စကားပုံရှိတယ်မဟုတ်လား။ ဘယ်ဂိုဏ်းမှာမဆို ထူးထူးဆန်းဆန်း ဂိုဏ်းတူအစ်ကိုကြီး တစ်ယောက်နှစ်ယောက်တော့ ရှိတတ်ကြတာပဲလေ။ အဲဒီလိုပါပဲ။ ဘယ်အဖွဲ့အစည်းမှာမဆို ထူးထူးဆန်းဆန်း မဟာမိတ် တစ်ခုနှစ်ခုတော့ ရှိတတ်စမြဲပါ။
ဒါပေမဲ့ သဘောထားကွဲလွဲရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်မယ့် မဟာမိတ်မျိုးကိုကော ရောင်းရင်းတို့ မြင်ဖူးကြရဲ့လား။
(မြေရိုင်းမျိုးနွယ်စုလိုမျိုး မဟာမိတ်သာ နောက်ထပ်အများကြီးရှိနေရင် လုံး၀ကို ပြည့်စုံသွားမှာပဲ။)
ချူရှင်းဟီ တွေးနေမိပါပြီ။
(စဉ်းစားကြည့်လေ။ လူရိုင်းမျိုးနွယ်စုလို မိတ်ဆွေမျိုးက ကိုယ်အန္တရာယ်ကြုံနေချိန်မှာ မြေရိုင်းအရပ်ထဲကနေ ထွက်လာပြီး ကူညီပေးမယ်။ ဒါပေမဲ့ သူတို့တွေက ကိုယ့်ဆီကနေ ဘာအကူအညီမှ မတောင်းဘူး။ သူတို့ ဖာသာသူတို့ မျိုးတုံးမယ့် အခြေအနေ ကြုံနေရရင်တောင်မှပေါ့။)
(ကိုယ်လုပ်ရမယ့် အလုပ်က ဂိုဏ်းရဲ့ ရတနာတွေနဲ့ သူတို့ကို ထောက်ပံ့ပေးရုံပဲ။ လူရိုင်းမျိုးနွယ်စုကတော့ သေဖို့ပဲ ပြင်ထားကြတာ မဟုတ်လား။)
(ပြောစမ်းပါဦး၊ ဒီလိုမဟာမိတ်မျိုးရှိတာ ဘယ်လောက် ကောင်းလိုက်သလဲ။)
(အခုတော့ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးက ဒီမဟာမိတ်တွေရဲ့ တောင်းဆိုချက်ကို ငြင်းချင်တယ်လို့ ပြောနေတယ်လေ။)
(ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေ။ ဘာတွေ တွေဝေနေတာလဲဟင်။ ဒီလောက် ပြည့်စုံနေတဲ့ မဟာမိတ်ကို ဘယ်လိုလုပ် ငြင်းရက်မှာလဲလို့။)
“လူရိုင်းမျိုးနွယ်စုဟာ အရင်တုန်းက ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းအတွက် သွေးမြေကျခဲ့ကြတယ်လေ။ အခု ကျွန်တော်တို့က သူတို့ကို ငြင်းလိုက်ရင် အပြင်လေကက ကျွန်တော်တို့အပေါ် ဘယ်လိုတွေမြင်မလဲ။”
“ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းက အဲဒီလောက်တောင် ကျေးဇူးကန်းတဲ့သူတွေလား။”
“ဒီသတင်းသာ ပျံ့သွားရင် ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ။”
“ဒါကြောင့် လူရိုင်းမျိုးနွယ်စုရဲ့ ရတနာတောင်းဆိုမှုကို လုံးဝ ငြင်းလို့မရပါဘူး။ ငြင်းလို့မရရုံတင်မကဘူး၊ နောင်အနာဂတ်မှာလည်း သူတို့ကို ရတနာတွေ အတင်းအကျပ် ပံ့ပိုးပေးရမယ်။”
ဂိုဏ်းတူညီလေး ချူရှင်းဟီရဲ့ စကားတွေကို နားထောင်ပြီး ဖန်းဖေး တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားပါပြီ။
(ညီလေး ရှင်းဟီ... ဒါတွေက လူပြောရမယ့် စကားတွေလားဟင်။)
(ပြီးတော့ ရတနာတွေကို အတင်းအကျပ် ထောက်ပံ့ပေးရမယ် ဟုတ်လား။ အဲဒီလောက်တောင် လုပ်စရာမလိုပါဘူး။ အခု လူရိုင်းမျိုးနွယ်စုမှာ ကျန်တဲ့ လူနည်းစုလေးအတွက်ဆိုရင် ဒီတစ်သုတ် ရတနာတွေပေးလိုက်တာနဲ့တင် သူတို့အားလုံး သေတွင်းထဲ ရောက်သွားဖို့ လုံလောက်နေပါပြီ။)
