အထွတ်အထိပ် စေတီထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ကျန်းမင်အတွက် လုံလောက်အောင် ထိတ်လန့်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ဤနေရာက အခြား လောကများမှ လူများနှင့် ဆက်သွယ်ခွင့် ပြုထားခြင်းပင်။
"မိုက်လိုက်တာ... ဒါက နည်းပညာလား" ကျန်းမင် တစ်ယောက် အံ့ဩမှင်တက်သွားသော်လည်း စိတ်ကို တည်ငြိမ်အောင် ထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
"ဒါက ကျင့်ကြံဖို့အတွက် အသုံးမဝင်ဘူး ဆိုပေမဲ့ ငါတို့ ပျင်းတဲ့အချိန် အချိန်ဖြုန်းဖို့တော့ သုံးလို့ရတယ်... ဒါပေမဲ့ ငါနားမလည်တာ တစ်ခုရှိတယ်... ဒီမိန်းကလေးတွေက ဘာလို့ ဒီလောက် အဝတ်အစား နည်းနည်းလေးပဲ ဝတ်ထားကြတာလဲ... သူတို့က လူတွေကို မြှူဆွယ်ဖို့ မိစ္ဆာ ကျင့်စဉ် တစ်ခုခုကိုများ ကျင့်ကြံနေကြတာလား... အဲ့ဒါကို ဖယ်ထားလိုက်ရင်တောင် သူတို့က တကယ် မျက်စိပသာဒ ဖြစ်စရာတော့ ကောင်းသား"
"ဟီးဟီး" လိုဟန်က ရယ်မောလိုက်သည်။
"ဒီအရာကို မင်းတို့ လောကဆီ ယူသွားရင် တန်ဖိုး တစ်ခုခုများ ရှိနိုင်မလား"
"အင်း... ပြောရခက်တယ်" ကျန်းမင်က ပြန်ဖြေ၏။ "ကောင်းကင် လမ်းစဉ်ကို ကျင့်ကြံတဲ့ သူတွေကတော့ ဒါကို သေချာပေါက် သဘောကျမှာ မဟုတ်ဘူး... အားနည်းတဲ့ သူတွေဆီမှာကျတော့လည်း ပိုက်ဆံ သိပ်မရှိဘူးလေ... အစ်ကိုလိုဟန်... ခင်ဗျား ဘာနဲ့ လဲချင်လဲ ဆိုတာပဲ ပြောပါလား"
"ဝိညာဉ် ဆေးလုံးတွေနဲ့ အင်မော်တယ် လက်နက်တွေပေါ့" လိုဟန်က တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြန်ဖြေလာသည်။
"ဒါဆို ဒီဝိညာဉ် ဆေးလုံးကိုကော ဘယ်လိုသဘောရလဲ" ကျန်းမင်က လိုဟန်ထံ ချီစွမ်းအင် ထိန်းသိမ်းခြင်း ဆေးလုံး တစ်လုံး ကမ်းပေးရင်း မေးလိုက်၏။
"မင်း ငါ့ကို နောက်နေတာလား" လိုဟန်၏ မျက်နှာထား တင်းမာသွားသည်။ "ဒီဆေးလုံးထဲမှာ အသက်စွမ်းအင် နည်းနည်းလေးပဲ ပါတာ... ရွှေရောင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ဒါကို လိုချင်မှာ မဟုတ်ဘူး"
