"အဟွတ်... အဟွတ်။ စည်းကမ်းမရှိ၊ ရည်မှန်းချက်မရှိဘဲ ကိုယ့်နယ်မြေကို ပစ်ထားပြီး ထွက်ပြေးတဲ့ သားမျိုး ငါ့မှာ မရှိဘူး" ရှောင်ဝမ်ရွှမ်က သူ့ရဲ့ ကျောက်စိမ်းခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်တယ်။
"အရှင်မင်းကြီး... ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦး" မိဖုရားခေါင်ကြီး ကျောက်က စိုးရိမ်တကြီးနဲ့ ရှောင်ဝမ်ရွှမ်ရဲ့ ကျောကို ပွတ်ပေးရင်း ပြောလိုက်တယ်။
အသက် ငါးဆယ်ကျော်လာပြီဖြစ်တဲ့ ရှောင်ဝမ်ရွှမ်ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ဆိုးရွားလာနေတာ။ နန်းတွင်းသမားတော်တွေက ဆေးဝါးမျိုးစုံ ပေးပေမဲ့ သူ့အခြေအနေက တိုးတက်မလာဘူးလေ။ ဒီလို ကျန်းမာရေး ချို့ယွင်းလာတာကြောင့် ချန်အန်းက မင်းသားတွေကြားမှာ အာဏာမက်မောမှုတွေ ကြီးထွားလာပြီး တစ်ယောက်ချင်းစီက ကိုယ်ပိုင် အကြံအစည်တွေနဲ့ လှုပ်ရှားနေကြပြီ။
မိဖုရားခေါင်ကြီး ကျောက်က ကျိန့်ကိုယ်လုပ်တော်ကြီးကို ကူညီပေးချင်တာ ရေမွှေးကြောင့် သက်သက်တော့ မဟုတ်ဘူး။ မိဖုရားခေါင်ကြီး တစ်ပါးအနေနဲ့ သူမက အဲဒီလောက် အပေါ်ယံမဆန်ပါဘူး။ သူမရဲ့ တကယ့် ရည်ရွယ်ချက်က ထီးနန်းလုပွဲမှာ တဖြည်းဖြည်း အင်အားနည်းလာတဲ့ အိမ်ရှေ့စံမင်းသား အတွက် နောက်ထပ် မဟာမိတ်တစ်ယောက် ရလာဖို့ပဲ။
တာယွီနိုင်ငံတော်ကြီးရဲ့ မင်းသားကိုးပါးထဲမှာ မယ်တော်တစ်ပါးတည်းက မွေးတဲ့ တတိယမင်းသားနဲ့ ပဉ္စမမင်းသားတို့က သဘာဝကျကျပဲ အချင်းချင်း ထောက်ခံကြတယ်။ ဒုတိယ၊ ဆဋ္ဌမ နဲ့ နဝမ မင်းသားတို့ကလည်း ကိုယ်ပိုင်အုပ်စုတစ်ခု ဖွဲ့ထားကြတယ်။ အင်မတန် ဉာဏ်ကောင်းတဲ့ စတုတ္ထမင်းသားကတော့ လက်ရှိမှာ အဋ္ဌမမင်းသားနဲ့ ရင်းနှီးပြီး၊ သတ္တမမင်းသား ရှောင်မင်ကိုလည်း သူ့ဘက်ပါအောင် သိမ်းသွင်းဖို့ ကြိုးစားနေတာ။
ဒါပေမဲ့ ရှောင်မင်ရဲ့ နယ်မြေက အလှမ်းဝေးလွန်းတော့ စတုတ္ထမင်းသားက သူနဲ့ ခပ်ခွာခွာ ဆက်ဆံရေးမျိုးပဲ ထားတယ်။ မိဖုရားခေါင်ကြီး ကျောက်က ဒါကို အိမ်ရှေ့စံအတွက် ပြင်ပ မဟာမိတ်တစ်ယောက် ရနိုင်မယ့် အခွင့်အရေးအဖြစ် မြင်လိုက်တာ။
ကျောက် မိသားစုရဲ့ ထောက်ခံမှု တစ်ခုတည်းနဲ့တော့ အိမ်ရှေ့စံ ထီးနန်းဆက်ခံနိုင်ဖို့ မလုံလောက်ဘူးဆိုတာ သူမ သိတယ်။ ရှောင်ဝမ်ရွှမ် ထီးနန်းတက်ခဲ့တုန်းကဆိုရင် သူက အိမ်ရှေ့စံ ဖြစ်ရုံသာမက နယ်စားပယ်စား အများစုရဲ့ ထောက်ခံမှုကိုပါ ရခဲ့တာတောင်မှ မင်းသားတချို့က ပုန်ကန်ခဲ့ကြသေးတာလေ။
