နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်ပြီးသွားရင်တော့ ဆိုင်လေးဆိုင်ပေါင်း တစ်နှစ်ဝင်ငွေက သောင်းဂဏန်းလောက် ရှိလာတော့မယ်။ မြို့ဆင်ခြေဖုံးမှာ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ နှစ်နှစ်ထက် ပိုမကြာသင့်ဘူး။ အဲဒီအချိန်အတောအတွင်း တခြား ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေ ရှာတွေ့ရင် သိပ်ကောင်းမှာပဲ။
တခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေအကြောင်း တွေးမိတော့ ထုန်ယောင်က ကူဟုန်ဝေကို သွားသတိရမိတယ်။ အရင်ဘဝတုန်းက သူ့အကြောင်း နည်းနည်းပါးပါး သိခဲ့ဖူးတယ်။ သူက သစ်သီးရောင်းတဲ့ အလုပ်နဲ့ ကြီးပွားလာပြီး ကိုးဆယ်ခုနှစ်တွေ အလယ်လောက်မှာ သစ်သီးလုပ်ငန်းနဲ့ လုံးဝမသက်ဆိုင်တဲ့ အင်တာနက် နည်းပညာလုပ်ငန်းဘက်ကို ရုတ်တရက် ပြောင်းလုပ်ခဲ့ပုံရတယ်။
အဲဒီကနေစပြီး သူက အရှိန်အဟုန်နဲ့ အောင်မြင်လာခဲ့တာပဲ။
ကူဟုန်ဝေရဲ့ အကျင့်စရိုက်ကို ထုန်ယောင် ယုံကြည်တယ်။ နောင်ကျရင် သူ့လုပ်ငန်းမှာ ရှယ်ယာတချို့သာ ဝင်ထည့်ထားနိုင်ရင် တစ်သက်လုံး စားဝတ်နေရေးအတွက် ပူစရာ လိုတော့မှာ မဟုတ်ဘူး။
စာရင်းတွေ တွက်ပြီးသွားတော့ ညနေ ၆ နာရီခွဲတောင် ရှိနေပြီ။ ထုန်ယောင်ဟွေးနဲ့ ဝမ်ယွန်းတို့ကို ပြန်လွှတ်လိုက်ပြီး သူလည်း ဆိုင်ကနေ အထွက်မှာပဲ အပြေးအလွှား ရောက်လာတဲ့ တိန့်ဝမ်ဝမ်နဲ့ တိုးတော့တယ်။
"ယောင်ယောင်မမ... သမီး မမကို လိုက်ရှာနေတာ" လို့ ဝမ်ဝမ်က ပြောတယ်။
"ဘာလို့ ဒီလောက် လောနေရတာလဲ။ ဘာဖြစ်လို့လဲ" ဝမ်ဝမ် ဒီလောက် အလောတကြီး ဖြစ်နေတာကို မြင်တော့ ထုန်ယောင် စိုးရိမ်သွားတယ်။ မိသားစု အိမ်ရာဝင်းထဲမှာ ဆစ်ချန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေပဲ သူ့ကို ဆွဲသွင်းနိုင်တာလေ။ ပြီးခဲ့တဲ့ အကြိမ် ဝမ်ဝမ် သူ့ဆီ လာတုန်းကလည်း ဆစ်ချန်ကိစ္စကြောင့်ပဲ မဟုတ်လား။
တိန့်ဝမ်ဝမ်က အသက်ပြင်းပြင်း အခါခါ ရှူလိုက်ပြီး အလောတကြီး ရှင်းပြတယ်။ "ဒီနေ့ နေ့လယ်က ဆေးရုံမှာ ပြဿနာတက်လို့တဲ့။ ပါမောက္ခချူနဲ့ ဒေါက်တာဆစ်တို့ ဓားနဲ့ ထိုးခံရတယ်လို့ ကြားတယ်။ အခြေအနေက တော်တော် ဆိုးပုံရတယ်၊ ရဲတွေတောင် ရောက်လာကြတယ်တဲ့။ သတင်းကြားကြားချင်း သမီးလည်း မမဆီ အပြေးလာခဲ့တာ"
