စစ်ဆေးရေးခရီးစဉ်ကိုတော့ ရွှေ့ဆိုင်းထားလိုက်ရပါပြီ။ ဟေးယွဲ့နန်းတော်က လူတွေ ရုတ်တရက်ကြီး တရားကျင့်ဖို့ ဝါသနာပါလာတဲ့ကိစ္စက အခုလောလောဆယ် ဖြေရှင်းဖို့ လိုအပ်နေပြီ မဟုတ်ပါလား။
ဒါပေမဲ့ ဘယ်လိုဖြေရှင်းရမလဲ။ ဟေးယွဲ့နန်းတော်ကလူတွေ တရားမကျင့်လာအောင် တားဆီးဖို့ နည်းလမ်းကို ဘယ်လိုရှာရမလဲ။
ဒါကြောင့် ချူရှင်းဟီ တစ်ယောက် ဟေးယွဲ့ကလန်ရဲ့ တက်တက်ကြွကြွ တရားကျင့်ချင်စိတ်ပေါက်နေတဲ့ ကိစ္စကို ပြင်ဆင်နိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ နန်းတော်တွေဆီကို ပတ်သွားနေရပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်အားလုံးကို နှံ့နေအောင် သွားခဲ့ပေမဲ့ သူတို့ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကိုတော့ ရှာမတွေ့ခဲ့ပါဘူး။
ချူရှင်းဟီခမျာ အရမ်းကို စိတ်ညစ်နေရရှာပါပြီ။ ဟေးယွဲ့ကလန်တွေအတွက် ထူးထူးခြားခြား သေနည်းအသစ်ကိုပဲ ရှာပေးရမလား။ သူတို့ရဲ့ သေချင်တဲ့ ဝါသနာကိုပဲ ပြန်ပြီး မီးမွှေးပေးရမလားလို့တောင် စဉ်းစားနေမိပါတယ်။
ဒါပေမဲ့ ဒီလောကမှာ ဟေးယွဲ့ကလန် မစမ်းသပ်ဖူးသေးတဲ့ သေနည်းမျိုး ရှိပါဦးမလား။ ဒါက တကယ်ကို ခက်ခဲလွန်းလှပါတယ်။
ချူရှင်းဟီ တစ်ယောက် စိတ်ညစ်ပြီး မျက်မှောင်ကြုတ်နေတုန်းမှာပဲ မျက်မှောင်ကြုတ်နေတဲ့ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးကို တွေ့လိုက်ရပါပြီ။
ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ စိတ်ဝိညာဉ် မရှိတော့သလို ဖြစ်နေတဲ့ မျက်နှာထားကို ကြည့်လိုက်တာနဲ့ ဇနီးသည် ကျူးလီရဲ့ ချက်ပြုတ်မှု စွမ်းရည်တွေ ဒီရက်ပိုင်းမှာ တိုးတက်လာပြန်ပြီဆိုတာ ချူရှင်းဟီ နားလည်သွားခဲ့ပါတယ်။
စကားပုံတစ်ခု ရှိတယ်မဟုတ်လား။ ကိုယ်ကိုယ်တိုင် နာကျင်နေရတဲ့အချိန်မှာ ကိုယ့်ထက် ပိုပြီး နာကျင်နေရတဲ့သူကို မြင်ရတာက စိတ်ကို နည်းနည်းတော့ ကြည်နူးစေတယ်ဆိုတာလေ။
ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ ဝေဒနာခံစားနေရတဲ့ မျက်နှာကို ကြည့်ပြီး ချူရှင်းဟီ တစ်ယောက် နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါပြီ။ အဲဒီကြည်နူးမှုလေး ကြာရှည်သွားအောင် ချူရှင်းဟီက ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးနဲ့ ကျူးလီအကြောင်း အသေးစိတ်ကို စကားစမြည် ပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ညီလေး ရှင်းဟီ။ မပြောစမ်းပါနဲ့ကွာ။ငါ စိတ်ညစ်နေတာ အဲဒီကိစ္စ မဟုတ်ဘူးဟ..."
ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ စကားကြောင့် ချူရှင်းဟီ တစ်ယောက် အံ့အားသင့်သွားပါတယ်။ ဒီလောကမှာ ဇနီးသည် ကျူးလီထက် ပိုပြီး ဆိုးရွားနိုင်တဲ့ အရာ ရှိပါဦးမလား။
ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး။ အစ်ကိုကြီးက ကျူးလီရဲ့ ဟင်းပွဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်နခဲ့တာပဲလေ။ တခြား ဘယ်အရာက အစ်ကိုကြီးကို စိတ်ပျက်အောင် လုပ်နိုင်မှာမို့လဲ။
မကြာခင်မှာပဲ ချူရှင်းဟီဟာ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးဆီကနေ အကြောင်းစုံကို သိလိုက်ရပါပြီ။
ထောင်စုနှစ် မဟာအခမ်းအနားကြီး ပြီးတဲ့နောက် မဟာနေမင်း ကုန်းမြေတိုက်ကြီးမှာ ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီရဲ့ ရိုက်ခတ်မှုလှိုင်းက မသေးလှပါဘူး။
အစတုန်းက တန်ခိုးရှင်လမ်းစဉ် မလျှောက်လှမ်းနိုင်တော့တဲ့ လူပေါင်းများစွာဟာ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာချိန်မှာ တန်ခိုးရှင် လမ်းစဉ် လျှောက်လှမ်းဖို့ အခွင့်အလမ်းတွေ ရလာကြသလို၊ တစ်သက်လုံး အဆင့်တက်ဖို့ မဖြစ်နိုင်တော့တဲ့သူတွေလည်း အဆင့်တက်ဖို့ အခွင့်အရေးတွေ ရလာကြပါတယ်။ ပါရမီရှင်တွေဆိုရင်လည်း အနာဂတ်အတွက် ပိုပြီး မျှော်လင့်ချက်တွေ ရှိလာကြပါပြီ။
အဖွဲ့အစည်းငယ်ပေါင်းများစွာလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြသလို ခေတ်သစ်တစ်ခုကို ရောက်ရှိတော့မှာကတော့ ကျိန်းသေနေခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုခေတ်ကြီးကို ရောက်ခါနီးမှာပဲ မဟာမိုးကောင်းကင်ဂိုဏ်းဟာ လူရိုင်းမျိုးနွယ်စုဆီကနေ သတင်းတစ်ခု လက်ခံရရှိခဲ့ပါတယ်။
(စာကြွင်း။ barbarian race ကို လူရိုင်းမျိုးနွယ်ဆိုပြီး ဘာသာပြန်ထားပါတယ်။)
ဒီလူရိုင်းမျိုးနွယ်စုအကြောင်း ပြောရရင် အတော့်ကို ထူးခြားတယ် ဆိုရမှာပါ။
ဟိုးရှေးရှေးတုန်းကတော့ ဒီလူရိုင်းမျိုးနွယ်စုဟာ လောကမှာ အင်အားအကြီးမားဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ကန္တာရ နယ်မြေ မြေရိုင်းအရပ်မှာ အခြေချနေထိုင်ကြပေမဲ့ သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အစွမ်းကြောင့် အလွန်ကိုအင်အားကြီးမားခဲ့ကြတာပါ။
ဒီလောကမှာ မိစ္ဆာသားရဲတွေတင် မကဘဲ ဝိညာဉ်သားရဲတွေလည်း အများကြီး ရှိပါတယ်။ လူရိုင်းမျိုးနွယ်စုကတော့ ဝိညာဉ်သားရဲတွေနဲ့ ဆက်သွယ်နိုင်တဲ့ ထူးဆန်းတဲ့ တန်ခိုးစွမ်းရည်ကို ပိုင်ဆိုင်ကြပါတယ်။
