ဝိညာဉ်သားရဲကျွန်းဟာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ်သားရဲတွေဟာလည်း ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ပါတယ်။ တခြားသူတွေအတွက်တော့ ဝိညာဉ်သားရဲတွေ မရှိတော့တာက ကိစ္စမရှိပေမဲ့၊ သားရဲယဉ်ပါးအောင်လုပ်တဲ့ အတတ်ပညာကိုပဲ အသက်သွေးကြောလို အားကိုးနေရတဲ့ လူရိုင်းမျိုးနွယ်စုအတွက်ကတော့ လုံးဝကို ကွဲပြားခြားနားသွားပါပြီ။
အပြင်လောကက လူတွေကတော့ လူရိုင်းမျိုးနွယ်စုဟာ မဆင်မခြင် လုပ်ရပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် မျိုးတုံးအောင် လုပ်နေတယ်လို့ပဲ မြင်ကြပေမဲ့၊ တကယ်တမ်း သူတို့ ဘာတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
အဲဒီတုန်းက ဝိညာဉ်သားရဲတွေ ပျောက်ကွယ်သွားတာဟာ လူရိုင်းမျိုးနွယ်စုရဲ့ အင်အားကို လျော့နည်းသွားစေရုံတင် မဟုတ်ပါဘူး။ ဝိညာဉ်သားရဲတွေ မရှိတော့တဲ့ သူတို့ဟာ သူတို့ရဲ့ မူလ အင်အား သုံးပုံတစ်ပုံကိုတောင် ထိန်းထားနိုင်ဖို့ မလွယ်ကူတော့ဘူး ဆိုရမှာပါ။
အရင်တုန်းက လူရိုင်းမျိုးနွယ်စုအပေါ် ရိုသေလေးစားခဲ့ကြတဲ့ အဖွဲ့အစည်းတွေဟာလည်း တဖြည်းဖြည်းနဲ့ ရဲတင်းလာကြပြီး၊ တချို့ အင်အားကြီးအဖွဲ့တွေဆိုရင် မြေရိုင်းအရပ်ကိုတောင် သိမ်းပိုက်ဖို့ မျက်စိကျလာကြပါတယ်။
သူတို့က လူရိုင်းမျိုးနွယ်စုနဲ့ "မဟာမိတ်" ဖွဲ့ချင်တယ်လို့ ကမ်းလှမ်းလာကြပေမဲ့... အဲဒါက တကယ်ပဲ မဟာမိတ်ဖွဲ့ချင်တာလား။ မဟာမိတ်ဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး လူရိုင်းမျိုးနွယ်စုကို တဖြည်းဖြည်း ဝါးမျိုဖို့ ကြိုးစားနေကြတာကတော့ ရှင်းနေပါတယ်။
ဒါကြောင့် လူရိုင်းမျိုးနွယ်စုက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပေမဲ့ ဒီလူတွေက ပိုပြီးတော့တောင် ရန်လိုလာကြပါပြီ။ အဲဒီအပြင် ဖိတ်ခေါ်မထားတဲ့ အပြင်လူတွေဟာ မြေရိုင်းအရပ်ထဲမှာ အကြောင်းမဲ့ ပေါ်ပေါ်လာတတ်ကြပါတယ်။
ဒါကြောင့် အဲဒီအချိန်က လူရိုင်းမျိုးနွယ်ဘုရင်မဟာ အဆုံးစွန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါပြီ။ အဲဒါကတော့ မိစ္ဆာသားရဲတွေကို မွေးမြူဖို့ပါပဲ။
မိစ္ဆာသားရဲတွေကို ယဉ်ပါးအောင်လုပ်ဖို့ အောင်မြင်နိုင်ခြေက သိပ်ကို နည်းပါးပေမဲ့၊ လူရိုင်းမျိုးနွယ်စုအတွက်တော့ တခြားရွေးချယ်စရာ လမ်းမရှိတော့ပါဘူး။ ဒါဟာ သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပြီး သေလမ်းဖြစ်နေရင်တောင်မှ သူတို့ လျှောက်ကို လျှောက်ရမယ့် လမ်းဖြစ်နေပါတယ်။