ထီးနန်းတက်ပြီးတာနဲ့ ရှောင်ဝမ်ရွှမ်က ပုန်ကန်မှုတွေကို နှိမ်နင်းဖို့ တပ်ဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး၊ ငါးနှစ်ကြာ စစ်ပွဲတွေဆင်နွှဲအပြီးမှာ အင်အားအကြီးဆုံး နယ်စားဖြစ်တဲ့ မင်မင်းသား ကိုတောင် အနိုင်ယူနိုင်ခဲ့တယ်။
ဒီအတွေ့အကြုံတွေကြောင့် ရှောင်ဝမ်ရွှမ်က သူ့ညီအစ်ကိုတွေအပေါ် အလွန်အမင်း သံသယ ဝင်လာပြီး၊ နင်မင်းသား ရဲ့ မတရားတဲ့ အမှုအခင်းကြီး ဖြစ်ပေါ်လာခဲ့တာပဲ။ ဒါပေမဲ့ သူ့ရှေ့မှာတော့ ဘယ်သူမှ ဒီအမှုအကြောင်းကို မဟရဲကြဘူး။
"ဘယ်မင်းသားကမှ ငါ့ကို စိတ်အေးရအောင် မလုပ်ကြဘူး။ အစောနဲ့အနှောင်း သူတို့တွေ ငါ့ကို သတ်ကြတော့မှာပဲ။ ဒီကြားထဲ ငါ့ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရမှာလဲ။ အိမ်ရှေ့စံကိုပဲ ကြည့်လေ။ အသက် သုံးဆယ်ကျော်နေပြီ၊ နေ့တိုင်း ပျော်ပါးပြီးပဲ အချိန်ကုန်နေတယ်။ နောင်တစ်ချိန် ဧကရာဇ် ဖြစ်လာမယ့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရဘူး။ ဒီမနက်တင် ပြည်သူတွေ စားစရာ မရှိရင် ဘာလုပ်သင့်လဲလို့ သူ့ကို မေးလိုက်တာ။ သူ ဘာပြန်ဖြေလဲဆိုတာ မင်း သိပါ့မလား"
"အရှင်မင်းကြီး... ယီအာ က အရည်အချင်း မရှိဘူး ဆိုပေမဲ့ စိတ်ထားလေးတော့ ကောင်းပါတယ်" မိဖုရားခေါင်ကြီး ကျောက်က သားဖြစ်သူဘက်က ကာကွယ်ပြောလိုက်တယ်။ သူမအတွက်တော့ ဘယ်မင်းသားကမှ သူမသားနဲ့ မယှဉ်နိုင်ဘူးလေ။
"စိတ်ထားကောင်းတယ် ဟုတ်လား။ ဟွန်း... တကယ်ကို ကောင်းတာ။ ပြည်သူတွေ စားစရာ မရှိရင် သိုးသားနဲ့ အမဲသား စားကြပေါ့တဲ့။ ဘယ်လောက် အဓိပ္ပါယ် မရှိတဲ့ စကားလဲ။ ဒီလောက် အရည်အချင်းမရှိတဲ့ အိမ်ရှေ့စံ လက်ထဲ တိုင်းပြည်ကို ငါ ဘယ်လိုလုပ် အပ်ခဲ့ရမလဲ။ သူ့ကို ရာထူးကချပြီး အိမ်ရှေ့စံအသစ် တင်မြှောက်ဖို့ အမတ်တွေက နေ့တိုင်း ငါ့ဆီ အသနားခံစာတွေ တင်နေကြတာ" ရှောင်ဝမ်ရွှမ်က ဒေါသတကြီး ပြောတယ်။
