အောင်ပွဲ မလိုချင်တဲ့ ခေါင်းဆောင် ဆိုတာ မရှိပါဘူး။ အနောက် မြေထဲပင်လယ်ဒေသရဲ့ အကြီးကျယ်ဆုံး ဂရိ မြို့ပြနိုင်ငံကြီး ဖြစ်တဲ့ ဆီရာကျုကို အန်တိုနီးယော့စ် အပြည့်အဝ သိမ်းပိုက်နိုင်ရင် သီအိုနီယာ ပြည်သူတွေတင် မကဘူး၊ ဂရိ ကမ္ဘာကြီး တစ်ခုလုံးကပါ သူ့ကို အာရုံစိုက်လာကြမှာ။ အဲဒီကျရင် ဘယ်သူက သူ့ကို သူလျှိုတစ်ယောက်ရဲ့ အမိန့်နာခံရသူ ဆိုပြီး လှောင်ပြောင်ရဲတော့မလဲ။
ဒါပေမဲ့ သူ့အတွေးတွေကို ရိပ်မိတဲ့ အန်ထရာပိုလစ်က တွန့်ဆုတ်စွာ ပြောလိုက်တယ်။
"အရှင် အန်တိုနီးယော့စ်... ကျွန်တော် မျှော်လင့်တာက... အို မဟုတ်ဘူး... ကျွန်တော် အကြံပြုချင်တာက ပထမ လီဂျင်တပ်မ အနေနဲ့ တောင်ဘက်ကို ဆင်းပြီး ဆီရာကျု နယ်မြေထဲ မဝင်စေချင်ပါဘူး"
"အော်"
အန်တိုနီးယော့စ် သူ့ကို စိုက်ကြည့်လိုက်တယ်။ မကျေနပ်ပေမယ့် စစ္စလီမှာ ကြာကြာနေပြီး ဒီလောက် ကြီးမားတဲ့ ပုန်ကန်မှုကြီး ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အန်ထရာပိုလစ်က ဒီအခြေအနေကို သူ့ထက် ပိုသိမှာ သေချာတယ်။ ဒါကြောင့် နှိမ့်ချစွာ မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"
"ဆီရာကျုတွေမှာ ထူးဆန်းတဲ့ စရိုက် တစ်ခု ရှိတယ်။ ငြိမ်းချမ်းရေး ကာလမှာ ဆိုရင် ရည်မှန်းချက်ကြီးပြီး အာဏာပြင်းတဲ့ နိုင်ငံရေးသမား ဘယ်သူ့ကိုမဆို ငြင်းပယ်ပြီး ဒီမိုကရေစီကို ရွေးချယ်တတ်ကြတယ်။ ဒါပေမဲ့ အန္တရာယ် ကြုံလာပြီ၊ တိုင်းပြည် ပျက်တော့မယ် ဆိုရင်တော့ အာဏာရှင်ကို လိုလိုလားလား ရွေးချယ်ပြီး အာဏာရှင် စနစ်ကို လက်ခံတတ်ကြတယ်..."