မိစ္ဆာသားရဲတွေကို မွေးမြူရတာ ဘယ်လောက် အန္တရာယ်များသလဲဆိုတာ သူတို့ မသိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအန္တရာယ်ရှိတဲ့ သားရဲတွေကို အသုံးချပြီးတော့ပဲ သူတို့ရဲ့ မွေးရပ်မြေကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပြောရရင် အဲဒီအချိန်က လူရိုင်းမျိုးနွယ်ဘုရင်မရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပါတယ်။ သူတို့က မိစ္ဆာသားရဲတွေကို ယဉ်ပါးအောင် မလုပ်နိုင်ခဲ့ပေမဲ့ မွေးမြူတဲ့နေရာမှာတော့ တကယ်ကို ကျွမ်းကျင်လှပါတယ်။
လူရိုင်းမျိုးနွယ်စု မွေးမြူလိုက်တဲ့ မိစ္ဆာသားရဲတွေဟာ တကယ့်ကို အစွမ်းထက်လာခဲ့ကြပါတယ်။
ဒီသားရဲတွေကြောင့် လူရိုင်းမျိုးနွယ်စုဝင်တွေ အများကြီး သေဆုံးခဲ့ရပေမဲ့၊ ဒီသားရဲတွေ မြေရိုင်းအရပ်ထဲမှာ သောင်းကျန်းနေတာကြောင့်ပဲ မြေရိုင်းအရပ်ကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့သူတွေလည်း အကြီးအကျယ် အထိနာခဲ့ရပါတယ်။
ဒါပေမဲ့ ဒီနည်းလမ်းဟာ ရန်သူကို သတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတ်နေရသလိုပါပဲ။ လူရိုင်းမျိုးနွယ်စုဟာ မြေရိုင်းအရပ်ကို ထိန်းထားနိုင်ခဲ့ပေမဲ့ အရေအတွက် ပိုများလာတဲ့ မိစ္ဆာသားရဲတွေကိုတော့ မထိန်းချုပ်နိုင်တော့ပါဘူး။
ဒီနေ့အချိန်မှာတော့ မြေရိုင်းအရပ်ကို "မိစ္ဆာသားရဲနယ်မြေ" လို့တောင် ခေါ်လို့ရနေပါပြီ။ ကမ္ဘာ့နတ်ဘုရား တစ်ယောက်တောင် ဒီမြေရိုင်းထဲဝင်လာခဲ့မယ်ဆိုရင် လုံးဝ ဘေးကင်းနိုင်တယ်လို့ မဆိုနိုင်တော့ပါဘူး။
ဒါဟာ လူရိုင်းမျိုးနွယ်စု အနေနဲ့ ဒီလောကမှာ ရှင်သန်ရတာ ဘယ်လောက် ခက်ခဲသလဲဆိုတာကို သက်သေပြနေတာပါပဲ။
နှစ်တွေကြာလာတာနဲ့အမျှ သူတို့မှာ မြေရိုင်းအရပ်ကနေ ထွက်ခွာဖို့ အတွေးတွေ ရှိလာခဲ့ကြပါတယ်။ မျိုးနွယ်စုဘုရင်မ အဆက်ဆက်ဟာ မျိုးနွယ်စုကို မြေရိုင်းအရပ်ကနေ ခေါ်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အရင်မျိုးနွယ်ဘုရင်မရဲ့ လုပ်ရပ်တွေက မှန်သလား မှားသလားဆိုတာကို ဒီနေ့ထိ ဝေဖန်ဖို့ ခက်ခဲနေဆဲပါ။
ဒါပေမဲ့ လူရိုင်းမျိုးနွယ်စုက မြေရိုင်းအရပ်ကနေ ထွက်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘယ်အဖွဲ့အစည်းကမှ သူတို့ကို လက်မခံချင်ကြတာကို တွေ့ရပါတယ်။
