လောကမှာရှိတဲ့ ဂိုဏ်းကြီးတိုင်းမှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိကြတာပဲလေ။ အဲဒီလုပ်ငန်းတွေ အားလုံးကို ဂိုဏ်းထဲမှာချည်းပဲ တည်ဆောက်ထားလို့မှ မရတာ။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း ဂိုဏ်းပေါင်းစုံက လူတွေဟာ လုပ်ငန်းခွဲတွေကို လှည့်လည်စစ်ဆေးဖို့ ထွက်ကြရစမြဲပါ။
ဒီလို စစ်ဆေးတာမှာ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က လုပ်ငန်းတွေရဲ့ အခြေအနေကို အကဲဖြတ်ဖို့ဖြစ်ပြီး၊ ဒုတိယတစ်ချက်ကတော့ ဂိုဏ်းချုပ်ရဲ့ အာဏာကို ပြသဖို့ပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းလိုမျိုး ထိပ်တန်းဂိုဏ်းကြီးတစ်ခုအတွက်ဆိုရင် လက်အောက်ခံလုပ်ငန်းတွေဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ကုန်းမြေတိုက်ကြီး တောင်ဘက်အစွန်ကနေ မြောက်ဘက်အဆုံးအထိ နေရာအနှံ့မှာ ရှိနေတာပါ။
နှစ်စဉ်နှစ်တိုင်း ဂူမင်ချောင် လှည့်လည်စစ်ဆေးတဲ့အခါ ဂိုဏ်းအတွက် အကျိုးဆောင်တဲ့ တပည့်တွေကို ဆုချပြီး၊ ပျင်းရိတဲ့သူ ဒါမှမဟုတ် မရိုးမသားလုပ်တဲ့သူတွေကိုတော့ အပြစ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ဂိုဏ်းချုပ်ကြီး ဘယ်အရပ်ကို စစ်ဆေးဖို့ ထွက်မလဲဆိုတာက ဒေသခံတွေအတွက်တော့ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။
ဂိုဏ်းချုပ်ရဲ့ စစ်ဆေးရေးခရီးစဉ်ဟာ အခွင့်အရေးနဲ့ အန္တရာယ် ဒွန်တွဲနေတတ်ပါတယ်။ တကယ်အရည်အချင်းရှိရင် ဒါဟာ ဂိုဏ်းချုပ်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြသဖို့ အခွင့်အရေးပါပဲ။ ဒါပေမဲ့ တစ်ခုခု ဖုံးကွယ်ထားတာရှိရင်တော့ သတိထားပေတော့။ အရင်တုန်းကဆိုရင် ဂူမင်ချောင်ဟာ စစ်ဆေးရေးထွက်ရင်းနဲ့ ဂိုဏ်းအတွက် ပါရမီရှင်အသစ်တွေကို ရှာဖွေတွေ့ရှိခဲ့သလို၊ အသုံးမကျတဲ့သူတွေကိုလည်း ဂိုဏ်းကနေ နှင်ထုတ်ခဲ့ဖူးပါတယ်။
ဒီတစ်ခေါက်မှာတော့ ဂိုဏ်းချုပ်ကြီးက တံခါးပိတ်တရားကျင့်ရမှာဖြစ်ပြီး၊ ဆရာဘိုးဘိုးကလည်း ဂိုဏ်းတစ်ခုလုံးကို စီမံနေရတာကြောင့် စစ်ဆေးရေးထွက်ဖို့ မအားကြပါဘူး။ ဒါကို ကြားလိုက်ရတဲ့အခါ လက်ထောက်ဂိုဏ်းချုပ်ကြီး ယန်ရှောင်ကျင်း တစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ သေးတောင် ထွက်ကျမတတ် ဖြစ်နေပါပြီ။။