အန်ထရာပိုလစ် လေးနက်တဲ့ မျက်နှာထားနဲ့ ဆက်ပြောတယ်။
"ပြီးတော့ နိုင်ငံသားတွေက မာနကြီးကြတယ်။ ဆီရာကျုက စစ္စလီမှာတင် မကဘူး၊ အနောက် မြေထဲပင်လယ် တစ်ခုလုံးမှာ အကြီးဆုံး ဂရိ မြို့ပြနိုင်ငံ ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီကိုး။ ဒါကြောင့် သူတို့ နယ်မြေထဲ နိုင်ငံခြား တပ်မတော် ဝင်လာတာကို အရမ်း ခံစားလွယ်ကြတယ်။ ပုန်ကန်ဖို့ ပြင်ဆင်နေတဲ့ ဆီရာကျု အရာရှိတွေတောင် မြို့ထဲ ဝင်ကူညီဖို့ ကျွန်တော့် တောင်းဆိုချက်ကို ငြင်းခဲ့ကြတယ်။ ပေါ်သွားရင် ပြည်သူတွေက သူတို့ကို မုန်းတီးပြီး ကျွန်တော်တို့ကို သတိထားလာမှာ ကြောက်လို့ တဲ့။
အရှင် အန်တိုနီးယော့စ်... ပထမ လီဂျင်တပ်မသာ ဆီရာကျုနား ရောက်လာရင်၊ ပုန်ကန်နေတဲ့ ဆီရာကျုတွေက ကျွန်တော်တို့ကို စစ်ကူ အဖြစ် မမြင်ဘဲ ရန်သူ အဖြစ် မြင်လာနိုင်တယ်။ ဒိုင်ယွန်နီးစီးယပ်စ် လူတွေက အခွင့်ကောင်း ယူပြီး လှုံ့ဆော်လိုက်ရင်၊ ဒိုင်ယွန်နီးစီးယပ်စ် တပ်ဖွဲ့တွေ အာဏာ ပြန်ရပြီး ကျွန်တော်တို့ကို ဝိုင်းတိုက်လာနိုင်တယ်"
အန်တိုနီးယော့စ် ခဏတာ အတွေးလွန်သွားတယ်။ ဒီမလာခင်ကတည်းက ဆီရာကျု အခြေအနေကို အကြမ်းဖျင်း သိထားပြီးသား။ စီကူရီ မြို့ငယ်လေးလို မဟုတ်ဘဲ လူဦးရေ ၄၀၀,၀၀၀ လောက် ရှိတဲ့ မြို့ကြီး။ အန်ထရာပိုလစ် ပြောတာသာ မှန်ရင်၊ ပထမ လီဂျင်တပ်မက လူထောင်ဂဏန်းနဲ့ အခွင့်ကောင်း ယူပြီး ဝင်တိုက်ရင်တောင် ဆီရာကျု မြို့ကြီးကို သိမ်းပြီး စစ်ပွဲ အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက် အနေနဲ့ သူ့တပ်ဖွဲ့ တစ်ခုလုံး ချေမှုန်းခံရနိုင်တယ်။
စစ်မြေပြင်မှာ တပ်ပျက်တွေကို လိုက်တိုက်နေတဲ့ တပ်သားတွေကို လှမ်းကြည့်လိုက်တယ်။ စစ္စလီမှာ ကမ်းတက်ကတည်းက ၃ ရက်ဆက်တိုက် အသက်နဲ့ ရင်းပြီး တိုက်ခဲ့ကြရတာ။ ဒီနေ့ အောင်ပွဲ ရဖို့ မနည်း ကြိုးစားခဲ့ရတာ။ လီဂျင်တပ်မှူး တစ်ယောက် အနေနဲ့ သူတို့ကို အောင်နိုင်သူ အနေနဲ့ ဂုဏ်ပြုခံရတာကိုပဲ မြင်ချင်တယ်။ မသိနိုင်တဲ့ အန္တရာယ်တွင်းထဲ တွန်းမပို့ချင်တော့ဘူး...
ဒါကို တွေးမိပြီး အန်တိုနီးယော့စ် ဖြည်းဖြည်းချင်း မေးလိုက်တယ်။
"ခင်ဗျား ဘာအကြံပြုချင်လဲ"
ဒီစကားကို စောင့်နေတဲ့ အန်ထရာပိုလစ် အမြန် ပြောလိုက်တယ်။
"ဆီရာကျု ပုန်ကန်မှု မရပ်တန့်ဘဲ သူတို့ အချင်းချင်း သတ်ဖြတ်ပြီး ဆီရာကျု အင်အား ကုန်ခမ်းသွားတာက သီအိုနီယာနဲ့ စစ္စလီက တခြား မြို့ပြနိုင်ငံတွေ အတွက် အကောင်းဆုံးပါပဲ"
ကာတာနီးယားသားဟောင်း ဖြစ်တဲ့ အန်ထရာပိုလစ်က ဆီရာကျုကို မုန်းတီးကြောင်း ထုတ်ပြရင်း ဆက်ပြောတယ်။
"ဒါကြောင့် ဆီရာကျုက သူတို့ ပြည်တွင်း ပြဿနာ ဖြေရှင်းနေတုန်း၊ ကျွန်တော်တို့က ဒီအချိန်ကို အသုံးချပြီး စီကူရီ၊ ကာတာနီးယား၊ လီယွန်တီနွိုင်းနဲ့..."
