အစွမ်းထက် ပုဂ္ဂိုလ်ကြီးအများအပြား မဟာမိုးကောင်းကင်ဂိုဏ်းကနေ ထွက်ခွာသွားကြပါပြီ။
ထောင်စုနှစ် မဟာအခမ်းအနားပွဲတော်ကြီး ပြီးဆုံးသွားပြီ ဆိုပေမယ့်လည်း ဒီရိုက်ခတ်မှုအရှိန်ကတော့ မရပ်တန့်သွားပါဘူး။
ပထမဆုံးအနေနဲ့ လောကတလွှားမှာရှိတဲ့ ဂိုဏ်းအသီးသီးက အစွမ်းထက် တန်ခိုးရှင်တွေဟာ တံခါးပိတ်တရားကျင့်ဖို့ တစ်ယောက်ပြီးတစ်ယောက် ကြေညာလိုက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ထောင်စုနှစ် မဟာအခမ်းအနားမှာ လူတိုင်းဟာ သန့်စင်သော ဝိညာဉ်တော်တွေရဲ့ အမွေအနှစ်တွေကို ရရှိခဲ့ကြတာပါ။ ဒီအမွေအနှစ် အတော်များများမှာ အဆင့်တက်ဖို့အတွက် အမြန်ဆုံး ကျင့်ကြံအားထုတ်ဖို့ လိုအပ်ပါတယ်။
အရင်နှစ်တွေတုန်းကတော့ မဟာအခမ်းအနားတွေ ပြီးတိုင်းမှာ ဖြောင့်မတ်သောလမ်းစဉ် နဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းတို့ဟာ ကြိုတင်စီစဉ်ထားတဲ့ စိန်ခေါ်ပွဲတွေ ဆင်နွှဲလေ့ရှိကြပေမဲ့၊ အခုတစ်ကြိမ်မှာတော့ အဖွဲ့အားလုံးဟာ ဂူအောင်းဖို့ ရွေးချယ်ခဲ့ကြသလို မိစ္ဆာအရိပ်ဂိုဏ်းကိုယ်တိုင်ကပါ တံခါးပိတ် တရားကျင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါကြောင့် စိန်ခေါ်ပွဲတွေ ရှိဖို့ နေနေသာသာ တစ်လောကလုံးဟာ ထူးထူးခြားခြားကို ငြိမ်းချမ်းနေပါပြီ။
စိန်ခေါ်ပွဲတွေဆိုတာ အဖွဲ့အစည်းအသီးသီးကြားက မပြောထားပဲ သဘောတူထားတဲ့ ကိစ္စတစ်ခုပါ။ မဟာအခမ်းအနားရဲ့ အမှားအယွင်းကို လိုက်ရှာဖို့ကတော့ လူတိုင်းလုပ်ရမယ့် အလုပ်ပါပဲ။
ကျင်းပခဲ့တဲ့ မဟာအခမ်းအနားကြီး ဆယ်ခုမှာ ပထမဆုံးတစ်ခုကလွဲလို့ နောက်ပိုင်း ကျင်းပခဲ့တဲ့ အခမ်းအနားတိုင်းဟာ ဘယ်သူပဲ ဦးဆောင်ကျင်းပပါစေ၊ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပါစေ၊ နောက်ဆုံးမှာတော့ ဝေဖန်ကဲ့ရဲ့တာကို ခံရစမြဲပါပဲ။
လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုက ယွင်ရှောင်ဂိုဏ်းရဲ့ နှစ်ပေါင်းကိုးရာပြည့် မဟာအခမ်းအနားဆိုရင် အကောင်းဆုံးလို့ ပြောလို့ရပေမဲ့ အဲဒီတုန်းက လင်စုတစ်ယောက် ဘယ်လောက်တောင် ဝေဖန်ခံခဲ့ရလဲဆိုတာ... သူဟာ အဲဒီဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျတဲ့အဆင့်တောင် ရောက်သွားခဲ့ပါတယ်။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဝေဖန်တဲ့သူကတော့ အမြဲရှိနေစမြဲ။
ဒါပေမဲ့ ဒီတစ်ခေါက် ထောင်စုနှစ် မဟာအခမ်းအနားမှာတော့... ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တစ်လောကလုံးက ချီးကျူးစကားတွေနဲ့ ထုံမွှမ်းနေပါပြီ။
မတတ်နိုင်ဘူးလေ... ဒီလောက် ကောင်းမွန်လှတဲ့ ထောင်စုနှစ် မဟာအခမ်းအနားကို ဘယ်လိုလုပ်ပြီး ဝေဖန်လို့ ရမှာလဲ။
ချူရှင်းဟီက ပေါ့ပေါ့တန်တန် လုပ်ခဲ့တယ်လို့ ပြောရမလား။
ဒါမှမဟုတ် ချူရှင်းဟီက အနီရောင်တွေ သုံးလိုက်လို့ ထောင်စုနှစ် မဟာအခမ်းအနားကို ထောင်စုနှစ် ပျော်ရွှင်ဖွယ်ရာ ပူဇော်ကန်တော့ပွဲ အဖြစ် ပြောင်းလဲသွားတယ်လို့ ပြောမလား။