(ဂိုဏ်းချုပ်လည်း မသွားနိုင်ဘူး၊ ဆရာဘိုးဘိုးလည်း မအားဘူးဆိုတော့... ပုံမှန်လုပ်ထုံးလုပ်နည်းအရ ငါ လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ အလှည့် ရောက်ပြီပေါ့။)
(ဒါက ဂိုဏ်းကို လှည့်လည်စစ်ဆေးရမယ့် အရေးကြီးတဲ့ ကိစ္စကြီးလေ။ ငါ ယန်ရှောင်ကျင်း တစ်ယောက် အရှိန်အဝါ ပြရမယ့် အချိန် ရောက်ပြီလား။)
ဒါပေမဲ့ ယန်ရှောင်ကျင်း တစ်ယောက် ဂိုဏ်းတူညီလေးက ဒီလိုသမိုင်းဝင်တာဝန်ကြီး ပေးအပ်မယ့်အချိန်ကို စောင့်မျှော်နေတုန်းမှာပဲ ဂူမင်ချောင်က ပြောလိုက်ပါတယ်။
"ရှင်းဟီ... ဒီစစ်ဆေးရေးတာဝန် မင်းကိုပဲ ပေးအပ်လိုက်မယ်။ မင်းလည်း ဒီကိစ္စတွေကို စောစောစီးစီး ရင်းနှီးကျွမ်းဝင်ထားသင့်တယ်လေ။"
ဆရာဘိုးဘိုးကလည်း ဂိုဏ်းချုပ်ပြောတာ မှန်ကန်ကြောင်း ခေါင်းညိတ် ထောက်ခံပါတယ်။ တခြားအကြီးအကဲတွေကလည်း အားလုံး သဘောတူကြပါပြီ။
လက်ထောက်ဂိုဏ်းချုပ်ကြီး ယန်ရှောင်ကျင်း တစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။
(ဘာတွေလဲဟင်။ ငါ လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ ခံစားချက်ကိုကော ထည့်စဉ်းစားကြသေးရဲ့လား။)
(ဒါဆို ငါက တကယ်ပဲ ရုပ်သေးရုပ် သက်သက်ပဲပေါ့ ဟုတ်လား။)
ဘယ်သူကမှ ဒီရုပ်သေးရုပ်ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ကြပါဘူး။ ဂိုဏ်းစစ်ဆေးရေးကိစ္စကို လူကြီးပိုင်းတွေက အတည်ပြု ဆုံးဖြတ်လိုက်ကြပါပြီ။
ချူရှင်းဟီကတော့ ရုပ်သေးရုပ်လေး ဘာတွေးနေလဲဆိုတာ မသိပါဘူး။ စစ်ဆေးရေးကိစ္စကို စကြားကြားချင်းမှာ ငြင်းဖို့တောင် ကြိုးစားပါသေးတယ်။ ဒီစစ်ဆေးရေးက ဘာအကျိုးထူးမှာ မို့လို့လဲ။ အောက်ခြေကို ဆင်းပြီး ဟန်ပြကြည့်ရုံပဲ မဟုတ်လား။
ဒါပေမဲ့ ဂူမင်ချောင်က တည်ကြည်လေးနက်စွာ ပြောလိုက်ပါပြီ။ "ရှင်းဟီ... ဒီစစ်ဆေးရေးကို ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ ဒါဟာ ဂိုဏ်းရဲ့ အဓိကကိစ္စကြီး တစ်ခုပဲ။ မကောင်းတဲ့သူတွေကို သတိပေးရုံတင်မကပါဘူး။ အဓိကက ဂိုဏ်းအတွက် ပါရမီရှင်သစ်တွေကို ရှာဖွေဖို့ အခွင့်အရေး ဆိုရင်လည်း မမှားဘူး။"
ဒီစကားကို ကြားလိုက်ရတဲ့အခါ စိတ်မပါလက်မပါ ဖြစ်နေတဲ့ ချူရှင်းဟီ တစ်ယောက် ရုတ်တရက် မျက်လုံးတွေ တောက်ပသွားပါပြီ။