မိဖုရားခေါင်ကြီး ကျောက်ရဲ့ မျက်နှာက ဖြူလျော့သွားတယ်။ သူမက တင်းမာတဲ့ လေသံနဲ့ "အရှင်မင်းကြီး... အိမ်ရှေ့စံက သားအကြီးဆုံးလေ။ အရည်အချင်း မရှိဘူးဆိုရင်တောင် ဒီလောက် လွယ်လွယ်နဲ့ ရာထူးချလို့ မရပါဘူး။ အိမ်ရှေ့စံကို ရာထူးချလိုက်ရင် မင်းသားတွေက ထီးနန်းလုကြပြီး ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြလိမ့်မယ်။ မင်းသားတိုင်းရဲ့ နောက်ကွယ်မှာ အင်အားကြီး မိသားစုတွေ ရှိနေကြတာ။ ပြဿနာသာ ကြီးသွားရင် တိုင်းပြည်အနှံ့ စစ်မီးတွေ တောက်လောင်သွားနိုင်တယ်" လို့ ပြောလိုက်တယ်။
ရှောင်ဝမ်ရွှမ်က သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ "အဲဒါကြောင့်ပဲ သူ့ကို ငါ ရာထူးမချသေးတာပေါ့။ ဒါ့အပြင် ပန်ယွိခွန်း ဆီကနေ လျှို့ဝှက်သတင်းစာ တစ်စောင် ရထားတယ်။ မကြာသေးခင်က ချီမင်းသား လုပ်ကြံခံရတယ်တဲ့"
"လုပ်ကြံခံရတယ်။" မိဖုရားခေါင်ကြီး ကျောက်က အာမေဍိတ်သံနဲ့ ရေရွတ်လိုက်တယ်။ "ကျိန့်ကိုယ်လုပ်တော်ကြီးက ငါ့ကို ဒီအကြောင်း တစ်ခွန်းတောင် မဟပါလား"
"ချီမင်းသားက ကျိန့်ကိုယ်လုပ်တော်ကြီးကို မပြောပြတာ နေမှာပါ။ အနည်းဆုံးတော့ သူ့မယ်တော် စိတ်ဆင်းရဲမှာကို ထောက်ထားတတ်သေးတာပဲ" ရှောင်ဝမ်ရွှမ်က ပြောတယ်။ "ပန်ယွိခွန်းရဲ့ အစီရင်ခံစာက တိုတိုလေး ဆိုပေမဲ့၊ တတိယမင်းသားနဲ့ ပဉ္စမမင်းသားကို တည့်တည့်ကြီး ရည်ညွှန်းနေတာ"
မိဖုရားခေါင်ကြီး ကျောက် မျက်လုံးမှေးကျဉ်းသွားတယ်။ ဒါက သူမ အသုံးချနိုင်တဲ့ အခွင့်အရေးပဲ။ သူမက "အရှင်မင်းကြီး... အိမ်ရှေ့စံ ရာထူးမချရသေးခင်တောင် တခြား မင်းသားတွေက အချင်းချင်း လုပ်ကြံနေကြပြီ။ အိမ်ရှေ့စံကိုသာ တကယ် ရာထူးချလိုက်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးရဲစရာတောင် မရှိဘူး" လို့ ပြောလိုက်တယ်။
ထီးနန်းတက်မယ့် လမ်းခရီးမှာ ညီအစ်ကိုတွေ အချင်းချင်း သတ်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံရှိတဲ့ ရှောင်ဝမ်ရွှမ်က သူ့သားတွေ သူ့သမိုင်းကြောင်းကို ပြန်အသက်သွင်းမှာကို တွေးပြီး ကြောက်ရွံ့နေတာ။ သူက "စိတ်မပူပါနဲ့။ အိမ်ရှေ့စံကို ငါ ရာထူးမချပါဘူး။ ဒါပေမဲ့ မင်းသားတွေထဲမှာ သူက အထီးကျန်နေတယ်။ သူ့နေရာကို မြဲချင်ရင် သူ အကူအညီ လိုအပ်တယ်" လို့ ပြောတယ်။
"အရှင်မင်းကြီး... ချီမင်းသားက အသင့်တော်ဆုံး မဟုတ်ဘူးလား။ မင်းသားတွေထဲမှာ ဘယ်သူ့ကိုမှ ဗြောင်ကျကျ မထောက်ခံထားတာ သူ တစ်ယောက်ပဲ ရှိတယ်။ ဒါ့အပြင် ချီမင်းသားနဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးမှာ ကျောထောက်နောက်ခံ အင်အားကြီး မိသားစုတွေ မရှိတော့ အိမ်ရှေ့စံအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး"
