပေးနေသည်။
ရုတ်တရက် သူ လက်ကို လှန်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် မီးတောက် တစ်ခု ထွက်ပေါ်လာ၏။ သူက ၎င်းကို လှံတစ်လက် အသွင် ဖန်တီး၍ လေဟာပြင်ဆီသို့ ပစ်လွှတ်လိုက်သည်။
"မီးအမျိုးအစား အထူးစွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ပြီး တတိယ စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် ကျန်းမင်ကို ဂုဏ်ပြုပါတယ်"
ထိုအသံက ထွက်ပေါ်လာပြီး ကျန်းမင်၏ အတွေးများထဲမှ လက်တွေ့ဆီ ပြန်လည် ဆွဲခေါ်သွားတော့သည်။
သူ ဘာမှ မလုပ်နိုင်ခင်မှာပင် ပတ်ပတ်လည်ရှိ အရာများ စတင် ပြိုကျ ပျက်စီးသွားပြီး သူ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာချိန်တွင် စင်မြင့် တစ်ခုပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။
သူ ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်၏။ ထိုနေရာမှာ ကျယ်ပြောလှပြီး မည်မျှပင် ဝေးဝေး ကြည့်စေကာမူ သူ့မျက်လုံးထဲတွင် ဘာမှ ရေရေရာရာ မမြင်ရပေ။
"ငါ ဘယ်ရောက်နေတာလဲ"
ထိုအတွေး သူ့စိတ်ထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အသံတစ်သံ ထွက်ပေါ်လာတော့သည်။
"နောက်ဆုံးတော့ အပေါင်းအသင်းသစ် တစ်ယောက် ရောက်လာပြီပဲ"
"ငါတို့ အဖော်သစ် တစ်ယောက် ရပြီဟေ့"
"သူ ဘယ်လောကက လာတာလဲ မသိဘူး... သူ့လောကရဲ့ ထူးခြားချက်တွေက ဘာတွေများ ဖြစ်မလဲ"
"သူ့ပုံစံက မိစ္ဆာ ဒါမှမဟုတ် နတ်ဆိုးနဲ့ မတူဘူး... တစ္ဆေ၊ စုန်းကဝေ ဒါမှမဟုတ် တာအိုလက်နက် တစ်ခု မဟုတ်တာတော့ သေချာတယ်... အာ... သိပြီ... သူက လူသားပဲ... မတူညီတဲ့ လောကအားလုံးရဲ့ သခင်လေးပေါ့"
သူ့ပတ်လည်မှ အသံများကို ကြားနေရသော်လည်း မည်သူ့ကိုမျှ မမြင်ရချေ။
ထိုအချိန်မှာပင် သတင်းအချက်အလက် လှိုင်းတစ်ခုက ကျန်းမင်၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့ကို စုပ်ယူပြီးနောက် အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့လေပြီ။
ဤသည်မှာ အထွတ်အထိပ် စေတီ၏ တတိယမြောက် အတိုင်းအတာ နယ်မြေ ဖြစ်ပြီး ဤနေရာရှိ လူတိုင်းမှာ တာအိုမျိုးစေ့ အဆင့်တွင် ရှိကြသည်။
အလယ်ဗဟိုမှာ စင်မြင့်၏ အနားယူရာ နေရာ ဖြစ်၏။
လူများ အနေဖြင့် ဤနေရာတွင် ထာဝရ နေထိုင်ရန် ရွေးချယ်နိုင်ပြီး ဤနေရာ၌ မည်မျှပင် ကြာအောင် နေထိုင်စေကာမူ ပြင်ပလောကတွင် တစ်နာရီသာ ကုန်ဆုံးမည် ဖြစ်သည်။ သို့သော် အချိန်စီးဆင်းမှုက အသက်ဝိညာဉ်၏ အနှစ်သာရအပေါ် သက်ရောက်မှု ရှိနေဆဲပင်။