အဲဒီစွမ်းရည်ကို အခြေခံပြီးတော့ပဲ လူရိုင်းမျိုးနွယ်စုဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ဒါပေမဲ့လည်း မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပြီး လူရိုင်းမျိုးနွယ်စုအပေါ် ကျရောက်လာခဲ့ပါတယ်။
ဝိညာဉ်သားရဲတွေ မွေးဖွားရာ ဆန်းကြယ်တဲ့ ဝိညာဉ်သားရဲကျွန်းဟာ အကြောင်းပြချက် မရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားတာပါ။ အဲဒီကျွန်း ပျောက်ကွယ်သွားတာနဲ့အတူ လူရိုင်းမျိုးနွယ်စုလည်း သူတို့ရဲ့ ဝိညာဉ်သားရဲတွေကို ဆုံးရှုံးလိုက်ရပါတယ်။
သားရဲတွေကို ယဉ်ပါးအောင်လုပ်တဲ့ စွမ်းရည်ကိုပဲ အဓိကထားတဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေအတွက် ဝိညာဉ်သားရဲတွေ ရုတ်တရက် မရှိတော့တာက ဘာကို ဆိုလိုတာလဲ။
အဲဒါက မန္တန်သုံးလို့မရတဲ့ တရားကျင့်သူ၊ လေးမရှိတဲ့ လေးသည်တော် ဒါမှမဟုတ် အိမ်သာထဲရောက်မှ စက္ကူမပါတာနဲ့ ဘာကွာတော့မှာလဲ။
ဒါကြောင့် အဖြေက ရှင်းပါတယ်။ လူရိုင်းမျိုးနွယ်စုဟာ အချိန်တိုအတွင်းမှာပဲ ဆုတ်ယုတ်သွားခဲ့ပါပြီ။ တစ်ချိန်က သားရဲယဉ်ပါးအောင်လုပ်တဲ့ စွမ်းရည်ကြောင့် ဂုဏ်တက်ခဲ့ကြသူတွေဟာ ချက်ချင်းပဲ အဆင့်မရှိတဲ့ တန်ခိုးရှင်မျိုးနွယ်စုလေး ဖြစ်သွားပါတော့တယ်။
ဒါပေမဲ့လည်း လူရိုင်းမျိုးနွယ်စုမှာ လူရိုင်းဘုရင်ကြီး ရှိပါတယ်။
"ဝိညာဉ်သားရဲတွေ မရှိတော့ရင်လည်း မိစ္ဆာသားရဲတွေကနေ ပြန်စကြတာပေါ့။ ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင် မလုပ်နိုင်ရင် မိစ္ဆာသားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးမယ်ကွာ"
လူရိုင်းဘုရင်ကြီး ဆိုတဲ့အတိုင်းပါပဲ။ ဒီအကြံ ပေါ်လာတာနဲ့ မျိုးနွယ်စုပေါင်းစုံက တွေ့သမျှ မိစ္ဆာသားရဲတွေကို ဖမ်းဆီးပြီး ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ယဉ်ပါးအောင် လေ့ကျင့်ခဲ့ကြပါတယ်။
ပြောရရင် လူရိုင်းမျိုးနွယ်စုရဲ့ နည်းလမ်းတွေက တကယ့်ကို ထိရောက်ပါတယ်။ သူတို့ရဲ့ မွေးမြူမှုအောက်မှာ မိစ္ဆာသားရဲတွေရဲ့ အဆင့်တွေဟာ အရှိန်အဟုန်နဲ့ တက်လာခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ အဆင့်တွေ တက်လာချိန်မှာပဲ ထင်မထားတာတွေ ဖြစ်လာခဲ့ပါပြီ။
မိစ္ဆာသားရဲတွေကို "မိစ္ဆာသားရဲ" လို့ ခေါ်ရတဲ့ အဓိကအကြောင်းရင်းက သူတို့မှာ အသိဉာဏ် မရှိဘဲ ဗီဇအတိုင်းပဲ လှုပ်ရှားကြလို့ပါ။
ဒါကြောင့် လူရိုင်းမျိုးနွယ်စုကနေ အဆင့်တွေ အတင်းမြှင့်ပေးထားတဲ့ အဲဒီမိစ္ဆာသားရဲတွေရဲ့ တန်ခိုးစွမ်းရည်က သူတို့သခင်တွေထက် သာလွန်သွားပါပြီ။ ဒီအခါမှာတော့ သူတို့ရဲ့ သခင်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆက်မှုလေးတွေ လုပ်ကြပါတော့တယ်။
