"လူနာရဲ့ ယောကျ်ားက နောက်မှ ရောက်လာတာ။ သူ့မိန်းမ သေသွားပြီဆိုတာ သိလိုက်ရတော့ သူ အရမ်း စိတ်လှုပ်ရှားသွားပြီး ပါမောက္ခချူနဲ့ စကားပြောမယ်ဆိုပြီး လုပ်တာ။ ပါမောက္ခချူက သတိမထားမိလိုက်တဲ့ အချိန်မှာ သူက အင်္ကျီထဲကနေ ဓားဆွဲထုတ်ပြီး ခုတ်လိုက်တာ လက်မောင်းကို ထိသွားတယ်။ ကိုယ်က နောက်မှ ရောက်သွားပြီး သူ့ကို တားရင်းနဲ့ နည်းနည်း ထိခိုက်သွားတာပါ" လို့ ဆစ်ချန်က ပြန်ပြောပြတယ်။
ဆစ်ချန်ရဲ့ စကားပြောဆိုပုံက တကယ့်ကို စံပြပဲ။ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်းနဲ့ တည်တည်ငြိမ်ငြိမ် ပြောပြသွားတယ်။ သူ့ဒဏ်ရာအကြောင်းကိုတောင် အသေးအမွှား ကိစ္စလေးတစ်ခုလိုမျိုး အပေါ်ယံပဲ ပြောသွားတာ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ အဲဒီလို လုံးဝ မဟုတ်ခဲ့ဘူး။
လူနာရှင်က ပါမောက္ခချူရဲ့ လက်မောင်းကို ဓားနဲ့ခုတ်ဖို့ တမင် ရည်ရွယ်ခဲ့တာ။ ဆစ်ချန် ဝင်တားတာကို မြင်တော့ ဆစ်ချန်ရဲ့ လက်မောင်းကိုပါ ခုတ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ဆစ်ချန်က ရှောင်လိုက်နိုင်လို့ လက်မောင်းတော့ ဘာမှမဖြစ်သွားပေမယ့် ကျောကုန်းမှာ ဓားဒဏ်ရာ ရသွားခဲ့တာ။
"သူတို့က ခွဲစိတ်မှု သဘောတူညီချက်ကို လက်မှတ်မထိုးဘဲနဲ့ ဆရာဝန်တွေကို အပြစ်လာပုံချနေတာ။ သူ့သားကလည်း သူ့အဖေရဲ့ စိတ်ဓာတ်ကို အမွေရထားလို့ လက်မှတ်မထိုးတာ ဖြစ်ရမယ် မဟုတ်လား။ သူ့သားရဲ့ အသိဉာဏ်ကင်းမဲ့မှုကြောင့် သူ့အမေ အသက်ဆုံးရှုံးရတာကို၊ ပြီးတော့ ပါမောက္ခချူနဲ့ ရှင့်ကိုပါ အသိဉာဏ်မဲ့စွာနဲ့ လာလုပ်ကြံသေးတယ်။ ဒီသားအဖက ဆေးရုံအပေါ် ရန်ငြိုးကြီးများ ထားနေသလား" ထုန်ယောင်က ဒေါသထွက်လွန်းလို့ မီးတွေတောင် မှုတ်ထုတ်တော့မတတ် ဖြစ်နေတယ်။ ဆစ်ချန်ရဲ့ လက်မောင်း ဘာမှမဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ်။
ပါမောက္ခချူကတော့ သနားစရာ အကောင်းဆုံးပဲ။
ဒီလောက် ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်တစ်ယောက်က အသိဉာဏ်ကင်းမဲ့တဲ့ သားအဖကြောင့် ဘဝပျက်သွားရတာ တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ်။