မလှမ်းမကမ်းက တောနစ်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောတယ်။
"...ဒီမြို့ပြနိုင်ငံတွေ အားလုံး ပြန်လည် တည်ငြိမ်လာပြီး သီအိုနီယာ သမဂ္ဂနဲ့ တစ်သားတည်း ဖြစ်လာအောင် လုပ်ရမယ်။ ဘုရင်မင်းမြတ်က နောက်ဆုံး စာထဲမှာ ထည့်ရေးထားတယ်။ ကာတာနီးယား လွင်ပြင်က ဆီဘရစ် လွင်ပြင်ထက် ပိုကျယ်ပြီး မြေဆီ ပိုကောင်းလို့ သီအိုနီယာက ဒီဒေသကို တိုက်ရိုက် အုပ်ချုပ်ချင်တယ် တဲ့..."
ဒါကြားတော့ အန်တိုနီးယော့စ် တံတွေး မျိုချလိုက်တယ်။
'ငါက အင်အားကြီး ရန်သူကို ဘယ်လို နိုင်အောင် တိုက်ရမလဲ ဆိုတာပဲ စဉ်းစားနေတုန်း၊ အရှင် ဒါးဗို့စ်က ဒီမြေကို ဘယ်လို ဝါးမြိုရမလဲ ဆိုတာ စဉ်းစားနေပြီလား။ ဒါ အရှင် ဒါးဗို့စ်နဲ့ ငါ့ကြားက ကွာခြားချက်လား'
အံ့သြနေတဲ့ အန်တိုနီးယော့စ်ကို ကြည့်ပြီး အန်ထရာပိုလစ် ကိုယ်ချင်းစာမိတယ်။ သူလည်း စာဖတ်တုန်းက အတူတူပဲ ခံစားခဲ့ရတာ။ သူက ကာတာနီးယားသား ဖြစ်ပြီး ပြည်နှင်ဒဏ်သင့် ကာတာနီးယားတွေ ဆီရာကျုရဲ့ ရုပ်သေး အစိုးရကို ဖြုတ်ချပြီး အိမ်ပြန်နိုင်ဖို့ပဲ အမြဲ မျှော်လင့်ခဲ့တာ။ အင်အားကြီး နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်မှုကို လက်ခံရမယ် လို့ တခါမှ မတွေးဖူးခဲ့ဘူး။ အဲဒီ နိုင်ငံက သူ ပါဝင်နေတဲ့ နိုင်ငံ ဖြစ်နေရင်တောင်မှပေါ့။
ဒါပေမဲ့ ဒါးဗို့စ်ရဲ့ စာနဲ့ အတူ အရစ်စတီးယပ်စ်ရဲ့ စာလည်း ပါတယ်။ အစ်ကို ဖြစ်သူက စာထဲမှာ ရေးထားတယ်။
"ကာတာနီးယားနဲ့ လီယွန်တီနွိုင်းက ဒီစစ်ပွဲမှာ လွတ်လပ်ရေး ရရင်တောင်၊ ဆီရာကျု သို့မဟုတ် ကာသေ့ချ်ကို ရင်ဆိုင်ဖို့ အင်အား နည်းလွန်းတယ်။ အနာဂတ်မှာ အလားတူ ကပ်ဘေးမျိုး ထပ်ကြုံရဦးမှာ သေချာတယ်။ ဒါပေမဲ့ သီအိုနီယာ အုပ်ချုပ်မှုအောက် ရောက်သွားရင် ကာတာနီးယား လုံခြုံရေး အာမခံချက် ရှိသွားမယ်။ ပြီးတော့ သီအိုနီယာရဲ့ လက်ရှိ အစိုးရ စနစ်နဲ့ ဆိုရင် ကာတာနီးယားတွေ ဖိနှိပ်ခံရမှာ ပူစရာ မလိုဘဲ နိုင်ငံရေး အခွင့်အရေးတွေ ပိုရလာလိမ့်မယ်...