ရူးနေတာလား။။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သန့်စင်သော ဝိညာဉ်တော် တွေကိုတောင် ချူရှင်းဟီက ဖိတ်ကြားနိုင်ခဲ့တာလေ။ ဒါဟာ ချူရှင်းဟီရဲ့ ထောင်စုနှစ် မဟာအခမ်းအနားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ရှေးခေတ်ဟောင်း တန်ခိုးရှင်ကြီးတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တယ်ဆိုတော့မှာပါ။
ရှေးခေတ်ဟောင်း တန်ခိုးရှင်ကြီးတွေကတောင် ခွင့်ပြုပေးခဲ့တာကို မင်းတို့က ဘာအကြောင်းပြချက်နဲ့ ချူရှင်းဟီကို ဝေဖန်ကြမှာလဲ။
ယွင်ရှောင်ဂိုဏ်းတောင် နှုတ်ဆိတ်နေတာ မမြင်ဘူးလား။
သန့်စင်သော ဝိညာဉ်တော် ကိစ္စကို အသာ ဖယ်ထားလိုက်ဦး။၊ ချူရှင်းဟီဟာ ဒီအခမ်းအနားကတစ်ဆင့် မဟာနေမင်း ကုန်းမြေတိုက်ကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ပြန်လည်နိုးထစေခဲ့တာကတော့ တကယ့်ကို ကြီးမားလှတဲ့ ကမ္မကုသိုလ်ကောင်းမှု တစ်ခု ပြုလုပ်လိုက်တာပါပဲ။
လောကမှာရှိတဲ့ လူတိုင်းဟာ ဝိညာဉ်စွမ်းအင် နိုးထလာမှုကနေ အကျိုးကျေးဇူး ကိုယ်စီ ရရှိလာကြပါပြီ။
အရင်တုန်းက ပါရမီ အရမ်းနည်းလို့ တစ်သက်လုံး တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းလို့ မရနိုင်တော့ဘူးလို့ ထင်ရတဲ့သူတွေဟာ အခုဆိုရင် ပြန်လည်နိုးထလာတဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ ပံ့ပိုးပေးမှုကြောင့် တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းလာနိုင်ကြပြီ မဟုတ်ပါလား။
အရင်က သာမန်လူတစ်ယောက်ဟာ အသက်ရှစ်ဆယ်၊ တစ်ရာလောက်အထိပဲ နေရပြီး အိုမင်းသေဆုံးသွားနိုင်ပေမဲ့၊ ဝိညာဉ်စွမ်းအင်တွေ နိုးထလာပြီးနောက်မှာတော့ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်တွေရဲ့ ပံ့ပိုးမှုကြောင့် သာမန်လူတစ်ယောက် ဖြစ်နေရင်တောင် နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ပိုပြီး အသက်ရှည်နိုင်နေပါပြီ။
ဒါကြောင့် ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဒီထောင်စုနှစ် မဟာအခမ်းအနားဟာ အောင်မြင်ရုံတင် မကတော့ပါဘူး။ ဒါဟာ မဟာနေမင်း ကုန်းမြေတိုက်ကြီးရဲ့ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဖြစ်ရပ်ကြီး တစ်ခုပါပဲ။
ပြီးတော့ ချူရှင်းဟီ ဆိုတဲ့ နာမည်ကလည်း အဲဒီသမိုင်းထဲမှာ ပါဝင်နေမှာပါ။
ချူရှင်းဟီရဲ့ နာမည်ကို ပြောလိုက်တာနဲ့ လောကမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးက စိတ်လှုပ်ရှားစွာနဲ့ပဲ သက်ပြင်းချမိကြပါတယ်။
အရင်တုန်းကတော့ ချူရှင်းဟီနဲ့ ပတ်သက်ရင် လူအတော်များများဟာ ကြားဖူးရုံပဲ ရှိတာပါ။
ချူရှင်းဟီရဲ့ အနှိုင်းမဲ့ ပါရမီတွေ... ချူရှင်းဟီဟာ မျိုးဆက်သစ် တန်ခိုးရှင်တွေအကြား နံပါတ် (၁) ဖြစ်တာတွေ... ချူရှင်းဟီရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမှုတွေပေါ့...