"သူ့ကို ဖမ်းသွားပါပြီ၊ ဒါကြောင့် စိတ်ပူစရာ မလိုတော့ပါဘူး" ဆစ်ချန်က သူမရဲ့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်ရင်း ညင်သာစွာ နှစ်သိမ့်လိုက်တယ်။ "ဒီလို ဖြစ်ရပ်မျိုးတွေက ဖြစ်နိုင်ခြေ သဘောတရားတွေပါ။ အကောင်းဆုံးကတော့ မဖြစ်တာပေါ့၊ ဒါပေမဲ့ ဖြစ်လာခဲ့ရင်လည်း ရှောင်လွှဲလို့ မရဘူးလေ။ တချို့ လူနာရှင်တွေက ကိုယ်ချစ်ရတဲ့သူတွေ သေဆုံးသွားတာကို လက်မခံနိုင်ကြဘဲ အသိဉာဏ်လွတ်ပြီး လုပ်တတ်ကြတယ်။ သူတို့ရဲ့ စိတ်ကို တို့တွေ ပြောင်းလဲလို့ မရဘူးလေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တတ်နိုင်တာ"
ပါမောက္ခချူကို တွေးမိတော့ ဆစ်ချန်ရဲ့ မျက်လုံးတွေထဲမှာ နာကျင်မှု တစ်ချက် ဖြတ်ပြေးသွားတယ်။ အသိဉာဏ်ကင်းမဲ့သူ တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဆေးပညာလောကကြီးက ကြီးမားတဲ့ အရည်အချင်းရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီလေ။
ပါမောက္ခချူက သူ့ကို နှစ်သိမ့်ပေးတုန်းက သူ စောစော အငြိမ်းစားယူလို့ ရသွားပြီဆိုပြီး နောက်ပြောင်ပြောဆိုခဲ့ပေမယ့်၊ ဆရာဝန် တစ်ယောက်အနေနဲ့ အရည်အချင်း ရှိနေပါရက်နဲ့ ခွဲစိတ်မှုတွေ ဆက်မလုပ်နိုင်တော့ဘူး ဆိုတဲ့ နာကျင်မှုကို သူ နားလည်ပေးနိုင်ပါတယ်။
ထုန်ယောင်က သူ့ကိုယ်ပေါ်က ဒဏ်ရာကြောင့် အရမ်းကို ရင်နာနေရပြီး သူ့ကိုယ်သူတောင် မထိန်းနိုင်တော့ဘူး။ "နောင်ကျရင် စိတ်ခံစားချက် ပြင်းထန်နေတဲ့ လူနာရှင်တွေနဲ့ တွေ့ရင် ခပ်ခွာခွာ နေနော်။ သူတို့နဲ့ သွားမငြင်းနဲ့။ အသိဉာဏ်မရှိတဲ့ လူတွေကို အကြောင်းပြချက် သွားပေးနေလည်း အလကားပဲ။ ရဲကိုသာ တန်းခေါ်လိုက်"
"အင်းပါ"
ဆစ်ချန်က ကလေးလေး တစ်ယောက်လို လိမ္မာစွာ ခေါင်းငြိမ့်ပြလိုက်တော့ ထုန်ယောင်ရဲ့ နှလုံးသားလေး အရည်ပျော်သွားရတယ်။ သူက ဆစ်ချန်ကို ရေချိုးခန်းထဲ ခေါ်သွားပြီး မသန့်စင်ရသေးတဲ့ သူ့ကျောကုန်းပေါ်က သွေးကွက်တွေကို မျက်နှာသုတ်ပုဝါနဲ့ စပြီး သုတ်ပေးလိုက်တယ်။