တစ်နည်းအားဖြင့် သက်တမ်း ကုန်ဆုံးချိန် ရောက်လာပါက သေဆုံးသွားမည်သာ။
ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း အခြား လောကများမှ ပါရမီရှင်များနှင့် ဆက်သွယ်ခြင်း၊ အသိပညာများ ဖလှယ်ခြင်းတို့ကိုမူ ခွင့်ပြုထားလေသည်။
မူလဝိညာဉ် အဆင့်သို့ တက်လှမ်းပြီးနောက် သူတို့က အထွတ်အထိပ် စေတီ၏ စတုတ္ထမြောက် အတိုင်းအတာ နယ်မြေသို့ သွားရမည် ဖြစ်သည်။ သို့သော် သူတို့ အနေဖြင့် စမ်းသပ်မှု သုံးခုကို ဖြတ်ကျော်ရန် လိုအပ်ဆဲ ဖြစ်ပြီး အကယ်၍ စမ်းသပ်မှုများတွင် ကျရှုံးခဲ့ပါက အထွတ်အထိပ် အမိန့်တော်ကို ပြန်လည် သိမ်းဆည်းခံရမည် ဖြစ်ကာ အထွတ်အထိပ် စေတီနှင့် ပတ်သက်သမျှ အားလုံးကို မေ့လျော့သွားပေလိမ့်မည်။ ထို့အပြင် သူတို့၏ ကိုယ်ပိုင် လောကတွင် အထွတ်အထိပ် စေတီ အကြောင်း ပြောဆိုခြင်းကိုလည်း တားမြစ်ခံရမည် ဖြစ်သည်။
ကျန်းမင်က ခေါင်းလှည့်၍ သူ့ပတ်ဝန်းကျင်ကို စတင် အကဲခတ်ကြည့်လိုက်သည်။
စင်မြင့်၏ ဘယ်ဘက်ခြမ်းတွင် အမြင့်မည်မျှ ရှိမှန်းမသိသော ကောင်းကင် ကျောက်တိုင် (၁၇)တိုင် မတ်မတ် ရပ်တည်နေပြီး ၎င်းတို့၏ ထိပ်ဖျားများကို တိမ်လွှာများ ဖုံးလွှမ်းထားသဖြင့် ရှင်းလင်းစွာ မမြင်ရပေ။ ၎င်းတို့ အားလုံးပေါ်တွင် စကြဝဠာ၏ အခြေခံ နိယာမများနှင့် စည်းမျဉ်းများကို ထွင်းထုထားပြီး အမှတ်များ အသုံးပြု၍ နားလည်အောင် ဖတ်ရှုနိုင်လေသည်။
ပထမ ကောင်းကင် ကျောက်တိုင်မှာ အနီရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး ၎င်းထဲတွင် မီးတာအို အငွေ့အသက်များ စီးဆင်းနေ၏။ ၎င်းမှာ မီး ကောင်းကင် ကျောက်တိုင်ပင်။ ဒုတိယ တစ်တိုင်မှာ မှိန်ဖျော့သော အစိမ်းရောင် အလင်းများ ထွက်ပေါ်နေပြီး ကျန်းမင်က အသက်စွမ်းအင်၏ အငွေ့အသက်ကို မသဲမကွဲ ခံစားနိုင်လေသည်။ ၎င်းမှာ သစ်သား ကောင်းကင် ကျောက်တိုင် ဖြစ်ပေသည်။
ကျန်းမင်က ကျောက်တိုင်များကို ဆက်လက် လေ့လာကြည့်ရာ တစ်တိုင်စီတိုင်းက မတူညီသော တာအို အငွေ့အသက်များကို ကိုယ်စားပြုနေကြောင်း သတိထားမိလိုက်သည်။ ထိုအထဲတွင် သစ်သား၊ မြေကြီး၊ သတ္တု၊ ရေ၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင်၊ အချိန်ကာလ၊ ဟင်းလင်းပြင်၊ သံသရာ၊ ပျက်စီးခြင်း၊ ကံကြမ္မာ၊ အကန့်အသတ်မဲ့၊ ဓားရှည်နှင့် ပုံရိပ်ယောင် ကောင်းကင် ကျောက်တိုင်များ ပါဝင်သည်။
သူ့အနောက်ဘက်တွင်တော့ မဟာတာအို သန်းချီ ပုံကြမ်း ရှိနေပြီး ထိုနေရာမှလည်း အမှတ်များ ရှာဖွေနိုင်သေး၏။
"ဒါက... ငါသာ ဒီနေရာမှာ နေပြီး ကျင့်ကြံမယ် ဆိုရင်..."