အခုအချိန်မှာ လူရိုင်းမျိုးနွယ်စုက ဘာများ အသုံးကျဦးမှာလဲ။ တိုက်ခိုက်ရေးစွမ်းရည်လည်း မရှိ၊ သားရဲယဉ်ပါးအောင်လည်း မလုပ်နိုင်တော့တဲ့အပြင်၊ ခေါင်းမာလှတဲ့ သူတို့က မိစ္ဆာသားရဲ သုတေသနကိုပဲ အတင်းအကျပ် လုပ်နေကြတာလေ။ ဘယ်သူက သူတို့ကို လက်ခံပြီး ရတနာတွေ ထောက်ပံ့ပေးချင်မှာလဲ။ ပြီးတော့ သူတို့မွေးတဲ့ သားရဲတွေက ကိုယ့်တပည့်တွေကို ပြန်ကိုက်မှာကို ဘယ်သူက စိုးရိမ်ခံချင်မှာလဲ။ ဦးနှောက်ပုံမှန်ရှိတဲ့သူဆိုရင် လူရိုင်းမျိုးနွယ်စုကို လက်ခံမှာ မဟုတ်ပါဘူး။
ဒါကြောင့် သူတို့ဟာ တကယ့်ကို လမ်းဆုံးကို ရောက်နေခဲ့တာပါ။
အခု ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာချိန်မှာတော့ ဘီနီဟာ မဟာမိုးကောင်းကင် တံဆိပ်တော်ကို ထုတ်ယူပြီး သူတို့ရဲ့ တစ်ဦးတည်းသော မဟာမိတ်ဆီကနေ နောက်ဆုံးအကြိမ်အဖြစ် ရတနာတွေ တောင်းခံခဲ့ပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းအကြောင်း စဉ်းစားလိုက်တိုင်း ဘီနီ့ရဲ့ စိတ်ထဲမှာ အတိုင်းအထက်အလွန် ကျေးဇူးတင်မိဆဲပါ။
ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာကြာအောင် သူတို့မျိုးနွယ်စု ဆုတ်ယုတ်ကျဆင်းနေခဲ့ပေမယ့်လည်း နံပါတ် (၁) ဂိုဏ်းကြီးဖြစ်တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းဟာ သူတို့ရဲ့ မြေရိုင်းအရပ်ကို သိမ်းပိုက်ဖို့ တစ်ခါမှ မတွေးခဲ့လို့ပါ။ အဲဒီအပြင် သူတို့ အခက်အခဲကြုံတိုင်း ရတနာတွေ အမြဲ ထောက်ပံ့ပေးခဲ့ပါတယ်။ (အဲဒီအကူအညီတွေကြောင့် သူတို့ မျိုးတုံးဖို့ ပိုမြန်သွားစေခဲ့ပေမဲ့လည်း) ဘီနီကတော့ မဟာမိုးကောင်းကင်ဂိုဏ်းကို အမြဲ ကျေးဇူးတင်နေမိဆဲပါပဲ။
အခု ဝိညာဉ်စွမ်းအင်တွေ ပြန်နိုးထလာချိန်မှာ ဘီနီဟာ နောက်ဆုံးအကြိမ်အဖြစ် အသေအလဲ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကယ်၍ ဝိညာဉ်စွမ်းအင်တွေရဲ့ အကူအညီနဲ့ မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်ခဲ့ရင် သူတို့မျိုးနွယ်စု ပြန်လည် နိုးထလာမယ့် နေ့ပဲပေါ့။ အဲဒီကျမှ အရင်က ချေးယူခဲ့တဲ့ ရတနာတွေကို အကုန်ပြန်ဆပ်မယ်လို့ သူ စဉ်းစားထားတာပါ။
တကယ်လို့ ရှုံးနိမ့်ခဲ့ရင်လည်း ရိုးရှင်းပါတယ်။ ဒီတစ်ခါ ရှုံးတာကတော့ မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသွားတာနဲ့ အတူတူပါပဲ။ အဲဒီကျရင်တော့ ကျန်ခဲ့တဲ့ သူတွေကို မဟာမိုးကောင်းကင်ဂိုဏ်းဆီ ပို့ပေးပြီး မြေရိုင်းအရပ်ကိုပါ ပေးအပ်ခဲ့မှာပါ။