ထုန်ယောင် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ ထပ်ပြီးတောင် မစဉ်းစားနေတော့ဘဲ အနီးအနားက အငှားကား တစ်စီးကို ချက်ချင်း တားလိုက်တယ်။ ဝမ်ဝမ်ကို ကားပေါ် ဆွဲတင်ပြီး ယာဉ်မောင်းကို ဆေးရုံနာမည် ပြောလိုက်တယ်။ အဲဒီတော့မှပဲ သူ နည်းနည်း စိတ်ငြိမ်သွားတော့တယ်။
သူက ဆက်မေးလိုက်တယ်။ "အသေးစိတ်ကော သိရသေးလား"
တိန့်ဝမ်ဝမ်က နဖူးက ချွေးတွေကို သုတ်ရင်း ခေါင်းယမ်းလိုက်တယ်။ "သမီး အလုပ်ဆင်းဆင်းချင်း လျိုချင်းက တခြားတစ်ယောက်နဲ့ အဲဒီအကြောင်း ပြောနေတာ ကြားလိုက်တာ။ သွားမေးကြည့်တော့မှ ဆေးရုံမှာ ပြဿနာတက်တယ်ဆိုတာ သိရတာ။ သမီး မမတို့အိမ်ကို လိုက်ရှာသေးတယ်၊ မတွေ့ဘူး။ ကျိုးလေဆီ သွားရှာတာလည်း မတွေ့လို့ ဒီကို လာခဲ့တာ"
ထုန်ယောင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှမပြောတော့ဘူး။ သူ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေပြီး အခြေအနေကို ပုံဖော်ကြည့်ဖို့ ကြိုးစားနေတယ်။ အရင်ဘဝတုန်းက ဆေးရုံမှာ ပြဿနာတက်တဲ့ အကြောင်းတွေ သူ ကြားဖူးတယ်။ များသောအားဖြင့် ဆေးရုံမှာ သေဆုံးသွားတဲ့ လူနာတွေရဲ့ ဆွေမျိုးတွေက စိတ်ခံစားချက် ပြင်းထန်ပြီး ပြဿနာရှာတတ်ကြတာလေ။
တစ်ခါတလေကျရင် ဆေးရုံဘက်က တာဝန်အများကြီး ရှိတတ်ပေမယ့် တစ်ခါတလေကျတော့လည်း လူနာရှင်တွေဘက်က အကြောင်းပြချက်မဲ့ ပြဿနာရှာတာမျိုးတွေ ရှိတတ်တယ်။
အခု ဆေးရုံမှာ ပြဿနာတက်တယ်ဆိုတော့ တစ်ယောက်ယောက် အသက်ဆုံးရှုံးသွားလို့ ဖြစ်ဖို့များတယ်။ လူနာရှင်တွေက ပါမောက္ခချူနဲ့ ဆစ်ချန်ကို သွားရှာတယ်ဆိုကတည်းက သူတို့နှစ်ယောက် အတူတူ ခွဲစိတ်ခဲ့တာ ဖြစ်ရမယ်။ ဘယ်သူက အဓိက ခွဲစိတ်ဆရာဝန်လဲ ဆိုတာတော့ သူ မသိဘူး - ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့် လူနာ သေဆုံးသွားတာလား၊ ဒါမှမဟုတ် အစကတည်းက လူနာရဲ့ အခြေအနေက အရမ်း ဆိုးရွားနေခဲ့လို့လား ဆိုတာပေါ့။
ခွဲစိတ်မှုဆိုတာ အမြဲတမ်း အန္တရာယ် ရှိတတ်တယ်၊ အထူးသဖြင့် ခွဲစိတ်မှုကြီးတွေပေါ့။ ခွဲစိတ်မှု သဘောတူညီချက် လက်မှတ်ထိုးထားပေမယ့်လည်း တချို့လူတွေက ကိုယ့်မိသားစုဝင် သေဆုံးသွားတာကို လက်မခံနိုင်ဘဲ ဆရာဝန်ကို အတင်း ပြဿနာရှာတတ်ကြတယ်။
