ချင်ချွမ်ယွင်နဲ့ ရှောင်မင်တို့ နှစ်ယောက်လုံး အံ့သြသွားကြတယ်။
ဝမ်ချန်ချိုရဲ့ ပထမဆုံးစကားက သူ့ကိုယ်သူ ကာကွယ်ပြောဆိုမယ်လို့ သူတို့ ထင်ထားခဲ့ပေမဲ့၊ မထင်မှတ်ဘဲ သူက ချက်ချင်းပဲ အပြစ်ကို ဝန်ခံလိုက်တာကိုး။
ရှောင်မင်က ဝမ်ချန်ချိုကို စိတ်ဝင်တစား ကြည့်ပြီး ရယ်လိုက်တယ်။ "သခင်ကြီးဝမ်... ငါ ခင်ဗျားကို ဘာမှတောင် မမေးရသေးဘူးလေ။ ဘာလို့ အပြစ်ကို ဝန်ခံနေရတာတုန်း"
"မင်းသားလေး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခရိုင်အသီးသီးက ကျွန်တော်မျိုးရဲ့ ခြံမြေတွေကို သွားရောက် စစ်ဆေးတဲ့အခါ၊ ကျွန်တော်မျိုးရဲ့ တူ ဝမ်ရွှမ် က လယ်ထွန်နွားတွေကို သိုလှောင်ပြီး ပြည်သူတွေကို အဆမတန် ဈေးတင်ရောင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ မြေလွတ်မြေရိုင်း ဖော်ထုတ်ခွင့် အမိန့် ထုတ်ကတည်းက ကျွန်တော်မျိုးက မင်းသားလေးကို ကူညီဖို့ အမြဲတမ်း သစ္စာရှိရှိ ဆောင်ရွက်ခဲ့ပေမဲ့၊ လူကဲခတ် မှားယွင်းပြီး ဒီလို ကြီးလေးတဲ့ အမှားကြီးကို ကျူးလွန်ခွင့် ပြုမိသလို ဖြစ်သွားပါတယ်။ ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ ဘုရား" ဝမ်ချန်ချိုက နဖူးက ချွေးအေးတွေကို သုတ်ရင်း မြေကြီးပေါ် ခေါင်းနဲ့ဆောင့်ကာ တောင်းပန်လိုက်တယ်။
ချင်ချွမ်ယွင်က လှောင်ပြုံး ပြုံးလိုက်ပြီး "သခင်ကြီးဝမ်... ခင်ဗျားက တကယ့်ကို တွက်ကိန်း ကိုက်လွန်းတယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ခင်ဗျားကိုယ်စား အပြစ်ခံမယ့်သူကို ရှာတွေ့သွားပြီပဲ။ ခင်ဗျားက ဝမ်ရွှမ်ကို အရင်ကတည်းက ကြည့်မရတာဆိုတော့၊ အခု ခင်ဗျားရဲ့ အပြစ်တွေကိုလည်း ရှင်းပစ်လိုက်သလို ဝမ်ရွှမ်ကိုလည်း ရှင်းထုတ်လိုက်နိုင်တော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ" လို့ ပြောလိုက်တယ်။
"သခင်ကြီးချင်... ခင်ဗျားစကားက ဘာသဘောလဲ။ ဝမ် မိသားစုနဲ့ ချင် မိသားစုက အမြဲတမ်း အေးအေးချမ်းချမ်း အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာလေ။ ဘာဖြစ်လို့ ဒီလောက်တောင် အဆိပ်ပြင်းတဲ့ စကားတွေပြောပြီး ငါ့ဝမ်မိသားစုကို ဖျက်ဆီးချင်နေရတာလဲ" လို့ ဝမ်ချန်ချိုက ဟိန်းဟောက်လိုက်တယ်။
ဝမ်ချန်ချိုရဲ့ ညွှန်ကြားချက်ကြောင့်သာ ဝမ်ရှစ်ကျဲ့က ရှောင်မင်ရှေ့မှာ တရားမဝင် ဆားအရောင်းအဝယ် အကြောင်း ပြောခဲ့တာ အမှန်ပဲ။ အရင်တုန်းက ရှောင်မင်က ဝမ် မိသားစုကို အမြဲ မျက်နှာသာပေးခဲ့လို့ သူတို့တွေ ချင်းကျိုးမှာ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ခဲ့တာ။ ဝမ်ချန်ချိုက ရှောင်မင်ကို အထက်စီးကနေ ဆက်ဆံခဲ့တဲ့ အချိန်တွေတောင် ရှိခဲ့သေးတယ်။
