ချူရှင်းဟီဟာ ဟေးယွဲ့မြို့တော်ထဲမှာတင် လူရိုင်းမျိုးနွယ်စုအတွက် နေထိုင်စရာတွေကို ကိုယ်တိုင်စီစဉ်ပေးခဲ့ပါတယ်။
ဘီနီကတော့ ချူရှင်းဟီအကြောင်း သိပ်မသိပါဘူး။ ဘာလို့လဲဆိုတော့ မြေရိုင်းအရပ်ဆီကို သတင်းတွေရောက်လာဖို့ဆိုတာ တကယ့်ကို ခဲယဉ်းလွန်းတာကြောင့်ပါ။ ဒါပေမဲ့ သူတို့မျိုးနွယ်စုကို လက်ခံဖို့ အကြံပြုခဲ့တာဟာ ချူရှင်းဟီဖြစ်တယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘီနီဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေတောင် ဝဲတက်လာခဲ့ပါတယ်။
(ချူရှင်းဟီက ဘယ်သူပဲဖြစ်ဖြစ်၊ ဒီနေ့ကစပြီး သူဟာ ငါတို့လူရိုင်းမျိုးနွယ်စုရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ပဲ။)
ဒါပေမဲ့ ဘီနီ နည်းနည်းတော့ ဝေဝါးနေခဲ့ပါတယ်။
(ချူရှင်းဟီလို အဓိက တပည့်ကြီး တစ်ယောက်က ဒီလောက်အထိ အာဏာရှိလို့လား။ တစ်ခုခု မှားနေတာလား။)
(အခုခေတ် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အဓိက တပည့်ကြီးတွေက ဒီလောက်တောင် လုပ်ပိုင်ခွင့်တွေ ရှိနေကြတာလား။)
တခြားဂိုဏ်းတွေမှာဆိုရင် သာမန် အကြီးအကဲတစ်ယောက်တောင် ဒီလိုကိစ္စမျိုးကို အကြံပြုဖို့ အရည်အချင်း မပြည့်မီပါဘူး။
ချူရှင်းဟီကတော့ ဘီနီရဲ့ အံ့ဩနေမှုကို ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ချူရှင်းဟီဆိုတာ အကျိုးအမြတ်တွေကို ကြည့်တဲ့လူမှ မဟုတ်တာ။
(ဒါကြောင့် ငါ့ကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး။ သူတို့သာ ဂိုဏ်းရဲ့ ရတနာတွေကို အစွမ်းကုန် ဖြုန်းတီးပေးမယ်ဆိုရင် အဲဒါက ငါ့အတွ် အကြီးမားဆုံး ကျေးဇူးဆပ်ခြင်းပါပဲ။)
ဟေးယွဲ့နန်းတော်မှာ ဒီလူရိုင်းမျိုးနွယ်စုဝင်တွေ အခြေချနေထိုင်တာကို ကြည့်ပြီး ချူရှင်းဟီ တကယ်ကို စိတ်လှုပ်ရှားနေပါပြီ။
(ဘာလဲ။ သူတို့က ငါ့ကို သစ္စာဖောက်ပြီး အောင်မြင်သွားမှာ စိုးလို့လား။)
(ဟမ့်။ သူတို့ကို အိုးရန်မိသားစုလိုမျိုး နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေလို့ ထင်နေတာလား။)
(အိုးရန်မိသားစုဟာ အရင်တုန်းက ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဘ၀ပျက်ခဲ့ပါစေဦး။ ဒီလူရိုင်းမျိုးနွယ်စု ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး။)
ဒါ့အပြင် ချူရှင်းဟီဟာ ရှုံးနိမ့်မှုများစွာကိုလည်း ပြန်ပြီး သုံးသပ်ကြည့်ခဲ့ပါတယ်။