ကျန်းမင်၏ နှလုံးခုန်သံများ မြန်ဆန်လာတော့သည်။
သူ ခေါင်းလှည့်၍ ညာဘက်သို့ ကြည့်လိုက်၏။
စင်မြင့် ညာဘက်ခြမ်းတွင် တာအို ကျောက်တိုင် ခုနစ်တိုင် ရှိနေပြီး ၎င်းတို့ အားလုံးပေါ်တွင် မဟာတာအို ပေါင်းစပ်ခြင်း၏ အခြေခံများကို ထွင်းထုထားသည်။ ကောင်းကင် ကျောက်တိုင် (၁၇)တိုင် ကဲ့သို့ပင် ၎င်းတို့မှာလည်း အလွန် မြင့်မားလှပြီး အဆုံးစွန်းကို မမြင်နိုင်ချေ။
ပထမ တာအို ကျောက်တိုင်၏ ပတ်ပတ်လည်တွင် ဓာတ်ကြီးငါးပါး၏ နတ်ဘုရား အလင်းရောင်များ ရှိနေ၏။ ၎င်းမှာ ဓာတ်ကြီးငါးပါး တာအို ကျောက်တိုင်ပင်။ ဒုတိယ ကျောက်တိုင်မှာ ယင်နှင့် ယန် အလင်းရောင်များ ဖုံးလွှမ်းနေပြီး ၎င်းက ယင်ယန် တာအို ကျောက်တိုင် ဖြစ်သည်။ ထိုနေရာတွင် သေခြင်း ရှင်ခြင်း၊ အလင်းနှင့် အမှောင်၊ အစစ်အမှန် ပုံရိပ်ယောင်၊ ဟင်းလင်းပြင်နှင့် အချိန်ကာလ၊ တာအိုများ၏ မူလအစဖြစ်သော ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအို ကျောက်တိုင်များနှင့် အဆုံးစွန်သော မဟာတာအို စသည်ဖြင့် အခြား တာအို ကျောက်တိုင်များလည်း ရှိနေသေးသည်။
"ဘယ်ဘက်မှာက အချိန်ကာလ... ညာဘက်မှာကျတော့ ဟင်းလင်းပြင်၊ အချိန်ကာလနဲ့ ကမ္ဘာဦး ပျက်သုဉ်းခြင်း ဟုတ်လား"
ကျန်းမင် တစ်ယောက် ဘာပြောရမှန်း မသိလောက်အောင် ထိတ်လန့် အံ့အားသင့်သွားတော့သည်။
သူ့စနစ်နှင့် လူသားလမ်းစဉ် မှတ်တမ်း ရှိနေသည့်တိုင် ဤကဲ့သို့ နေရာမျိုး တည်ရှိလိမ့်မည်ဟု တစ်ခါမှ မျှော်လင့် မထားခဲ့ပေ။
၎င်းမှာ သေတတ်သော လောကတွင် ဒဏ္ဍာရီလာ ကောင်းကင် လမ်းစဉ် (၃,၀၀၀)မဟုတ်သော်ငြား လောက၏ နယ်နိမိတ်ကို ကျော်လွန်နေခဲ့လေပြီ။
တစ်ဖက်တွင်တော့ စင်မြင့်တစ်ခုဆီသို့ စောင်းလျားစွာ ဆန့်တန်းနေသော တံတား စင်္ကြံတစ်ခု ရှိနေသည်။ ထိုစင်မြင့် နောက်ပိုင်းတွင်လည်း နောက်ထပ် စင်မြင့်တစ်ခုဆီသို့ ဆက်လက် ဆန့်တန်းနေပြီး ကောင်းကင်၏ အနက်ရှိုင်းဆုံး အပိုင်းထဲ ပျောက်ကွယ်သွားသည် အထိပင်။
၎င်းမှာ ကောင်းကင် တိုက်ခိုက်ရေး စင်မြင့်ပင်။ လူတစ်ယောက် အနေဖြင့် တိုက်ခိုက်ရေး စင်မြင့်ပေါ် တက်လှမ်း၍ တိုက်ပွဲများ ဆင်နွှဲခြင်းဖြင့် အမှတ်များ ရယူနိုင်သည်။
အခြား တစ်ဖက်တွင်တော့ မိုးကုတ်စက်ဝိုင်းဆီသို့ ဆန့်တန်းနေသော ကျောက်စိမ်းဖြူ လှေကားထစ် တစ်ခု ရှိ၏။ ၎င်းမှာ ကောင်းကင် လှေကားပင်။ လူတစ်ယောက် အနေဖြင့် စမ်းသပ်မှုများကို ခံယူရန် လှေကားကို တက်လှမ်းနိုင်ပြီး အမှတ်များ ရယူနိုင်သည်။
သူ လှည့်၍ အနောက်သို့ ပြန်ကြည့်လိုက်သည်။