အဲဒီတုန်းက ရှောင်မင်က တကယ်ပဲ အသုံးမကျတဲ့ ငတုံးတစ်ယောက် ဖြစ်ပြီး ဝမ် မိသားစုရဲ့ ငွေတွေနဲ့ ထည်ထည်ဝါဝါ နေထိုင်ခဲ့တာလေ။ ဒါပေမဲ့ အချိန်တွေ ပြောင်းလဲသွားပြီ... ပြင်းထန်တဲ့ ဖျားနာမှုကြီး အပြီးမှာ ညတွင်းချင်းကို သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။ အခု သူက ထက်မြက်တဲ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်နေရုံသာမက ပန်ယွိခွန်း ရဲ့ ဗျူဟာတွေကိုပါ ထက်ထက်မြက်မြက် အသုံးချတတ်လာတယ်။ ဝမ်ချန်ချို ကလည်း ငတုံးမဟုတ်ဘူးလေ၊ ပန်ယွိခွန်းက သာမန်လူ မဟုတ်ဘူး ဆိုတာ သူ သိသလို၊ ရှောင်မင်ရဲ့ လုပ်ရပ်တော်တော်များများက သူ့ရဲ့ လွှမ်းမိုးမှုတွေ ပါနေမယ် ဆိုတာကိုလည်း သူ ရိပ်မိတယ်။
အခုတော့ ချင် မိသားစုက ရှောင်မင်ရဲ့ ထောက်ပံ့မှုအောက်မှာ ချမ်းသာလာနေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် နှစ်အနည်းငယ်အတွင်းမှာ သူတို့က ဝမ် မိသားစုကို ကျော်တက်သွားတော့မှာ။ အဲဒီအချိန်ကျရင် ချင် မိသားစုက အရင်က ဝမ် မိသားစု ဩဇာလွှမ်းမိုးခဲ့သလိုပဲ ရှောင်မင်ရဲ့ အရှိန်အဝါကို သုံးပြီး သူတို့ကို ဖိနှိပ်လာလိမ့်မယ်။
ဒါက ဝမ်ချန်ချို လုံးဝ အဖြစ်မခံနိုင်တဲ့ ကိစ္စပဲ။ ဒါကြောင့်လည်း သူက ဒီရက်စက်တဲ့ အကြံအစည်ကို ကြံစည်ခဲ့တာ... ချင် မိသားစုနဲ့ ရှောင်မင် ကြားမှာ သွေးကွဲသွားအောင်လို့လေ။
"ဟားဟားဟား။ သခင်ကြီးဝမ်... ခင်ဗျားက တကယ့်ကို အရှက်မရှိတာပဲ။ သွားမရှိတဲ့ လိပ်အိုကြီးကျနေတာပဲ။ မင်းသားလေးရှေ့မှာ ငါတို့ ချင် မိသားစု တရားမဝင် ဆားရောင်းဝယ်တယ် ဆိုပြီး မဟုတ်မမှန် စွပ်စွဲပြီး လုပ်ကြံခဲ့တာ ဘယ်သူတုန်း" ချင်ချွမ်ယွင်ရဲ့ မုတ်ဆိတ်မွေးတွေက ဒေါသကြောင့် တုန်ယင်နေတယ်။
ရှောင်မင်သာ မရှိရင် သူတို့နှစ်ယောက် သေချာပေါက် လက်ပါကြတော့မှာ။
"ဟွန်း။ ချင် မိသားစု တရားမဝင် ဆားရောင်းဝယ်တာ ဟုတ်မဟုတ် ဆိုတာ ငါ့ထက် ခင်ဗျား ပိုသိမှာပါ" ဝမ်ချန်ချိုက လှောင်ပြောင်လိုက်ပြီး ရှောင်မင်ဘက်ကို လှည့်ကာ အရိုအသေပေးလိုက်တယ်။ "မင်းသားလေး... သေချာ စုံစမ်းစစ်ဆေးပေးပါ ဘုရား"
ရှောင်မင်က သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်တယ်။