ညီလေး... အရေးအကြီးဆုံးက လက်ရှိ စစ်ပွဲ အခြေအနေကို ကြည့်ရင် ဆီရာကျု ရှုံးဖို့ သေချာသလောက် ရှိနေပြီ။ သီအိုနီယာက ပေးဆပ်မှု ကြီးမားပေမယ့် မြေတွေ အများကြီး ရလိမ့်မယ်! ဒါကြောင့် စစ်ပြီးရင် ဘုရင်မင်းမြတ် အတွက် အကြီးမားဆုံး ခေါင်းကိုက်စရာက မြို့တွေ ဘယ်လို ရမလဲ မဟုတ်ဘဲ၊ မက်ဂနာ ဂရိက လွတ်နေတဲ့ မြေတွေမှာ လူတွေ ဘယ်လို ဖြည့်မလဲ ဆိုတာ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကာတာနီးယား လွင်ပြင်ကို သီအိုနီယာတွေ အများကြီး ပြောင်းလာမှာ မဟုတ်ဘူး။ ကာတာနီးယားတွေကပဲ ပိုင်ရှင်အစစ် ဖြစ်နေမှာ ဖြစ်ပြီး သီအိုနီယာ နိုင်ငံရေး လောကမှာ နေရာတချို့ ရလာလိမ့်မယ်။
မင်းက ကာတာနီးယား နိုင်ငံသားဟောင်း၊ အခု သီအိုနီယာ နိုင်ငံသား ဖြစ်နေပြီ။ စစ္စလီမှာ ၆ လကျော် ထိုးဖောက် ဝင်ရောက်ပြီး ပြည်နှင်ဒဏ်သင့်သူတွေရဲ့ လေးစားမှု ရထားတဲ့ သူ တစ်ယောက် အနေနဲ့၊ စစ်ပြီးရင် နိုင်ငံရေးထဲ ဝင်ချင်တယ် ဆိုရင် ကာတာနီးယားကို သီအိုနီယာထဲ ပေါင်းထည့်တဲ့ နေရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်လိမ့်မယ်! မင်း အနာဂတ် ပိုတောက်ပလာလိမ့်မယ်!..."
စာဖတ်ပြီးနောက် အန်ထရာပိုလစ် စိတ်လှုပ်ရှားသွားတယ်။ အန်တိုနီးယော့စ်ရဲ့ လှုံ့ဆော်မှုကြောင့် 'သီအိုနီယာ နိုင်ငံရေးသမား' ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်စိတ် ပထမဆုံး အကြိမ် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ကာတာနီးယား သီအိုနီယာနဲ့ ပေါင်းမှာကို ငြင်းဆန်မယ့်အစား၊ ဖြစ်မြောက်အောင် အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။
"တောင်ဘက်က မြို့တွေကရော"
အန်တိုနီးယော့စ် မကျေနပ်စွာ မေးလိုက်တယ်။
"စစ္စလီ အရှေ့တောင်ဘက်က မြို့ပြနိုင်ငံတွေက ဆီရာကျုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ ဒါကြောင့် ဒိုင်ယွန်နီးစီးယပ်စ် ထောက်ခံတဲ့ အာဏာရှင်ကို ဖြုတ်ချရင်တောင် ဆီရာကျုနဲ့ ဆက်ဆံရေးက သိပ်ပြောင်းလဲမှာ မဟုတ်ဘူး"
အန်ထရာပိုလစ်က ၆ လကြာ လေ့လာထားတာတွေကို ပြန်ပြောပြတယ်။
"ဂီလာနဲ့ အဂရီဂျင်တိုလို တောင်ဘက် မြို့တွေနဲ့ ပတ်သက်လို့ ဘုရင်မင်းမြတ်က ခင်မင် ရင်းနှီးတဲ့ ဆက်ဆံရေးပဲ ထားချင်တယ်။ သီအိုနီယာ သမဂ္ဂထဲ မသွင်းချင်ဘူး။ ကာသေ့ချ်ကို မစိုးရိမ်စေချင်၊ မကျေနပ်မှု မဖြစ်စေချင်လို့ တဲ့..."