ဖန်းဖေး တစ်ယောက် အံ့အားသင့်နေတုန်းမှာပဲ ဘယ်အချိန်ကတည်းက ဘေးမှာရောက်နေမှန်းမသိတဲ့ မာလင်းက ဖန်းဖေးကို လက်ညှိုးထိုးပြီး ချက်ချင်း စကားပြောလာပါတယ်။
"ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး။ အစ်ကိုကြီး အရမ်းကို ဝေဝါးနေပြီ"
ဖန်းဖေး - "ဟင်"
"ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ဆိုလိုတာက မဟာမိတ် ရှုထောင့်ကနေကြည့်ရင် လူရိုင်းမျိုးနွယ်စုက မဟာမိုးကောင်းကင် တံဆိပ်တော်ကိုတောင် ထုတ်ပြလာပြီပဲ။ ကျွန်တော်တို့က မပေးဘဲနေဖို့ အကြောင်းပြချက် ရှိလို့လား။"
"ဒါကြောင့် ပေးရုံတင်မကဘူး။ အများကြီး ပေးရမယ်။ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို သုတေသနလုပ်ချင်နေတယ် မဟုတ်လား။ ဒါဆိုလည်း သူတို့ကို သုတေသနလုပ်ဖို့ အခွင့်အရေးပေးလိုက်ပေါ့။ သူတို့ မျိုးတုံးသွားမယ့်ကိစ္စက ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။"
"သူတို့ မျိုးတုံးသွားပြီးရင် သူတို့ရဲ့ နယ်မြေတွေကို ကျွန်တော်တို့က သိမ်းပိုက်လိုက်ရုံပဲလေ။ ဒါကမှ တကယ့်ကို သဘာ၀ကျတာ မဟုတ်ဘူးလား။"
မာလင်း ပြောစကားကြောင့် ဖန်းဖေး တစ်ယောက် မျက်လုံးပြူးကျယ်သွားခဲ့ပါပြီ။
(ဘုရားရေ... မာလင်း၊။ မင်းကိုယ်မင်း အမှန်တရားဘက်တော်သား လမ်းစဉ်က တပည့်တစ်ယောက်ဆိုတာ သိသေးရဲ့လား။)
(မင်းရဲ့ နည်းလမ်းက အရမ်းကို ရက်စက်လွန်းလှချည်လား။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင်လည်း လူရိုင်းမျိုးနွယ်စုက သူတို့ဘာသာသူတို့ မျိုးတုံးအောင် လုပ်တာပဲလေ။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ဘာမှလုပ်တာ မဟုတ်ဘူး။ ကြည့်ရတာ ဒါကလည်း မှားတော့မမှားသလိုပဲ။ နည်းနည်းတော့ နည်းလမ်းကျသား။)
မာလင်းတစ်ယောက် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ ချီးကျူးမှုကို စောင့်မျှော်ရင်း ပြုံးနေတုန်းမှာပဲ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက သူ့ကို နရင်းပိတ်အုပ်လိုက်ပါပြီ။
ချူရှင်းဟီ တစ်ယောက် ဒေါသထွက်လွန်းလို့ မှင်သက် ဆွံ့အမတတ် ဖြစ်သွားရပါတယ်။
(ငါ ပြောချင်တာက ဒါလားဟ။)
(ငါက လူရိုင်းမျိုးနွယ်စုနဲ့ ဘာရန်ငြိုးမှလည်း မရှိဘဲနဲ့ သူတို့ကို သေတွင်းထဲ ပို့ရအောင် ငါက ရူးနေလို့လား။)
(ပြီးတော့ သူတို့ မျိုးတုံးသွားရင် မြေရိုင်းအရပ်ကို သိမ်းမယ် ဟုတ်လား။ မာလင်း... မာလင်း၊ မင်း တစ်နေကုန် ဘာတွေလျှောက်တွေးနေတာလဲ။)
(ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ကလွဲရင် မင်းခေါင်းထဲမှာ ပုံမှန်အတွေးတွေ မရှိတော့ဘူးလား။)
