ဆစ်ချန်ကို မြင်တာနဲ့ ဆောင်ယုက ကြောင်ရှေ့ရောက်နေတဲ့ ကြွက်လို တင်းမာသွားပြီး ကြွက်သားတွေ တောင့်တင်းသွားကာ ရှောင်ဟွေးနဲ့အတူ "အစ်ကိုကြီး" လို့ တောင့်တောင့်ကြီး နှုတ်ဆက်လိုက်တယ်။
ဆစ်ချန်ရဲ့ အကြည့်က သူ့ကို တစ်ချက်ဝေ့ကြည့်သွားပြီး တစ်စက္ကန့်တောင် မကြာခင်မှာပဲ ဆစ်ရှောင်ဟွေးဆီ ပြန်ရောက်သွားတယ်။ အေးစက်စက်နဲ့ "အင်း" လို့ ပြန်ထူးလိုက်တယ်။ ဒါပေမဲ့ ဘယ်သူ့ကို ရည်ရွယ်ပြီး ထူးလိုက်လဲဆိုတာ မသေချာဘူး။
ဆစ်ဝေမင်းကတော့ တူဖြစ်သူကို မြင်တော့ လင်းဖန်ရင်းရဲ့ စကားတွေကြောင့် နေရခက်သွားပြီး သူ့အပေါ် အပြစ်ရှိသလို၊ နေရခက်သလို ခံစားလိုက်ရတယ်။
အခန်းထဲက လူသုံးယောက်လုံး နည်းနည်း အပြစ်ရှိသလို ခံစားနေရတော့ လူနာခန်းထဲက လေထုက ခဏလောက် အေးခဲသွားတယ်။ တိတ်ဆိတ်မှုက ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေတော့ ဆောင်ယုက အသက်တောင် ပြင်းပြင်း မရှူရဲဘူး။
ဒီလောက် အရည်အချင်းရှိတဲ့ ဦးလေးကိုသာ ဖားထားနိုင်ရင် သူ့ဘဝက ကိုယ်ပိုင် နို့လက်ဖက်ရည်ဆိုင်လေးနဲ့ ဖြောင့်ဖြူးသွားမယ်လို့ သူ တွေးထားခဲ့တာ။ ကံမကောင်းတာက သူ့ဦးလေးက ဖားလို့မရတဲ့သူ ဖြစ်နေတော့ ဆောင်ယုမှာ ဘာမှ မတတ်နိုင်ဘဲ အမြင်မခံရအောင် တတ်နိုင်သမျှ ပုန်းကွယ်နေဖို့ ကြိုးစားနေရတယ်။
လူ့လောကထဲ ဝင်ဆံ့လာတာ ဆယ်နှစ်ကျော်ပြီဖြစ်တဲ့ ဆစ်ဝေမင်းက သူ့မျက်နှာထားကို မြန်မြန်ဆန်ဆန်ပဲ ထိန်းချုပ်လိုက်တယ်။ ရှောင်ဟွေးက ဆစ်ချန်ကို ကြောက်နေတာ မြင်တော့ သူက ဝင်ပြောလိုက်တယ်။ "ရှောင်ချန်... ရှောင်ဟွေး ပြဿနာတက်တာ ငါ သေချာ မစီစဉ်နိုင်ခဲ့လို့ပါ။ သူ့ကို အပြစ်မတင်ပါနဲ့"
ဆစ်ချန် မျက်နှာပေါ်မှာ ဘာခံစားချက်မှ မရှိဘဲ အေးစက်စက် ပြန်ဖြေလိုက်တယ်။ "အိမ်ထောင်ပြုတာလည်း သူ့ရွေးချယ်မှုပဲ၊ သူ့ခန္ဓာကိုယ်ကလည်း သူ့ဟာပဲလေ။ သူကိုယ်တိုင်တောင် အလေးအနက် မထားတာ၊ ကျွန်တော်က ဘာလို့ သူ့ကို အပြစ်တင်ရမှာလဲ"
အစ်ကိုကြီး တစ်ယောက် ဖြစ်နေရင်တောင် ဆစ်ချန်က ပွင့်ပွင့်လင်းလင်း ပြောလို့ မကောင်းဘူးလေ။ ခုနက ယွမ်ချိုင်ကျိန်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတဲ့ မျက်နှာထားကနေ ရှောင်ဟွေး ကိုယ်ဝန်ပျက်ကျရတဲ့ အကြောင်းရင်းမှန်ကို သူ အတန်အသင့် ခန့်မှန်းမိပြီးသား။