ထိုနေရာတွင် ကြီးမားသော အစိတ်အပိုင်း အများစုကို အမြင်အာရုံမှ ဖုံးကွယ်ထားသည့် ကောင်းကင် တစ်ခု ရှိနေ၏။ သေးငယ်သော အစိတ်အပိုင်း လေးကိုသာ ကျန်းမင် မြင်တွေ့နိုင်သော်လည်း သူ စမ်းသပ်မှု ခံယူခဲ့သည့် ကျောက်တိုင်ထက် များစွာ ပိုကြီးမားကြောင်း သေချာပေါက် ယုံကြည်နေသည်။
ဤသည်မှာ မဟာတာအို သန်းချီ ပုံကြမ်း ဖြစ်ပြီး ၎င်းကို လေ့လာခြင်းဖြင့်လည်း အမှတ်များ ရရှိနိုင်ပေသည်။
"အံ့မခန်းပဲ" ကျန်းမင် ရေရွတ်လိုက်သည်။
သူ အသက်ပြင်းပြင်း ရှူသွင်း၍ စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် ဘေးသို့ လှမ်းကြည့်လိုက်ရာ ဆိုဖာ အနည်းငယ်နှင့် စားပွဲများကို တွေ့လိုက်ရသည်။
"ဆိုဖာတွေ ဟုတ်လား..." ကျန်းမင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
ဆိုဖာများပေါ်တွင် လူငါးယောက် ထိုင်နေကြသည်။ ၎င်းတို့ထဲမှ သုံးယောက်မှာ အမျိုးသားများ ဖြစ်ပြီး ကျန်နှစ်ယောက်မှာ အမျိုးသမီးများ ဖြစ်၏။ အမျိုးသားများမှာ ရုပ်ရည် ချောမောပြီး ကြီးကျယ် ခမ်းနားသော အငွေ့အသက်များ ရှိကြကာ အမျိုးသမီးများမှာမူ လှပ ကျော့ရှင်းနေကြသည်။
ကျန်းမင် သူတို့ကို ကြည့်နေသည်အား သတိထားမိချိန်တွင် သူတို့က နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိတ်ပြကြသည်။
အနက်ရောင် တိုက်ခိုက်ရေး ဝတ်စုံနှင့် ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ဓားတစ်လက် လွယ်ထားသော လူငယ် တစ်ယောက်က လျှောက်လာကာ အလွန် စိတ်အားထက်သန်သော ဟန်ဖြင့်…
"မင်း အံ့ဩသွားတာလား"
"ဟုတ်တယ်" ကျန်းမင် ခေါင်းညိတ်လိုက်သည်။ "မင်းတို့ အားလုံးက မတူညီတဲ့ လောကတွေကနေ လာကြတာလား"
"အင်းပေါ့"
ဆံပင်တိုနှင့် လူငယ်က ပြန်ဖြေရင်း ကျန်းမင်အား သူတို့နှင့်အတူ ထိုင်ရန် ဖိတ်ခေါ်သည်။
ကျန်းမင်က ဆိုဖာဆီသို့ လျှောက်သွားရင်း အခြား လူအချို့မှာလည်း ထူးခြားနေကြောင်း သတိပြုမိလိုက်သည်။
"ငါတို့ အားလုံးက မတူညီတဲ့ လောကတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ လူမျိုးတွေကနေ လာကြတာ... ပြီးတော့ မတူညီတဲ့ ကျင့်ကြံခြင်း နောက်ခံတွေတောင် ရှိကြသေးတယ်" ဆံပင်တိုနှင့် လူငယ်က ကျန်းမင်အတွက် ဝိုင်နီ တစ်ခွက် ငှဲ့ပေးရင်း ပြောသည်။ ထို့နောက် ဆက်၍...
"လောက အသီးသီးကနေ ဖြတ်ကျော်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ရတာ တကယ့် ရေစက်ပဲ... ညီလေး... ငါ မိတ်ဆက်ပေးပါရစေ... ငါ့နာမည်က လိုဟန် လို့ခေါ်တယ်... ရှင်းဟယ် လောကက လူသား တစ်ယောက်ပေါ့"
"ဂွမ်ရွေ့... ဂွမ်မင် လောကက နတ်မိမယ် တစ်ပါးပဲ..."
"ယဲ့ချင်းရှန်း... ကျန်ထျန်း လောကက လူသား တစ်ယောက်..."