"ခင်ဗျားက အရင်နောက်နေတာလေ" ကျန်းမင်က ပြန်ပြောသည်။ "ခင်ဗျား ပစ္စည်းက စားလို့လည်း မရဘူး၊ သောက်လို့လည်း မရဘူး... ကျင့်ကြံခြင်းကိုလည်း အထောက်အကူ မပြုနိုင်ဘူး... အဲ့ဒါကို ဝိညာဉ် ဆေးလုံး ဒါမှမဟုတ် အင်မော်တယ် လက်နက်နဲ့ လဲဖို့တောင် ရဲရဲဝံ့ဝံ့ တောင်းဆိုရဲသေးတယ်ပေါ့... ကျုပ်က ခင်ဗျားအမြင်မှာ အရူးတစ်ယောက်လိုများ ဖြစ်နေလို့လား"
နောက်ဆုံးတွင်တော့ ကျန်းမင် အခြေအနေကို ရိပ်မိသွားလေပြီ။ လိုဟန်က သူ့အား ဤနေရာသို့ အသစ် ရောက်လာသူ ဖြစ်သောကြောင့် သူ တစ်ခါမှ မမြင်ဖူးသည့် အရာတစ်ခုဖြင့် လှည့်စားရန် ကြိုးစားနေခြင်းပင်။
ချောမောလှပသော အမျိုးသမီးများ၏ ဓာတ်ပုံပြခန်းက အပြင်လက်တွေ့မှ အကမယ်များထက် ပို၍ ဆွဲဆောင်မှု ရှိနေမည်လော။
အသက် (၁၈)နှစ်အောက် မကြည့်ရ ရုပ်ရှင်က မိစ္ဆာမလေး တစ်ကောင်ထက် ပိုကောင်းနေမည်လော။
သူ တစ်ခါမှ မမြင်ဖူးသည်တော့ မဟုတ်ပေ။ မည်သို့ဖြစ်စေ သူက လူကြီး တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။
ထို့အပြင် ခွန်အားသာလျှင် အရာရာကို လွှမ်းမိုးနိုင်သော လောကတစ်ခုတွင် တစ်စုံတစ်ယောက်သာ လုံလောက်အောင် အစွမ်းထက်ပါက အမျိုးသမီး အများအပြား ပိုင်ဆိုင်ထားခြင်းက ပြဿနာ တစ်ခု လုံးဝ မဟုတ်တန်ရာ။ နေ့တိုင်း ညစာစားပွဲများ ကျင်းပနိုင်ပြီး ချောမောလှပသော မိန်းမပျိုများစွာက သူ့ရှေ့တွင် ကပြ ဖျော်ဖြေပေးကြပေလိမ့်မည်။
ထို့အပြင် သူ့ လက်ရှိ ဉာဏ်ရည် အဆင့်အတန်းနှင့် ယခင်ဘဝက စုဆောင်းရရှိခဲ့သော ဗဟုသုတများအရ နောက်ထပ် ဆယ်နှစ်ခန့် ကြာလျှင် အဏုမြူဗုံး တစ်လုံးပင် တီထွင်နိုင်ကောင်း တီထွင်နိုင်ပေမည်။ ထိုအချိန်ကျလျှင် ဖျော်ဖြေရေး အတွက် တစ်စုံတစ်ရာ ဖန်တီးခြင်း သို့မဟုတ် ဖျော်ဖြေရေး သီးသန့် ကျွန်းသစ် တစ်ကျွန်း တည်ဆောက်ခြင်းမှာ သူ့အတွက် အလွန် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
သို့သော် ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် ချက်ချင်း ပျောက်ကွယ်သွား၏။ ယခုအခါ သူက ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။ သူ့ ရည်မှန်းချက်မှာ အင်မော်တယ် အဖြစ်သို့ တက်လှမ်းရန် ဖြစ်ရာ ထိုကဲ့သို့ မသင့်တော်သော အရာများကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