အခု ရှောင်ဟွေးနဲ့ အရင်းနှီးဆုံး လူတွေ ဒီမှာ ရှိနေမှတော့ သူ ဝင်ပြောစရာ အကြောင်း မရှိဘူး။
"အစ်ကိုကြီးက ညီမလေးကို မချစ်တော့ဘူးလား။ ညီမလေး ဒီလို အခြေအနေ ဖြစ်နေတာတောင် နည်းနည်းလေးမှ စိတ်မပူဘူးလား။ အစ်ကိုကြီးက ညီမလေးရဲ့ အစ်ကိုအရင်းရော ဟုတ်ရဲ့လား။ တူလေးတစ်ယောက် ဆုံးရှုံးသွားတာတောင် အစ်ကိုကြီးက ဒီလောက် သွေးအေးနေတာ၊ အစ်ကိုကြီးမှာ သနားကြင်နာတတ်တဲ့ စိတ်ရော ရှိသေးရဲ့လား" ရှောင်ဟွေးရဲ့ အောက်နှုတ်ခမ်းလေး တုန်ယင်သွားပြီး မျက်ရည်မကျအောင် မနည်း ထိန်းထားရတယ်။
ရိုးရိုးသားသား ပြောရရင် သူ နားမလည်နိုင်ဘူး။ သူက ကိုယ်ကြိုက်တဲ့သူကို ရွေးချယ်လိုက်ရုံလေးပဲ မဟုတ်ဘူးလား။
ဘာလို့ သူ့အစ်ကိုကြီးက သူ့အပေါ် ဒီလောက် အေးစက်နေရတာလဲ။ စိတ်ဆိုးနေရင်တောင် သူ့ကို ဒီလိုအခြေအနေနဲ့ မြင်ရင် နည်းနည်းတော့ သနားသင့်တယ် မဟုတ်ဘူးလား။
ငယ်ငယ်ကတည်းက အတူတူ ဒုက္ခခံခဲ့ကြတဲ့ သူတို့ကြားက သံယောဇဉ်တွေ ဘယ်ရောက်သွားပြီလဲ။
'အစ်ကိုအရင်း' ဆိုတဲ့ စကားကို ကြားလိုက်ရချိန်မှာ ဆစ်ချန်က သဘောမကျစွာနဲ့ ပါးလွှာတဲ့ နှုတ်ခမ်းတွေကို စေ့ပိတ်လိုက်တယ်။ ဒါပေမဲ့ သူက ဆစ်ဝေမင်းကို တစ်ချက်ကြည့်လိုက်ရုံကလွဲပြီး ဘာမှ မပြောဘူး။ အဲဒီအကြည့်ကြောင့် ဆစ်ဝေမင်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ရေခဲကျင်းထဲ ကျသွားသလို ခံစားလိုက်ရတယ်။
အရင်က သံသယလောက်ပဲ ရှိခဲ့ပေမယ့် အခုတော့ သူ တော်တော်လေး သေချာသွားပြီ - ဆစ်ချန် တစ်ခုခုကို သိနေတယ်။
ဆစ်ဝေမင်း ဘေးနားချထားတဲ့ လက်တွေက လက်သီးဆုပ်အဖြစ် တင်းကျပ်သွားတယ်။ ဆစ်ချန်ကို လှမ်းခေါ်မလို့ လုပ်ပေမယ့် အသံတစ်သံမှ ထွက်မလာဘူး ဆိုတာ သူ သိလိုက်ရတယ်။
ထုန်ယောင်နဲ့ ယွမ်ချိုင်ကျိန်းတို့ ဝင်လာချိန်မှာ ဒီမြင်ကွင်းကို အချိန်ကိုက် တွေ့လိုက်ရတယ်။
"ဘာတွေ ဖြစ်နေတာလဲ"
ယွမ်ချိုင်ကျိန်းက တင်းမာနေတဲ့ လေထုကို ဖြိုခွင်းလိုက်တယ်။ ဦးလေးနဲ့ တူကြားက ဆက်ဆံရေး အခြေအနေ မကောင်းတာကို သိထားတော့ သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး အခြေအနေကို ပြေလည်အောင် အရင်ဆုံး စကားစလိုက်တယ်။
"ရှောင်ချန်... အန်တီတို့ ရှောင်ဟွေးကို သေချာ ဂရုမစိုက်နိုင်ခဲ့ဘူး။ သူ့အန်တီ တစ်ယောက်အနေနဲ့ သူ့ကျန်းမာရေး အခြေအနေကို အန်တီ ပေါ့ဆခဲ့မိတယ်။ စိတ်မဆိုးပါနဲ့နော်။ လောလောဆယ်တော့ ရှောင်ဟွေးကို အန်တီပဲ သေချာ ပြုစုပြီး ကျန်းမာရေး ပြန်ကောင်းလာအောင် လုပ်ပေးပါ့မယ်"