အင်္ကျီဝတ်ထားရင် ပိန်တယ်လို့ ထင်ရပေမယ့်၊ ဆစ်ချန်ရဲ့ ကျောကုန်းကတော့ သူ့ရဲ့ သန်စွမ်းမှုကို ပြသနေတဲ့ တင်းကျပ်ကျစ်လျစ်တဲ့ ကြွက်သားတွေနဲ့ ပြည့်နေတယ်။ သူက နားရက်တွေဆိုရင် မနက်ဘက် ပြေးလေ့ရှိပြီး အားကစားလုပ်ဖို့ အမြဲတမ်း အချိန်လုလေ့ရှိတာက သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ် ခွဲစိတ်မှု လုပ်ရတာက ခန္ဓာကိုယ် အင်အားကို အရမ်း စုပ်ယူတာမို့ ဆရာဝန်က ကျန်းမာရေး ကောင်းဖို့ လိုအပ်တယ်လေ။
"ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာရထားတာ၊ အိမ်မှာ ခဏလောက် နားဖို့ လိုတယ်။ မဟုတ်ရင် ဒဏ်ရာက ဆွဲဆန့်ခံရရင် နာလိမ့်မယ်။ ပြီးတော့ ညဘက်ဆို မှောက်လျက် ဒါမှမဟုတ် ဘေးစောင်းပဲ အိပ်လို့ရတော့မှာ"
ဆစ်ချန်က ပုံမှန်အားဖြင့် ပက်လက်အိပ်လေ့ရှိပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်တယ်။ အိပ်ပျော်သွားတဲ့ ပုံစံအတိုင်း မိုးလင်းတဲ့အထိ နေလေ့ရှိတာ။ သူလိုမျိုး ကုတင်ပေါ်မှာ ဟိုဘက်ဒီဘက် လူးလှိမ့်လေ့ မရှိဘူး။ အခု ရုတ်တရက်ကြီး အိပ်တဲ့ပုံစံ ပြောင်းလိုက်ရရင် သူ့အိပ်ရေးကိုများ ထိခိုက်မလားလို့ သူ တွေးပူမိတယ်။
ဆစ်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်ပြီး ပြောတယ်။ "ဆေးရုံက နှစ်ရက် ခွင့်ပေးထားတယ်။ မနက်ဖြန် ယောက္ခထီးတို့ဆီ သွားပြီး ထမင်းစားကြတာပေါ့။ မရောက်ဖြစ်တာတောင် နည်းနည်း ကြာသွားပြီ"
"ဒါဆို စောစော သွားရလိမ့်မယ်။ သူတို့က မနက် ကိုးနာရီဆို ဆိုင်ဖွင့်ပြီ၊ ပြီးရင် ဆိုင်အလုပ်ထဲမှာပဲ လုံးလုံး နစ်မြုပ်နေကြတာ။ သမီးက အတူတူ ထမင်းစားချင်တယ်ဆိုရင် သူတို့ အရောင်းအဝယ်ကို အနှောင့်အယှက် ဖြစ်တယ်ဆိုပြီး ငြင်းကြတယ်။ ဒါပေမဲ့ သမက်ဖြစ်တဲ့ ရှင် သွားလည်ရင်တော့ တစ်နေကုန် ဆိုင်ပိတ်ရမှာတောင် ဝန်လေးမှာ မဟုတ်ဘူး"
ထုန်ယောင်ရဲ့ ညည်းတွားသံက ခါးသက်သက် ဖြစ်လာတယ်။ သူတို့သာ အသက်ကွာဟမှု မရှိဘူးဆိုရင် ဆစ်ချန်ကမှ သူတို့ရဲ့ သားအရင်းဖြစ်ပြီး၊ သူက ဆေးရုံမှာ မွေးကတည်းက လူစားထိုး ခံလိုက်ရတာလားလို့တောင် သံသယ ဝင်မိလိမ့်မယ်။
ဆစ်ချန်က ပြုံးပြီး ပြောတယ်။ "သူတို့ စိတ်ပူမှာစိုးလို့ ကိုယ် ဒဏ်ရာရထားတဲ့ အကြောင်း မပြောပြနဲ့နော်"