ဆစ်ချန်ရဲ့ ဒဏ်ရာ ပြင်းထန်လား၊ မပြင်းထန်ဘူးလား ဆိုတာ သူ မသိဘူး။ ဆရာဝန် တစ်ယောက်အနေနဲ့ သူ့လက်တွေ လုံးဝ ထိခိုက်လို့ မဖြစ်ဘူးလေ။
"ယောင်ယောင်မမ... အရမ်း စိတ်မပူပါနဲ့။ ဆေးရုံမှာ လူတွေ အများကြီး ရှိတာပဲ၊ ဒေါက်တာဆစ်ရဲ့ ဒဏ်ရာက သိပ်မပြင်းလောက်ပါဘူး" လို့ ဝမ်ဝမ်က ပြောတယ်။ သူ စကားပြောလို့တောင် မဆုံးသေးခင်မှာပဲ သူ့ပါးစပ်ကို အမြန်အုပ်လိုက်ပြီး ဆက်ပြောတယ်။ "တခြားလူတွေ ပြောတာ မှားနေတာလည်း ဖြစ်နိုင်တာပဲ။ ဒေါက်တာဆစ် ဘာမှမဖြစ်တာ၊ ဒါမှမဟုတ် ဓားရှရုံလောက် အပေါ်ယံ ဒဏ်ရာလေးပဲ ရတာလည်း ဖြစ်နိုင်တယ်လေ။ အရင်တစ်ခေါက် လာဘ်စားတယ်လို့ ပြောတုန်းကလည်း နားလည်မှုလွဲတာ ဖြစ်သွားတယ် မဟုတ်လား"
သူ့ရဲ့ အတွေးတွေ၊ စကားတွေကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ ဝမ်ဝမ်ကို ကြည့်ပြီး ထုန်ယောင်က ခပ်ဖွဖွ ပြုံးကာ တိုးတိုးလေး ပြောလိုက်တယ်။ "မမ ဘာမှမဖြစ်ပါဘူး၊ အရမ်း စိတ်မပူပါနဲ့။ အာချန် ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
ဒါက ဝမ်ဝမ်ကို စိတ်အေးအောင် ပြောလိုက်တာ ဖြစ်ပေမယ့် သူ့ကိုယ်သူ ဖြေသိမ့်လိုက်တာလည်း ဖြစ်တယ်။ အရင်ဘဝတုန်းက ဆစ်ချန်ဟာ ကမ္ဘာသိ နာမည်ကျော် ဆရာဝန်တစ်ယောက် ဖြစ်ခဲ့တာပဲ။ ဒါကြောင့် သူ ဒီအခက်အခဲကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။
ထန်ဆန် ကိုယ်တော်တောင် အနောက်အရပ်ကို သွားတဲ့ ခရီးစဉ်မှာ အခက်အခဲပေါင်း ၈၁ ခုကို ရင်ဆိုင်ခဲ့ရသေးတာပဲ။ အရာအားလုံးက အမြဲတမ်း ဖြောင့်ဖြူးနေမယ်ဆိုရင် ထီပေါက်သလိုမျိုး ဖြစ်နိုင်ခဲလွန်းတဲ့ ကိစ္စပဲလေ။
ဘယ်ဆရာဝန်ကမှ ခွဲစိတ်မှုတိုင်းကို ရာခိုင်နှုန်းပြည့် အောင်မြင်မယ်လို့ အာမမခံနိုင်ဘူးလေ။
အငှားကားက ဆေးရုံအဝင်ဝကို မကြာခင် ရောက်သွားတယ်။ ထုန်ယောင်နဲ့ ဝမ်ဝမ် ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ထွက်သွားတော့မလို့ လုပ်တုန်း ယာဉ်မောင်းက ခေါင်းပြူထွက်လာပြီး သတိပေးတယ်။ "ကားခ မပေးရသေးဘူးလေ"
"အို... ဆောရီးပဲ၊ ကျွန်မ မေ့သွားလို့" ထုန်ယောင်က အိတ်ကပ်ထဲကနေ ပိုက်ဆံ အမြန်ထုတ်ပြီး ယာဉ်မောင်းကို ပေးလိုက်တယ်။
ဒါကို မြင်တော့ ဝမ်ဝမ်က ထုန်ယောင်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ အပြင်ပန်းမှာတော့ ပေါ့ပေါ့ပါးပါးလေး နေပြနေပေမယ့် ထုန်ယောင် တကယ် စိုးရိမ်နေရမယ်ဆိုတာကို သူ သိတယ်။