ဒါပေမဲ့ ကောင်းတာက တစ်ပိုင်း၊ လူတိုင်းမှာတော့ မကောင်းသတင်းဆိုတာလည်း ပြန့်လာတတ်ပါတယ်။
ချူရှင်းဟီရဲ့ လုပ်ရပ်တွေကြောင့် နောက်ပိုင်းမှာ ကံကောင်းတဲ့ အခွင့်အရေးတွေ ပေါ်ပေါက်လာပြီး မဟာမိုးကောင်းကင်ဂိုဏ်းကို အကျိုးရှိစေခဲ့သလဲဆိုတာ လူတိုင်း မသိကြပါဘူး။
သတင်းအမှန်ကို မသိတဲ့ လူအတော်များများကတော့ ချူရှင်းဟီ တစ်ယောက် ပေါက်တတ်ကရတွေ လျှောက်လုပ်နေတယ်လို့ ထင်ခဲ့ကြပါသေးတယ်။
တချို့ဆိုရင် "ချူရှင်းဟီက ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင် ရဲ့ တရားမဝင် သားများလား" ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။
ချူရှင်းဟီက ဒီလောက်အထိ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာတောင် မဟာမိုးကောင်းကင်ဂိုဏ်းက ဘာဖြစ်လို့ ဘာမှ မလုပ်ခဲ့တာလဲပေါ့။
ဒါပေမဲ့ ဒီထောင်စုနှစ် မဟာအခမ်းအနား ပြီးဆုံးတဲ့နောက်မှာတော့ သံသယအားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။
ချူရှင်းဟီဟာ သူ့ရဲ့ အစွမ်းအစနဲ့ပဲ လူတိုင်းအတွက် ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးခဲ့တာပါ။ တချို့ဆိုရင် ဒီခေတ်သစ်ကို "ရှင်းဟီခေတ်" လို့တောင် အမည်ပေးဖို့ အကြံပြုနေကြပါတယ်။
ဒါတင်မကသေးပါဘူး၊ ချူရှင်းဟီဟာ ခေတ်သစ်ကို လမ်းဖွင့်ပေးခဲ့ရုံတင် မကပဲ ကမ္ဘာ့နတ်ဘုရား အမွေအနှစ်ကို ဂူမင်ချောင်ဆီ လူအများရှေ့မှာပဲ ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးခဲ့ပါသေးတယ်။ ဒီကိစ္စကြောင့် တစ်လောကလုံးကို တုန်လှုပ်သွားပါပြီ။
အခုတစ်ခေါက် မဟာမိုးကောင်းကင်ဂိုဏ်းဟာ အမွေအနှစ် အများကြီး မရခဲ့တာမို့ အဲဒီအချိန်တုန်းက လူအတော်များများက "ထောင်စုနှစ် မဟာအခမ်းအနားပြီးရင် မဟာမိုးကောင်းကင်ဂိုဏ်း အဆင့်ကျသွားတော့မယ်" ဆိုပြီး ပြောခဲ့ကြပါသေးတယ်။
ဘာပဲဖြစ်ဖြစ် တခြားအဖွဲ့တွေက အစွမ်းထက်လာပြီး မဟာမိုးကောင်းကင်ဂိုဏ်းအတွက်က ဘာမှ မထူးခြားဘူးဆိုရင် မဟာမိုးကောင်းကင်ဂိုဏ်းဟာ သနားစရာကောင်းတဲ့ အခြေအနေကို ရောက်သွားမှာ မဟုတ်ပါလား။
ဒါပေမဲ့ သန့်စင်သော ဝိညာဉ်တော်တွေက အမွေအနှစ်ပေးပြီးတဲ့နောက်မှာ နောက်ထပ် ကြီးမားတဲ့ မြှုပ်ကွက်ကြီးတစ်ခု ထပ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ ချူရှင်းဟီကို အဓမ္မ အသွင်ပြောင်းလဲပေးခဲ့တဲ့ မြင်ကွင်းက အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်းနေခဲ့ပါတယ်။
အဲဒီနောက်မှာ သန့်စင်သော ဝိညာဉ်တော်က ချူရှင်းဟီရဲ့ တန်ခိုးကျင့်စဉ် အဆင့်ကို မြှင့်တင်ပေးခဲ့ပေမဲ့၊ ဒီလိုအခွင့်အရေးမျိုးကို ရရှိချိန်မှာတောင် ချူရှင်းဟီက ဂူမင်ချောင်ဆီကို ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးခဲ့ပါသေးတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တချို့ကတော့ ဒီလို ပြောနေကြပါပြီ။