အခုအချိန်မှာ မြေရိုင်းအရပ်က တန်ဖိုးမရှိတော့ဘူး ဆိုပေမဲ့ ဒါဟာ သူတို့ရဲ့ မဟာမိတ်အပေါ် နောက်ဆုံး ကျေးဇူးဆပ်ခြင်းပါပဲ။
ဒါပေမဲ့လည်း ဘီနီဟာ အသက်ကြီးသူ၊ အားနည်းသူနဲ့ မသန်စွမ်းသူတွေ အပါအဝင် လူတစ်ထောင်တောင် မပြည့်တော့တဲ့ မျိုးနွယ်စုကို ဦးဆောင်ပြီး နောက်ဆုံးအကြိမ် ကြိုးစားဖို့ ပြင်နေတုန်းမှာပဲ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေ ရောက်ရှိလာပါတယ်။
မဟာသူတော်စင်ကြီး အန်ဇီဟာ သူတို့ မဟာမိတ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေသိမ့်ပေးလိုက်ပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်းဟာ လူရိုင်းမျိုးနွယ်စုကို လက်ခံဖို့၊ ဂိုဏ်းထဲကို ဝင်ခွင့်ပြုဖို့နဲ့ နောက်ပိုင်းမှာ လိုအပ်တဲ့ ရတနာတွေနဲ့ အကာအကွယ်တွေကို အစွမ်းကုန် ထောက်ပံ့ပေးဖို့ အစီအစဉ် ရှိကြောင်း ပြောလိုက်ပါတယ်။
ဒါကို ကြားလိုက်ရတဲ့အခါ ဘီနီရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ 'မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေ ရူးကုန်ကြပြီလား။' ဆိုတာပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းက ရတနာတွေ ထောက်ပံ့ပေးမယ်ဆိုတာကတော့ လက်ခံလို့ရပါသေးတယ်။ ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက ငါတို့ရဲ့ မိစ္ဆာသားရဲတွေ မင်းတို့ကို ဒုက္ခပေးမှာကို မကြောက်ဘူးလား။
ဘီနီ တစ်ယောက် ဝေဝါးနေတုန်းမှာပဲ မဟာသူတော်စင်ကြီး က "သေပြီးမှ ပြန်ရှင်ပြတဲ့" အံ့မခန်း ပြကွက်ကြီးတစ်ခုကို ပြသလိုက်ပါတယ်။
မဟာသူတော်စင်ကြီးဟာ မိစ္ဆာသားရဲ အုပ်စုကြီးရဲ့ ဝိုင်းဝန်း ကိုက်ခဲစားသောက်ခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ် တစ်စစီ ဖြစ်သွားခဲ့ပေမဲ့၊ ဘီနီ့ရဲ့ ရှေ့မှာတင် ချက်ချင်းပဲ ပြန်လည်နိုးထ မွေးဖွား ရှင်သန်လာခဲ့ပါပြီ။
ဒီမြင်ကွင်းကို ကြည့်နေရတဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ မျက်လုံးပြူးပြီး ဆွံ့အသွားကြပါတယ်။
'ဒီလောကမှာ ငါတို့ လူရိုင်းမျိုးနွယ်စုထက်တောင် ပိုပြီး ပုံမှန်မဟုတ်တဲ့ တည်ရှိမှုတွေ ရှိနေပါသေးလား။'
အဲဒီနောက်မှာတော့ မဟာသူတော်စင်ကြီးက ဟေးယွဲ့ကလန်အကြောင်း၊ ဟေးယွဲ့မြို့တော်အကြောင်းတွေနဲ့အတူ လူရိုင်းမျိုးနွယ်စုအပေါ် ထားရှိတဲ့ သူရဲကောင်းလေးရှင်းဟီရဲ့ စေတနာမှန်တွေကို ရှင်းပြခဲ့ပါတယ်။