(စဉ်းစားကြည့်ပါဦး။ အရင်တုန်းက အိုးရန်မိသားစုရဲ့ မှော်ပန်းပဲဖို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ ဖြစ်ခဲ၊ တခြားရှုံးနိမ့်မှုတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ သူတို့မှာ တကယ့် အရည်အချင်း ရှိနေခဲ့တယ်။)
(သူတို့ရဲ့ အစွမ်းတွေ ပိတ်ဆို့ထားခြင်း ခံရလို့သာ ချက်ချင်း မအောင်မြင်ခဲ့တာပဲ ရှိတာလေ။ သူတို့ရဲ့ ဘိုးဘွားသင်္ချိုင်းက ရတနာတွေကို ရှာတွေ့လိုက်တဲ့အခါမှာအဲဒီ ပိတ်ဆို့မှုတွေ ပွင့်သွားခဲ့တယ်။)
(ဒါကြောင့် အိုးရန်မိသားစု အောင်မြင်သွားတာဟာ မွေးရာပါ အရည်အချင်းကြောင့်ပဲ။)
(ဖန်းယုကျန်လည်း အဲဒီအတိုင်းပဲ။ ဖန်းယုကျန်က နတ်ဘုရားပန်းခတ်ပညာကို တတ်မြောက်ထားတာလေ။ အဲဒါက ချိန်ကိုက်ဗုံးလိုပဲ။ ဘယ်အချိန်မှာ ပေါက်ကွဲမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။)
(ဒါကြောင့် ဖန်းယုကျန် အောင်မြင်သွားတာဟာလည်း ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။)
(ဒါပေမဲ့ ဒီလူရိုင်းမျိုးနွယ်စုကို ကြည့်ပါဦး။ သူတို့ရဲ့ သနားစရာအခြေအနေကို ခဏထားဦး။ အဓိကအချက်က သူတို့ရဲ့ ပန်းတိုင်က သေချာနေခဲ့တာပဲ။)
(မိစ္ဆာသားရဲတွေကို ဝိညာဉ်သားရဲတွေ မွေးမြူတဲ့နည်းလမ်းနဲ့ မွေးမြူမယ်ဆိုတာက ရယ်စရာမကောင်းနေဘူးလား။)
ချူရှင်းဟီဟာ ဗဟုသုတစုံတဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့ အကြီးအကဲ ဟီကိုတောင် သေချာသွားမေးခဲ့ပါသေးတယ်။ မိစ္ဆာသားရဲတွေကို ဝိညာဉ်သားရဲတွေဖြစ်အောင် မွေးမြူလို့ တကယ်ပဲ ရနိုင်မလားဆိုတာပေါ့။
အကြီးအကဲ ဟီ ရဲ့ ပြန်ဖြေလိုက်ပါပြီ။
"ရှင်းဟီလေး။ မင်း အားနေရင်လည်း စစ်ဆေးဖို့ပဲ သွားချေကွာ။ ငါ့ဆီလာပြီး ပေါက်တတ်ကရတွေ လျှောက်ပြောမနေစမ်းနဲ့။"
နားထောင်ကြည့်လိုက်စမ်းပါ။ အကြီးအကဲ ဟီ ရဲ့ အဖြေက ဘယ်လောက်တောင် အာမခံချက် ရှိလိုက်သလဲဆိုတာ။
ဒါတင်မကသေးဘူး။ ချူရှင်းဟီ တစ်ယောက် မဟာသူတော်စင်ကြီး ဆီကိုလည်း သွားမေးခဲ့ပါသေးတယ်။
"သူတော်စင်ကြီးတို့ ခေတ်တုန်းက မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်တဲ့သူ ရှိခဲ့ဖူးသလား။"
မဟာသူတော်စင်ကြီးဟာ အကြာကြီး စဉ်းစားပြီးမှ ခေါင်းခါလိုက်ပါပြီ။
"လုံး၀ကို မရှိခဲ့ဘူး"
အဲဒီနောက်မှာတော့ မဟာသူတော်စင်ကြီးက ဘက်ပေါင်းစုံကနေ ရှင်းပြခဲ့ပါတယ်။