"ချူရှင်းဟီက အတော်ကို နုံတာပဲ။ ဒီလို အခွင့်အရေးမျိုး ရဖို့ လွယ်လား"
ချူရှင်းဟီသာ လက်ခံခဲ့မယ်ဆိုရင် အမွေအနှစ်က သူ့ကို ကမ္ဘာ့နတ်ဘုရား မဖြစ်စေနိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ ဘိုးဘေးအင်မော်တယ် ဖြစ်စေမှာ မဟုတ်ပါလား။
ကမ္ဘာ့နတ်ဘုရား ခြေတစ်ဝက်လှမ်းထားတဲ့ အဆင့်ကိုတောင် ရောက်သွားနိုင်ချေ ရှိနေပါတယ်။ ပြီးတော့ ခန္ဓာကိုယ် ပြောင်းလဲထားမှုကြောင့် အဲဒီအဆင့်ကို ရောက်ရှိတာနဲ့ နည်းနည်းလေး ထပ်ကြိုးစားလိုက်ရင် ချူရှင်းဟီဟာ ကမ္ဘာ့နတ်ဘုရား ဖြစ်လာတော့မှာပါ။
ဒါကြောင့် ချူရှင်းဟီရဲ့ လုပ်ရပ်က နည်းနည်းတေ နုံသွားတာပဲ မဟုတ်ပါလား။
ဒါပေမဲ့ တချို့တွေကတော့ အမြင်မတူကြပါဘူး။ ချူရှင်းဟီ ဘာမှမမှားဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။ တကယ်လို့သာ ချူရှင်းဟီက အဲဒီစွမ်းအားတွေကို အကုန်စုပ်ယူလိုက်ရင် ဘိုးဘေးအင်မော်တယ်အဆင့်ကို ရောက်နိုင်ပေမဲ့ ကမ္ဘာ့နတ်ဘုရား ဘယ်တော့ဖြစ်မလဲဆိုတာ မသေချာပါဘူး။
ဒါပေမဲ့ အဲဒီစွမ်းအားကို ဂူမင်ချောင် ဆီ ပေးလိုက်တာကတော့ ဘာပြဿနာမှ မရှိတော့ပါဘူး။ ဂူမင်ချောင်က အမွေအနှစ်ကို လက်ခံရရှိပြီး လောကမှာ နံပါတ် (၁) ကမ္ဘာ့နတ်ဘုရား ဖြစ်လာခဲ့သလို၊ အစပိုင်းမှာ ဘာအမွေအနှစ်မှ မရခဲ့တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကိုလည်း တစ်ကမ္ဘာလုံးမှာ အနိုင်ရရှိသူ ဖြစ်အောင် ပြန်လုပ်ပေးလိုက်တာပဲ မဟုတ်လား။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ မဟာမိုးကောင်းကင် ခမ်းမဆောင်ကြီးထဲမှာတော့ ဂိုဏ်းရဲ့ အကြီးအကဲ အားလုံး စုဝေးရောက်ရှိနေကြပါတယ်။
ဂိုဏ်းချုပ်ကြီး ဂူမင်ချောင်က အဓိကထိုင်ခုံကြီးမှာ ခန့်ညားထည်ဝါစွာ ထိုင်နေပြီး၊ နှစ်ဖက်စလုံးမှာတော့ မရေမတွက်နိုင်တဲ့ အကြီးအကဲတွေတွေ အစီအရီ ရှိနေတာ တွေ့ရမှာပါ။ ချူရှင်းဟီကတော့ အလယ်မှာပဲ တည်ငြိမ်စွာ ရပ်နေပါတယ်။
လူတိုင်းရဲ့ အကြည့်တွေက ရှင်းဟီဆီမှာပါ။ အခုချိန်မှာတော့ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ်၊ ဘယ်အကြီးအကဲပဲဖြစ်ဖြစ် ရှင်းဟီကို ကြည့်တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ချစ်ခင်ယုယမှုတွေ နွေးထွေးမှုတွေနဲ့ ပြည့်၀နေခဲ့ပါတယ်။