"အဟမ်း... အဟမ်း..." လိုဟန်က ရှက်ရွံ့စွာ ပြုံးရင်း ပြောလာသည်။
"ငါက မင်းကို စနောက်နေရုံပါ... ညီလေးကျန်ရယ် စိတ်ထဲ မထားပါနဲ့... မင်းဆီမှာ ရှိသမျှ အရာအားလုံးကို ငါ့ကို ပြပါဦး... ငါ မင်းနဲ့ အပေးအယူ အကြီးကြီး လုပ်မလို့... ငါ့ဆီမှာ မင်းလိုအပ်တဲ့ အရာအားလုံး ရှိတယ်... စားစရာ၊ သောက်စရာ၊ ဂိမ်းတွေ... မင်း သေချာပေါက် ကျေနပ်သွားစေရမယ်"
"ကောင်းပြီလေ" ကျန်းမင်က ပြန်ဖြေလိုက်၏။
သူ့တွင် မခွဲခြားရသေးသော စစ်ပွဲမှ ရရှိသည့် သိမ်းဆည်းရမိ ပစ္စည်းများစွာ ရှိနေသေးသဖြင့် ထိုအရာများ အားလုံးကို ရှင်းလင်းရန် ဤသည်မှာ အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ ထိုအတွေးဖြင့် သူ ဘေးသို့ ထွက်လာပြီး လက်ဖဝါးပေါ်သို့ ချီစွမ်းအင်များ ပို့လွှတ်ကာ လေဟာပြင်ထဲမှ မီတာ (၁၀၀)ခန့် ရှည်လျားသော စားပွဲတစ်လုံးကို ဖန်တီးသည်။
လိုဟန် အံ့အားသင့်သွား၏။ ကျန်းမင်က လေဟာပြင်ထဲမှ စားပွဲတစ်လုံးကို ဖန်တီးနိုင်သောကြောင့် မဟုတ်ဘဲ ကျန်းမင် ကိုယ်တွင်းရှိ အဆုံးအစမရှိ စီးဆင်းနေသော ချီစွမ်းအင်များကို ခံစားလိုက်ရသောကြောင့်ပင်။ သူ့နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် သူ ကောက်ချက် တစ်ခု ချလိုက်သည်။
ကျန်းမင်က အစွမ်းထက်၏။ သူ့ထက် အများကြီး ပို၍ အစွမ်းထက်နေသည်။
သူ့ကိုယ်သူ လွန်ခဲ့သော ခေတ်ပေါင်း ၁၀,၀၀၀ အတွင်း အကြီးကျယ်ဆုံး ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ထားသော်လည်း ကျန်းမင်က သူ့ထက်ပင် ပိုသာလွန်နေသေးသည် မဟုတ်ပါလား။
သူ တစ်ယောက်တည်းသာ မကဘဲ ဂွမ်ရွေ့၊ ယဲ့ချင်းရှန်း၊ အော်ရမ်နှင့် လျူယွမ်တို့ပင်လျှင် ကျန်းမင်ကြောင့် အံ့အားသင့်သွားကြသည်။
ကျန်းမင်က သူတို့ အားလုံးကို ဂရုမစိုက်ပေ။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ပစ္စည်းပုံ အမြောက်အမြား ထွက်ပေါ်လာတော့သည်။
ဤအရာများ အားလုံးမှာ ယင်မိစ္ဆာဂိုဏ်းမှ သူတော်စင် သားတော် မော့လင်း၊ မုလေ့၊ မုရွှေယွင် စသူတို့နှင့် တိုက်ပွဲများမှ သူ ရရှိခဲ့သော သိမ်းဆည်းရမိ ပစ္စည်းများပင်။