ဒီမိတ်ဆက်မှုလေးကတော့ မိစ္ဆာသားရဲတွေက သခင်တွေရဲ့ ခန္ဓာကိုယ်ကို သွားတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ထိပေးလိုက်တာပါပဲ။
အမှန်ပါပဲ။ လူရိုင်းဘုရင်ကြီးရဲ့ စီမံကိန်းကြောင့် နှစ်အနည်းငယ်အတွင်းမှာတင် အဲဒီမျိုးနွယ်စုတွေက သားရဲလေ့ကျင့်သူတွေကို မိစ္ဆာသားရဲတွေက အရိုးပါ မကျန်အောင် စားပစ်လိုက်ကြပါတော့တယ်။
ဒါပေမဲ့လည်း လူရိုင်းဘုရင်ကြီးကတော့ သူ့ရဲ့ အကြံဉာဏ်က မှားနေတယ်လို့ မထင်ပါဘူး။ သူတို့ရဲ့ နည်းလမ်းတွေမှာပဲ ပြဿနာ ရှိနေတာ ဖြစ်ရမယ်လို့ တွေးနေတာပါ။
ဒါကြောင့် လူရိုင်းဘုရင်ကြီးလည်း မိစ္ဆာသားရဲတွေကို ထိန်းချုပ်မယ့် နည်းလမ်းတွေကို ကိုယ်တိုင် သုတေသနလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လူရိုင်းဘုရင်ကြီး ဆိုတဲ့အတိုင်းပါပဲ။ သူဟာ မဟာ မိစ္ဆာသားရဲ ကြီးတစ်ကောင်ကို မွေးမြူခဲ့ပြီးတော့.. အဲဒီနေ့မှာတင် သားရဲကြီးရဲ့ စားသောက်ခြင်းကို ခံလိုက်ရပါတော့တယ်။
လူရိုင်းဘုရင်ကြီး ကျဆုံးသွားပုံက တော်တော်လေး ဝမ်းနည်းစရာကောင်းပေမဲ့ ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ သူကိုယ်တိုင် မွေးမြူခဲ့တဲ့ အဲဒီ မဟာမိစ္ဆာသားရဲကြီးဟာ မြေရိုင်းအရပ်မှာ အကြီးအကျယ် သောင်းကျန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ ကိစ္စပါ။
လူရိုင်းမျိုးနွယ်စုဟာ အဲဒီ မဟာမိစ္ဆာသားရဲတွေရဲ့ သားရဲလှိုင်းလို့တောင် တင်စားခေါ်ရမယ့် အဆက်မပြတ် အုပ်စုလိုက် တိုက်ခိုက်မှုကြောင့် မျိုးသုန်းမတတ် ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြေရိုင်းအရပ်ဟာ တကယ့်ကို လူသားကင်းမဲ့တဲ့ ကန္တာရ မြေရိုင်းနယ်မြေကြီး ဖြစ်သွားပါပြီ။ မိစ္ဆာသားရဲတွေက ကြောက်ဖို့ကောင်းတယ်ဆိုတာ လူတွေ သိထားပေမဲ့ မြေရိုင်းအရပ်ကိုသာ ရောက်ခဲ့မယ်ဆိုရင် အဲဒီက သားရဲတွေက စိတ်ကူးထားတာထက် အဆပေါင်း တစ်ရာမက ပိုပြီး ရက်စက်ကြမ်းကြုတ်တာကို တွေ့ရပါလိမ့်မယ်။
အရင်တုန်းကလည်း မြေရိုင်းအရပ်က ကိုင်တွယ်ရ ခက်ခဲခဲ့ရုံပဲ ရှိတာပါ။ အခုတော့ ပိုတောင် ဆိုးသွားပါပြီ။ အရင်က လူရိုင်းမျိုးနွယ်စုက အနည်းဆုံးတော့ စကားပြောလို့ ရပါသေးတယ်။ အခုတော့ အဲဒီနေရာဟာ မိစ္ဆာသားရဲတွေရဲ့ နိဗ္ဗာန်ဘုံ ဖြစ်နေပါပြီ။
မိစ္ဆာသားရဲတွေက စကားပြောလို့ ရမရဆိုတာကိုတော့ အဲဒီတုန်းက သေသွားတဲ့ လူရိုင်းဘုရင်ကြီးရဲ့ ဝိညာဉ်ကိုသာ ခေါ်မေးလို့ရရင် သူက ပျော်ပျော်ကြီး ရှင်းပြပါလိမ့်မယ်။