အန်တိုနီးယော့စ် ခေါင်းညိတ်လိုက်တယ်။
"ဒါဆိုရင် ငါ့ညီအစ်ကိုတွေကို ကောင်းကောင်း အနားပေးလို့ ရပြီပေါ့"
. . . . . . . . . . . . .
ကိုရင့်သ် ဆိပ်ကမ်း လီခေယွန်မှာ စပါတာ ကွပ်ကဲတဲ့ ပယ်လိုပိုနီးဆန်း မဟာမိတ် တပ်ဖွဲ့ဝင် အမ်မီကလေယန်း တချို့က ဟိုင်ယာဆင်သီယာ ပွဲတော် ကျင်းပဖို့ အိမ်ပြန်နေကြတယ်။
ဒါပေမဲ့ ဒီတပ်သားတွေ ကိုရင့်သ် မြို့ကို ဖြတ်ရမှာမို့၊ ပျော်ရွှင်နေတဲ့ အေဂျီဆီလော့စ်က မဟာမိတ်တွေကို ဂရုစိုက်ကြောင်း ပြတဲ့ အနေနဲ့ စပါတာ လေးလံ လက်နက်ကိုင် ၃၀၀ ကို အစောင့် လိုက်ပို့ခိုင်းတယ်။
စီဆိုင်ယွန် ဆိပ်ကမ်း အထိ လိုက်ပို့ပြီးနောက်၊ အပြန်လမ်းမှာ စပါတာတွေ ပေါ့ဆသွားကြတယ်။ ကိုရင့်သ် မြို့ရိုးနား ဖြတ်တော့ အေသင် ခေါင်းဆောင် အစ်ဖီကရိတ်စ်က အပေါ့စား ခြေလျင်တပ်ကို ဦးဆောင်ပြီး မြို့ထဲက ထွက်လာကာ တိုက်ခိုက်တယ်။
စပါတာ လေးလံ လက်နက်ကိုင်တွေက လူနည်းပေမယ့် မကြောက်ကြဘူး။ မြို့စောင့်တပ်ကို ချေမှုန်းဖို့ အခွင့်ကောင်းပဲ ဆိုပြီး ရန်သူဆီ ဝင်တိုက်ကြတယ်။
ဒါပေမဲ့ အေသင် အပေါ့စား ခြေလျင်တပ်တွေက အနီးကပ် မတိုက်ဘူး။ ပေါ့ပါးမှုကို အခွင့်ကောင်း ယူပြီး အကွာအဝေး ထိန်းကာ လှံတိုတွေနဲ့ အဝေးကနေ ပစ်ခတ် တိုက်ခိုက်ကြတယ်။
စပါတာတွေ အကြိမ်ကြိမ် ဝင်တိုက်ဖို့ ကြိုးစားပေမယ့် အနားမကပ်နိုင်ဘူး။ အဲဒီအစား အားကုန်ပြီး လှံတိုမိုး ရွာတာ ခံရလို့ ရဲဘော်တွေ လဲကျကုန်တယ်။
ဒီလို တိုက်ပွဲပုံစံကြောင့် စပါတာတွေ သူတို့ရဲ့ ရဲရင့်မှုကို အသုံးမချနိုင်ဘူး။ ရဲဘော်တွေရဲ့ ညည်းညူသံတွေက သူတို့ကို နှိပ်စက်နေတယ်။ တစ်နာရီလောက် ကြာတော့ စိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျသွားတယ်။ စစ်မြေပြင်မှာ သေတာ ဂုဏ်ယူစရာ၊ ထွက်ပြေးတာ ရှက်စရာ လို့ မှတ်ယူထားတဲ့ စပါတာတွေ နောက်လှည့် ထွက်ပြေးကုန်ကြတယ်။