၎င်းတို့ထဲမှ အချို့မှာ မူလပိုင်ရှင်များနှင့်အတူ သူ့ ဖျက်ဆီးခြင်းကို ခံလိုက်ရသော်လည်း အများအပြားကို သူ စုဆောင်းနိုင်ခဲ့သေး၏။
ပထမဆုံး ပုံတွင်တော့ မြစိမ်းရောင် ဝိညာဉ် မြက်ပင်များ ကဲ့သို့သော ဝိညာဉ် ဆေးပင်များ ပါဝင်သည်။ ဒုတိယ ပုံတွင် ဆေးလုံးများနှင့် ဆေးရည်များ ပါဝင်ပြီး ပုလင်းပေါင်း တစ်ထောင်ကျော် ရှိကာ အားလုံးကို ၎င်းတို့၏ အသုံးဝင်ပုံများနှင့် လုပ်ဆောင်ချက်များ အလိုက် အမည်တပ်ထားလေသည်။ တတိယ ပုံတွင်တော့ လက်နက်များ၊ တူရိယာများနှင့် တာအို လက်နက် အချို့ ပါဝင်ပြီး အရေအတွက် တစ်သန်း နီးပါးခန့် ရှိသည်။ စတုတ္ထ ပုံမှာတော့ အားလုံးထဲတွင် အကြီးဆုံး ဖြစ်ပြီး ရှားပါးသော ကျောက်တုံးများနှင့် ကျောက်မျက်ရတနာ မျိုးစုံ ပါဝင်သည်။
ချူယန် တောင်ထွတ်တွင် ရှိနေစဉ်က သူ ထုတ်မပြနိုင်ခဲ့သောကြောင့် ဤနေရာတွင် ၎င်းတို့ကို ရှင်းလင်းပစ်ရန် မျှော်လင့်နေခဲ့၏။
လိုဟန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ သူက ဤအရာများ အားလုံးကို သူ့ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ချင်စိတ်များ ပေါ်လာသော်လည်း ကံကောင်းစွာဖြင့် ထိုဆန္ဒကို မျိုသိပ်ထားနိုင်ခဲ့သည်။
"မင်း ဘာလိုချင်လဲ" အော်ရမ်က ဝိညာဉ် ဆေးပင်များကို ကြည့်ရင်း မေးလိုက်သည်။
"ကျုပ် ဝိညာဉ် အရည်တွေ၊ ဝိညာဉ် သလင်းကျောက်တွေ ဒါမှမဟုတ် စွမ်းအင် သလင်းကျောက်တွေ လိုချင်တယ်... ပိုသန့်စင်လေ ပိုကောင်းလေပဲ" ကျန်းမင်က ဖြည်းညှင်းစွာ ပြောဆို၏။ "ဒါပေါ့... ဝိညာဉ် အပင်တွေရဲ့ မျိုးစေ့တွေ ဒါမှမဟုတ် မင်းတို့ လောကက ထူးခြားတဲ့ အရာတွေကိုလည်း လက်ခံပါတယ်"
"ငါ့ဆီမှာ ရှေးဟောင်း စစ်သစ်ပင်ရဲ့ မျိုးစေ့ ရှိတယ်"
အော်ရမ်က ခဏတာ စဉ်းစားပြီးနောက် ပြောလာသည်။ ထို့နောက် အသက်စွမ်းအင်များ ပြည့်လျှံနေသော လက်သီးဆုပ်ခန့် ရှိသည့် စိမ်းပြာရောင် မျိုးစေ့ တစ်စေ့ကို ထုတ်ယူလိုက်၏။
"ငါ ဒီဟာနဲ့ မင်းရဲ့ ဝိညာဉ် ဆေးပင်တွေ အားလုံးကို လဲချင်တယ်"
ကျန်းမင်က မျိုးစေ့ကို တစ်ချက် ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ သို့သော် သူ ဘာမှတော့ မပြောခဲ့ပေ။