"အစ်ကိုကြီး... ကျွန်... ကျွန်တော်လည်း မှားပါတယ်။ ရှောင်ဟွေးကို သေချာ ဂရုမစိုက်နိုင်ခဲ့ဘူး။ အပြစ်တင်ချင်ရင် ကျွန်တော့်ကိုပဲ အပြစ်တင်ပါ။ ဆူချင်၊ ရိုက်ချင်လည်း ရိုက်ပါ၊ ကျွန်တော် ပြန်မခံပါဘူး" ဆောင်ယုက သူ့ရဲ့ ယောက်ျားပီသမှုကို ပြသချင်တဲ့အနေနဲ့ ဝင်ပြောလိုက်တယ်။ ဒါပေမဲ့ ဆစ်ချန်က သူ့ကို လုံးဝ အဖက်မလုပ်ဘူး။
ဆစ်ချန် မျက်နှာထား နည်းနည်း ပြေလျော့သွားပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တချို့ ပေးကာ ထုန်ယောင်နဲ့အတူ လူနာခန်းထဲကနေ ထွက်လာခဲ့တယ်။ လူနာလာမေးသူ တစ်ယောက်ရဲ့ တာဝန်ကို သူ ကျေပွန်ခဲ့ပေမယ့် သူ့ရဲ့ လာရောက်မှုက ဝတ္တရားအရသက်သက်သာ ဖြစ်ပြီး ရှောင်ဟွေးကို အခြေအနေ လာကြည့်ရုံလေးပဲ ကြာခဲ့တာ။
ထုန်ယောင်က ဆစ်ချန်ရဲ့ အပြုအမူကို နားလည်ပေးနိုင်တယ်။ ဆစ်ဝေမင်းနဲ့ ဆောင်ယုတို့ နှစ်ယောက်လုံး ရှိနေတော့ သူ ပြောစရာ၊ လုပ်စရာ နေရာမရှိဘူးလေ။ ရှောင်ဟွေးက သနားစရာကောင်းအောင် ငိုနေပေမယ့်လည်း တကယ်လို့များ ဆစ်ချန်က ဆောင်ယုကို ဆူပူကြိမ်းမောင်းလိုက်ရင် ရှောင်ဟွေးက ကြက်မကြီး ကြက်ပေါက်လေးတွေကို ကာကွယ်သလိုမျိုး ဆောင်ယုဘက်ကနေ ကာကွယ်ပေးမှာ သေချာတယ်။
အဲဒီကျရင် ဆစ်ချန်ကပဲ လူဆိုးကြီး ဖြစ်သွားမှာ။
ဒါကြောင့်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်ရင် အိမ်ထောင်ရေးမှာ မင်းသမီးလေး တစ်ပါးလို ဖြစ်နေလည်း အလကားပဲလေ။
သူတို့နှစ်ယောက် လူနာခန်းထဲက ထွက်လာတာနဲ့ ဆေးပုလင်းကိုင်ထားတဲ့ လင်းမန် လျှောက်လာတာနဲ့ တိုးတယ်။ ဆစ်ချန်နဲ့ ထုန်ယောင်တို့ လှေကားပေါ်က ဆင်းသွားတာကို သူ အချိန်ကိုက် တွေ့လိုက်ရတယ်။ ဆစ်ချန်ကို မြင်လိုက်ရတော့ သူ့အာရုံတွေ အားလုံး ဆွဲဆောင်ခံလိုက်ရတယ်။ လင်းမန်က သူတို့ကို မှီအောင် ခြေလှမ်းခပ်သုတ်သုတ် လျှောက်လိုက်ပေမယ့် ချော်လဲသွားတယ်။ သူ ထပြီး လိုက်သွားတော့ သူတို့ မရှိတော့ဘူး။
သူတို့ အခန်း ၂၀၃ ကနေ ထွက်လာခဲ့တာကို တွေးမိပြီး လင်းမန်က ကြမ်းပြင်ပေါ်က ဆေးပုလင်းကို ကောက်ယူကာ အဲဒီအခန်းကို ပြန်သွားလိုက်တယ်။ အထဲမှာ လူအတော်များများ ရှိနေပြီး ဘယ်သူမှ ပျော်နေပုံ မရတာကြောင့် လင်းမန်က သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မျိုသိပ်ပြီး တိတ်တိတ်လေးပဲ နေလိုက်တယ်။