ထောင်စုနှစ် မဟာအခမ်းအနားကို ဘယ်လောက်တောင် ကောင်းအောင် စီစဉ်ခဲ့သလဲဆိုတာကို ဖယ်ထားလိုက်ဦး။ ရှင်းဟီက နောက်ဆုံးမိနစ်မှာ အမွေအနှစ်စွမ်းအားတွေကို ဂိုဏ်းချုပ်ဆီ လွှဲပြောင်းပေးခဲ့တာ၊ ဂိုဏ်းချုပ်ကို ကမ္ဘာ့နတ်ဘုရားအဖြစ် အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးပြီး နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ပထမဆုံးသော ကမ္ဘာ့နတ်ဘုရား ဖြစ်လာစေခဲ့တာတွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ "နံပါတ် (၁) ဂိုဏ်း" နေရာကို တောင်ကြီးတစ်လုံးလို ခိုင်မြဲသွားစေခဲ့ပါတယ်။
ဒီအချက်တစ်ခုတည်းနဲ့တင် လူတိုင်းက "ရှင်းဟီဟာ တကယ့်ကို လိမ္မာတဲ့ ကလေးလေးပဲ" လို့ ချီးကျူးနေကြပါပြီ။
ဆရာဘိုးဘိုးရဲ့ မျက်နှာကလည်း ဂန္ဓမာပန်း ပွင့်နေသလိုမျိုး လန်းဆန်းပြုံးရွှင်နေခဲ့ပါတယ်။
(ကြည့်စမ်း... ဒါ ငါတို့ရဲ့ ရှင်းဟီပဲ။ ဒီလောက်ကြီးမားတဲ့ အခွင့်အရေးမျိုးကို ကြုံရချိန်မှာ သာမန်လူငယ်တစ်ယောက်ဆိုရင် ရှင်းဟီလို လုပ်နိုင်ပါ့မလား။)
ချူရှင်းဟီကတော့ ဆရာဘိုးဘိုး ဘာတွေ ခံစားနေရလဲဆိုတာ မသိပါဘူး။ သူ သိတာကတော့ ဒီကိစ္စတွေက တကယ်တော့ သူ့ကြောင့် မဟုတ်ဘူးဆိုတာပါပဲ။ ဒါတွေ အားလုံးက ကံကြမ္မာဖန် သံလိုက်အိမ်မြောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာပါ။
ချူရှင်းဟီက အမှန်အတိုင်း မပြောချင်တာ မဟုတ်ပါဘူး။ အဓိကကတော့ သံလိုက်အိမ်မြှောင်က ပြောခွင့်မပြုတာပါ။
တကယ်လို့သာ သူ မဆင်မခြင် စကားပြောလိုက်ရင် သံလိုက်အိမ်မြှောင်က ရုတ်တရက် ပြောင်းပြန်လည်ပတ်လာပြီး နောက်တဒင်္ဂမှာ ကောင်းကင်ကနေ ဥက္ကာခဲကြီး ကျလာနိုင်ပါတယ်။ မဟာမိုးကောင်းကင် တောင်တန်းတစ်ခုလုံးကို ပြားချပ်သွားအောင် လုပ်မှာမဟုတ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။
ဒါကြောင့် ဘာမှမပြောဘဲ တိတ်တိတ်လေးပဲ နေနေခဲ့တာပါ။
ဂူမင်ချောင်က ရှင်းဟီကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း စကားပြောလိုက်ပါတယ်။ ၃
"ရှင်းဟီရဲ့ ဒီတစ်ခေါက် အကျိုးဆောင်ပေးမှုနဲ့ ပတ်သက်ပြီး ဂိုဏ်းအနေနဲ့ ထပ်ရှင်းပြနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ အားလုံးလည်း နားလည်ကြမှာပါ။ ဒီနေ့ကစပြီး ငါ့ရဲ့ အမိန့်အရ ရှင်းဟီကို ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အနီးကပ်တပည့်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်။ မဟာမိုးကောင်းကင် နန်းတော်ထဲကို..."
ဂိုဏ်းချုပ်ဂူမင်ချောင်ရဲ့ စကားမဆုံးခင်မှာပဲ အသံတစ်ခုက ကြားဖြတ်လိုက်ပါပြီ။
"ဂိုဏ်းချုပ်ကြီး... လုံးဝ မဖြစ်နိုင်ပါဘူး။" ဆရာဘိုးဘိုးက ပျာပျာသလဲနဲ့ ခုန်ထွက်လာပါတယ်။
ဆရာဘိုးဘိုး တစ်ယောက်တည်းတင် မကပါဘူး၊ တခြား မဟာအကြီးအကဲတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ကန့်ကွက်ကုန်ကြပါပြီ။။
"ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်တပည့် ရာထူးဆိုတာ အရမ်း အရေးကြီးပါတယ်။ သေသေချာချာ စဉ်းစားပါဦး..."