ဒီလို စေတနာမျိုးရှိတဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကိုမှ ငြင်းပယ်ဖို့ လူရိုင်းမျိုးနွယ်စုမှာ ဘာအကြောင်းပြချက် ရှိဦးမှာလဲ။
မျိုးတုံးသွားမလား၊ ဒါမှမဟုတ် နံပါတ် (၁) ဂိုဏ်းကြီးမှာ အခြေချပြီး တိုးတက်အောင် ရှင်သန်မလား။ ဦးနှောက် နည်းနည်းရှိတဲ့သူဆိုရင် ဘာကိုရွေးချယ်ရမလဲဆိုတာ သေချာ သိမှာပါ။
အရေးကြီးဆုံးအချက်ကတော့ ဟေးယွဲ့မြို့တော်ထဲမှာ ရှိနေသရွေ့ လူရိုင်းမျိုးနွယ်စုအနေနဲ့ မိစ္ဆာသားရဲတွေကို သူတို့စိတ်ကြိုက် သုတေသနလုပ်နိုင်တယ်လို့ မဟာမိုးကောင်းကင်ဂိုဏ်းက ကမ်းလှမ်းခဲ့တာပါပဲ။ ဒါဟာ လူရိုင်းမျိုးနွယ်စုရဲ့ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ အခွင့်အရေးမျိုးပါ။
ဒါကြောင့် ဘီနီဟာ အများကြီး စဉ်းစားမနေတော့ဘဲ ချက်ချင်းပဲ သဘောတူလိုက်ပါပြီ။
(ဘာလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းက တစ်ခုခု အကြံအဖန်လုပ်နေတာ ဖြစ်နိုင်တယ်လို့ ပြောချင်တာလား)
ဘီနီကတော့ ဒီမေးခွန်းကို လုံးဝ ပယ်ချလိုက်ပါတယ်။
(ဒါက စဉ်းစားနေစရာတောင် လိုလို့လား။)
(ငါတို့ လူရိုင်းမျိုးနွယ်စုမှာ ကျန်ခဲ့တာ လူနည်းစုလေးပဲ ရှိတယ်လေ။ မဟာမိုးကောင်းကင်ဂိုဏ်းက အကြံအဖန်လုပ်ပြီး ငါတို့ကို ထောင်ချောက်ဆင်ရလောက်အောင်ကို ငါတို့က တန်ဖိုးရှိလို့လား။)
(တခြား ကိစ္စတွေို့ ခဏထားပါဦး။ မဟာသူတော်စင်ကြီးရဲ့ တန်ခိုးကျင့်စဉ် အဆင့်အတန်းကိုပဲ ကြည့်လိုက်။ ငါတို့လို လူနည်းနည်းလေးပဲ ရှိတော့တဲ့ မျိုးနွယ်လေး တစ်ခုကို မဟာမိုးကောင်းကင်ဂိုဏ်းက တကယ်သာ တစ်ခုခုလုပ်ချင်ရင် အကြံအဖန်တွေတောင် သုံးနေစရာ မလိုပါဘူး။ ချူရှင်းဟီ ရဲ့ အမိန့်တစ်ခွန်းတည်းနဲ့တင် မဟာသူတော်စင်ကြီးက ငါတို့မျိုးနွယ်စုက အသက်ကြီးသူ၊ အားနည်းသူ၊ မသန်စွမ်းသူ အားလုံးကို မိနစ်ပိုင်းအတွင်းမှာတင် ဘာမှမကျန်အောင် သတ်ပစ်လို့ ရတာပဲလေ။)
(အဲဒီကျရင်လည်း 'လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲ သုတေသနလုပ်ရင်း သူတို့ဘာသာသူတို့ မျိုးတုံးသွားတာပါ' လို့ ပြောလိုက်ရုံပဲ။ ဘယ်သူကများ လာပြီး စုံစမ်းစစ်ဆေးနေမှာလဲ။)
(ဒါကြောင့် သူတို့မှာ အကြံအဖန် ရှိမရှိဆိုတာကို မစဉ်းစားခင်၊ ငါတို့က သူတို့ရဲ့ အကြံအဖန်ကို ခံရဖို့တောင် တန်လို့လားဆိုတာကို အရင်စဉ်းစားသင့်တာပေါ့။)
(ငါတို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဆင်းရဲမွဲတေနေသလဲဆိုတာ ငါတို့ မသိတာ ကျနေတာပဲ။)