ဝမ် မိသားစုရော၊ ချင် မိသားစုပါ ပြည်နယ်ခြောက်ခုလုံးမှာ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိကြတယ်။ ဒေသခံ အရာရှိ တော်တော်များများက သူတို့နဲ့ ဆွေမျိုးတော်စပ်တာ ဒါမှမဟုတ် ရင်းနှီးတဲ့ အဆက်အသွယ်တွေ ရှိကြတယ်။ သူတို့ရဲ့ ဧရာမ ခြံမြေတွေထဲမှာ ကိုယ်ပိုင် တပ်သားတွေ၊ အစေခံတွေသာမက ရေတွက်လို့မရတဲ့ အငှားလယ်သမားတွေနဲ့ ကျေးကျွန်တွေလည်း ရှိနေတယ်။
သူသာ တစ်ဖက်ဖက်က ပါဝင်ပြီး မိသားစု တစ်စုကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်ရင်၊ ကျန်တဲ့တစ်စုက အကြံအိုက်ပြီး ပုန်ကန်လာနိုင်တာမို့ အဲဒါက တကယ့် ကပ်ဆိုးကြီး ဖြစ်သွားလိမ့်မယ်။ အခုအချိန်မှာ သူ့နယ်မြေက ပြန်လည် နာလန်ထစ အစောပိုင်း အဆင့်မှာပဲ ရှိသေးတော့၊ တည်ငြိမ်အေးချမ်းမှုက သူ အလိုအပ်ဆုံးပဲ။
ဒီအငြင်းပွားမှုတွေသာ နှစ်နဲ့ချီပြီး ကြာနေရင် သူ့ရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမှာပဲ။ တိကျတဲ့ ရပ်တည်ချက် တစ်ခု ယူမယ့်အစား၊ နှစ်ဖက်လုံးကို ခြိမ်းခြောက်ပြီး သူတို့ဆီကနေ အကျိုးအမြတ်တွေ ထုတ်ယူလိုက်တာက ပိုကောင်းမယ်လေ။
သူတို့ရဲ့ အားပြိုင်မှုကို သူ ဆက်ပြီး ကစားနိုင်တယ်၊ သူတို့ အချင်းချင်း မတည့်အောင် ဖန်တီးထားပြီး သူကတော့ အကျိုးအမြတ်တွေကို ခံစားနေလို့ ရတယ်။ သူ့ရဲ့ တပ်ဖွဲ့သစ်ကို တည်ဆောက်ပြီး ပြည်နယ်ခြောက်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်သွားတဲ့ အချိန်ရောက်ရင်တော့ ဒီအထက်တန်းလွှာ မိသားစုတွေက သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူးလေ။ အဲဒီအချိန်ကျမှ သူတို့ကို သူ သဘောကျသလို ကိုင်တွယ်လို့ ရပြီ။
ဆုံးဖြတ်ချက် ချပြီးသွားတော့ ရှောင်မင်က "တော်ကြတော့။ ထပ်ပြီး ငြင်းခုံနေစရာ မလိုတော့ဘူး။ မင်းတို့နှစ်ယောက်လုံး ပြန်လို့ရပြီ။ လယ်ထွန်နွား ပြဿနာက သခင်ကြီးဝမ်ရဲ့ တူဆီက စတာဆိုတော့၊ ဒါက မိသားစုတွင်း ကိစ္စပဲ ဖြစ်နေသေးတယ်။ ဘယ်လို ဖြေရှင်းမလဲဆိုတာ ခင်ဗျား အပိုင်းပဲ။ ဒါပေမဲ့ နွားတွေနဲ့ ပတ်သက်ပြီးတော့..." လို့ ပြောလိုက်တယ်။
ဝမ်ချန်ချို ရင်ထဲ ပေါ့သွားတယ်... ရှောင်မင်က ဒီကိစ္စကို လွှတ်ပေးလိုက်ပြီကိုး။ သူက ကပျာကယာ ပြန်ဖြေတယ်။ "မင်းသားလေး... ကျွန်တော်မျိုးရဲ့ ခြံမြေတွေက ပိုလျှံနေတဲ့ လယ်ထွန်နွားတွေကို ဒေသခံ ခရိုင်တွေဆီ ခွဲဝေပေးဖို့ ပို့ပေးပါ့မယ်။ မင်းသားလေး အနေနဲ့ တစ်နှစ်ကို ငှားရမ်းခ နည်းနည်းပါးပါးလေး ပေးရုံနဲ့ ရပါပြီ"