"မင်းရဲ့ ဝိညာဉ် ပစ္စည်းတွေ အားလုံးက အဆင့်နိမ့်တွေချည်းပဲ... ဒါပေမဲ့ ဒီရှေးဟောင်း စစ်သစ်ပင်ရဲ့ မျိုးစေ့က မတူဘူး... သူက ရှေးဟောင်း စစ်သစ်ပင် အဖြစ် ကြီးထွားလာနိုင်ပြီး အရမ်း အစွမ်းထက်တယ်" အော်ရမ်က ရှင်းပြသည်။ "ငါ့လောကမှာဆိုရင် ဒါက လူတိုင်း လိုချင်ကြတဲ့ တန်ဖိုးကြီး ရတနာ တစ်ခုပဲ"
"ကျုပ် ပစ္စည်းတွေကလည်း ခင်ဗျား လောကရောက်ရင် တန်ဖိုးကြီး ရတနာတွေ ဖြစ်သွားမှာပါပဲ" ကျန်းမင်က ပြန်ပြောလိုက်၏။
"ခင်ဗျား ပစ္စည်းက အကောင်းဆုံးလို့ မထင်ပါနဲ့... ဒီမှာရှိတဲ့ ပစ္စည်းတွေ အားလုံးက သူ့နည်းသူ့ဟန်နဲ့ ထူးခြားကြပြီး ကျုပ်တို့ ကိုယ်ပိုင် လောကက လူတွေ အမြတ်တနိုး လိုချင်ကြတဲ့ အရာတွေချည်းပဲလို့ ယုံကြည်တယ်"
"ကောင်းပြီလေ... ဒါပေမဲ့ ငါလည်း မျိုးစေ့တွေ လိုချင်တယ်... မင်းဆီမှာ ရှိလား" အော်ရမ်က မေးလိုက်သည်။
"အင်း... တချို့တော့ ရှိတယ်" ကျန်းမင်က ပြုံး၍ ဖြေ၏။
အော်ရမ်ထံတွင် မျိုးစေ့ အမျိုးအစား ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း အားလုံးက အရည်အသွေး မြင့်မားကြသည်။ ဥပမာ အားဖြင့် ပန်းနတ်သမီး သစ်ပင် မျိုးစေ့မှာ ပန်းနတ်သမီးများကို မွေးဖွားပေးနိုင်စွမ်း ရှိလေသည်။
သူက မြစိမ်းရောင် ဝိညာဉ် မြက်ပင်နှင့် မျိုးစေ့ အချို့ကို အော်ရမ်နှင့် အလဲအလှယ် လုပ်လိုက်သည်။
"နတ်သူငယ်တွေက ကမ္ဘာ့သစ်ပင်နဲ့ အမြဲ တွဲနေတတ်တယ်လို့ ဒဏ္ဍာရီ တစ်ခုမှာ ကြားဖူးတယ်... အဲ့ဒီအတွက် မျိုးစေ့ကော ရှိလား" ကျန်းမင် မေးလိုက်၏။
သူ့မေးခွန်းကို ကြားလိုက်ရချိန်တွင် အော်ရမ်၏ မျက်နှာထား တင်းမာသွားသည်။
"ကမ္ဘာ့သစ်ပင်က ငါတို့ရဲ့ မူလအစပဲ" သူက လက်စွပ်ကို ခါပြီး ဘေးသို့ သွားထိုင်နေလိုက်တော့သည်။
"ကျုပ် ရိုင်းစိုင်းသွားတဲ့ အတွက် တောင်းပန်ပါတယ်" ကျန်းမင်က ရှက်ရွံ့စွာ ပြောလိုက်၏။
"မူလအစ ဟုတ်လား... တစ်နည်းအားဖြင့် ကမ္ဘာ့သစ်ပင်က သူတို့ရဲ့ အမေပေါ့လေ... နတ်သူငယ် တွေက ကမ္ဘာ့သစ်ပင်ကနေ မွေးဖွားလာတယ်လို့ ငါ ကြားဖူးတယ်... ကြည့်ရတာ ဒါက ဒဏ္ဍာရီ သက်သက် မဟုတ်ဘူးပဲ..."