လူရိုင်းမျိုးနွယ်စုဟာ မျိုးသုန်းမတတ် သားရဲဘေးဒဏ်ကို ခံစားရပြီးနောက်မှာ သူတို့ကိုယ်သူတို့ ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
"အို... လူရိုင်းဘုရင်ကြီးရာ၊ မိုက်မဲလိုက်တာ။ ဘာလို့ မဟာမိစ္ဆာသားရဲတွေကို ဒီလောက်အများကြီး မွေးခဲ့တာလဲ။ နည်းနည်းလေးပဲ မွေးခဲ့ရင် ဒီလောက်လူတွေ သေမှာမဟုတ်ဘူး"
ဒီစကားက မှားတော့မမှားပါဘူး။
ဒါပေမဲ့ လူရိုင်းမျိုးနွယ်စုဟာ သူတို့ရဲ့ ခေါင်းမာမှုနဲ့ ပတ်သက်ရင် ဘယ်လောက်တောင် အလေးအနက်ထားသလဲဆိုတာကို ကမ္ဘာကြီးကို လက်တွေ့ပြခဲ့ပါတယ်။ သူတို့ဟာ မိစ္ဆာသားရဲ မွေးမြူတာက မှားတယ်လို့ မထင်ကြပါဘူး။ မွေးထားတဲ့ သားရဲတွေက "မယဉ်ပါး" သေးတာကြောင့်လို့ပဲ ယုံကြည်နေကြတာပါ။
"မိစ္ဆာသားရဲတွေနဲ့သာ ရင်းနှီးသွားရင် သူတို့က ရက်စက်တော့မှာ မဟုတ်ဘူးလေ"
အကျိုးဆက်အနေနဲ့ကတော့ ကျန်နေသေးတဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ မိစ္ဆာသားရဲတွေနဲ့ ရင်းနှီးအောင် လုပ်မယ့် နည်းလမ်းတွေကို စတင် ရှာဖွေ သုတေသန လုပ်ကြပါတော့တယ်။ မိစ္ဆာသားရဲတွေနဲ့ ရင်းနှီးသွားသလားဆိုတာကိုတော့ မသိရပေမဲ့ နေ့တိုင်း မိစ္ဆာသားရဲတွေနဲ့ ရင်းနှီးအောင် လုပ်ဖို့ ကြိုးစားတဲ့သူတွေရဲ့ နောက်ဆုံးရလဒ်ကိုတော့ လူတိုင်း သိကြပါတယ်။
မိစ္ဆာသားရဲတွေသာ စကားပြောခဲ့မယ် ဆိုရင်တော့။.
"ငါတို့က ဒီလောက်တောင် ရင်းနှီးနေပြီပဲ။ မင်းကို ငါ စားလိုက်လည်း ပြဿနာ မရှိဘူးမလား။"
လူရိုင်းမျိုးနွယ်စုက တကယ့်ကို စိတ်ဓာတ် ပြင်းထန်ပါတယ်။ တခြားမျိုးနွယ်စုတွေက ရန်သူတွေကြောင့် မျိုးသုန်းတတ်ပေမဲ့ လူရိုင်းမျိုးနွယ်စု မျိုးသုန်းမှုကတော့ ရန်သူတွေနဲ့ လားလားမှ မဆိုင်နေခဲ့ပါဘူး။
ဘယ်လို ရူးမိုက်နေတဲ့ ရန်သူတော်က မြေရိုင်းအရပ်ကို သွားမှာလဲ။ အဲဒီနေရာက လူနေလို့ရတဲ့ နေရာမှ မဟုတ်တာ။
ပြောစမှတ်ရှိတာကတော့ အရင်တုန်းက "ဘိုးဘေးအင်မော်တယ်ကြီး၀ူ"ဟာ မြေရိုင်းအရပ်ကို သွားခဲ့ဖူးပြီး အဲဒီမှာ မွေးမြူထားတဲ့ မဟာမိစ္ဆာသားရဲတွေရဲ့ ဝိုင်းဝန်းသတ်ဖြတ်တာကို ခံခဲ့ရဖူးပါတယ်တဲ့။
ဒါကြောင့် လူရိုင်းမျိုးနွယ်စုဟာ တကယ့်ကို ကြောက်စရာကောင်းလှပါတယ်။ သူတို့ တစ်နေ့မှာ မျိုးသုန်းသွားရင်တောင် တခြားသူကြောင့် မဟုတ်ဘဲ သူတို့ဘာသာသူတို့ပဲ မျိုးသုန်းအောင် လုပ်ကြမှာပါ။
ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးပြောပြတဲ့ ကိုယ့်ဘာသာကိုယ် မျိုးသုန်းအောင် လုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့ လူရိုင်းမျိုးနွယ်စု အကြောင်းကို နားထောင်ပြီး ချူရှင်းဟီ တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