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်... ရှင်းဟီက ဒီတစ်ခေါက် သိပ်ပြီးတော့လည်း မလုပ်ခဲ့ပါဘူး။ ဂိုဏ်းချုပ်တပည့် ရာထူးကိုတော့ ချန်ထားခဲ့သင့်တယ်လို့ ထင်ပါတယ်..."
"မှန်ပါတယ်၊ ရှင်းဟီက အဆင့်မြင့် လက်ရွေးစင်တပည့်အဆင့်ပဲ ရှိပါသေးတယ်။ သူ့ကို ဂိုဏ်းချုပ်ရဲ့ အနီးကပ်တပည့်အဖြစ် တိုက်ရိုက် ရာထူးတိုးပေးရင် အောက်က တခြားတပည့်တွေ မကျေမနပ် ဖြစ်ကုန်ပါလိမ့်မယ်။ သူ့ကို အဓိက တပည့်ကြီးအဖြစ် အရင် ဆုချသင့်တယ်လို့ ထင်ပါတယ်။"
"အကြီးအကဲဟီ ပြောတာ မှန်တယ်၊ အဓိက တပည့်ကြီး အဆင့်ဆိုရင်ပဲ လုံလောက်နေပါပြီ၊ တကယ်လို့ မလုံလောက်ဘူးဆိုရင်လည်း ဝိညာဉ်ကျောက်တုံး တစ်သောင်းလောက် ထပ်ဆုချလိုက်ရင် အဆင်ပြေမှာပါ။"
ဆရာဘိုးဘိုးဟာ တခြား အကြီးအကဲတွေရဲ့ စကားကို နားထောင်ပြီး သူတို့ပြောတာတွေက လုံးဝကို ယုတ္တိရှိပါတယ်ဆိုတဲ့ အမူအရာနဲ့ အမြန် ခေါင်းညိတ်ပြလိုက်ပါတယ်။
ဂူမင်ချောင်ကတော့ အောက်မှာရှိတဲ့ အကြီးအကဲတွေကို ကြည့်ပြီး ဆွံ့အသွားပါပြီ။ (ဟင်။ မင်းတို့ ပြောနေတာတွေက လူစကားလား။)
(ရှင်းဟီ ဘာတွေလုပ်ခဲ့သလဲဆိုတာ မင်းတို့ မသိတာလား။)
(ရှင်းဟီက ဘာမှမလုပ်ခဲ့ဘူး ဟုတ်လား။ ရှင်းဟီက ငါ့ကို ကမ္ဘာ့နတ်ဘုရား အဆင့် တင်ပေးခဲ့တာလေ။ အဲဒါကို ဘာမှမလုပ်ဘူးလို့ မင်းတို့ ပြောတာလား။)
(ပြီးတော့ အကြီးအကဲဟီ... မင်းက ရှင်းဟီကို ရာထူးတိုးပေးရင် တခြားတပည့်တွေ မကျေမနပ် ဖြစ်မယ်လို့ မျက်နှာပြောင်တိုက်ပြီး ပြောနေတယ်ပေါ့။ တကယ်တော့ မင်းကိုယ်တိုင်က မကျေနပ်တာ မဟုတ်လား။ တခြား ဘယ်တပည့်က မကျေနပ်တာလဲ။ သူ့ကို ဒီကို ခေါ်လာခဲ့၊ ငါ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင်ကိုယ်တိုင် ဒီနေ့ သူ့ကို ဆုံးမပေးမယ်။)
(အကြီးအကဲယွီ... မင်းလည်း အသက်ကြီးပြီး အရှက်မရှိလိုက်တာ။ အဓိက တပည့်ကြီး။ ဝိညာဉ်ကျောက်တုံး တစ်သောင်း။ မင်းတို့ ဘာတွေ ကြံစည်နေကြသလဲဆိုတာ ငါ ဂူမင်ချောင် မသိဘူးလို့ ထင်နေတာလား။)
(မင်းတို့က ရှင်းဟီကို မဟာမိုးကောင်းကင် နန်းတော်ထဲ မဝင်စေချင်တာပဲ။ ဘာလို့လဲဆိုတော့ ရှင်းဟီသာ မဟာမိုးကောင်းကင် နန်းတော်င်ထဲ မဝင်ရင် မင်းတို့ အဖိုးကြီးတွေအားလုံး ရှင်းဟီကို အနီးကပ်အနီးကပ်တပည့်အဖြစ် သိမ်းသွင်းဖို့ အခွင့်အရေးရှိမယ်လို့ ထင်နေကြတာ မဟုတ်လား၊ ဒါပေမဲ့ ဆရာဘိုးဘိုးကကော သဘောတူမယ် ထင်လို့လား။)