မကြာခင်မှာတော့ ချူရှင်းဟီက သူ့ရဲ့ အတွေးတွေကို ရှင်းပြလိုက်ပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ လူရိုင်းမျိုးနွယ်စုက မဟာမိတ်တွေပါ။ အရင်တုန်းက သူတို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့် အပြုအမူတွေနဲ့ ပတ်သက်ရင် မဟာမိုးကောင်းကင်ဂိုဏ်းက တကယ်ကို ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး ပြောသလိုပဲ မဟာမိုးကောင်းကင်ဂိုဏ်းက သူတို့ကို အကြံပေးခဲ့ဖူးသလို ဆရာဘိုးဘိုးကိုယ်တိုင်တောင် သွားပြီး ဖျောင်းဖျခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီတုန်းက လူရိုင်းမျိုးနွယ်စုက ချက်ချင်းပဲ စိတ်ဆိုးသွားခဲ့တာပါ။
"မင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်းက သားရဲယဉ်ပါးအောင်လုပ်တဲ့အတတ်ကို နားလည်လို့လား။"
"သားရဲယဉ်ပါးအောင်လုပ်တာ။ ငါတို့ လူရိုင်းမျိုးနွယ်စုက ကျွမ်းကျင်ပညာရှင်တွေကွ။"
"မဟာမိုးကောင်းကင်ဂိုဏ်းက ငါတို့ရဲ့ ကျွမ်းကျင်မှု ပရော်ဖက်ရှင်နယ် နယ်ပယ်ထဲကို ဝင်လာပြီး ဆရာလုပ်နေတာလား။ မင်းတို့ ရူးနေလား။"
ဆရာဘိုးဘိုး ဒေါသထွက်လွန်းလို့ လက်ကို ခါပြီး ထွက်လာခဲ့ပါတော့တယ်။
(အေးပါ... ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက သားရဲယဉ်ပါးအောင်လုပ်တာကို တကယ်မသိပါဘူး။ ဒါပေမဲ့ မင်းတို့ လူရိုင်းမျိုးနွယ်စုကတော့ သိလွန်းတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် မျိုးတုံးအောင် လုပ်နေကြပြီလေ။ အဲဒါကိုရော သိရဲ့လား...။)
ခေါင်းမာတဲ့ လူတစ်စုကို ဘယ်တော့မှ ယုတ္တိရှိရှိ မရှင်းပြပါနဲ့တဲ့။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်အသိဉာဏ်ကို သူတို့အဆင့်ရောက်အောင် ဆွဲချသွားပြီးမှ သူတို့ရဲ့ ကြွယ်ဝလှတဲ့ အတွေ့အကြုံတွေနဲ့ ကိုယ့်ကို ဖိနှိမ်အနိုင်ယူသွားမှာမို့လို့ပါပဲ။
ဒါကြောင့် ဒီတစ်ခါတော့ သူတို့ကို ဖျောင်းဖျနေစရာ မလိုတော့ပါဘူး၊ ဘယ်လိုမှလည်း ဖျောင်းဖျလို့ ရမှာမဟုတ်ဘူးလေ။
(သူတို့က မိစ္ဆာသားရဲတွေကို သုတေသနလုပ်ချင်တယ် မဟုတ်လား... ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းကလည်း သူတို့ မျိုးတုံးသွားမှာကို မကြည့်ရက်ဘူး မဟုတ်လား။)
(ဒါဆို သူတို့ကို မြေရိုင်းအရပ်ကနေ ထွက်လာဖို့ ဖိတ်ခေါ်ပြီး ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းမှာပဲ မိစ္ဆာသားရဲတွေကို သုတေသနလုပ်ခိုင်းလိုက်ရုံပဲပေါ့။ သူတို့က ပြဿနာရှာဖို့ တာဝန်ယူ၊ ကျွန်တော်တို့ မဟာမိုးကောင်းကင်ဂိုဏ်းက ရတနာတွေ ထောက်ပံ့ပေးဖို့ တာဝန်ယူ။ ပြောစမ်းပါဦး၊ ဒါက တကယ့်ကို ပြည့်စုံမနေဘူးလား။)
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး ဖန်းဖေးက ဒီကိစ္စကို ဆရာဘိုးဘိုး လည်း အရင်က စဉ်းစားခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။