အခု ဖန်းဖေးကို စိတ်ညစ်အောင် လုပ်နေတာကတော့ လူရိုင်းမျိုးနွယ်စုဆီက ပေးစာတစ်စောင်ပါပဲ။
လူရိုင်းမျိုးနွယ်စု အင်အားကြီးခဲ့စဉ်က မဟာမိုးကောင်းကင်ဂိုဏ်းကို အများကြီး ကူညီခဲ့ဖူးတာမို့ သူတို့ဟာ သစ္စာရှိတဲ့ မဟာမိတ်တွေ ဖြစ်ခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ဟာ မဟာမိုးကောင်းကင်ဂိုဏ်းဆီကနေ ရတနာတွေနဲ့ အကူအညီတွေကို မကြာမကြာ တောင်းခံလေ့ ရှိပါတယ်။
အစပိုင်းမှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းက မဟာမိတ်တွေအပေါ် ရက်ရက်ရောရော ရှိခဲ့ပါတယ်။ သူတို့လိုအပ်တဲ့ ရတနာတွေကို တစ်ခုချင်းစီ ထောက်ပံ့ပေးခဲ့တာပါ။
ဒါပေမဲ့ အချိန်အတော်ကြာအောင် ထောက်ပံ့ပြီးတဲ့နောက်မှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ မပေးရဲတော့ပါဘူး။
ဘာလို့လဲဆိုတော့ လူရိုင်းမျိုးနွယ်စုက တကယ်ကို ခေါင်းမာလွန်းလို့ပါ။ သူတို့က မဟာမိုးကောင်းကင်ဂိုဏ်းပေးတဲ့ ရတနာတွေကို ကိုယ့်ကိုယ်ကိုယ် သန်မာအောင် မလုပ်ဘဲ မိစ္ဆာသားရဲတွေကို ဆက်ပြီး သုတေသနလုပ်ဖို့ပဲ သုံးနေတာကြောင့်ပါ။
အဲဒီမှာ ဘယ်လိုအခြေအနေ ဖြစ်လာလဲဆိုတော့ မဟာမိုးကောင်းကင်ဂိုဏ်းက ရတနာတွေ ပိုပေးလေလေ၊ လူရိုင်းမျိုးနွယ်စုဝင်တွေက ပိုပြီး မြန်မြန် သေကုန်လေလေပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းပေးတဲ့ ရတနာတွေက လူရိုင်းမျိုးနွယ်စုဆီ ရောက်တာလား၊ ဒါမှမဟုတ် မိစ္ဆာသားရဲတွေဆီ ရောက်တာလားတောင် မခွဲခြားနိုင်တော့ပါဘူး။
ဒါက လူရိုင်းမျိုးနွယ်စုကို ကူညီတာလား၊ ဒါမှမဟုတ် သူတို့ သေတွင်းထဲ မြန်မြန်ဆင်းအောင် တွန်းပို့နေတာလား ဝေခွဲလို့ မရတော့ပါဘူး။
မဟာမိတ်တွေ ဖြစ်ပေမဲ့လည်း မဟာမိုးကောင်းကင်ဂိုဏ်းဟာ ရတနာတွေ ထပ်မပေးရဲတော့ပါဘူး။
(ဘုရားရေ... ထပ်ပေးလိုက်ရင် လူရိုင်းမျိုးနွယ်စုတစ်ခုလုံးမျိုးပြုတ် သေကုန်ကြတော့မှာလေ။)
မဟာမိုးကောင်းကင်ဂိုဏ်းက ရတနာတွေပံ့ပိုးပေးမှု ဖြတ်လိုက်ပြီးနောက်မှာ လူရိုင်းမျိုးနွယ်စုဟာ နှစ်ပေါင်းများစွာ ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာတော့ လက်ရှိ လူရိုင်းဘုရင်ကြီး ဒူးဒင်အာဟာ မိုးကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်ပါပြီ။
"ဒါဟာ မိုးကောင်းကင်ရဲ့ နိမိတ်ပဲ။"
"ငါတို့ လူရိုင်းမျိုးနွယ်စု ပြန်လည် ရှင်သန် နိုးထရမယ့် အချိန်ရောက်ပြီ..."