"အော်ရမ်... မဟာ သစ်တော လောကက နတ်သူငယ် မင်းသားလေး..."
"လျူယွမ်... နယ်နိမိတ် ပင်လယ် လောကက အပင် သက်ရှိ တစ်မျိုးပေါ့..."
"မင်းကကော ဘယ်လိုလဲ ညီလေး" ကျန်လူများကို မိတ်ဆက်ပေးပြီးနောက် လိုဟန်က မေးမြန်း၏။
ကျန်ရှိနေသော လူများကလည်း သူ့ အဖြေကို စောင့်ဆိုင်းနေကြသည်။
ကျန်းမင်က နားထောင်နေစဉ် လိုဟန် ပြောသမျှ အားလုံး မှန်ကန်မှု ရှိ၊ မရှိ သိရန် လူသားလမ်းစဉ် မှတ်တမ်းမှ တဆင့် သူတို့၏ အချက်အလက်များကိုလည်း စစ်ဆေးကြည့်လိုက်သည်။
လိုဟန်၊ လူသား၊ ကျား။ သူ့ ခွန်အားက တာအိုမျိုးစေ့ အဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှပြီး ရှင်းဟယ် လောကမှ လာသူ ဖြစ်သည်။
ဆက်ဆံရေး - ၅၅
မွေးရာပါ ပါရမီ - အင်မော်တယ်
အခြေအနေ - လူသား မျိုးနွယ်က မကုန်နိုင်တဲ့ လောကတစ်ခွင်မှာ တကယ်ကို အစွမ်းအထက်ဆုံး မျိုးနွယ်ပဲ။ အခုလည်း နောက်ထပ် တစ်ယောက် ထပ်ရောက်လာပြန်ပြီ။
ကျန်ရှိနေသော လူများ၏ အချက်အလက်များမှာလည်း အော်ရမ်မှလွဲ၍ ခပ်ဆင်ဆင်ပင်။ သူ့နာမည်မှာ အလွန် ရှည်လျားလှသဖြင့် လိုဟန်က ကျန်းမင်အား အမည်အပြည့်အစုံ မပြောခဲ့ခြင်း ဖြစ်သည်။
"အင်း... ငါတို့ အားလုံးက မတူညီတဲ့ လောကတွေက လာကြတာ ဆိုတော့ သူတို့ကို ဘာမှ ဖုံးကွယ်ထားစရာ အကြောင်း မရှိပါဘူး"
ကျန်းမင် တွေးတောပြီးနောက် အပြုံးတစ်ခု ဖန်တီးလိုက်သည်။
"ငါက ထျန်းယွမ် လောကက လာတာ... ကျန်းမင်လို့ ခေါ်လို့ ရတယ်"
"ညီလေးကျန်... ငါတို့ရဲ့ ရေစက်အတွက် ဂုဏ်ပြုလိုက်ကြရအောင်" လိုဟန်က ပြောလိုက်၏။
ကျန်လူများကလည်း သူတို့ ဝိုင်ခွက်များ ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
"ညီလေးကျန်... မင်း ဒီနေရာ အကြောင်း အရင်က ကြားဖူးလား" လိုဟန်က မေးလာ၏။
"ဟင့်အင်း... ကျုပ်က အထွတ်အထိပ် အမိန့်တော်ကို မတော်တဆ ရခဲ့တာ... အသက်သွင်းပြီးတာနဲ့ ဒီကို ရောက်လာတာပဲ" ကျန်းမင်က ခေါင်းခါယမ်းလိုက်သည်။
"ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ… ငါ အထွတ်အထိပ် အမိန့်တော်ကို စောစောစီးစီးကတည်းက ရခဲ့တာ... ဒီကို ပထမဆုံး ရောက်လာတုန်းက ပထမ အထပ်မှာ ရှိနေခဲ့တာ... တတိယ အထပ်ကို ရောက်ဖို့ အချိန် အတော်ကြာယူခဲ့ရတယ်... ပထမ အထပ်မှာ လူတွေ အများကြီးနဲ့ ဆုံခဲ့ဖူးတယ်... သူတို့ အားလုံးကလည်း မတူညီတဲ့ လောကတွေက လာကြတာချည်းပဲ... ပြီးတော့ သူတို့ လောက အသီးသီးမှာ အထွတ်အထိပ် အမိန့်တော်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရှိကြဘူး... အထွတ်အထိပ် အမိန့်တော် အကြောင်း ပိုသိလာလေလေ... ဒီနေရာရဲ့ ပိုင်ရှင်ကို ငါ ပိုလေးစားမိလေလေပဲ" လိုဟန်က ရှင်းပြသည်။