“မိစ္ဆာသားရဲတွေဆိုတာ မွေးရာပါ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝရှိတာကြောင့် အဲဒါကို ပြောင်းလဲလို့ မရပါဘူး။”
“ပြီးတော့ မိစ္ဆာသားရဲတွေရဲ့ အကြီးမားဆုံး အားနည်းချက်က အသိဉာဏ်မရှိတာပါပဲ။ သူတို့က ဗီဇအတိုင်းပဲ လှုပ်ရှားကြတာလေ။ အဲဒီဗီဇကတော့ ဖျက်ဆီးခြင်းပဲ။ အဲဒီတော့ သူတို့ကို ဘယ်လိုလုပ် ထိန်းချုပ်လို့ ရမှာလဲ။”
မဟာသူတော်စင်ကြီးတို့ ခေတ်တုန်းကလည်း အစွမ်းထက်တဲ့ ဝိညာဉ်သားရဲ ဆရာသခင်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့ ထိန်းချုပ်နိုင်တာက အစွမ်းထက်တဲ့ ဝိညာဉ်သားရဲ ဒါမှမဟုတ် နတ်ဘုရားသားရဲတွေပါပဲ။ ဝိညာဉ်သားရဲဖြစ်ဖြစ်၊ နတ်ဘုရားသားရဲဖြစ်ဖြစ် အရေးကြီးဆုံးအချက်က သူတို့ရဲ့ သခင်နဲ့ ဆက်သွယ်ပြောဆိုလို့ ရနေတာပါ။
စိတ်ဝိညာဉ် စာချုပ်အမျိုးမျိုး ချုပ်ဆိုပြီးတဲ့နောက်မှာ သူတို့ဟာ သခင်နဲ့အတူ အသက်ကိုပါ မျှဝေပေးပြီး သခင်ရဲ့ စွမ်းအား ဖြစ်လာကြပါတယ်။
ဒါပေမဲ့ မိစ္ဆာသားရဲတွေနဲ့ ဘယ်လိုလုပ် စိတ်ဝိညာဉ် စာချုပ်ချုပ်မှာလဲ။ ချုပ်နိုင်ခဲ့ရင်တောင် မိစ္ဆာသားရဲတွေက လိုက်နာပါဦးမလား။
ဒါကြောင့် မဟာသူတော်စင်ကြီးက စားပွဲကို ရိုက်ပြီး ပြောလိုက်ပါပြီ။
"တကယ်လို့ တစ်ယောက်ယောက်ကသာ မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် ငါ့ခေါင်းကို ချက်ချင်းဖြတ်ပြီး သူရဲကောင်းလေးကို ဘောလုံးကန်ဖို့ပေးလိုက်မယ်"
မဟာသူတော်စင်ကြီးဟာ ချူရှင်းဟီရဲ့ မေတ္တာတရားကြီးမားပုံကို ထပ်ပြီး ချီးကျူးလိုက်ပြန်ပါတယ်။
“လူရိုင်းမျိုးနွယ်စုက ငါတို့ဂိုဏ်းကို လာရင် ရတနာတွေကု ဖြုန်းတီးရုံကလွဲကြပီး ဘာမှကူညီနိုင်မှာ မဟုတ်ဘူး။ ပြဿနာတောင် ရှာနိုင်တယ်ဆိုတာကို သိလျက်နဲ့ သူရဲကောင်းလေးက သူတို့ကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာပဲ။ သူရဲကောင်းလေးရဲ့ မေတ္တာတရားကတော့ တကယ်ကို အနှိုင်းမဲ့ပါပဲ။”
ချူရှင်းဟီတစ်ယောက် မဟာသူတော်စင်ကြီးရဲ့ အခန်းထဲကနေ ကျေနပ်အားရစွာနဲ့ ထွက်လာခဲ့ပါပြီ။ ဒါတောင် စိတ်မချသေးလို့ ကျမ်းစာဆောင်ကို သွားပြီး ဝိညာဉ်သားရဲတွေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းကျမ်းစာအားလုံးကို လှန်လှောကြည့်လိုက်ပါသေးတယ်။
အဖြေကတော့ အတူတူပါပဲ။
“ မိစ္ဆာသားရဲတွေကို ထိန်းချုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။"