မေးထောက်ထားရင်း ထုန်ယောင်က သူ့ကို စွေကြည့်လိုက်တယ်။ "အကြာကြီး လျှို့ဝှက်ထားလို့ ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သေချာတယ်" ဆက်သွယ်ရေး နှေးကွေးတဲ့ ဒီခေတ်မှာတောင် ဘယ်လို အဖြစ်အပျက်မျိုးမဆို တောမီးလို ပြန့်သွားတတ်ပြီး ကူးစက်ရောဂါလောက်နီးပါး မြန်ဆန်တယ်လေ။
"ဒဏ်ရာ သက်သာသွားမှ သူတို့ သိရင် အရမ်း စိတ်ပူကြတော့မှာ မဟုတ်ဘူးလေ" လို့ ဆစ်ချန်က ပြောတယ်။
ထုန်ယောင် ပါးစောင်လေး ဖောင်းသွားပေမယ့် သူ့စကားကို ပြန်မငြင်းတော့ပါဘူး။
နွေရာသီ မနက်ခင်းစောစောတွေက အိပ်လို့ အကောင်းဆုံး အချိန်ဖြစ်ပေမယ့် ထုန်ယောင် ဆက်အိပ်လို့ မရတော့ဘူး။ သူ အစောကြီးထပြီး ဝက်သားစင်းကော ဆန်ပြုတ် ပြုတ်လိုက်တယ်။ သူတို့ စားသောက်ပြီးတာနဲ့ သူ့အမေအိမ်ကို ထွက်လာခဲ့ကြတယ်။
သူတို့ မသိခဲ့တာက သူတို့ အိမ်ရာဝင်းထဲကနေ ထွက်သွားသွားချင်းမှာပဲ လင်းမန်နဲ့ ရှီယန်တို့ ရောက်လာခဲ့တယ် ဆိုတာပဲ။ ဆစ်ချန် နားနေတယ် ဆိုတာကို သိလိုက်ရတော့ လင်းမန်ရဲ့ မျက်နှာက မှုန်ကုပ်သွားတယ်။ ရှီယန်က သူ့နောက်ကနေ ကပ်ပါလာပြီး ဆေးရုံက ထွက်လာချိန်မှာတော့ သူ မနေနိုင်တော့ဘဲ နောက်ဆုံး စကားပြောလိုက်တယ်။
"လူနာရှင်ရဲ့ အမေက သူ့လက်ထဲမှာ သေသွားတာ၊ သူ ဆေးရုံကို သေချာပေါက် လာရဲမှာ မဟုတ်ဘူး။ သူက ကိုယ်ကျင့်တရား မရှိတဲ့ ဆရာဝန်ပဲ။ ဒီတစ်ခါ သူ ကံကောင်းသွားလို့ ဒဏ်ရာ အသေးအမွှားလေးပဲ ရလိုက်တာ"
လင်းမန်က ခြေလှမ်းရပ်လိုက်ပြီး သူ့ကို ရွံရှာတဲ့ အကြည့်နဲ့ ကြည့်ကာ ပြောတယ်။ "ရှောင်မင်ချန်က လက်မှတ်မထိုးလို့ အသက်ဆုံးရှုံးသွားရတာလေ။ အဲဒါက ဆစ်ချန်နဲ့ ဘာဆိုင်လို့လဲ။ အန္တရာယ်များတဲ့ ခွဲစိတ်မှုကြီးတွေအတွက် လူနာရှင်ရဲ့ သဘောတူညီချက် လိုတယ်ဆိုတာ အားလုံးသိတဲ့ ကိစ္စပဲ။ ဦးနှောက် နည်းနည်းရှိတဲ့သူတိုင်း သိတယ်။ ရှောင်မင်ချန်ရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုကြောင့် ကုသမှု နောက်ကျသွားပြီး လူနာ သေဆုံးသွားရတာ၊ ဘာလို့ ဆစ်ချန်ကို အပြစ်တင်နေရတာလဲ။ ရှောင်ကျန်းကန်းလို လူမျိုးတွေကို ချက်ချင်း ပြစ်ဒဏ်ပေးသင့်တယ်"
ရှောင်ကျန်းကန်းဆိုတာ ရှောင်မင်ချန်ရဲ့ အဖေပဲ။ သူတို့ နှစ်ယောက်လုံးက ရှောင်မင်ချန်ကို သိသလို ရှောင်မိသားစုအိမ်မှာလည်း ထမင်းသွားစားဖူးတယ်။ ရှောင်ကျန်းကန်းက ဒေါသကြီးပြီး နည်းနည်း တင်းမာပေမယ့် သူတို့ကို မြင်ရင်တော့ အတော်လေး ဖော်ဖော်ရွေရွေ ရှိတတ်တယ်။