(မင်းတို့ရဲ့ အကွက်တွေကို ငါမသိဘူးများ ထင်နေလား။)
ဒီနေ့တော့ ဂူမင်ချောင်တစ်ယောက် အလွယ်တကူ အရှုံးပေးဖို့ အစီအစဉ် မရှိပါဘူး။
(ငါက ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင်လေ။ ကမ္ဘာ့နတ်ဘုရားကွ။)
ဂူမင်ချောင်က ဘာမှထပ်မပြောဘဲ ငါဟာ နှစ်ပေါင်းတစ်ထောင်ကျော်အတွင်းမှာ ပထမဆုံးသော ကမ္ဘာ့နတ်ဘုရား ဖြစ်တယ်လို့ ကြေညာလိုက်ပါပြီ။
"မင်းတို့ အဖိုးကြီးတွေက ငါ့ရဲ့ ပထမဆုံး အမိန့်ကို တော်လှန်ဝံ့ကြတာလား။"
အားလုံးကို ဂူမင်ချောင် ဆူလိုက်ပါတော့တယ်။
ဒါပေမဲ့ ဂူမင်ချောင်ရဲ့ ကမ္ဘာ့နတ်ဘုရား အရှိန်အဝါဟာ အပြင်လောကမှာတော့ အသုံးဝင်ပေမဲ့၊ မဟာမိုးကောင်းကင်ဂိုဏ်းက ဒီအကြီးအကဲ အုပ်စုရှေ့မှာတော့ တကယ်ကို အသုံးမဝင်နေပါဘူး။
ဆရာဘိုးဘိုးက ချက်ချင်း ပြန်ပြောလိုက်ပါပြီ။
"ဂိုဏ်းချုပ်ကြီးက ပထမဆုံး ကမ္ဘာ့နတ်ဘုရား ဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုးပါ။ တကယ်လို့ ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ ရာထူးကို သုံးပြီး ငါတကောကော လုပ်မယ်၊ ငါတို့ကို ဖိအားပေးမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ဂိုဏ်းချုပ်ကြီးကို ရာထူးကနေ ဖယ်ရှားဖို့ဂိုဏ်းရဲ့ စည်းကမ်းကို အသုံးချရပါလိမ့်မယ်။"
တခြား မဟာအကြီးအကဲတွေကလည်း ဆရာဘိုးဘိုး ပြောတာ မှန်တယ်ဆိုပြီး ဝိုင်းဝန်း ထောက်ခံလိုက်ကြပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းမှာ ဂိုဏ်းချုပ်ကို ရာထူးကနေ ဖယ်ရှားဖို့အတွက် ဂိုဏ်းစည်းကမ်းတစ်ခု ရှိပါတယ်။ အကယ်၍ ဂိုဏ်းချုပ်က တစ်ကိုယ်တော် အာဏာရှင်ဆန်လွန်းရင် သို့မဟုတ် အလွန်အကျွံ လုပ်ရပ်တွေ ရှိလာရင် ဆရာဘိုးဘိုးနဲ့အတူ အကြီးအကဲ ၇၀ ရာခိုင်နှုန်းကျော်က ထောက်ခံမယ်ဆိုရင် ဂိုဏ်းချုပ်ကို ရာထူးကနေ တိုက်ရိုက် ဖယ်ရှားပစ်လို့ ရမှာပါ။
ဂူမင်ချောင် တစ်ယောက် ဘယ်လောက်တောင် ဒေါသထွက်သွားသလဲဆိုရင် သူ့ရဲ့ ကမ္ဘာ့နတ်ဘုရားအော်ရာ အရှိန်အဝါတွေကိုတောင် ထုတ်သုံးလိုက်ပါတယ်။ ဒါပေမဲ့ မဟာမိုးကောင်းကင် ခမ်းမဆောင်ကြီးတစ်ခုလုံးမှာရှိတဲ့ မဟာအကြီးအကဲတွေကတော့ ကမ္ဘာ့နတ်ဘုရားရဲ့ အော်ရာအရှိန်အဝါ ဖိအားရှေ့မှာ တစ်လက်မမှ မဆုတ်ခဲ့ပါဘူး။
(ဒီနေ့မှာတော့ ဂိုဏ်းချုပ်ကြီးသာ မိစ္ဆာအရိပ်ဂိုဏ်းနဲ့ အသေအကြေ စစ်တိုက်ရမယ်လို့ ပြောရင် ကျွန်တော်တို့ ပထမဆုံး လက်ညှိုးထောင်ပြီး ထောက်ခံမှာပါ။ ဒါပေမဲ့ ရှင်းဟီကို ဂိုဏ်းချုပ်တပည့် ခန့်ပြီး အနီးကပ် တပည့်အဖြစ် လုယူမယ်ဆိုရင်တော့ အိပ်မက်သာ မက်နေလိုက်ပါတော့။)