မကောင်းတဲ့သူတွေကို သတိပေးတာတို့၊ ပါရမီရှင် ရှာတာတို့ဆိုတာ ချူရှင်းဟီအတွက် အရေးမကြီးပါဘူး။ ချူရှင်းဟီ သိတာကတော့ ဒီစစ်ဆေးရေးဟာ သူ့အတွက် အခွင့်ကောင်းတစ်ခု ဆိုတာပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းမှာ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဘယ်လုပ်ငန်း၊ ဘယ်စီးပွားရေးပဲဖြစ်ဖြစ် ရှုပ်ရှုပ်ထွေးထွေး ပြဿနာတွေတော့ ရှိနေမှာပဲ မဟုတ်လား။
အရင်တုန်းက ဂိုဏ်းချုပ်ရဲ့ စစ်ဆေးရေးက လုပ်ငန်းတွေကို တည်ငြိမ်အောင် လုပ်ဖို့ဆိုရင်၊ ဒီနှစ် ကျွန်တော် ချူရှင်းဟီရဲ့ လက်ထဲမှာတော့ တည်ငြိမ်ဖို့ နေနေသာသာ အဲဒီ "တည်ငြိမ်မှု" ဆိုတာကိုပါ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်။
ဒီစစ်ဆေးရေးခရီးမှာ ကျွန်တော် ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်လိုက်ရင် ဂိုဏ်းအနေနဲ့ အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံရမှာ မဟုတ်ဘူးလား။
(ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီးရာ။ ဂိုဏ်းကို ဒုက္ခပေးဖို့ အခွင့်အရေး ပေးတဲ့အတွက်။)
ဒီရက်ပိုင်းမှာ ဂိုဏ်းကို ဘယ်လိုဒုက္ခပေးရမလဲဆိုတာ စဉ်းစားရလွန်းလို့ ကျွန်တော် ချူရှင်းဟီ တစ်ယောက် ဆံပင်တွေတောင် ဖြူတော့မယ်။ ဒါပေမဲ့ အခုတော့ ငှက်တစ်ကောင်အတွက် ကောင်းကင်ကြီး သိပ်အပြောကျယ်သွားသလို၊ ငါးတစ်ကောင်အတွက် ပင်လယ်ကြီး သိပ်ကျယ်သွားသလိုပါပဲ။
…
ချူရှင်းဟီ တစ်ယောက် နေ့ကောင်းရက်မြတ်လေး သီချင်းကို ပျော်ပျော်ပါးပါး သီဆိုရင်း မဟာမိုးကောင်းကင်နန်းတော်ကနေ ထွက်လာပါပြီ။
အစည်းအဝေးအပြီးမှာ ဆရာဘိုးဘိုးက သူ့ကိုခေါ်ပြီး ဒီခရီးစဉ်အတွက် အထူးသတိထားဖို့ မှာကြားတဲ့အခါမှာလည်း ချူရှင်းဟီ စိတ်ထဲမှာတော့ အရမ်းကို တက်ကြွနေခဲ့ပါတယ်။
သတိထားရမယ် ဟုတ်လား။
(စိတ်ချပါ ဆရာဘိုးဘိုး။ ကျွန်တော် အရင်က ကျရှုံးခဲ့တဲ့ သင်ခန်းစာတွေကို အကုန် ပြန်သုံးသပ်ဆင်ခြင်ပြီးပါပြီ။ ဒီတစ်ခါတော့ တကယ်ကို သတိထားပြီး ဂိုဏ်းရဲ့ လုပ်ငန်းအားလုံးကို အကွက်စေ့စေ့နဲ့ ဒုက္ခရောက်အောင် စီစဉ်ပေးပါ့မယ်။)
ချူရှင်းဟီအတွက် စိတ်မချမ်းသာစရာ ကောင်းတဲ့ အချက်ကတော့ ဆရာဘိုးဘိုးက မာလင်းနဲ့ အားလန်တို့ကိုပါ အတူခေါ်သွားဖို့ အမိန့်ပေးလိုက်တာပါပဲ။
(မာလင်း တစ်ယောက်တည်းနဲ့တင် ငါ ပြဿနာတွေ တက်နေတာကို အခု အားလန်ကပါ ပါလာဦးမယ်လား။)
အားလန်အကြောင်း ပြောရရင်လည်း ချူရှင်းဟီ တစ်ယောက် ဘာမှမတတ်နိုင်သလို ခံစားရပါပြီ။
(ကြားရတာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘယ်သူ့ကိုမှ ဒုက္ခမပေးတဲ့ ညတစ်ညမှာ အားလန်ဟာ ဘာစကားမှမပြောဘဲ သူ့နှလုံးသားကို ဓားနဲ့ ထိုးဖောက်လိုက်တယ်တဲ့။ အကြောင်းရင်းကတော့ အဲဒီညက အရမ်းပျင်းစရာကောင်းလို့ ဆိုပဲ။)
ဒါပေမဲ့ အားလန်တစ်ယောက် ပြန်လည်ရှင်သန်လာတဲ့အခါမှာတော့ သူအရင်က ပိတ်မိနေတဲ့ အဆင့် (၈) အထွတ်အထိပ် ကျင့်ကြံခြင်းဟာ အကြောင်းပြချက် မရှိပဲ သေကြောင်းကြံစည်ခဲ့တဲ့ညမှာတင် အဆင့်တက်သွားခဲ့တာကို တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီလိုအဆင့်တက်သွားရခြင်းရဲ့ အဓိကအကြောင်းရင်းက ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးလိုက်လို့ မဟုတ်ဘဲ အရင်တုန်းက စိတ်ဝိညာဉ်ဝါးမျိုခြင်း အလံတော်ဆီကနေ စုပ်ယူထားတဲ့ မကောင်းဆိုးဝါး ဝိညာဉ်စွမ်းအင်တွေကြောင့်ပါ။
ဟေးယွဲ့ကလန်သားတွေဟာ အဲဒီစွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက်မှာ အားလုံးရဲ့ တန်ခိုးကျင့်စဉ် အဆင့်တွေ တဟုန်ထိုး တိုးတက်လာခဲ့ပြီး တစ်မျိုးနွယ်စုလုံး အဆင့်တက်တော့မတတ် ဖြစ်သွားခဲ့ပါတယ်။
အားလန်ဟာ အစောဆုံး အဆင့်တက်နိုင်ခဲ့သူတွေထဲက တစ်ယောက်ပါ။
သူ အဆင့်တက်ပြီးတာနဲ့ အားလန်ဟာ ဒီသတင်းကောင်းကို အစီရင်ခံဖို့ သူရဲကောင်းလေး ချူရှင်းဟီ ဆီကို တည်ငြိမ်စွာနဲ့ သွားတွေ့ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး၊ အားလန်က သူ့ရဲ့ သတင်းကောင်းတင်မကဘဲ ဟေးယွဲ့ကလန်သားတွေလည်း အဆင့်တက်တော့မယ့်အကြောင်း ချူရှင်းဟီကို ပြောပြလိုက်ပါသေးတယ်။ ဒီသတင်းကြောင့် ချူရှင်းဟီခမျာ စိတ်မကောင်းလွန်းလို့ အဲဒီညက ဝက်စတူးပေါင်းကို သုံးပန်းကန်လောက် လျှော့စားမိတဲ့အထိပါပဲ။
(မင်းတို့ ဟေးယွဲ့ကလန်က လူတွေ ရူးနေကြတာလား။)
(အိမ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေး သတ်နေကြတာ မကောင်းဘူးလား။)
(ဟိုလူက သတ်မယ်။ ဒီလူက သတ်မယ်ဆိုတဲ့ ကစားနည်းမျိုးပဲ ဆက်ကစားနေကြလို့ မရဘူးလား။)
(ဘာမှမပြောမဆိုနဲ့ အဆင့်တွေ လျှောက်တက်နေကြတာ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ခံစားချက်ကိုကော ထည့်စဉ်းစားကြရဲ့လား။)
(ပြီးတော့ မင်းတို့ ဟေးယွဲ့ကလန်က ပုံမှန်ကော ဟုတ်သေးလို့လားဟင်။)