သူက ပထမ အထပ်တွင် လူရာပေါင်းများစွာနှင့် ဆုံတွေ့ခဲ့ဖူးပြီး လောက တစ်ခုစီတွင် လူတစ်ယောက်သာ အထွတ်အထိပ် အမိန့်တော်ကို ရရှိနိုင်ကြောင်းလည်း သတိထားမိခဲ့သည်။ ကံမကောင်းစွာဖြင့် ဒုတိယ အထပ်သို့ ရောက်လာပြီးနောက် သူ ယခင်က သိကျွမ်းခဲ့ဖူးသော လူတစ်ယောက်နှင့်သာ ပြန်လည် ဆုံတွေ့ခဲ့ရ၏။
သူ ရှိနေသော လောကမှာ ဆင့်ကဲပြောင်းလဲမှု နည်းပညာများ ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်းလည်း ကျန်းမင်ကို ပြောပြခဲ့သည်။ နည်းပညာက အရာဝတ္ထု အချို့ကို ကောင်းကင်တွင် ပျံသန်းစေပြီး စကြဝဠာ တစ်ခွင် ခရီးသွားလာနိုင်စေသည်။ လူများ အနေဖြင့် မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာနေသည့်တိုင် မျက်နှာချင်းဆိုင် ဆက်သွယ် ပြောဆိုနိုင်ကြသေး၏။
ဆင့်ကဲ ပြောင်းလဲမှုနှင့် ပတ်သက်၍ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ဆင့်ကဲ ပြောင်းလဲမှုပင်။ နောက်ဆုံးတွင် သူတို့က စကြဝဠာ စွမ်းအားကို ကျင့်ကြံကြပြီး စကြဝဠာ၏ နိယာမများကို နားလည် သဘောပေါက်လာကြမည် ဖြစ်သည်။
"မတူညီတဲ့ လောကတွေမှာ မတူညီတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိပေမဲ့ အားလုံးက တူညီတဲ့ မူလအစကနေ လာကြတာချည်းပဲ" လိုဟန်က နိဂုံးချုပ်လိုက်သည်။
ထို့နောက် တက်ဘလက် တစ်လုံး ထုတ်ယူကာ သူ့ လောကအကြောင်း ကျန်းမင်အား စတင် မိတ်ဆက်ပေးတော့သည်။ ကျန်းမင်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပြီး…
"နောက်ဆုံးတော့... ငါ့ရဲ့ ငြီးငွေ့စရာ ကောင်းတဲ့ နေ့ရက်တွေ အဆုံးသတ်သွားပြီပေါ့"
တက်ဘလက်လေးမှာ သေးငယ်သော်လည်း ၎င်းထဲတွင် လောက တစ်ခုလုံး ပါဝင်နေလေသည်။
"ကံဆိုးတာက ငါတို့ဆီမှာ အင်တာနက်လိုင်း မရှိတာပဲ... ဒါပေမဲ့ စိတ်မပူနဲ့... ငါ ကြိုပြီး အများကြီး ဒေါင်းလုဒ် ဆွဲထားတယ်... ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ၊ ဝတ္ထုတွေနဲ့ တခြား အများကြီး ပါသေးတယ်... ငါလာတဲ့ နေရာက အသိပညာတွေ ပေါများတဲ့ခေတ်လေ" လိုဟန်က ပြုံးဖြီးဖြီးဖြင့် ပြောနေ၏။
"အထွတ်အထိပ် အမိန့်တော်က ငါတို့ အားလုံးကို ဒီနေရာ ခေါ်လာတာ ကျင့်ကြံဖို့ တစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်... ဒါက နယ်စပ်ဖြတ်ကျော် ဖလှယ်ရေး ပလက်ဖောင်း တစ်ခုပဲ... မင်းသာ ဒါကို အသုံးချနိုင်ရင် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်... ဘယ်လိုလဲ... မင်း လိုချင်လား"
သူက ပြောနေရင်း လက်ထဲရှိ တက်ဘလက်လေးကို ဝှေ့ယမ်းပြသည်။
"ဈေးလည်း ပေါတယ်"
ကျန်းမင်လည်း တက်ဘလက်အား ကြည့်ရင်း သူ့လက်များကို ပွတ်သပ်နေမိတော့သည်။
End
***