လူနာက ကိုယ်ဝန်ပျက်ကျလို့ ရောက်လာတာဖြစ်ပြီး ဆေးရုံမှာ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်တော့ နေရဦးမယ်။ ဒါကြောင့် လင်းမန် အေးအေးဆေးဆေး အချိန်ယူလို့ ရတယ်။ လူနာကလည်း မျိုးရိုးနာမည် တူနေတာကို သိလိုက်ရတော့ လင်းမန်က ရှောင်ဟွေးအပေါ် အရမ်းကို သဘောကောင်းပြလိုက်တယ်။ မကြာခင်မှာပဲ သူတို့ ရင်းနှီးသွားကြပြီး နောင်ကျရင် အတူတူ ဈေးဝယ်ထွက်ဖို့တောင် စီစဉ်လိုက်ကြတယ်။
ကျိုတိုမှာ သူငယ်ချင်းတစ်ယောက် ရလိုက်လို့ ရှောင်ဟွေး တော်တော်လေး ပျော်သွားတယ်။ ကလေးပျက်ကျသွားတာကိုတောင် သူ သိပ်ဝမ်းနည်းမနေတော့ဘူး။ သူက ကိုယ်ဝန် တစ်လကျော်လေးပဲ ရှိသေးတာဆိုတော့ သိပ်လည်း သံယောဇဉ် မတွယ်သေးဘူးလေ။ ရွာက မိန်းမတွေကြားမှာ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တော်တော်လေး အဖြစ်များတယ်။ ဒါက ကြီးကြီးမားမား ကိစ္စ မဟုတ်ဘူးလို့ ရှောင်ဟွေးက မှတ်ယူထားပြီးသား။
သူ့ဦးလေးလေးရှေ့မှာ အားပါးတရ ငိုယိုပြီး ရင်ကွဲနာကျနေသလို ဟန်ဆောင်ခဲ့တာက ဦးလေးလေးကို အပြစ်ရှိသလို ခံစားရအောင် သက်သက် လုပ်ခဲ့တာပဲ။ အခုတော့ သူ ရည်ရွယ်ချက် အောင်မြင်သွားပြီ။
ဦးလေးလေးက သူ့ကို တစ်လလောက် နားဖို့ ပြောထားတယ်။ ဆိုင်လုပ်စရာလည်း မလိုတော့ဘူးလေ။ ဆောင်ယုအတွက်လည်း ဦးလေးလေးက တခြားကိစ္စတွေ စီစဉ်ပေးလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် သူကိုယ်တိုင်ကလည်း ကလေး မြန်မြန် မယူချင်သေးဘူး။ ကိုယ်ဝန်ပျက်ကျသွားတဲ့ အချိန်ကိုက်က တကယ့်ကို အနေတော်ပဲ။
နေ့ဘက်မှာ သူ့ကို သူနာပြုတွေနဲ့ ဆောင်ယုက ဂရုစိုက်ပေးတယ်။ အန်တီချိုင်ကျိန်းက နေ့တိုင်း ထမင်းလာပို့တယ်။ ညဘက်ကျတော့ ဆောင်ယုက လူနာစောင့်အဖြစ် အတူနေပေးတယ်။ သူက မိဖုရားတစ်ပါးလို ဇိမ်ကျကျ နေနေရတာ။ ဆေးရုံမှာ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေချင်သေးတယ်လို့တောင် ရှောင်ဟွေး တွေးမိတယ်။
"နင့်အစ်ကို နာမည်က ဆစ်ချန်လား" လို့ လင်းမန်က ပေါ့ပေါ့ပါးပါးလေး မေးလိုက်တယ်။ ရှောင်ဟွေး လူနာခန်းထဲမှာ တစ်ယောက်တည်း ရှိနေတုန်း မေးလိုက်တာ။