ထုန်ယောင် ဆစ်ချန်ကို တွေ့တဲ့အချိန်မှာ ဆစ်ချန်က ဆေးရုံ အဆောက်အအုံပေါ်ကနေ ဆင်းလာတာ။ ဆစ်ချန် ဘာမှမဖြစ်တာကို မြင်တော့မှ ထုန်ယောင် သက်ပြင်းချနိုင်သွားတယ်။ သူ စိတ်အေးသွားတာနဲ့ တစ်ပြိုင်နက် သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အလိုလို ဝဲတက်လာတယ်။ သူက ပြေးသွားပြီး ဆစ်ချန်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တော့ ဆစ်ချန်ဆီကနေ ညည်းသံသဲ့သဲ့လေး ထွက်လာတယ်။
"ရှင် ထိခိုက်သွားသေးလား။ ဘယ်နား ထိသွားတာလဲ"
ထုန်ယောင် သူ့ကို အမြန်လွှတ်ပေးလိုက်ပြီး သူ့လက်တွေ၊ လက်မောင်းတွေကို ဒဏ်ရာရမရ စစ်ဆေးကြည့်တယ်။ ဘာမှမဖြစ်ဘူးဆိုတာ သေချာတော့မှ သူ သက်ပြင်းချနိုင်သွားတယ်။ အဲဒီနောက် သူ့ရင်ဘတ်ကို စစ်ဆေးဖို့ လုပ်တော့ ဆစ်ချန်က သူ့လက်ကို ဖမ်းကိုင်ထားလိုက်တယ်။
"စိတ်မပူပါနဲ့၊ ကိုယ် ဘာမှမဖြစ်ပါဘူး" ဆစ်ချန်က သူ့ကို ညင်ညင်သာသာ နှစ်သိမ့်လိုက်တယ်။ "အိမ်အရင် ပြန်ကြတာပေါ့"
ထုန်ယောင် ခေါင်းငြိမ့်လိုက်ပြီး မေးတယ်။ "ပါမောက္ခချူကော ဘယ်လိုနေသေးလဲ"
ဆစ်ချန်ရဲ့ မျက်လုံးတွေထဲမှာ အမှောင်ရိပ်လေးတစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်တယ်။ "အခြေအနေ မကောင်းဘူး။ သူ လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ ခွဲစိတ်မှုတွေ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး"
ဆရာဝန်တစ်ယောက်အတွက် လက်နဲ့ လက်မောင်းရဲ့ အာရုံခံစားနိုင်စွမ်းက အရေးအကြီးဆုံးပဲ။ ပါမောက္ခချူက ဓားနှစ်ချက် အထိုးခံရပြီး အရွတ်တွေ၊ အရိုးတွေ ထိခိုက်သွားတယ်။ ဒဏ်ရာတွေ ကောင်းကောင်း ကျက်သွားရင်တောင် အကြီးစား အကျိတ်ခွဲစိတ်မှုတွေကို သူ ဘယ်တော့မှ ထပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး။
အနီးအနားမှာ ရပ်နေတဲ့ ဝမ်ဝမ်လည်း လန့်သွားပြီး ပါးစပ်ကို လက်နဲ့အုပ်ထားကာ အသံတောင် မထွက်ရဲတော့ဘူး။ ပါမောက္ခချူက သူတို့ဆေးရုံက နာမည်ကြီး အကျိတ်အထူးကု ပါမောက္ခ တစ်ယောက်လေ။ ဆေးရုံရဲ့ မဏ္ဍိုင်ကြီးလို့တောင် ခေါ်ကြပြီး သူ့ဆီ လာကုတဲ့သူတွေ အများကြီးပဲ။ ဆေးရုံက ပြဿနာတစ်ခုကြောင့် သူ ခွဲစိတ်နိုင်စွမ်း ဆုံးရှုံးသွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြဘူး။