လင်းမန်က ဆစ်ချန်ဘက်ကနေ ဒီလိုစကားမျိုးတွေ ပြောပေးလိမ့်မယ်လို့ ရှီယန် မထင်ထားခဲ့ဘူး။ သူ့မျက်နှာက ချက်ချင်းကို ပြာနှမ်းသွားတယ်။ "ရက်အနည်းငယ်လောက်ပဲ သိရသေးတဲ့ ယောကျ်ားတစ်ယောက်အတွက် နင်က ဦးလေးရှောင်ကို ဒီလိုမျိုး ပြောရက်တယ်ပေါ့။ မန်မန်... နင့်နှလုံးသားက သံမဏိနဲ့ လုပ်ထားတာလား"
လင်းမန်က ရှီယန်ရဲ့ အသိဉာဏ်ကင်းမဲ့မှုကို ရွံရှာသွားပြီး ပြတ်ပြတ်သားသား ပြန်ပက်လိုက်တယ်။ "သူက လူသတ်ဖို့ ကြိုးစားခဲ့တာ၊ ပြစ်ဒဏ်ခံရမှာပေါ့။ ဒါ သူတို့အမှားပဲလေ။ ပါမောက္ခချူလို ဆရာဝန်မျိုး ခွဲစိတ်မှု ဆက်မလုပ်နိုင်တော့ရင် ကင်ဆာလူနာ အများကြီးရဲ့ အသက်တွေ အန္တရာယ်ရှိသွားပြီဆိုတာ နင် သဘောမပေါက်ဘူးလား"
"ကမ္ဘာပေါ်မှာ ကင်ဆာအထူးကုတွေ အများကြီး ရှိတာပဲ။ တစ်ယောက် မရှိတော့လို့ ဘာမှ ကွာခြားသွားမှာ မဟုတ်ဘူး" ရှီယန်က အတင်း အငြင်းပွားတယ်။ အဲဒီနောက် သူ့စကားတွေက ဆစ်ချန်ဘက်ကို ပြန်လှည့်သွားတယ်။ "ဆစ်ချန် အိမ်ထောင်ကျနေပြီဆိုတာကို နင် သိသိရက်နဲ့၊ အိမ်ထောင်သည် ယောကျ်ားတစ်ယောက်ဆီ လာလည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အဆင့်နှိမ့်ချတာနဲ့ ဘာကွာလို့လဲ။ ဒီလုပ်ရပ်အတွက် တခြားလူတွေက နင့်ကို ဘယ်လို မြင်မလဲဆိုတာ နင် စဉ်းစားဖူးရဲ့လား"
'ဖြန်း'
သူ့ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို ရှီယန်က ဖော်ကောင်လုပ်လိုက်တော့ လင်းမန်တစ်ယောက် ရှက်ရွံ့မှုနဲ့ ဒေါသတွေ လွှမ်းမိုးသွားပြီး ရှီယန်ရဲ့ မျက်နှာကို ပါးရိုက်ချလိုက်တယ်။ သူ့ဘယ်ဘက်ပါးပြင်က ချက်ချင်း နီရဲသွားပြီး ဒေါသတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ လင်းမန်ကို မယုံနိုင်စွာ ကြည့်နေတယ်။
"အိမ်ထောင်သည် ယောကျ်ားတစ်ယောက်အတွက် နင် ငါ့ကို ရိုက်တယ်ပေါ့။ လင်းမန်... ဆစ်ချန်နဲ့ ယှဉ်ရင် ငါက ဘယ်နေရာမှာ လျော့နေလို့လဲ။ ငါနဲ့ တွဲရမယ့်အစား လူအထင်သေးခံရမယ့် မယားငယ်ပဲ ဖြစ်ခံမယ်ပေါ့။ ဒါက နင့်ကံကြမ္မာလား"
အပိုင်း (၃၀၀) ပြီးဆုံး
***