(တခြားသူတွေ လိုချင်တက်မက်စရာ ဘာများ ကျန်သေးလို့လဲ။)
ဒါကြောင့် ဘီနီဟာ ဝေခွဲမနေတော့ဘဲ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံလိုက်ပြီး ဂိုဏ်းဝင်ခွင့်အတွက် အခြေအနေတစ်ရပ်အနေနဲ့ မြေရိုင်းအရပ်ရဲ့ ထက်ဝက်ကို ပေးအပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီကမ်းလှမ်းချက်ကိုတော့ မဟာသူတော်စင်ကြီးက ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ်။
"အေးပါ။ လူရိုင်းမျိုးနွယ်ဘုရင်မ ဘီနီရယ်... လျှောက်မလုပ်စမ်းပါနဲ့ဦး၊ ဟုတ်ပြီလား။"
"အခု မြေရိုင်းအရပ်က ဘာဖြစ်နေပြီလဲဆိုတာကိုလည်း ကြည့်ပါဦး။ အဲဒီထဲက ထက်ဝက်ကို ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ယူပြီး ဘာလုပ်ရမှာလဲ။"
"ငါတို့ဂိုဏ်းကို လာပြစ်မှားတဲ့လူတွေကို ဒီနေရာပို့ပြီး စစ်တိုက်တမ်း ကစားခိုင်းရမှာလား။"
"မင်းတို့ လူရိုင်းမျိုးနွယ်စုတောင် ဒီမှာ ဆက်မနေနိုင်တော့လို့ ထွက်သွားကြမှာကို၊ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက သိမ်းထားလို့ ဘာထူးမှာလဲ။"
မဟာသူတော်စင်ကြီးကတော့ ဒီအချက်ကို နားလည်ပေမဲ့ ဘီနီကတော့ နားမလည်ပါဘူး။ မဟာသူတော်စင်ကြီးက ဘာမှပြန်မလိုချင်ဘူးဆိုတာကို ကြားလိုက်ရတဲ့အခါ ဘီနီ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲတက်လာပါတော့တယ်။
"ကြည့်စမ်း။ ဒါဟာ ငါတို့ရဲ့ မဟာမိတ် မဟာမိုးကောင်းကင်ဂိုဏ်းပဲ။ သူတို့က ငါတို့ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သလို၊ ငါတို့ရဲ့ မြေကိုလည်း တစ်ခါမှ မလောဘတက်ခဲ့ဘူး။"
"မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။"
လူရိုင်းမျိုးနွယ်စုဝင်တွေဟာ "မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။" လို့ အော်ဟစ်ကြရင်း မဟာသူတော်စင်ကြီးရဲ့ နောက်ကို လိုက်ပါလာခဲ့ကြပါပြီ။ အချိန်စကြ၀ဠာပုလွေကို အသုံးပြုပြီး မဟာမိုးကောင်းကင်ဂိုဏ်းဆီကို ခရီးနှင်ခဲ့ကြပါတယ်။
ဒါပေမဲ့ မထွက်ခွာခင်မှာတော့ မျိုးနွယ်စုဝင် တစ်ယောက်ချင်းစီက သူတို့အကြိုက်ဆုံး မိစ္ဆာသားရဲ တစ်ကောင်စီကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နဂါးပုံစံ မိစ္ဆာသားရဲလေးတွေကို ပွေ့ပိုက်ထားတဲ့ လူရိုင်းမျိုးနွယ်စုဝင် တစ်စုလုံးဟာ အဖြူရောင် အလင်းတန်း တစ်ခုနဲ့အတူ မဟာမိုးကောင်းကင်ဂိုဏ်းထဲကို ရောက်ရှိလာကြပါပြီ။
….