တခြားသူတွေဆိုရင် အဆင့် (၈) ကနေ ကမ္ဘာ့နတ်ဘုရား (Martial God) ဖြစ်ဖို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားရလဲ။ ဘယ်နှစ်ယောက်ကများ ဒီအရာတွေကို နားလည်သဘောပေါက်အောင် ခက်ခက်ခဲခဲ လုပ်ခဲ့ရလဲ။
ဒါပေမဲ့ အားလန်ကို ကြည့်ပါဦး... သူက ကမ္ဘာ့နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာကို ဘာလို့ အဲဒီလောက် တည်ငြိမ်နေရတာလဲ။
တခြားလူတွေဆို ကမ္ဘာ့နတ်ဘုရား ဖြစ်သွားရင် တစ်လလောက် ပွဲခံနေကြမှာ မဟုတ်ဘူးလား။ သူ့အတွက်ကျတော့ ကမ္ဘာ့နတ်ဘုရား ဖြစ်ရတာက အဲဒီလောက်တောင် စိတ်ဝင်စားဖို့ မကောင်းနေဘူးလား။
(ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် အားလန်အတွက် စိတ်လှုပ်ရှားစရာ ဘာမှရမရှိနေဘူး မဟုတ်လား။ သူ့ရဲ့ အရင် တန်ခိုးကျင့်စဉ် အဆင့်က ဘယ်လောက်တောင် မြင့်ခဲ့သလဲ။ အားလန်ဟာ အရင်တုန်းကတည်းက ကမ္ဘာ့နတ်ဘုရားအဆင့်မှာ ရှိခဲ့တဲ့သူလည်း ဖြစ်နိုင်တာပဲလေ။ ကျင့်ကြံခြင်း အဆင့် (၈) ထိ ကျဆင်းသွားတဲ့ ကမ္ဘာ့နတ်ဘုရားတစ်ပါးက သူ့ရဲ့ မူလအဆင့်ကို ပြန်ရောက်သွားတာပဲဟာ... စိတ်လှုပ်ရှားစရာ ဘာရှိမှာလဲ။)
ဘယ်လိုပဲဖြစ်ဖြစ် အားလန် ယူဆောင်လာတဲ့ သတင်းကတော့ ချူရှင်းဟီကို ဘေးကျပ်နံကျပ် ခံစားသွားစေခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အားလန် အဆင့်တက်သွားတာနဲ့အတူ ဟေးယွဲ့ကလန် တစ်ခုလုံးက ရုတ်တရက်ကြီး တရားကျင့်လာကြလို့ပါပဲ။ ဒါက တကယ့်ကို ထိတ်လန့်စရာပဲ မဟုတ်လား။
မသေနိုင်တဲ့ လူတစ်စုက နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် ခုတ်နေကြတာ ပိုပြီး ပျော်စရာမကောင်းဘူးလား။
(ဘာမှမပြောမဆိုနဲ့ တရားတွေ ကျင့်လာနေကြတာကတော့ မှားနေပြီ... ဒါဟာ မင်းတို့ရဲ့ ပါရမီကို ဖြုန်းတီးနေတာပဲ။)
(အရင်တုန်းက ဟေးယွဲ့ကလန်သားတွေ နေ့တိုင်း ခုတ်နေကြတုန်းက ငါနည်းနည်း စိတ်သက်သာရာ ရသေးတယ်။ အခုတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မခုတ်ကြတော့ဘဲ တရားထိုင်နေကြသူတွေ အဖြစ် ပြောင်းလဲသွားကြပြီ။ ငါဘာလုပ်ရမလဲ။)
ဒါကြောင့် စစ်ဆေးရေးခရီးစဉ်ကို အားတက်သရော မျှော်လင့်နေတဲ့ ချူရှင်းဟီဟာ အခုဆိုရင် ဘာမှမမျှော်လင့်ချင်တော့ပါဘူး။
စဉ်းစားကြည့်ပါဦး။
ငါက စစ်ဆေးရေးခရီးထွက်ပြီး ဂိုဏ်းရဲ့ လုပ်ငန်းတွေကို အကြီးအကျယ် ဆုံးရှုံးအောင် ပျော်ပျော်ပါးပါး လုပ်ခဲ့မယ်။ ဂိုဏ်းကို ပြန်ရောက်တဲ့အခါမှာတော့ မဟာသူတော်စင်ကြီးနဲ့ ဟေးယွဲ့ကလန်ဝင်တွေ အားလုံးက