ရှောင်မင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ အနည်းဆုံးတော့ ဝမ်ချန်ချို က အခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေ နေတတ်သေးတာပဲ။ ဒီအစီအစဉ်က စုပေါင်းလယ်ယာတွေမှာ လယ်ထွန်နွား ရှားပါးနေတဲ့ ပြဿနာကို သိသိသာသာ ပြေလည်သွားစေလိမ့်မယ်။ အဲဒီနောက် သူက ချင်ချွမ်ယွင် ဘက်ကို လှည့်လိုက်တယ်။ "သခင်ကြီးချင် အတွက်ကတော့ တရားမဝင် ဆားအရောင်းအဝယ် ကိစ္စကို ငါ ကိုယ်တိုင် စုံစမ်းစစ်ဆေးမယ်။ အဆုံးအဖြတ် မချရသေးခင်အထိ စွပ်စွဲချက်တွေ ဆက်မပြန့်စေရဘူး"
ချင်ချွမ်ယွင် ရင်လေးသွားတယ်... ရှောင်မင်ရဲ့ စကားတွေက ဒီကိစ္စ ပြီးပြတ်ဖို့ အဝေးကြီး လိုသေးတယ်ဆိုတာကို သွယ်ဝိုက်ပြောနေတာလေ။
"ကျေးဇူးကြီးမားလှပါတယ် မင်းသားလေး" နှစ်ယောက်လုံး ထရပ်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်ကာ လှည့်ထွက်သွားကြတယ်။
သူတို့ ထွက်သွားတာနဲ့ ချန်တာ့ဖူ က ရယ်လိုက်တယ်။ "မင်းသားလေးရဲ့ နည်းဗျူဟာတွေက ပိုပိုပြီး သိမ်မွေ့လာပြီပဲ။ ခုနလေးတင် ချင် မိသားစုကို အခွင့်အရေး ပေးလိုက်ပြီး၊ အခု ချက်ချင်းပဲ ကြိုးကို ပြန်တင်းလိုက်ပြန်ပြီ။ ဝမ်ချန်ချိုကိုလည်း အပြစ်မပေးဘဲ သူ့နွားတွေကို အတင်းအကျပ် စွန့်လွှတ်စေခဲ့တယ်။ တရားမဝင် ဆားကိစ္စနဲ့ ပတ်သက်ရင်လည်း အခုဆို မင်းသားလေးက ချင် မိသားစုရဲ့ လည်ပင်းပေါ်မှာ ဓားတစ်လက် တင်ထားနိုင်သွားပြီ"
"ကွက်တိပဲ" ရှောင်မင် ရယ်လိုက်တယ်။ "ချင်ချွမ်ယွင် လည်း ဒါကို ကောင်းကောင်း နားလည်မှာ သေချာတယ်။ နောင်ကျရင် သူက ဝမ် မိသားစုထက်တောင် ပိုပြီး နာခံလာလိမ့်မယ်"
အဲဒီအချိန် ဝမ်အိမ်တော် အပြင်ဘက်မှာတော့...
"ဝမ်ချန်ချို... မင်းက တကယ့်ကို ရက်စက်တာပဲ။ စောင့်ကြည့်နေလိုက်" ချင်ချွမ်ယွင် က တံတွေးထွေးရင်း ပြောလိုက်တယ်။ ချင် မိသားစုက သိသိသာသာ နစ်နာသွားတာလေ... တရားမဝင် ဆားအရောင်းအဝယ်ဆိုတာ ရှောင်မင် ဆုံးဖြတ်သလို အသေးအမွှားလည်း ဖြစ်သွားနိုင်သလို၊ ကြီးလေးတဲ့ ပြစ်မှုလည်း ဖြစ်သွားနိုင်တာကိုး။
ဝမ်ချန်ချို က မဲ့ပြုံး ပြုံးလိုက်တယ်။ "ရက်စက်တယ် ဟုတ်လား။ ခင်ဗျားလည်း ငါ့ထက် သာတာမှ မဟုတ်တာ သခင်ကြီးချင် ရာ။ ဟွန်း"
အဲဒီနောက် သူတို့နှစ်ယောက် ဆန့်ကျင်ဘက် အရပ်ဆီကို ဒေါသတကြီး ထွက်သွားကြတယ်။
ချင် အိမ်တော်ကို ပြန်ရောက်တော့လည်း ချင်ချွမ်ယွင် တစ်ယောက် စိတ်မအေးနိုင်သေးဘူး။ သေချာ စဉ်းစားကြည့်တော့မှ နွားပြဿနာကြောင့် ရှောင်မင်က ဝမ် မိသားစုကို ပေါ့ပေါ့တန်တန် လွှတ်ပေးလိုက်တာဆိုတာ သူ သဘောပေါက်သွားတယ်။ ဒါကို တွေးမိတာနဲ့ သူက ဝေ့ မိသားစုဆီ ချက်ချင်း သွားလည်တယ်။ သူ့သမီးကို ဝေ့ချင်း နဲ့ ပေးစားပြီးကတည်းက သူတို့ မိသားစု နှစ်စုက မဟာမိတ် ဖွဲ့ထားပြီး ပိုပို ရင်းနှီးလာကြတာလေ။