"အရင်တုန်းက ငါတို့ မိစ္ဆာသားရဲ မွေးမြူတာ မအောင်မြင်ခဲ့ဘူးဆိုတာ ဝိညာဉ်စွမ်းအင် မလုံလောက်လို့ပဲ။ အခု ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာပြီဆိုတော့ အခွင့်အရေး ရှိလာပြီ။"
လူရိုင်းဘုရင်ကြီးသစ် ဒူးဒင်အာရဲ့ စိတ်ကူးယဉ် ဦးဆောင်မှုအောက်မှာ လူရိုင်းမျိုးနွယ်စုဟာ မိစ္ဆာသားရဲ သုတေသနကို ထပ်မံ စတင်ခဲ့ပါတယ်။ ရလဒ်ကတော့... လူရိုင်းမျိုးနွယ်စုရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ဆရာဘိုးဘိုးတစ်ယောက် ကိုယ်တိုင် မွေးမြူထားတဲ့ မိစ္ဆာသားရဲရဲ့ စားသောက်ခြင်းကို ခံလိုက်ရပြီး အရိုးတောင် မကျန်ခဲ့ဘူး ဆိုတာပါပဲ။
တခြား မျိုးနွယ်စုဝင်တွေရဲ့ သေဆုံးမှုတွေကလည်း တကယ့်ကို ဝမ်းနည်းစရာပါ။
လူဦးရေ အနည်းငယ်ပဲ ကျန်တော့တဲ့ လူရိုင်းမျိုးနွယ်စု အတွက်ကတော့ အခုအခြေအနေက မိုးရွာရာ လေပါရုံတင်မကဘဲ မိုးကြိုးပါ ပစ်ခံနေရသလို ဖြစ်နေပါပြီ။။
ဒါကြောင့် လူရိုင်းဘုရင်ကြီး ဒူးဒင်အာလည်း မဟာမိုးကောင်းကင်ဂိုဏ်းဆီကို သတင်းစကား ပါးလိုက်ပါတယ်။
"ကျွန်တော်တို့ လူရိုင်းမျိုးနွယ်စုကို နောက်ဆုံးအကြိမ်အဖြစ် ရတနာတွေ ထောက်ပံ့ပေးပါဦး။ အခုလို ရှေးခေတ်ဟောင်း ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာချိန်မှာ ကျွန်တော်တို့မျိုးနွယ်စု ပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် ကံကြမ္မာကို အံတုပြီး ကြိုးစားရပါဦးမယ်။"
"ကျွန်တော်တို့ လူရိုင်းမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာအားလုံးကို ရင်းပြီး ကြိုးစားသွားမှာပါ"
လူရိုင်းမျိုးနွယ်စုက သူတို့ရဲ့ ဂုဏ်သိက္ခာကို ရင်းမရင်းတော့ ချူရှင်းဟီ မသိပါဘူး။ ချူရှင်းဟီ သိတာတစ်ခုကတော့ သူတို့ကိုသာ ရတနာတွေ ပေးလိုက်ရင် သူတို့ရဲ့ "အသက်" တွေကိုပါ ရင်းလိုက်ရတော့မယ် ဆိုတာပါပဲ။
(မင်းတို့တွေက ကိုယ့်ဖာသာ မိစ္ဆာသားရဲတွေကို အစာကျွေးချင်တာကိုတော့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကိုတော့ သားရဲအစာအဖြစ်တော့ အသုံးမပြုသင့်ဘူးလေနော်။)
ဒါကြောင့် ဆရာဘိုးဘိုးက ခေါင်းကိုက်စရာ တာဝန်ကို ဖန်းဖေး လက်ထဲ အပ်နှံလိုက်ပါတယ်။
သတ်မှတ်ချက်ကတော့ ရှင်းပါတယ်။ ပထမအချက်အနေနဲ့ လူရိုင်းမျိုးနွယ်စုကို ရတနာတွေ လုံးဝ မပေးရပါဘူး။ ဘာလို့လဲဆိုတော့ ရတနာတွေ ပေးလိုက်ရင် အလွန်ဆုံး နှစ်ပတ်အတွင်းမှာပဲ လူရိုင်းမျိုးနွယ်စုဆိုတာ သမိုင်းထဲမှာပဲ ကျန်ရစ်တော့မှာ မို့လို့ပါ။