"သူရဲကောင်းလေး။ ကျွန်တော်တို့ ဟေးယွဲ့ကလန်ဆီက အံ့အားသင့်စရာ လက်ဆောင်လေးကို လက်ခံပေးပါ... ကျွန်တော်တို့အားလုံး ကမ္ဘာ့နတ်ဘုရားတွေ ဖြစ်ကုန်ကြပြီ။"
(အဲဒီလို ပြောလာကြရင်ကော။)
(ငါက ပျော်ရမှာလား... အံ့သြရမှာလား။)
ချူရှင်းဟီကတော့ ဟေးယွဲ့ကလန်ကြောင့် နေရာမှာတင် စိတ်ဆင်းရဲလွန်းလို့ သေမလားလို့တောင် ထင်မိခဲ့ပါတယ်။
(တောင်းပန်ပါတယ်ကွာ။၊ ဂိုဏ်းရဲ့ လုပ်ငန်းတွေ ဘယ်လောက်ပဲ ဆုံးရှုံးဆုံးရှုံး၊ ဟေးယွဲ့ကလန် တစ်ခုလုံး ကမ္ဘာ့နတ်ဘုရားတွေ ဖြစ်သွားတဲ့အချိန် ယှဉ်လို့ရပါ့မလား။)
(ဟေးယွဲ့ကလန်မှာ အဆင့် (၈) ရောက်နေသူတွေ ဘယ်လောက်တောင် များလဲ သိလား။)
(အရင်က သူတို့ဝါသနာက တစ်ယောက်နဲ့တစ်ယောက် ခုတ်ဖို့ပဲ၊ အခုကျမှ သူတို့ဝါသနာက တရားကျင့်ဖို့ ဖြစ်သွားတယ်ဆိုတာ။ ဒါက အရမ်း ကြောက်ဖို့ကောင်းလွန်းသွားပြီလေ။)
(ဒါပေမဲ့ ပြဿနာက ဟေးယွဲ့ကလန်ကို ကိုင်တွယ်ဖို့က အခုချိန်မှာ မလွယ်တော့ပါဘူး။ ဘာလဲ။ ငါက သူတို့ဆီ သွားပြီး "တရားမကျင့်ကြပါနဲ့ဦး။ ဆက်ပြီးသာ သတ်နေကြပါလို့" လို့ သွားပြောရမှာလား။ သင့်တော်ပါ့မလား။)
(ဒါကြောင့် သူတို့ကို တခြားနည်းလမ်းနဲ့ ထိန်းချုပ်ရပါမယ်။)
(အရင်တုန်းက ဂိုဏ်းအားလုံးရဲ့ ကျင့်စဉ်တွေကို ဖြည့်စွက်ပေးမယ်လို့ သဘောတူထားကြတယ် မဟုတ်လား။)
(ဒီအချက်ကနေ စလိုက်မယ်။)
မာလင်းကို ချူရှင်းဟီ အမြန်ခိုင်းလိုက်ပါပြီ။
"ငါတို့ ဟေးယွဲ့ကလန်က လူတွေ အခု သိပ်အားနေလို့ ရူးတော့မယ်။ တရားတွေတောင် ကျင့်နေကြပြီ။ မင်းတို့ဘာတွေ လုပ်နေကြတာလဲ။ ဖြည့်စွက်ဖို့လိုတဲ့ ကျင့်စဉ်တွေကို ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဆီ အမြန်ပို့ကြတော့"
ဂိုဏ်းကြီးတွေကို ဆက်သွယ်ခိုင်းလိုက်ပါတော့တယ်။
အရင်ပို့တဲ့သူက အရင်ရမယ်ပေါ့။
ရလဒ်အနေနဲ့ မာလင်းက ချူရှင်းဟီ တောင်းဆိုခဲ့တဲ့ အတိုင်း ဂိုဏ်းကြီးတွေကို ချက်ချင်း ဆက်သွယ်ခဲ့ပေမဲ့၊ ဂိုဏ်းပေါင်းစုံက ပြန်ကြားချက်တွေကြောင့် ချူရှင်းဟီခမျာ ဒေါသထွက်လွန်းလို့ သွေးတောင် အန်မတတ် ဖြစ်သွားခဲ့ရပါပြီ။
"မင်းတို့ ဂိုဏ်းချုပ်က တံခါးပိတ် တရားကျင့်နေတယ် ဆိုတာက ဘာသဘောလဲ။ ဒီကိစ္စကို ဂိုဏ်းချုပ် ပြန်ထွက်လာမှ ဆုံးဖြတ်ရမယ် ဟုတ်လား။”