အဖြူရောင်အလင်းတန်းကြီး ဂိုဏ်းထဲကို ကျဆင်းလာချိန်မှာတော့ ဆရာဘိုးဘိုး ကိုယ်တိုင် ဦးဆောင်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်အားလုံးနဲ့အတူ သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။
အခုအချိန်မှာ လူရိုင်းမျိုးနွယ်စုဟာ သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေပေမဲ့၊ ဆရာဘိုးဘိုးကတော့ ကျေးဇူးသိတတ်တဲ့သူ တစ်ယောက်ပါ။
မဟာမိုးကောင်းကင်ဂိုဏ်း အင်အားမကြီးသေးခင် အချိန်တုန်းက လူရိုင်းမျိုးနွယ်စုဟာ မဟာမိတ်အဖြစ် အများကြီး ကူညီပေးခဲ့ဖူးပါတယ်။ ဂိုဏ်းကြီး ဘေးဒုက္ခတွေနဲ့ ကြုံရတိုင်း လူရိုင်းမျိုးနွယ်စုရဲ့ အကူအညီကြောင့်ပဲ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဒီအဖြစ်အပျက်တွေကို ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းတွေမှာ ရေးထိုးထားတာကြောင့်လည်း မဟာမိုးကောင်းကင်ဂိုဏ်းဟာ နှစ်ပေါင်းများစွာကြာအောင် သူတို့ကို စေတနာအပြည့်နဲ့ ကူညီပေးခဲ့တာပါပဲ။
ဒါကြောင့် ဒီနေ့မှာ လူရိုင်းမျိုးနွယ်စုက လုံးဝ ဆင်းရဲမွဲတေနေပြီး မျိုးနွယ်စုဘုရင်မက အသက်ငယ်တဲ့ မိန်းကလေးတစ်ဦး ဖြစ်နေပေမဲ့၊ ဆရာဘိုးဘိုးကတော့ နည်းနည်းလေးတောင် အထင်မသေးခဲ့ပါဘူး။
သူဟာ ဂိုဏ်းရဲ့ အမြင့်ဆုံး ဂုဏ်ပြုမှုနဲ့ ကြိုဆိုခဲ့ပါတယ်။ တရားထိုင်နေတဲ့ ဂိုဏ်းချုပ်ကြီးကလွဲရင် ဆရာဘိုးဘိုးကိုယ်တိုင် လာရောက်ကြိုဆိုတာဟာ လူရိုင်းမျိုးနွယ်စုအတွက် အပြည့်အဝ လေးစားမှု ပေးလိုက်တာပါပဲ။
"ဘီနီက ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်..." လူရိုင်းမျိုးနွယ်ဘုရင်မသစ် ဘီနီဟာ ဆရာဘိုးဘိုးကို သိပါတယ်။ ဘာလို့လဲဆိုတော့ ဘီနီ့ရဲ့ ဖခင် မိစ္ဆာသားရဲရဲ့ စားသောက်ခြင်း မခံရခင်တုန်းက ဆရာဘိုးဘိုးရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။
ဒါကြောင့် ဘီနီဟာ ငယ်ငယ်လေးကတည်းက ဆရာဘိုးဘိုးနဲ့ တွေ့ဖူးခဲ့တာပါ။
မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်အသီးသီးက တပည့်တွေဟာလည်း ဒီနေ့မှာ စုရုံးရောက်ရှိနေကြပါပြီ။ အားလုံးက ဒီထူးဆန်းလှတဲ့ လူရိုင်းမျိုးနွယ်စုကို အရမ်းစပ်စုချင်နေကြပါတယ်။
ဒါပေမဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေ ပေါ်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေဟာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပါဘူး။
"သူတို့က အရင်တုန်းက ငါတို့ထက်တောင် ပိုပြီး သနားစရာကောင်းနေပါလား..." အိုးရန်မင်က ရေခဲစိမ်သစ်သီးကို စားရင်းနဲ့ အရှက်မရှိစွာ သက်ပြင်းချရင်း ပြောလိုက်ပါတယ်။