ဒါပေမဲ့ သံချပ်ကာ အလေးကြီးတွေနဲ့ အပေါ့စား ခြေလျင်တပ်ကို ဘယ်လို လုပ် ပြေးနိုင်မလဲ။ အေသင်တွေ လက်ချက်နဲ့ အကုန်နီးပါး သေဆုံးကုန်ကြတယ်။
တိုက်ပွဲ ပြီးတော့ အေသင်တွေတောင် မယုံနိုင် ဖြစ်နေကြတယ်။ အစ်ဖီကရိတ်စ်နဲ့ သူ့လူတွေကတော့ ယုံကြည်မှု ပိုတိုးလာကြတယ်။
စပါတာ ဆန့်ကျင်ရေး မဟာမိတ်တွေ ကြားမှာ ဒီအောင်ပွဲ သတင်း ပျံ့သွားတော့၊ ရှုံးမှာ ကြောက်နေတဲ့ ပြည်သူတွေ ဝမ်းသာအားရ အော်ဟစ်ကြတယ်။ တိုက်ပွဲငယ်လေး ဖြစ်ပေမယ့်၊ သေဆုံးသွားတဲ့ လေးလံ လက်နက်ကိုင် ၃၀၀ နီးပါးက စပါတာ နိုင်ငံသား စစ်စစ်တွေလေ။ (တခြား အဆင့်နိမ့် လူတန်းစားတွေ မပါရင် စပါတာမှာ လေ့ကျင့်ထားတဲ့ နိုင်ငံသား ၃,၀၀၀ - ၄,၀၀၀ လောက်ပဲ ရှိတာ)
စပါတာ မဟာမိတ် တပ်တွေဆီ သတင်းရောက်တော့၊ အေဂျီဆီလော့စ်က အောင်နိုင်သူရဲ့ မာနနဲ့ သီးဘီးစ် သံတမန်ကို လက်ခံတွေ့ဆုံပြီး ပြင်းထန်တဲ့ တောင်းဆိုမှုတွေ လုပ်နေတုန်း။ သတင်းကြားတော့ သူ့မာနတွေ ဒေါသ အဖြစ် ပြောင်းလဲသွားပြီး၊ တပ်မတော် တစ်ခုလုံး ဝမ်းနည်းပူဆွေးသွားကြတယ်။
သတင်းကြားတော့ သီးဘီးစ် သံတမန်လည်း စပါတာ စခန်းကနေ အမြန် ထွက်ခွာသွားပြီး၊ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းမှု မလုပ်တော့ဘူး။
ကျဆုံးသွားတဲ့ စစ်သည်တွေ အတွက် လက်စားချေဖို့၊ စပါတာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့ အေဂျီဆီလော့စ် စဉ်းစားနေတုန်း၊ အစ်ဖီကရိတ်စ်က ဒီအောင်ပွဲနဲ့ မကျေနပ်သေးဘူး။ ၂ ရက် ပြင်ဆင်ပြီးနောက် အပေါ့စား ခြေလျင်တပ်ကို ဦးဆောင်၊ အေသင် သင်္ဘောတွေပေါ် တက်၊ ကျွန်းဆွယ် မြောက်ဘက်ကို ကွေ့ပြီး စပါတာတွေ သိမ်းထားတဲ့ ကိုရိုနီယာကို ဝင်တိုက်တယ်။ ဒီနည်းဗျူဟာကိုပဲ သုံးပြီး မြို့စောင့်တပ်ကို အနိုင်တိုက်ကာ ကိုရိုနီယာကို ပြန်သိမ်းပိုက်လိုက်တယ်။
အပိုင်း (၅၆၂) ပြီးဆုံး
***