ဝေ့ အိမ်တော်မှာ ချင်ချွမ်ယွင် က ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို ပြန်ပြောပြလိုက်တယ်။
"ပိုနေတဲ့ နွားတွေ အကုန်လုံးကို လှူလိုက်ရမယ်လို့ ခင်ဗျားက အကြံပေးနေတာပေါ့လေ" ဝေ့ဟုန် ရဲ့ မျက်နှာက နှမြောတွန့်တိုမှုကြောင့် ရှုံ့မဲ့သွားတယ်။
"ဒါက ရေရှည် မဟာဗျူဟာပါ" ချင်ချွမ်ယွင် က ရှင်းပြတယ်။ "လယ်ထွန်နွား တစ်ကောင်က ငွေဆယ်တုံးထက် ပိုမတန်ပါဘူး။ ဒါပေမဲ့ အခု မူးယစ်ချင်းကျိုး အရက် တစ်အိုးကနေ အဲဒီထက်မက အမြတ်ရနေပြီလေ။ ထုတ်လုပ်မှုကို ချဲ့ထွင်လိုက်ရင် ငါတို့ရဲ့ တစ်နှစ်စာ အမြတ်က ငွေသောင်းချီ ရှိလာမှာ။ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို ချိန်ထိုးကြည့်ရမယ်"
ဝေ့ဟုန် က ခပ်ချဉ်ချဉ် လေသံနဲ့ ညည်းတယ်။ "ခင်ဗျား ဘယ်လောက်ပဲ မြတ်မြတ် ဒါက ခင်ဗျား ငွေတွေလေ သခင်ကြီးချင် ရဲ့။ ငါကတော့ ခင်ဗျားကို အားကျရုံပဲ တတ်နိုင်တာ"
ချင်ချွမ်ယွင် ခပ်ဟဟ ရယ်လိုက်တယ်။ "လာပါ... သဘောထား မသေးသိမ်စမ်းပါနဲ့။ ခင်ဗျား မိသားစုက ပြည်နယ်ခြောက်ခုလုံးမှာ အကြီးဆုံး ဆန်ကုန်သည်လေ၊ လယ်မြေတွေရော နွားတွေရော အများဆုံး ရှိတာပဲ။ နွားတစ်ထောင်လောက် စွန့်လွှတ်ရတာက ပြဿနာမှ မဟုတ်တာ။ လိုအပ်ရင် ခင်ဗျားကို ငွေနဲ့ ပြန်လျော်ပေးပါ့မယ်"
ဝေ့ဟုန် သက်ပြင်းချလိုက်တယ်။ "ခင်ဗျားက ဒီလို ပြောလာမှတော့ ငါ မကူညီဘဲ နေလို့မှ မရတော့တာ"
တွန့်ဆုတ်နေပေမဲ့ ချင်ချွမ်ယွင် က လျော်ကြေးပေးမယ် ဆိုတော့ သူ သိပ်မနစ်နာဘူး ဆိုတာ သူ သိတယ်။ အဲဒီနောက် သူက "ဒါပေမဲ့ သခင်ကြီးချင်... ငါ့အတွက် မင်းသားလေးရှေ့မှာ စကားကောင်းလေးတော့ ဝင်ပြောပေးရမယ်နော်" လို့ ဖြည့်ပြောတယ်။
ချင်ချွမ်ယွင် ခဏလောက် တွန့်ဆုတ်သွားပြီးမှ ရယ်လိုက်တယ်။ သူက ဝေ့ဟုန် ရဲ့ လက်ကို ပုတ်ပြီး "စိတ်ချပါ။ ခင်ဗျားရဲ့ သဘောထားကြီးမှုကို မင်းသားလေး ကြားသိစေရပါ့မယ်။ မင်းသားလေးရဲ့ မျက်နှာသာပေးမှုကိုသာ ရရင် ငါတို့ မိသားစု နှစ်စုလုံး ကြီးပွားမှာပဲ။ အချိန်တွေ ပြောင်းလဲသွားပြီ၊ ဝမ်ချန်ချို က တစ်ချိန်က မဟာမိတ်လို ထင်ရပေမဲ့ အခုတော့ သူ့ရဲ့ တကယ့် ရည်မှန်းချက်တွေ ပေါ်လာပြီ။ ငါတို့ မိသားစုတွေက အထက်တန်းလွှာတွေထဲမှာ အသစ်တွေပဲ ရှိသေးတယ်လေ... ဝမ် မိသားစုနဲ့ ဆွန် မိသားစုကို ယှဉ်နိုင်ဖို့ဆိုရင် မင်းသားလေးကို အားကိုးမှ ရမှာ"
ဝေ့ဟုန် ခေါင်းညိတ်လိုက်တယ်။ "ခင်ဗျား ပြောတာ မှန်တယ် သခင်ကြီးချင်"
အပိုင်း ( ၄၆ ) ပြီးဆုံး
***