“ဆရာဘိုးဘိုးက အဲဒီလိုလုပ်ဖို့တောင် စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့အချက်က လူရိုင်းမျိုးနွယ်စုတွေ သုတေသနလုပ်နေတဲ့ မိစ္ဆာသားရဲတွေက သာမန်သားရဲတွေ မဟုတ်ဘဲ ဘိုးဘေးအင်မော်တယ် အဆင့် သားရဲတွေအထိတောင် ပါဝင်နေတာကြောင့်ပါ”
“မင်းတို့ သိတဲ့အတိုင်း မိစ္ဆာသားရဲတွေမှာ အသိဉာဏ်မရှိကြဘူး။ သတ်ဖြတ်ဖို့ပဲ သိကြတာ။ တကယ်လို့ လူရိုင်းမျိုးနွယ်စုက မဟာမိုးကောင်းကင်ဂိုဏ်းကိုလာပြီး သုတေသနလုပ်လို့ အစွမ်းထက်တဲ့ သားရဲကြီးတွေက ဂိုဏ်းသားတစ်ယောက်စ၊ နှစ်ယောက်စကို ဘာမပြောညာမပြောနဲ့ စားပစ်လိုက်ရင် ငါတို့ဂိုဏ်းက ဘယ်လို ရှေ့ဆက်မတုန်း”
ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ စကားကို နားထောင်ပြီး ချူရှင်းဟီ တစ်ယောက် အစပိုင်းမှာ အံ့အားသင့်သွားပါတယ်။ နောက်တော့ မျက်လုံးတွေ ပြူးကျယ်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ အလွန်ကို ထိတ်လန့်သွားပါတော့တယ်။
(ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး... အစ်ကိုကြီးကတော့ တကယ့်ကို တော်ပါပေတယ်။ ဟေးရှီးနယ်မြေရဲ့ အနာဂတ် အရှင်သခင်၊ ကျူးလီရဲ့ ဟင်းချက် လက်ရာကို ကြံ့ကြံ့ခံနိုင်တဲ့သူ ဖြစ်ထိုက်ပါပေတယ်။)
(ကျွန်တော် ချူရှင်းဟီ တစ်ယောက် ဟေးယွဲ့မျိုးနွယ်စုရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး စဉ်းစားနေတာ ရက်အတော် ကြာသွားပြီ။ အဖြေမထွက်လာခဲ့ဘူး။ အခု အစ်ကိုကြီးရဲ့ စကားတစ်ခွန်းက ကျွန်တော့်အတွက် အကုန်လုံးကို ဖြေရှင်းပေးလိုက်ပြီ။)
(အစ်ကိုကြီးက လူရိုင်းမျိုးနွယ်စု မွေးမြူထားတဲ့ သားရဲတွေက အရမ်းအစွမ်းထက်ပြီး ကျွန်တော်တို့ ဂိုဏ်းသားတွေကို ဒုက္ခပေးနိုင်တယ်လို့ ပြောလိုက်တယ် မဟုတ်လား။)
(အဲဒါက လုံးဝ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဟေးယွဲ့မြို့တော်က အဲဒီလောက်တောင် အစွမ်းမထက်ဘူးလား။ လူရိုင်းမျိုးနွယ်စု မွေးမြူတဲ့ မိစ္ဆာသားရဲတွေကို ဟေးယွဲ့မြို့တော်ဆီသာ ပို့လိုက်စမ်းပါ။)
(မဟာသူတော်စင်ကြီးရဲ့ အင်းခတ်မှုအောက်မှာ သာမန်မိစ္ဆာသားရဲတွေ ထားဦး။ ဘိုးဘေးအင်မော်တယ် အဆင့် သားရဲတွေတောင် လွတ်မြောက်နိုင်ပါဦးမလား။)
(သားရဲတွေက ရက်စက်ကြမ်းကြုတ်တယ် ဟုတ်လား။ ဘာလဲ။ မိစ္ဆာသားရဲတွေက ကျွန်တော်တို့ရဲ့ ဟေးယွဲ့မျိုးနွယ်စုထက် ပိုပြီး ရက်စက်နိုင်လို့လား။)
(ကျွန်တော်တို့ ဟေးယွဲ့မျိုးနွယ်စုက မိစ္ဆာသားရဲတွေရဲ့ စားသောက်တာခံရပြီး သေရတဲ့ အရသာကို မမြည်းစမ်းရသေးဘူးလေ။ ဟုတ်တယ်မလား။)
(ကျွန်တော်တို့ ဟေးယွဲ့မျိုးနွယ်စုကို သေမင်းကတောင် လာခေါ်လို့မရတဲ့ လူတွေပါ။ ဒီမိစ္ဆာသားရဲလေးတွေကို ဘာကိစ္စ ကြောက်နေရမှာလဲ။)
(ပြီးတော့ အရေးကြီးဆုံးအချက်က နဂါးမိစ္ဆာသားရဲအကောင်လေးတွေ အများကြီးကို ဟေးယွဲ့မြို့တော်ထဲ ထည့်လိုက်ပြီဆိုရင်၊ ပြောစမ်းပါဦး။ ဟေးယွဲ့မျိုးနွယ်စုက ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး တရားကျင့်နိုင်တော့မှာလဲ။)