“မင်းတို့ဆီမှာ ဆရာဘိုးဘိုး မရှိဘူးလား။ ဒီလောက် ကိစ္စသေးသေးလေးကို ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းမှာဆိုရင် ငါ ချူရှင်းဟီတောင် ဆုံးဖြတ်လို့ရတယ်။ ခင်ဗျားတို့ ဆရာဘိုးဘိုးတွေမှာ အဲဒီလောက်တောင် အာဏာမရှိဘူးလား။”
“ဘာကြီးလဲ။ မင်းတို့ ဆရာဘိုးဘိုးလည်း တရားကျင့်နေတယ် ဟုတ်လား။”
“ဒီထောင်စုနှစ် မဟာအခမ်းအနားရဲ့ ရိုက်ခတ်မှုက အဲဒီလောက်တောင် ပြင်းထန်တာလား။”
ထောင်စုနှစ် မဟာအခမ်းအနားရဲ့ ရိုက်ခတ်မှုက တကယ်ကို ပြင်းထန်ပါတယ်။ ဂိုဏ်းပေါင်းစုံက အကြီးအကဲတွေ အိမ်ပြန်ရောက်တာနဲ့ အကုန် တံခါးပိတ် တရားကျင့်ကုန်ကြတာပါ။ ဘာပဲဖြစ်ဖြစ် သန့်စင်သော ဝိညာဉ်တော်ရဲ့ အမွေအနှစ်နဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာတဲ့ အချိန်မှာ ဘယ်သူကများ အဆင့်တက်ဖို့ မကြိုးစားဘဲ နေပါလိမ့်မလဲ။
ဒါကြောင့် ချူရှင်းဟီ တစ်ယောက် အကြာကြီး လိုက်ရှာကြည့်ပေမဲ့ ဟေးယွဲ့ကလန်ဖြည့်စွက်ပြင်ဆင်ပေးဖို့အတွက် ကျင့်စဉ်တွေ ပို့ပေးမယ့် ဂိုဏ်း တစ်ဂိုဏ်းမှ ရှာမတွေ့ခဲ့ပါဘူး။
ဘာလဲ။
"ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ကိုယ်ပိုင်ကျင့်စဉ်တွေကိုပဲ ဟေးယွဲ့ကလန်ဆီ ပေးပြီး ပြင်ခိုင်းပါလား" လို့ ပြောချင်တာလား။
အဲဒါက ဟေးယွဲ့ကလန်ကို ထိန်းချုပ်တာလားဟင်။ အဲဒါက ဂိုဏ်းကို အကြီးအကျယ် ကြွယ်ဝချမ်းသာအောင် လုပ်ပေးတာလေ၊ ဟုတ်တယ်မလား။
(ဟေးယွဲ့ကလန်က လူတွေ တရားမကျင့်ကြတော့ဘူး ဆိုရင်တောင် သူတို့က ကျင့်စဉ်တွေကို ဆက်ပြီး ပြုပြင်ပေးကြဦးမှာ။ အဲဒီအခါကျရင် သူတို့ အဆင့်တက်မတက်ကတော့ မသိဘူး၊ မဟာမိုးကောင်းကင်ဂိုဏ်းသား အားလုံး အဆင့်တက်ကုန်ရင် ဘယ်လိုလုပ်မလဲ။)
ဒါကြောင့် ချူရှင်းဟီဟာ ဒီရက်ပိုင်းမှာ အရမ်းကို စိုးရိမ်ပူပန်နေရလွန်းလို့ တစ်နပ်ကို ဝက်စတူးပေါင်း သုံးပန်းကန်ပဲ စားနိုင်ပါတော့တယ်။ အိုးရန်လင်းတောင်မှ မနေနိုင်တော့ပဲ ဘယ်ကရလာမှန်းမသိတဲ့ ဝက်လက်တွေကို ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီဆီ ခိုးပေးပြီး
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ... ကိုယ့်ကိုယ်ကိုယ် အငတ်မထားပါနဲ့..." ဆိုပြီး ချော့နေရပါပြီ။
ချူရှင်းဟီခမျာ စိတ်ပူလွန်းလို့ သွေးတောင် အန်ထွက်မတတ် ဖြစ်နေဆဲ။
နေ့တိုင်း ဟေးယွဲ့နန်းတော်ဆီကို သွားကြည့်နေပေမယ့် မသွားတာကမှ ပိုကောင်းပါဦးမယ်။ ဟေးယွဲ့နန်းတော်ကို အနည်းငယ်လောက် သွားပြီးတဲ့နောက်မှာတော့ အားလန်က ပြောလာပါပြီ။