"ဟုတ်ပ... ဒီညီမလေးကလည်း အရမ်းပုတာပဲ၊ အာဟာရချို့တဲ့နေတာ ဖြစ်ရမယ်..." အိုးရန်လင်းက အရပ်ပုပု ဘီနီကို သနားစရာအကြည့်နဲ့ ကြည့်နေပါတယ်။ သူ လွန်ခဲ့တဲ့ ရက်ပိုင်းက တိတ်တိတ်လေး စုဆောင်းထားတဲ့ ဝက်ခြေထောက်ချောင်း နှစ်ရာကျော်ထဲက တစ်ခုနှစ်ခုလောက် ဘီနီ့ကို ပေးရမလားလို့တောင် စဉ်းစားနေမိပါပြီ။
လူရိုင်းမျိုးနွယ်စုဟာ ဘယ်လောက်တောင် သနားစရာကောင်းသလဲဆိုရင် အမြဲတမ်း ငတ်ပြတ်နေတတ်တဲ့ အိုးရန်မိသားစုဝင်တွေတောင် သူတို့ကိုကြည့်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချရတဲ့အထိပါပဲ။ ဒါဟာ ထပ်ပြီး ရှင်းပြနေစရာတောင် မလိုတော့တဲ့ အခြေအနေမျိုးပါ။
ဒါပေမဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေထက် သူတို့ပွေ့ပိုက်ထားတဲ့ နဂါးပေါက်လေးတွေကတော့ လူတွေရဲ့ အာရုံကို ပိုပြီး ဆွဲဆောင်နေပါတယ်။
ဒီတစ်ခါ မဟာမိုးကောင်းကင်ဂိုဏ်းကို လာတဲ့အခါမှာတော့ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ သူတို့ရဲ့ နောက်ထပ် မွေးမြူဖိုး ရည်မှန်းထားတဲ့ မိစ္ဆာသားရဲအကောင်ပေါက်လေးတွေကိုပဲ ယူလာခဲ့ကြတာပါ။
ဝန်ခံရမှာကတော့ သတ်ဖြတ်ဖို့ စိတ်ရိုင်းတစ်ခုတည်းပဲရှိတဲ့ မိစ္ဆာသားရဲတွေတောင် ငယ်ငယ်လေးမှာတော့ တော်တော်လေး ချစ်ဖို့ကောင်းနေတာပါပဲ။
ဒါပေမဲ့ ဟိုဘက်နားက နဂါးပေါက်လေးက သူ့ကိုပွေ့ထားတဲ့ လူရိုင်းမျိုးနွယ်စုဝင်ရဲ့ လက်မောင်းကို အတင်းကိုက်ထားပြီး ပြန်မလွှတ်တာမျိုးသာ မရှိရင်တော့ ဒီထက်ပိုပြီး ချစ်ဖို့ကောင်းနေမှာ အမှန်ပါပဲ။
ချူရှင်းဟီ တစ်ယောက် လူရိုင်းမျိုးနွယ်စုက သနားစရာကောင်းမယ်ဆိုတာ သိထားပေမဲ့... ဒီလောက်အထိ သနားစရာ ကောင်းနေလိမ့်မယ်လို့တော့ မထင်ခဲ့မိပါဘူး။
အခုအချိန်မှာ တကယ့်ကို ဘဝပျက်နေတဲ့ လူရိုင်းမျိုးနွယ်စုကို ကြည့်ပြီး ချူရှင်းဟီဟာ "ငါ ချူရှင်းဟီကိုပဲ မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးပါတော့” ဆိုပြီး အော်ချင်စိတ် ပေါက်သွားပါတယ်။
ဒီလို ထူးဆန်းတဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ နေ့နေ့ညည မိစ္ဆာသားရဲတွေကို မွေးမြူမယ်ဆိုတဲ့ လက်တွေ့မကျတဲ့ အိမ်မက်တွေကို မက်နေကြတာပါ။ သူတို့ဟာ ကိုယ့်အားကိုယ်ကိုးပြီး မျိုးနွယ်စုတစ်ခုလုံးကို မျိုးတုံးလုနီးပါးအထိ လုပ်နိုင်ခဲ့တဲ့သူတွေလေ။
(အခု သူတို့ မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်လာပြီဆိုတော့ သူတို့ရဲ့ "အစွမ်း" နဲ့ဆိုရင် ငါ့ဂိုဏ်းရဲ့ ရတနာတွေ အများကြီး ပြောင်သွားတော့မှာ မဟုတ်ဘူးလား။)
(မင်းတို့ရဲ့ အကူအညီသာရှိရင် ငါ ကမ္ဘာ့နတ်ဘုရား ဖြစ်ဖို့ အာမခံချက် ရှိသွားပြီဟေ့။)
***