(ကဲ... ဝိညာဉ်သားရဲတွေကလည်း မရှိတော့ဘူး၊ မိစ္ဆာသားရဲတွေကိုလည်း ထိန်းချုပ်လို့ မရဘူး။ ပြောစမ်းပါဦး၊ ဒီတစ်ခါ ငါရှုံးနိမ့်စရာ အကြောင်းရှိသေးရဲ့လား။)
ချူရှင်းဟီက ကြွေးကြော်လိုက်ပါတယ်။
"ဒီတစ်ခါတော့ ငါ အထွတ်အထိပ်ကို ရောက်နေပြီ။ ကမ္မ ကံကောင်းခြင်းတွေ၊ ကမ္မ ကံဆိုးခြင်းတွေဆိုတာ ငါ့အတွက် ဘာမှမဟုတ်တော့ဘူး။"
"ကံကြမ္မာဖန် သံလိုက်အိမ်မြောင်လည်း ဒီတစ်ခါတော့ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး"
…
ဒါက ချူရှင်းဟီ တစ်ယောက်တည်း မာန်တက်နေတာ မဟုတ်ပါဘူး။ အဓိကကတော့ ဒီတစ်ခါမှာ ရှုံးနိမ့်ဖို့ (ရတနာတွေ ဖြုန်းတီးဖို့) လမ်းကြောင်းက တကယ့်ကို သေချာလွန်းနေတာကြောင့်ပါ။
သူ့ရဲ့ အတွေးတွေ မှန်ကန်ကြောင်း အတည်ပြုဖို့အတွက် ချူရှင်းဟီဟာ ဟေးယွဲ့နန်းတော်မှာ ငါးရက်ဆက်တိုက် နေထိုင်ပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဘာပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုမှလည်း လုံးဝ ဖြစ်မလာခဲ့ပါဘူး။
ဒီတစ်ခါတော့ အခြေအနေက တကယ့်ကို တည်ငြိမ်နေပြီ။
လက်တွေ့မှာလည်း တကယ့်ကို တည်ငြိမ်လွန်းလှပါတယ်။ လူရိုင်းမျိုးနွယ်စုဟာ ပထမငါးရက်မှာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် အရင်ကြိုးစားကြပါတယ်။
အဲဒီနောက်မှာတော့ သူတို့ဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ရတနာတွေကို အကြီးအကျယ် ဖြုန်းတီးမယ့် သုတေသနလုပ်ငန်းတွေကို အားသွန်ခွန်စိုက် စိတ်နှစ်မြုပ်လိုက်ကြပါပြီ။
ဘုရင်မလေး ဘီနီဆိုရင် သူ့ရဲ့ နဂါးပေါက်လေးကို တစ်ခုခုဆိုတာနဲ့ အစာတွေ အတင်းကျွေးတော့တာပါပဲ။ ဝန်ခံရမှာကတော့ လူရိုင်းမျိုးနွယ်စုဟာ မိစ္ဆာသားရဲတွေကို မွေးမြူတဲ့နေရာမှာတော့ တကယ့်ကို ထူးခြားတဲ့ အစွမ်း ပိုင်ဆိုင်ခဲ့ကြပါတယ်။
အဲဒီနဂါးပေါက်လေးဟာ ဘီနီရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ မယုံနိုင်လောက်အောင်ကို မြန်မြန်ဆန်ဆန် ကြီးထွားလာပါပြီ။
ဒါပေမဲ့ သူက ပိုကြီးလာလေလေ၊ ပိုပြီး ထိန်းရခက်လေလေ ဖြစ်လာပါတယ်။
လွန်ခဲ့တဲ့ ငါးရက်တုန်းက ဘီနီက သူ့ကို ပွေ့ချီထားလို့ ရသေးသလို၊ သူကလည်း ဘီနီ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို နေခဲ့တာပါ။
ငါးရက်အကြာမှာတော့ ဘီနီက သူ့ကို မချီနိုင်တော့ပါဘူး။ အကောင်ကြီးလာလို့ မဟုတ်ဘဲ၊ အဓိကကတော့ သူက ဘီနီ့ကို မြင်တာနဲ့တင် အစာစားချင်လို့ သွားရည် တတောက်တောက်ကျလာလို့ပါပဲ။