ရှောင်ဟွေးက မေးကို မော့ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ဖြေတယ်။ "ဟုတ်တယ်လေ! နင်က ငါ့အစ်ကိုနဲ့ မရီးကို သိနေတာတော့ မဟုတ်ပါဘူးနော်။ ငါ့အစ်ကိုက ပထမဆေးရုံက ခွဲစိတ်ဆရာဝန်လေ၊ ကျိုတို ဆေးတက္ကသိုလ်ကနေ ဘွဲ့ရထားတာ၊ သူ့အရည်အချင်းတွေက တကယ့်ကို ထူးချွန်တာ" အစ်ကိုဖြစ်သူနဲ့ ရန်ဖြစ်ထားပေမယ့် သူ့အစ်ကိုအကြောင်း ပြောရတဲ့အခါ ရှောင်ဟွေးက ဂုဏ်ယူမှုကို ခံစားရတယ်။
တခြားသူတွေရှေ့မှာ ဆစ်ချန်အကြောင်း ထည့်ပြောလိုက်ရတာက သူ့ကို ဂုဏ်အသရေ ရှိစေတယ်လို့ ခံစားရပြီး သူ့ရဲ့ အတ္တကို ကျေနပ်စေတယ်။
ဒါပေမဲ့ လင်းမန်အတွက်ကတော့ 'မရီး' ဆိုတဲ့ စကားလုံးက သူ့ကို အေးခဲသွားစေခဲ့တယ်။ မျှော်လင့်ချက်တွေနဲ့ နွေးထွေးနေတဲ့ သူ့နှလုံးသားလေးဟာ ရင်နာစရာ လက်တွေ့တရားကြီးအောက်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီ။
ဒါက ကောင်းကင်ဘုံက သူ့ကို လှောင်ပြောင်နေတာများလား။
လနဲ့ချီပြီး အချည်းနှီး စောင့်ဆိုင်းခဲ့ရလို့ နောက်ဆုံးမှာ လက်လျှော့လိုက်တော့မယ့်အချိန်ကျမှ သူ့ကို မျှော်လင့်ချက် ပြန်ပေးတယ်။ ဒါပေမဲ့ အံ့သြဝမ်းသာမှုကနေ သတိမဝင်လာသေးခင်မှာပဲ ရှောင်ဟွေးရဲ့ စကားတစ်ခွန်းကြောင့် အဲဒီ မျှော်လင့်ချက်လေးက ငြိမ်းသတ်ခံလိုက်ရတယ်။
တစ်ညလုံး အိပ်မပျော်ဘဲ ဆစ်ချန်က သူ့အတွက် ကျိုတိုကို ရောက်လာတာဖြစ်ပြီး၊ သူလိပ်စာ ပြောင်းသွားလို့သာ သူ့ကို မဆက်သွယ်နိုင်ခဲ့တာလို့ သူ စိတ်ကူးယဉ်နေခဲ့တာ။
ဒါက ရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ကွက်တစ်ခုလိုပါပဲ။ သူတို့ ငလျင်လှုပ်တုန်းက ဆုံခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ပိုင်း သူ ပြောင်းရွှေ့သွားလို့ ဆစ်ချန် လိုက်ရှာပေမယ့် အခြေအနေတွေကြောင့် လွဲချော်သွားခဲ့ရတယ်။
အဲဒီနောက် ဆေးရုံမှာ အံ့ဖွယ်တိုက်ဆိုင်မှုတစ်ခုလို ပြန်ဆုံတွေ့ကြတယ်။
အိပ်မက်တစ်ခု၊ ဒါမှမဟုတ် ရုပ်ရှင်တစ်ခုလို လှပပြီး ပြီးပြည့်စုံတဲ့ ဒီကံကြမ္မာဟာ ရှောင်ဟွေးက 'မရီး' ဆိုတဲ့ စကားလုံးကို ပြောလိုက်တဲ့ အခိုက်အတန့်မှာတင် ရိုက်ချိုးခံလိုက်ရပြီ။
သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန်ကြီး အိမ်ထောင်ကျသွားနိုင်မှာလဲ။
အပိုင်း (၂၉၅) ပြီးဆုံး
***