ဒါပေမဲ့ ပြဿနာက လူရိုင်းဘုရင်ကြီး ဒူးဒင်အာဟာ အရင်တုန်းက မဟာမိုးကောင်းကင်ဂိုဏ်းက ပေးထားခဲ့တဲ့ မဟာမိုးကောင်းကင် တံဆိပ်တော်ကို ထုတ်ပြလာတာပါပဲ။ ဒါဟာ သူတို့ရဲ့ မဟာမိတ်ဖြစ်ကြောင်း သက်သေတစ်ခုပါ။ မဟာမိတ်စာချုပ်အရ ဒီအမှတ်အသားကို ထုတ်ပြလာရင် မဟာမိုးကောင်းကင်ဂိုဏ်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ငြင်းပယ်ခွင့် မရှိပါဘူး။
ဒါပေမဲ့ မငြင်းဘဲ ရတနာတွေ ပေးလိုက်ရမယ်ဆိုရင်လည်း မဟာမိုးကောင်းကင်ဂိုဏ်းက ပေးရမှာကို နှမြောနေတာ မဟုတ်ပါဘူး။ ရတနာတွေ ရပြီးရင် လူရိုင်းမျိုးနွယ်စုမှာ အသက်ရှင်တဲ့သူ ကျန်ပါဦးမလားဆိုတာကို စိုးရိမ်နေတာပါ။
ဒါကို ဘယ်လိုငြင်းရမလဲဆိုတာ ဖန်းဖေး တစ်ယောက် တကယ်ကို ကြံရခက်နေပါပြီ။
"ဂိုဏ်းတူညီလေး ရှင်းဟီ။ မင်းက ဉာဏ်ကောင်းတယ်လေ။ ဂိုဏ်းတူအစ်ကိုကြီးကို ကူညီပြီး အကြံလေး တစ်ခုလောက် ထုတ်ပေးပါဦး။"
ဖန်းဖေးတစ်ယောက် ငိုတောင် ငိုချင်နေပါပြီ။
(ဆရာဘိုးဘိုးကလည်း ငါ့ကို ဒီထက်ပိုလွယ်တဲ့ အလုပ်မျိုး မပေးနိုင်ဘူးလား။)
ဒါပေမဲ့ ဖန်းဖေး တစ်ယောက် လူရိုင်းမျိုးနွယ်စုကို ဘယ်လိုငြင်းရမလဲဆိုတာ ညည်းတွားနေတုန်းမှာပဲ ချူရှင်းဟီက ပြောလိုက်ပါတယ်။
"ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး။ ဘာတွေ တွေဝေနေတာလဲ။ ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ လူရိုင်းမျိုးနွယ်စုက မဟာမိတ်တွေလေ။ အခု ကျွန်တော်တို့ရဲ့ မဟာမိတ်တွေက ဒီလောက် ကြီးမားတဲ့ ဘေးဒုက္ခကို ကြုံတွေ့နေရတာကို ကျွန်တော်တို့က လျစ်လျူရှုထားလို့ ရပါ့မလား။ ဒီလိုအချိန်မျိုးမှာ မဟာမိတ်တွေကို ဘယ်လိုလုပ် ငြင်းလို့ သင့်တော်မှာလဲ"
"ငြင်းဖို့ မပြောနဲ့ဦး၊ ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းအနေနဲ့ ရတနာတွေကို အစွမ်းကုန်တောင် ပံ့ပိုးပေးရဦးမယ်။ မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။"
ဖန်းဖေး တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပါပြီ။
"ညီလေး ရှင်းဟီ... မင်း ဘာတွေပြောနေတာလဲဟင်။ ကိုယ့်ဖာသာ နားထောင်ကြည့်မိရဲ့လား။"
"ငါတို့က မငြင်းဘဲနဲ့ ရတနာတွေ ပေးလိုက်ရင် မဟာမိတ်တွေကို သေတွင်းထဲ ကိုယ်တိုင် ပို့လိုက်တာနဲ့ အတူတူပဲလေ။ အဲဒီကျရင် အပြင်လူတွေက ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကို အကြီးအကျယ်တံတွေးထွေးကုန်ကြတော့မှာပေါ့ဟ။"
***