ပြီးတော့ လူရိုင်းမျိုးနွယ်စုက မိစ္ဆာသားရဲတွေကို နေ့တိုင်းကျွေးနေတဲ့ ကုန်ကျစားရိတ်ကလည်း သိသိသာသာကို တိုးးလာနေပါတယ်။ အချိန်အတော်ကြာ ရပ်တန့်နေတဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ဟာ တဖြည်းဖြည်း ပြန်လည်လည်ပတ်လာတာကို တွေ့လိုက်ရတဲ့အခါ ချူရှင်းဟီ့မျက်လုံးထဲမှာ မျက်ရည်တွေတောင် ဝဲတက်လာပါပြီ။
(ဒီရင်းနှီးနေတဲ့ ခံစားချက်မျိုး... အရင်တုန်းက အိုးရန်မိသားစုကလွဲရင် ဒီနေ့မှာတော့ လူရိုင်းမျိုးနွယ်စုဆီကနေပဲ ငါရဖူးသေးတယ်။)
(လူရိုင်းမျိုးနွယ်စုရေ။ ဒီပုံစံအတိုင်းပဲ ဆက်ကြိုးစားကြပါဦး။ မင်းတို့ အခုလို ဂိုဏ်းရဲ့ သယံဇာတတွေ အကြီးအကျယ် ဖြုန်းတီးနေတဲ့ ပုံစံအတိုင်းသာ ဆိုရင်၊ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ရဲ့ လည်ပတ်နှုန်းအရ နောက်ထပ် အနှစ် ၃၀ ကနေ ၅၀ အတွင်းမှာ ငါ ကမ္ဘာ့နတ်ဘုရားဖြစ်လာဖို့ကတော့ သေချာနေပြီ။)
ဒါကြောင့် နေ့တိုင်း ဟေးယွဲ့နန်းတော်ကို သွားပြီး မိစ္ဆာသားရဲတွေက သွားရေတမြားမြားနဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေကို ကြည့်နေတာကို ထိုင်ကြည့်ရတာဟာ ချူရှင်းဟီရဲ့ နေ့စဉ်အလုပ်တစ်ခု ဖြစ်လာပါတော့တယ်။
ဒါပေမဲ့ သူ စောင့်ကြည့်နေရင်းနဲ့ သတိထားမိတာတစ်ခုက အိုးရန်လင်းတစ်ယောက် ဟေးယွဲ့နန်းတော်ကို နေ့တိုင်း အပြေးလာနေတာပါပဲ။
အလုပ်ကို အလုပ်လို မလုပ်ဘဲ နေ့တိုင်း ဟေးယွဲ့နန်းတော်ကို ပြေးလာနေတဲ့ အိုးရန်လင်းကို ကြည့်ပြီး ချူရှင်းဟီ တစ်ယောက် တကယ်ကို စိတ်သက်သာရာ ရသွားပါတယ်။
(ငါ့ရဲ့ ညီမလေး အိုးရန်။ မင်းကတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ စိတ်ကူးတွေကို တကယ် နားလည်သွားပြီပဲ။ မင်းလည်း လက်နက်တွေမှာ ဝိညာဉ်စွမ်းအင် ပေါင်းစည်းသန့်စင်တဲ့ အလုပ်ကို မလုပ်ချင်တော့ဘဲ နေ့တိုင်း အလေလိုက်ချင်နေပြီ မဟုတ်လား။)
ပြောရရင် အိုးရန်လင်းရဲ့ ပေါင်းသင်းဆက်ဆံရေးက တကယ်ကို ကောင်းလှပါတယ်။ သူဟာ အချိန်တိုလေးအတွင်းမှာတင် ဘီနီနဲ့ သူငယ်ချင်း အရင်းအချာတွေ ဖြစ်သွားခဲ့ကြပါပြီ။
အဲဒီနောက်မှာတော့ တော်တော်လေးကို ထူးဆန်းတဲ့ အဖြစ်တွေ ဖြစ်လာပါတော့တယ်။
ဘီနီက မိစ္ဆာသားရဲလေးကို သေချာ ပြုစုပျိုးထောင်နေတယ်။ မိစ္ဆာသားရဲကတော့ ဘီနီ့ကိုစားချင်လို့ သွားရည်တွေကျနေတယ်။ အိုးရန်လင်းကတော့ အဲဒီမိစ္ဆာသားရဲကို ကြည့်ပြီး သွားရည်တွေ ကျနေပြန်တယ်။