"ငါလည်း အဲဒါကို စဉ်းစားနေတာပဲ။ ပန်ယွိခွန်းရဲ့ စာထဲမှာတော့ ချီမင်းသားက သိသိသာသာ ပြောင်းလဲသွားပြီး သူ့နယ်မြေကို တကယ်ကို သေချာ အုပ်ချုပ်နေတယ်လို့ ဆိုတယ်။ ပန်ယွိခွန်းက ငါ့ကို လိမ်မှာ မဟုတ်ဘူး။ ဒါသာ တကယ်ဆိုရင် တခြား မင်းသားတွေကို အင်အား မျှခြေဖြစ်အောင် ထိန်းဖို့ ချီမင်းသားကို ငါတို့ အသုံးချလို့ ရတယ်" ရှောင်ဝမ်ရွှမ်က ပြောတယ်။
မိဖုရားခေါင်ကြီး ကျောက် ဝမ်းသာသွားတယ်။ ရှောင်ဝမ်ရွှမ်ရဲ့ အတွေးတွေက သူမနဲ့ တစ်ထပ်တည်း ကျနေတာကိုး။ အိမ်ရှေ့စံက တခြား မင်းသားတွေကို သူ့ဘက်ပါအောင် မသိမ်းသွင်းနိုင်မှတော့ သူမ ကိုယ်တိုင် ဝင်ပါရတော့မှာပဲ။ "အဲဒီလိုဆိုရင်လည်း အရှင်မင်းကြီး... တခြား နယ်စားတွေကို ခွဲဝေပေးသလိုမျိုး ချီမင်းသားကိုရော ရန်ပုံငွေလေး ချထားပေးလိုက်ပါလား"
ဒီမလာခင်တုန်းကတော့ ရှောင်ဝမ်ရွှမ် တုံ့ဆိုင်းနေခဲ့တာ။ ရှောင်မင်သာ အရည်အချင်း မရှိရင် ပေးလိုက်သမျှ ရန်ပုံငွေတွေက ရေစုန်မျောသွားမှာလေ။ မွေးရာပါ သံသယကြီးတတ်တဲ့ သူက ပန်ယွိခွန်းရဲ့ အစီရင်ခံစာကို အပြည့်အဝ မယုံကြည်ခဲ့ဘူး။
ဒါပေမဲ့ သူ ယုံကြည်ရတဲ့ တမန်က ချင်းကျိုးကနေ ပြန်ရောက်လာပြီး ပန်ယွိခွန်းရဲ့ ပြောဆိုချက်တွေကို အတည်ပြုပေးလိုက်တော့မှ ရှောင်ဝမ်ရွှမ် ပြန်စဉ်းစားလာတာ။ ဒါတောင်မှ အင်အားကြီးတဲ့ မင်းသားတွေနဲ့တင် ခေါင်းကိုက်နေရလို့ ရှောင်မင်ကို ထောက်ပံ့ဖို့ သူ မစဉ်းစားခဲ့သေးဘူး။ မိဖုရားခေါင်ကြီးရဲ့ သတိပေးစကားကြောင့်မှ အင်အား မျှခြေထိန်းဖို့ လိုအပ်နေတာကို သူ သဘောပေါက်သွားတယ်။
မင်းသားတွေကြားက အားပြိုင်မှုတွေက ပုံပေါ်လာနေပြီဆိုတော့ သူတို့ကြားမှာ မျှခြေဖြစ်အောင် သူ ထိန်းထားရမယ်။ အိမ်ရှေ့စံက အင်အားအနည်းဆုံး ဖြစ်နေပြီး၊ ရှောင်မင် တကယ် ပြုပြင်ပြောင်းလဲသွားပြီလား ဆိုတာ မသေချာရင်တောင် သူ စမ်းကြည့်ရမှာပဲ။