(မိစ္ဆာသားရဲတွေက နေ့တိုင်း မြို့ထဲမှာ ပတ်ပြေးနေမှတော့ သူတို့တွေ ကျင့်ကြံဖို့ စိတ်ကူးရှိပါဦးမလား။)
(ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ အကြံက တစ်ချက်ခုတ် နှစ်ချက်ပြတ်တင် မဟုတ်ဘူး။ အများကြီးကို အကျိုးရှိသွားတာပေါ့။)
(ပထမအချက်က- မိစ္ဆာသားရဲတွေရဲ့ နှောင့်ယှက်မှုကြောင့် ဟေးယွဲ့မျိုးနွယ်စုက အေးအေးဆေးဆေး မကျင့်ကြံနိုင်တော့ဘူး၊ အဲဒီအခါမှာ သူတို့ရဲ့ တိုးတက်နှုန်းက ကျဆင်းသွားမှာ မဟုတ်ဘူးလား။)
(ဒုတိယအချက်က- လူရိုင်းမျိုးနွယ်စုက အခု ဘေးကင်းတဲ့နေရာမှာ မိစ္ဆာသားရဲတွေကို စိတ်ကြိုက် သုတေသနလုပ်ခွင့် ရသွားပြီဆိုတော့ သူတို့ အစွမ်းကုန် လုပ်ကြတော့မှာပေါ့။ အဲဒီလို အစွမ်းကုန်လုပ်လေလေ၊ ရတနာတွေ ဖြုန်းတီးမှုကလည်း ပိုပြီး များလာလေလေ မဟုတ်ဘူးလား။)
(ပြီးတော့ အရေးကြီးဆုံးက မိစ္ဆာသားရဲဆိုတာ ဘာလဲ။)
(သူတို့က အသိဉာဏ်မရှိတဲ့ အရိုင်းအစိုင်းတွေလေ။ ရက်စက် ကြမ်းကြုတ်တာကလွဲရင် ဘာမှမသိကြဘူး။ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို ဝိညာဉ်သားရဲ တွေအဖြစ် တကယ် ပြောင်းလဲနိုင်မယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ဘူ။ ဟုတ်တယ်မလား။ တကယ်သာ ဖြစ်နိုင်မယ်ဆိုရင် လူရိုင်းမျိုးနွယ်စုက အခုလို အခြေအနေထိ ဆုတ်ယုတ်ကျဆင်းပါဦးမလား။)
(ဒါကြောင့် လူရိုင်းမျိုးနွယ်စုကို မြေရိုင်းအရပ်ကနေ ခေါ်ထုတ်လာပြီး ဟေးယွဲ့မြို့တော်မှာ မိစ္ဆာသားရဲတွေကို သုတေသနလုပ်ခိုင်းတာက တကယ်ကို ပြည့်စုံလွန်းတဲ့ နည်းလမ်းပါပဲ။)
ချူရှင်းဟီရဲ့ အကြံဉာဏ်ကို ကြားပြီးနောက်မှာတော့ ဖန်းဖေးနဲ့ မာလင်းတို့ ပိုပြီးတော့တောင် တုန်လှုပ်ထိတ်လန့်သွားကြပါပြီ။
မာလင်းကတော့ ရှက်လွန်းလို့ ခေါင်းတောင် မဖော်နိုင်ပါဘူး။
(ငါအရမ်းကို အတွေးတိမ်ခဲ့တာပဲ။)
(အရင်တုန်းက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စကားကို နားထောင်တုန်းက လူရိုင်းမျိုးနွယ်စု မျိုးတုံးသွားရင် နယ်မြေသိမ်းဖို့လောက်ပဲ ငါတွေးမိခဲ့တာ။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ အကြံက ဒီလောက်အထိ အကွက်စေ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ငါတို့က မြေရိုင်းအရပ်ကိုပဲ လိုချင်တာ မဟုတ်ဘူး၊ လူရိုင်းမျိုးနွယ်စု တစ်ခုလုံးကိုပါ ငါတို့ရဲ့ လက်အောက်ကို သွတ်သွင်းချင်တာ။ အကျဉ်းချုံး ပြောရရင်ကွာ "အကုန်လုံးကို လိုချင်တာ။")
(ပြီးတော့ တကယ်လို့များ လူရိုင်းမျိုးနွယ်စုက အနာဂတ်မှာ မိစ္ဆာသားရဲတွေကို မွေးမြူတဲ့နည်းလမ်းကို တကယ်အောင်မြင်သွားရင် ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ချက်ချင်းကို ထိပ်တန်းရောက်သွားမှာ မဟုတ်ဘူးလား။)