"ညီအစ်ကို မောင်နှမတို့ ကြည့်ကြစမ်း။ သူရဲကောင်းလေး ချူရှင်းဟီက ငါတို့ရဲ့ တရားကျင့်တာကို အဲဒီလောက်တောင် ဂရုစိုက်တာ။ ငါ အဆင့်တက်သွားတာကို ကြားရုံနဲ့ ငါတို့ရဲ့ အခြေအနေကို ကြည့်ဖို့ နေ့တိုင်း လာနေတာပဲ။ အဲဒီတော့ အားလုံးပဲ တရားကျင့်ဖို့ အစွမ်းကုန် ကြိုးစားကြစမ်း။"
ဟေးယွဲ့ကလန်ဝင် အများအပြားဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေတောင် နီရဲလာကြပါပြီ။
(သူရဲကောင်းလေး ဆိုတဲ့အတိုင်းပါပဲ။ ငါတို့ရဲ့ တရားကျင့်မှုကို အမြဲတမ်း တိတ်တိတ်လေး ဂရုစိုက်နေတာပဲ။)
ဒါကြောင့် ဟေးယွဲ့ကလန်သားတွေရဲ့ တရားကျင့်မှုဟာ အရင်ကထက်တောင် ပိုပြီး ပြင်းထန်လာပါတော့တယ်။
အဲဒီညမှာတင် ဟေးယွဲ့ကလန်သား နှစ်ယောက်က သူရဲကောင်းလေးကို ဂုဏ်ပြုတဲ့အနေနဲ့ အဆင့်တက်ပြမယ်လို့ ကြေညာလိုက်ကြပါပြီ။
သူတို့က တကယ် ကတိတည်ကြပါတယ်။ အဲဒီညမှာတင် သူတို့ အဆင့်တက်သွားကြသလို၊ သူတို့ အဆင့်တက်တာကို မြင်တော့ တခြားသူတွေကလည်း ပိုပြီး ကြိုးစားကျင့်ကြံလာကြပါပြီ။
အရင်တုန်းကဆိုရင် "မဟာမိုးကောင်းကင်ဂိုဏ်းမှာ ဘယ်နန်းတော်က အလုပ်အကြိုးစားဆုံးလဲ" လို့ မေးရင် လူတွေက ဘယ်လောက်ပဲ ခေါင်းစားအောင် စဉ်းစားစဉ်းစား ဟေးယွဲ့နန်းတော်ကိုတော့ တွေးမိမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခုတော့... ဘယ်နန်းတော်က အလုပ်အကြိုးစားဆုံးလဲလို့ မေးလိုက်တာနဲ့ လူတိုင်းက ဟေးယွဲ့နန်းတော်ကိုပဲ လက်ညှိုးထိုးပြနေကြပါပြီ။
သူရဲကောင်းလေး ချူရှင်းဟီ တစ်ယောက် ဂိုဏ်းရဲ့ လုပ်ငန်းတွေကို လှည့်လည်စစ်ဆေးဖို့ ထွက်တော့မယ်ဆိုတဲ့ သတင်းကို အားလန်တို့ ဘယ်ကကြားလိုက်မှန်းမသိပါဘူး။
"သူရဲကောင်းလေး စိတ်ချလက်ချသာ သွားပါ။ သူရဲကောင်းလေး ပြန်လာတဲ့အခါ ကျွန်တော်တို့ ဟေးယွဲ့နန်းတော် တစ်ခုလုံး အဆင့်တက်ထားပြီးသားဆိုတဲ့ အံ့အားသင့်စရာ လက်ဆောင်ကြီး ပေးပါ့မယ်"
အားလန် တစ်ယောက် ပြောလိုက်ပါပြီ။
ရလဒ်အနေနဲ့ကတော့ အားလန်က အဲဒီလိုပြောလိုက်တာနဲ့ ချူရှင်းဟီဟာ သူ့ရဲ့ စစ်ဆေးရေး ခရီးစဉ်ကို ရက်အတော်ကြာအောင် ချက်ချင်း ရွှေ့ဆိုင်းလိုက်ပါတော့တယ်။
(စစ်ဆေးမယ် ဟုတ်လား။ ငါက ဘာကို သွားစစ်ဆေးရမှာလဲ။ တကယ်လို့ ငါသာ စစ်ဆေးရေး ထွက်သွားရင်တော့ ငါ့ကို 'စိတ်ချလက်ချ' သေခိုင်းနေတာနဲ့ အတူတူပဲလေ။)
***