ဆရာဝန် တစ်ယောက်အတွက်တော့ ဒါဟာ လက်နှစ်ဖက်စလုံး အဖြတ်ခံလိုက်ရတာနဲ့ ဘာမှမကွာဘူး။
ထုန်ယောင်လည်း အံ့သြမှင်သက်သွားတယ်။ ဆေးရုံက ပြဿနာက ဒီလောက် ပြင်းထန်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ဆစ်ချန် ဘာမှမဖြစ်တာကိုပဲ သူ ကံကောင်းတယ်လို့ ခံစားမိတယ်။
ဒီနေရာမှာ စကားပြောဖို့ အဆင်မပြေဘူးဆိုတာ သိတော့ ထုန်ယောင်က သူ့ကို မိသားစု အိမ်ရာဝင်းဆီ အမြန် တွဲခေါ်သွားတယ်။ လင်မယားနှစ်ယောက် သီးသန့် အချိန်လိုမယ်ဆိုတာကို နားလည်တဲ့ ဝမ်ဝမ်ကလည်း လိမ္မာပါးနပ်စွာနဲ့ ထွက်သွားပေးတယ်။
အခန်းထဲ ပြန်ရောက်တာနဲ့ ထုန်ယောင် ပထမဆုံး လုပ်တာက ဆစ်ချန်ရဲ့ ဒဏ်ရာကို စစ်ဆေးတာပဲ။ သူ့ကျောကုန်းမှာ ဒဏ်ရာရထားပြီး အခုတော့ သွေးတွေ ရွှဲနေတဲ့ ပတ်တီးနဲ့ အုပ်ထားတယ်။ သွေးတွေ ခြောက်နေပြီ ဖြစ်ပေမယ့် ဒဏ်ရာက ဘယ်လောက် နက်မလဲ၊ အဲဒီအချိန်က ဘယ်လောက်တောင် နာကျင်ရမလဲဆိုတာ မှန်းကြည့်လို့ ရတယ်။ ချုပ်ရိုး ဆယ်ချက်ကျော် ချုပ်ခဲ့ရတယ်လို့ ဆစ်ချန်က ပေါ့ပေါ့ပါးပါး ပြောပေမယ့် ထုန်ယောင်ကတော့ အရမ်းကို ရင်နာနေရတယ်။
ဆစ်ချန်က အင်္ကျီအသန့် လဲဝတ်လိုက်ပြီး ထုန်ယောင်ကို ဒဏ်ရာ ဆက်ကြည့်ခွင့် မပေးတော့ဘူး။ သူ့မျက်လုံးထဲက ရင်နာလို့ကျလာတဲ့ မျက်ရည်တွေကို မြင်တော့ ဆစ်ချန်တစ်ယောက် သူ့ဒဏ်ရာထက် ပိုပြီး နေရခက်သွားတယ်။ သူက လက်ကို မြှောက်ပြီး ထုန်ယောင်ရဲ့ ပါးလေးကို ဖွဖွလေး ဆွဲကာ နှစ်သိမ့်လိုက်တယ်။
"မငိုပါနဲ့။ မနာပါဘူး"
ထုန်ယောင်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်တယ်။ "ရှင်က ရွှံ့ရုပ်မှ မဟုတ်တာ။ ဘယ်လိုလုပ် မနာဘဲ နေမှာလဲ"
ထုန်ယောင် အာရုံလွှဲသွားအောင် ဆစ်ချန်က ဆေးရုံမှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို စပြောပြတယ်။
"ဒီနေ့မနက်က လူနာတစ်ယောက်ကို ရုတ်တရက်ဖြစ်တဲ့ ဦးနှောက်အကျိတ်နဲ့ ခေါ်လာတယ်။ အမြန်ဆုံး ခွဲစိတ်ဖို့ လိုနေတာ။ ဒါပေမဲ့ လူနာရဲ့ သားဖြစ်သူက သဘောမတူဘဲ သူ့အဖေ ရောက်လာတာကိုပဲ အတင်း စောင့်မယ် လုပ်နေတာ။ အဲဒီလို အချိန်ဆွဲလိုက်တဲ့အတွက် လူနာ သေဆုံးသွားရတာပဲ"
အပိုင်း (၂၉၉) ပြီးဆုံး
***