(ဘာလဲ။ မိစ္ဆာသားရဲတွေကို အောင်မြင်အောင် မမွေးမြူနိုင်ဘူးလို့ ပြောချင်တာလား။ အဲဒါက မင်းတို့ မလုပ်နိုင်သေးလို့ပါ။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီမှာတော့ ပိုပြီး နက်ရှိုင်းတဲ့ နည်းလမ်းတွေ ရှိမှာ အသေအချာပဲ။)
မကြာခင်မှာပဲ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးနဲ့အတူ ချူရှင်းဟီဟာ ဆရာဘိုးဘိုးဆီသွားပြီး အကြံဉာဏ်ကို ပြောပြလိုက်ပါတော့တယ်။
ရှင်းဟီရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက်မှာတော့ ဆရာဘိုးဘိုးဟာ ငါးမိနစ်လောက်အထိ ငြိမ်သက်သွားခဲ့ပါပြီ။
(ရှင်းဟီ ပြောသလိုပဲ။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းမှာ အရင်က ဒီလိုအခြေအနေမျိုး မဆောင်ရွက်နိုင်ခဲ့ဘူး။ အခုတော့ ဟေးယွဲ့မြို့တော် ရှိနေပြီဆိုတော့ အခြေအနေတွေက လုံလောက်သွားပါပြီလေ။)
(ဒါကြောင့် ရှင်းဟီရဲ့ အဆိုက မမှားဘူး။)
လူရိုင်းမျိုးနွယ်စုရဲ့ နည်းလမ်းတွေက ထူးဆန်းလွန်းပေမဲ့လည်း၊ ဆရာဘိုးဘိုးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒီထက်ထူးဆန်းတာတွေ အများကြီး မြင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရှင်းဟီက ဘာမှမဖြစ်ဘူးလို့ ပြောမှတော့ ဘာမှမဖြစ်တာ သေချာနေပါပြီ။
ဒါပေမဲ့ တစ်ခုတည်းသော စိုးရိမ်စရာကတော့ မိစ္ဆာသားရဲတွေကို ဟေးယွဲ့မြို့တော်ထဲ ထည့်ထားလိုက်ရင် ဟေးယွဲ့မျိုးနွယ်စုရဲ့ တရားကျင့်မှုကို ထိခိုက်မနိုင်လား ဆိုတာပါပဲ။
ဒါပေမဲ့ ဆရာဘိုးဘိုးက ဒီစိုးရိမ်စိတ်ကို ချက်ချင်းပဲ ဖယ်ရှားလိုက်ပါတယ်။
(မသေနိုင်တဲ့ ဟေးယွဲ့မျိုးနွယ်စုဝင် တစ်စုလုံးကို ထိခိုက်ရင်ကော ဘာဖြစ်မှာလဲ။ သူတို့က အသက်ရှင်နေသရွေ့ တစ်နေ့နေ့မှာ ပြိုင်ဘက်ကင်း ဖြစ်လာမှာပဲလေ၊ နောက်ထပ် နှစ် သုံးငါးရာလောက် ကြာသွားလည်း ဘာအရေးလဲ။)
(လူရိုင်းမျိုးနွယ်စု အခြေအနေက အခု အဆုံးစွန်ထိ ရောက်နေပြီ။ မဟာမိုးကောင်းကင်ဂိုဏ်းအနေနဲ့ မဟာမိတ်တွေ ပျက်စီးသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ။ အဲဒါက မဟာမိတ်ကောင်း တစ်ယောက်ရဲ့ အလုပ် မဟုတ်ဘူး။ ဒါကြောင့် ရှင်းဟီရဲ့ နည်းလမ်းက တကယ့်ကို သေချာပါတယ်လေ။)
မကြာခင်မှာပဲ ဆရာဘိုးဘိုးက မဟာသူတော်စင်ကြီးကို ဆင့်ခေါ်ပြီး ရှင်းဟီရဲ့ အကြံဉာဏ်ကို ပြောပြလိုက်ပါတယ်။
မဟာသူတော်စင်ကြီး ပြောလိုက်ပါပြီ။
“ရှင်းဟီရဲ့ ဆန္ဒအတိုင်းသာ အားလုံးကို စီစဉ်လိုက်ပါ့မယ်။”
အဲဒီနောက်မှာတော့ ဆရာဘိုးဘိုးဟာ လူရိုင်းမျိုးနွယ်စုကို မြေရိုင်းအရပ်ကနေ ခေါ်ထုတ်လာဖို့အတွက် မဟာသူတော်စင်ကြီးကို မြေရိုင်းအရပ်ဆီ ကိုယ်တိုင် သွားရောက်ဖို့ စီစဉ်ပေးလိုက်ပါတော့တယ်။