ယဲ့ချင်းရှန်းက ကုန်ကြမ်းများ၊ လက်နက်များ၊ တူရိယာများနှင့် တာအို လက်နက် အချို့ကို ရွေးချယ်လိုက်သည်။ သူမက ကျန်းမင်အား နတ်ဘုရား ကျောက်တုံး အခု (၁၀၀)ပေးခဲ့ပြီး ၎င်းတို့မှာ အဆင့်မြင့် ဝိညာဉ် သလင်းကျောက် အခု (၁၀၀)နှင့် ညီမျှလေသည်။
လျူယွမ်က ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဘာမှ မတောင်းဆိုခဲ့ချေ။
"ငါ့ဆီမှာ အလင်းရဲ့ ကောင်းကင်အလင်းရေ တစ်ပုလင်း ရှိတယ်... အဲ့ဒါက မိစ္ဆာ စွမ်းအင်တွေ သန့်စင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို ဆေးကြောပေးကာ အခြေခံ ခိုင်မာစေတယ်" ဂွမ်ရွေ့က ပုလင်း တစ်လုံး ထုတ်ယူရင်း ပြောလိုက်သည်။
အတွင်းရှိ အရည်များမှာ အဖြူရောင် အလင်းတန်းများဖြင့် ရစ်ခွေနေပြီး မြင့်မြတ်မှု အငွေ့အသက်ကို ပေးစွမ်းနေ၏။
"ဒါဆို မင်းက ဘာလိုချင်တာလဲ" ကျန်းမင်က အမူအရာ ကင်းမဲ့စွာ မေးမြန်းသည်။
"ကုန်ကြမ်းတွေ"
ဂွမ်ရွေ့က ကျောက်တုံးများနှင့် ကျောက်မျက်ရတနာ ပုံဆီသို့ လက်ညှိုးထိုးပြလိုက်၏။ သူမ ခေါင်းပေါ်တွင် အလင်းရောင် စက်ဝန်း တစ်ခု ရှိနေပြီး ကျောဘက်တွင်လည်း ကြီးမားသော အတောင်ပံ နှစ်ခု ရှိသည်။ သူမက မေးစေ့ကို အနည်းငယ် မော့၍ ထပ်ပြောလာသည်။
"အားလုံးပဲ"
"ဒါဆို အဲ့ဒါတွေနဲ့ လဲဖို့ ကောင်းကင်အလင်းရေ ဘယ်လောက် ပေးမှာလဲ"
"ကီလိုလီတာ ဆယ်ဂဏန်း"
"ဟက်" ကျန်းမင်က လှောင်ပြုံး ပြုံးလိုက်၏။
လိုဟန်၏ မျက်နှာပေါ်တွင် မဲ့ပြုံး တစ်ခု ထွက်ပေါ်လာပြီး အော်ရမ်က မျက်မှောင်ကြုတ်သွားသည်။ ယဲ့ချင်းရှန်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး လျူယွမ်ကမူ ပြုံးနေ၏။
"ခင်ဗျားကကော ဘာလိုချင်လဲ" ကျန်းမင်က လိုဟန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အားလုံးပဲ" လိုဟန်က ပြန်ဖြေလာ၏။ "ဒီမှာရှိတဲ့ ငါတို့ အားလုံးက ပါရမီရှင်တွေချည်းပဲ... မင်းရဲ့ ပစ္စည်းတွေ အားလုံးက ကောင်းတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပေမဲ့ တကယ်တမ်းကျတော့ ငါတို့အတွက် သိပ်အသုံးမဝင်ဘူး... ငါ အတိအကျတော့ မပြောတော့ဘူး..."
သူ ခဏတာ တုံ့ဆိုင်းသွားသည်။
"ဘာလို့လဲ" ကျန်းမင် မေးလိုက်၏။
ကျန်းမင်က သူမကို လျစ်လျူရှုထားသဖြင့် ဂွမ်ရွေ့၏ အမူအရာ ပြောင်းလဲသွားသည်။ သူမ မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်များ ဖြတ်သန်းသွားပြီး...
"ငါ့ရဲ့ ကောင်းကင်အလင်းရေ ကီလိုလီတာ ဆယ်ဂဏန်းက ဒီအရည်အသွေးနိမ့် ကုန်ကြမ်းတွေနဲ့ လဲဖို့ မလုံလောက်လို့လား"
"အရည်အသွေးနိမ့် ဟုတ်လား" ကျန်းမင်က အေးစက်စက် ပြုံးနေသည်။ သူက ခရမ်းရောင် သတ္တု ရိုင်းတုံး တစ်တုံးကို ကောက်ကိုင်၍...