သူက "ချီမင်းသားရဲ့ စရိုက်ကို ငါ ကောင်းကောင်း သိတယ်။ သူက ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ လောလောဆယ်တော့ သူ့အတွက် ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း ချပေးလိုက်မယ်။ သူသာ ဒီငွေကို သေချာ အသုံးချမယ်ဆိုရင် သူ့ကို ထောက်ပံ့ဖို့ ငါ အလေးအနက် စဉ်းစားမယ်။ အရင်တိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင်တော့ သူက အိမ်ရှေ့စံကို ကူညီနိုင်လိမ့်မယ်လို့ မမျှော်လင့်နဲ့တော့။ သူက ကယ်လို့မရအောင် ပျက်စီးနေပြီပဲ ဖြစ်မှာ" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ အရှင်မင်းကြီး" လို့ မိဖုရားခေါင်ကြီး ကျောက်က စိတ်သက်သာရာရစွာနဲ့ ပြောတယ်။ အိမ်ရှေ့စံအတွက် သူမ ရှောင်မင်ကို ကူညီပေးရမှာပဲ။
ရှောင်ဝမ်ရွှမ်က သက်ပြင်းချလိုက်ပြီး သူ့ခွက်ထဲက အရက်ကို အကုန်မော့သောက်လိုက်တယ်။ ရုတ်တရက် သူ ပြုံးလိုက်ပြီး "ဝန်ခံရရင်တော့ ချီမင်းသား ပို့လိုက်တဲ့ အရက်က ငါ့အကြိုက်နဲ့ တော်တော် ကိုက်တာပဲ။ သူ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ပဲ မျှော်လင့်ရတာပေါ့" လို့ ပြောတယ်။
"အရှင်မင်းကြီး သဘောကျတယ်ဆိုရင် ချီမင်းသားလည်း သေချာပေါက် ဝမ်းသာနေမှာပါ" မိဖုရားခေါင်ကြီး ကျောက်က ရှောင်ဝမ်ရွှမ်ရဲ့ ခွက်ထဲကို အရက် ပြန်ဖြည့်ပေးရင်း ပြောတယ်။
အရက်ကောင်းရဲ့ ကျေးဇူးကြောင့် ရှောင်ဝမ်ရွှမ်ဟာ အဲဒီညက ဖုန်းမင် နန်းဆောင်မှာပဲ အိပ်စက်ခဲ့တယ်။ နောက်နေ့မှာတော့ မိဖုရားခေါင်ကြီး ကျောက် ကိုယ်တိုင် ပိရွှေဆောင်ကို သွားပြီး ချီမင်းသားအတွက် ရန်ပုံငွေ ချထားပေးဖို့ ဧကရာဇ် သဘောတူလိုက်ပြီဆိုတဲ့ အကြောင်း ကျိန့်ကိုယ်လုပ်တော်ကြီးကို သွားရောက် အသိပေးခဲ့တယ်။
ဒါပေမဲ့ သူမရဲ့ နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေကိုတော့ ကျိန့်ကိုယ်လုပ်တော်ကြီးကို ထုတ်မပြောခဲ့ဘူး။ ဉာဏ်ကောင်းတဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးက သူမ ဘာလို့ ရှောင်မင်ကို ဒီလောက် ကူညီချင်နေရလဲ ဆိုတာကို သဘောပေါက်လိမ့်မယ်လို့ သူမ ယုံကြည်ထားတာကိုး။
ရေမွှေးနဲ့ အရက်ရဲ့ လွှမ်းမိုးမှုတွေက နန်းတော်ထဲမှာ ပြန့်နှံ့သွားပြီး၊ ရှောင်ဝမ်ရွှမ် ကလည်း ရန်ပုံငွေ ချပေးဖို့ သဘောတူလိုက်ပြီဆိုတော့ ရှောင်မင်ရဲ့ ရည်ရွယ်ချက် နှစ်ခုလုံး အောင်မြင်သွားခဲ့ပြီ။
သတင်းကောင်းကို ကြားရတဲ့အခါ လီဆန်လည်း ပစ္စည်းတချို့ ဝယ်ယူပြီး ချင်မု နဲ့ ပြန်ဆုံကာ ချင်းကျိုးကို အလောတကြီး ပြန်လည် ထွက်ခွာလာတော့တယ်။
အပိုင်း ( ၄၁ ) ပြီးဆုံး
***