ဘာကြောင့် မဟာသူတော်စင်ကြီးကိုပဲ ဒီတာဝန်ကို ပေးအပ်ရတာလဲဆိုတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ မြေရိုင်းအရပ်ဆိုတာ အခုအချိန်မှာ လူသားတွေ နေထိုင်နိုင်တဲ့နေရာ မဟုတ်တော့ပါဘူး။ တကယ်လို့ ကမ္ဘာ့နတ်ဘုရားတစ်ယောက် သွားရင်တောင် မိစ္ဆာသားရဲတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံရရင် အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ဖို့ အာမခံချက် မရှိပါဘူး။ တခြားဘယ်သူသွားသွား၊ ကမ္ဘာ့နတ်ဘုရား အဆင့်ပဲဖြစ်ဖြစ် လူရိုင်းမျိုးနွယ်စုနဲ့ မတွေ့ခင်မှာတင် မိစ္ဆာသားရဲတွေရဲ့ ဝိုင်းဝန်းသတ်ဖြတ်တာကို ခံရနိုင်ပါတယ်။
ဒါပေမဲ့ မဟာသူတော်စင်ကြီး သွားရင်တော့ အဲဒီလို စိုးရိမ်စရာ မလိုပါဘူး။ မိစ္ဆာသားရဲတွေက ဝိုင်းထားရင်ကော ဘာဖြစ်လဲ။
(ငါ မဟာသူတော်စင်ကြီးက ဒီမိစ္ဆာသားရဲတွေကို ငါ့ခန္ဓာနဲ့ အစာကျွေးလို့ မရဘူးများ မှတ်နေသလား။)
(မင်းတို့သာ စိတ်ကြိုက်စားကြ၊ ငါကတော့ ပြန်ပြန်ရှင်လာပြီး မင်းတို့ကို အဝကျွေးဦးမှာ။ မင်းတို့ ဗိုက်ပေါက်မတတ်ဖြစ်သွားရင်တောင် ငါကတော့ အလျော့ပေးမှာ မဟုတ်ဘူး။)
…
မဟာသူတော်စင်ကြီး မြေရိုင်းအရပ်ကို ထွက်ခွာသွားတဲ့ သတင်းကတော့ ဖုံးကွယ်ထားလို့ မရပါဘူး။
မဟာမိုးကောင်းကင်ဂိုဏ်းက လူရိုင်းမျိုးနွယ်စုကို ဂိုဏ်းထဲ ခေါ်လာတော့မယ်ဆိုတာ ကြားလိုက်ရတဲ့အခါ တစ်ကမ္ဘာလုံးက အံ့အားသင့်သွားကြပါတယ်။
"မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေ ရူးကုန်ကြပြီလား။"
မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ လူရိုင်းမျိုးနွယ်စုက မဟာမိတ်တွေဆိုတာ သိပေမဲ့၊ လူရိုင်းမျိုးနွယ်စု ဘာကြောင့် အခုလို ဘဝပျက်သွားရသလဲဆိုတာကို မဟာမိုးကောင်းကင်ဂိုဏ်းက မသိဘူးလား။
မင်းတို့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းထဲမှာ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို မွေးမြူပြီး မင်းတို့ရဲ့ တပည့်တွေကို အကုန်စားပစ်မှာကို မကြောက်ကြဘူးလား။
ဒါပေမဲ့ မကြာခင်မှာပဲ တချို့လူတွေက သဘောပေါက်လာကြပါတယ်။ အခု မဟာမိုးကောင်းကင်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူးလေ။ မဟာမိုးကောင်းကင်ဂိုဏ်းမှာ ဟေးယွဲ့မြို့တော်ရှိနေတာပဲ။ ဘယ်လောက်ပဲ ရက်စက်တဲ့ မိစ္ဆာသားရဲဖြစ်ဖြစ် ဟေးယွဲ့မြို့တော်ထဲ ထည့်ထားလိုက်ရင် ဘာစိုးရိမ်စရာ ရှိတော့မှာလဲ။
ပြင်ပလောကမှာ ဝေဖန်ဆွေးနွေးမှုတွေ အများကြီးရှိနေပေမဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေကတော့ သူတို့ရဲ့ "အိမ်မွေးတိရစ္ဆာန်" လေးတွေနဲ့အတူ မြေရိုင်းအရပ်ကနေ ထွက်ခွာလာကြပါပြီ။
လက်ရှိ လူရိုင်းမျိုးနွယ်ဘုရင်မ ဘီနီဟာ မြေရိုင်းအရပ်ကနေ ထွက်လာတဲ့အချိန် မျက်ရည်တွေတောင် ဝဲနေပါတယ်။