အကျိုးဆက်အနေနဲ့ ဂူမင်ချောင်ရဲ့ ကမ္ဘာ့နတ်ဘုရား ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးသော တိုက်ပွဲဟာ ကျရှုံးမှုနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ချူရှင်းဟီဟာ ထောင်စုနှစ် မဟာအခမ်းအနားကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့တဲ့အတွက် အဓိက တပည့်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရပါပြီ။ ဝိညာဉ်ကျောက်တုံး တစ်သောင်းလည်း ရရှိခဲ့ပါတယ်။
ဒီသတင်း ပြန့်သွားတဲ့အခါမှာတော့ နန်းတော်အသီးသီးက တပည့်တွေဟာ အံ့ဩကုန်ကြပါတော့တယ်။
(ဘာလဲ... ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်သောင်း ထပ်ရပြန်ပြီ ဟုတ်လား။ အရင်က ရထားတဲ့ ဝိညာဉ်ကျောက်တုံး တစ်သောင်းတောင် ဂိုဏ်းတူအစ်ကိုကြီးက မယူရသေးဘူးလေ။
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ "အဓိက တပည့်ကြီး" ရာထူးနဲ့ ပတ်သက်လို့တော့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မဟာမိုးကောင်းကင်ဂိုဏ်းမှာ ဂိုဏ်းတူအစ်ကိုကြီးရဲ့ အဆင့်အတန်းက "တပည့်" ဆိုတဲ့ ရာထူးတစ်ခုတည်းနဲ့ သတ်မှတ်လို့ မရတော့ဘူး မဟုတ်ပါလား။
အပြင်စည်းတပည့် တစ်ယောက်ဖြစ်တဲ့ မာလင်း တစ်ယောက် နေ့တိုင်း ဘာတွေလုပ်နေလဲဆိုတာ မင်းတို့ မမြင်ကြဘူးလား။
လွန်ခဲ့တဲ့ ရက်ပိုင်းကတင် အပြင်စည်းတပည့် မာလင်းဟာ အမှားလုပ်မိတဲ့ အနီးကပ် တပည့် တစ်ယောက်ကို ငိုအောင် ဆူပူကြိမ်းမောင်းလိုက်ပါသေးတယ်။ အဲဒီ အနီးကပ်တပည့်ဟာလည်း အပြင်စည်းတပည့် မာလင်းရဲ့ အပြစ်ပေးမှုကြောင့် တစ်လတိတိ အမှားကို ပြန်လည်သုံးသပ်ဖို့ အပြစ်ပေးလိုက်ရပါပြီ။။
အပြင်စည်းတပည့် မာလင်းရဲ့ အပြစ်ပေးမှုကို ခံရချိန်မှာ အဲဒီ အနီးကပ်တပည့်ဟာ ပြန်တောင် မပြောဝံ့ခဲ့ပါဘူး။ "ဂိုဏ်းတူအစ်ကိုကြီး မာလင်းရဲ့ ဆုံးမမှုက မှန်ကန်ပါတယ်။ ကျွန်တော် အခုပဲ အမှားကို သွားပြီး ပြန်သုံးသပ်ပါ့မယ်" ပြောခဲ့ပါသေးတယ်။
အဲဒီတော့ အပြင်စည်းတပည့် တစ်ယောက်တောင်မှ ဒီလောက်အထိ အစွမ်းထက်ပြီး အဓိပ္ပာယ်မရှိလှတဲ့ လုပ်ပိုင်ခွင့်တွေ ရရှိနေရင်... ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ဘယ်လိုတပည့် အမျိုးအစားပဲ ဖြစ်ဖြစ် အရေးကြီးသေးလို့လား။
***