"ဒါက ဘာလဲဆိုတာ မင်း သိလား... ဒါက ခရမ်းရောင် ကြေးနီ ရိုင်းတုံးပဲ... ဒါကို သန့်စင်ပြီး ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ထက် အများကြီး သာလွန်တဲ့ လက်နက် တစ်ခု အဖြစ် ဖန်တီးလို့ ရတယ်... ဒါတစ်ခုတည်းကတင် မင်းရဲ့ ကောင်းကင်အလင်းရေ ဆိုတာထက် အများကြီး ပိုတန်ဖိုးကြီးတယ်... အော်... ဒါနဲ့ စကားစပ်မိလို့ ပြောရဦးမယ်... ငါတို့ ဒီရောက်နေမှတော့ မင်းရဲ့ ကောင်းကင်အလင်းရေ ဆိုတာ အလင်းရဲ့ စွမ်းအားတွေ ပေါင်းစပ်ထားတဲ့ ဝိညာဉ်ရေ သက်သက် ဆိုတာ မင်းကို ပြောပြလိုက်ပါဦးမယ်"
"ငါ့ရဲ့ ကောင်းကင်အလင်းရေက ငါ့လောကမှာ အထွတ်အမြတ်ထားရတဲ့ ပစ္စည်းတစ်ခုပဲ... သူက မိစ္ဆာ စွမ်းအင်တွေကို သန့်စင်ပေးနိုင်တယ်... အမှောင်ထုကို ဖယ်ရှားပေးနိုင်ပြီး မကောင်းတဲ့ အခြေအနေ အားလုံးကို ရှင်းလင်းပေးနိုင်တယ်... မင်းက ဘယ်လို သတ္တိနဲ့ ဒါကို ဝိညာဉ်ရေ သက်သက်လို့ ပြောရဲတာလဲ"
ဂွမ်ရွေ့ တစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ အမူအရာ ပြောင်းလဲသွားတော့၏။
ကျန်းမင် လက်ထဲတွင် ဝိုင်ခွက် တစ်ခွက် ထွက်ပေါ်လာသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် ရေစီးကြောင်း တစ်ခု ထွက်ပေါ်လာပြီး ခွက်ထဲသို့ ပြည့်လျှံသွား၏။ ထို့နောက် သူ့ လက်ဖဝါးထက် အလင်းရောင်များ တောက်ပလာပြီး ရိုးရိုးရေခွက်က နူးညံ့သော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် ကောင်းကင်အလင်းရေ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"မင်း... မင်းက အလင်းရဲ့ စွမ်းအားကို ကျွမ်းကျင်ထားတာလား"
ဂွမ်ရွေ့ တစ်ယောက် အံ့ဩမှင်တက်သွားသည်။ သူမ ပါးစပ် အကြိမ်ကြိမ် ဟလိုက် ပိတ်လိုက် ဖြစ်သွားသော်လည်း ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။
သူမ၏ ဆံပင်ရှည်များကို ခါထုတ်ပြီး ဘေးသို့ လျှောက်သွားလိုက်သည်။ သူမက ကျန်းမင်ကို ဆက်မကြည့်ချင်တော့သဖြင့် ခေါင်းကို အခြား တစ်ဖက်သို့ လွှဲထားလေပြီ။
ကျန်းမင်က ပခုံးတွန့်ပြလိုက်သည်။ သူ့အတွက်တော့ ဂွမ်ရွေ့က သင်ခန်းစာ ပေးရန် လိုအပ်နေသည့် ကလေးမလေး တစ်ယောက်မျှသာ။ ကံမကောင်းစွာဖြင့် ဤနေရာတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ ထိုသို့သာ မဟုတ်ပါက မာနကြီးသော ထိုမိန်းကလေးအား ကြောက်ရွံ့မှုဖြင့် အော်ဟစ်သွားအောင် သူ လုပ်ပစ်လိုက်မည် ဖြစ်သည်။
***