ပြင်ပလောကကလူတွေကတော့ လူရိုင်းမျိုးနွယ်စုဟာ အမြဲတမ်း သေတွင်းထဲ ခုန်ဆင်းနေတဲ့သူတွေလို့ ပြောကြပေမဲ့၊ သားရဲယဉ်ပါးအောင်လုပ်တဲ့အတတ်ဆိုတာ လူရိုင်းမျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်ဆိုတာကိုတော့ မသိကြပါဘူး။ ဒီအတတ်ပညာမရှိရင် လူရိုင်းမျိုးနွယ်စုဆိုတာ တည်ရှိမှာ မဟုတ်တော့ဘူးလေ။ လူရိုင်းမျိုးနွယ်စုက ကိုယ့်ဘာသာကိုယ် ဘ၀ပျက်အောင်အောင်လုပ်ရင်းနဲ့ သားရဲယဉ်ပါးအောင် ဘယ်လိုလုပ်ရမလဲဆိုတာတောင် သေချာမသိတော့ဘူး ဆိုပေမဲ့... မိစ္ဆာသားရဲတွေကို မွေးမြူတဲ့နေရာမှာတော့ အတွေ့အကြုံတွေ အများကြီး ရထားခဲ့ပါတယ်။
သူတို့ရဲ့ မွေးရာပါ ပါရမီကြောင့် လူရိုင်းမျိုးနွယ်စုဝင်တွေဟာ သာမန်လူတွေလို ကျင့်ကြံလို့ မရပါဘူး။ သူတို့လျှောက်နိုင်တဲ့ တစ်ခုတည်းသော လမ်းစဉ်က သားရဲယဉ်ပါးအောင်လုပ်တဲ့ တာအို လမ်းစဉ်ပါပဲ။
ဟိုးအရင်က ဝိညာဉ်သားရဲတွေ ပျောက်ကွယ်သွားတဲ့အခါ လူရိုင်းမျိုးနွယ်စုဟာ ဆုတ်ယုတ်ကျဆင်းသွားခဲ့ရပါတယ်။ သူတို့က မိစ္ဆာသားရဲတွေကို မွေးမြူဖို့ ရွေးချယ်ခဲ့တာဟာ ခေါင်းမာလွန်းလို့ မဟုတ်ဘဲ တခြားလမ်း မရှိလို့ပါ။ မိစ္ဆာသားရဲတွေကို မမွေးမြူရင်လည်း သူတို့မျိုးနွယ်စုက ပျက်သုဉ်းမှာပါပဲ။ အကယ်၍သာ အဲဒီတုန်းက မိစ္ဆာသားရဲတွေကို မမွေးမြူခဲ့ရင် ဒီနေ့အချိန်မှာ လူရိုင်းမျိုးနွယ်စုဆိုတာ သမိုင်းထဲမှာပဲ ကျန်ရစ်နေလောက်ပါပြီ။
သူတို့ရဲ့ မြေရိုင်းအရပ်ကိုတောင် သူတို့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
အရင်တုန်းက လူရိုင်းမျိုးနွယ်ဟာ မိစ္ဆာသားရဲတွေ အမြောက်အမြား မွေးမြူခဲ့လို့ မျိုးနွယ်စုမှာ အထိအခိုက်တွေ အများကြီးရှိခဲ့ပေမဲ့၊ မြေရိုင်းအရပ်ထဲမှာ မိစ္ဆာသားရဲတွေ သောင်းကျန်းနေတာကြောင့်ပဲ ပြင်ပလူတွေက မြေရိုင်းအရပ်ကို မသိမ်းပိုက်ရဲခဲ့ကြတာပါ။ လူရိုင်းမျိုးနွယ်စုဟာ မျိုးတုံးလုနီးပါး အခြေအနေကို ရင်းပြီး သူတို့ရဲ့ မွေးရပ်မြေကို နောက်ဆုံးမှာ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ မိစ္ဆာသားရဲတွေဟာ သူတို့ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါကြောင့် ဘီနီဟာ နောက်ဆုံးအကြိမ်အဖြစ် အသေအလဲ ကြိုးစားချင်ခဲ့ပါတယ်။ တကယ်လို့ ရှုံးနိမ့်သွားရင်လည်း ဒါဟာ လူရိုင်းမျိုးနွယ်စုရဲ့ ကံကြမ္မာပဲပေါ့။
ဘီနီဟာ မျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်ပြီး မျိုးတုံးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာပဲ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေ ရောက်လာပါတော့တယ်။ သူတို့က ရတနာတွေ ပေးဖို့ပဲ လာတာ မဟုတ်ပါဘူး။ မဟာမိုးကောင်းကင်ဂိုဏ်းဟာ လူရိုင်းမျိုးနွယ်စုအတွက် အသက်ရှင်သန်ခွင့် မျှော်လင့်ချက် ကိုပါ ယူဆောင်လာခဲ့ကြပါတယ်။
***