နောက်ဆုံးမှာတော့ မိုးသက်လေပြင်းကျတဲ့ ညတစ်ညမှာ လူရိုင်းမျိုးနွယ်စု ယူလာတဲ့ မိစ္ဆာသားရဲတွေထဲက တစ်ကောင်ဟာ ထိန်းမရအောင် သောင်းကျန်းလာပါတော့တယ်။
ထိန်းမရတော့တဲ့ မိစ္ဆာသားရဲဟာ ချက်ချင်းပဲ သူ့ရဲ့ သံလှောင်အိမ်ကို ချိုးဖျက်ပြီး လူတွေကို သတ်ဖြတ်ဖို့ လုပ်နေတုန်းမှာပဲ၊ အမြန်ပြေးလာတဲ့ ဟေးယွဲ့ မဟာသူတော်စင်ကြီးရဲ့ ရိုက်ချက်တစ်ချက်တည်းနဲ့တင် အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါပြီ။
ချူရှင်းဟီ သတင်းကြားလို့ အမြန်ပြေးလာတဲ့အခါမှာတော့ အခင်းဖြစ်ပွားရာနေရာမှာ မီးပုံကြီးတစ်ခုကို အဆင်သင့် ဖိုထားတာ တွေ့လိုက်ရပါတယ်။
အိုးရန်လင်းဟာ မိစ္ဆာသားရဲ အသတ်ခံလိုက်ရလို့ ဝမ်းနည်းနေတဲ့ ဘီနီကို ချော့မော့ရင်းနဲ့ ပြောလိုက်ပါပြီ။
“မိစ္ဆာသားရဲတစ်ကောင်ရဲ့ ဂုဏ်အရှိဆုံး အချိန်ဟာ မီးသင်္ဂြိုဟ်ခံရချိန် ဖြစ်သင့်တယ်”
မိစ္ဆာသားရဲကို မီးသင်္ဂြိုဟ်မယ်ဆိုတဲ့ သတင်းကို ကြားတာနဲ့ အိုးရန်မိသားစုဝင် အားလုံးလည်း မိစ္ဆာသားရဲရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးချင်ပါတယ်ဆိုပြီး အပြေးအလွှား ရောက်လာကြပါတော့တယ်။
မိစ္ဆာသားရဲကို မီးသင်္ဂြိုဟ်တာက အစပိုင်းမှာတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ မိစ္ဆာသားရဲက မီးထဲမှာ လောင်ကျွမ်းရင်းနဲ့ တဖြည်းဖြည်း အသားကင်နံ့တွေ ထွက်လာတဲ့အခါမှာတော့ အခြေအနေက ထိန်းမရတော့ပါဘူး။
အိုးရန်မင် က ဦးဆောင်ပြီး ကင်ထားတဲ့ မိစ္ဆာသားရဲကြီးကို မီးထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ မျက်လုံးတွေ ပြူးကျယ်နေကြတဲ့ လူရိုင်းမျိုးနွယ်စုဝင်တွေရဲ့ ရှေ့မှာတင် ကြိုတင်ပြင်ဆင်လာတဲ့ ဟင်းခတ် အမွှေးအကြိုင်ဘူး ပေါင်းစုံကို ထုတ်လိုက်ပါပြီ။
အိုးရန်မင်ဟာ ဆားနဲ့ ငရုတ်ကောင်းတွေ ဖြူးရင်းနဲ့ ကင်ထားတဲ့ မိစ္ဆာသားရဲအသားကို ကိုယ်တိုင် မြည်းစမ်းကြည့်ပြီး အာမခံချက် ပေးလိုက်ပါတယ်။
"ရာနှုန်းပြည့် အရသာရှိတယ်"
တခြား အိုးရန်မိသားစုဝင်တွေဟာလည်း ဝိုင်းအုံလာကြပြီး စားသောက်ကြတဲ့ မြင်ကွင်းကြောင့် လူရိုင်းမျိုးနွယ်စုဝင်တွေဟာ တံတွေးတွေ တမြုံ့မြုံ့ မျိုချနေရပါတော့တယ်။
(ဒါဟာ ဒဏ္ဍာရီလာ မဟာမိုးကောင်းကင်ဂိုဏ်းလား။)
(ဒါဟာ အိုးရန်မိသားစုလား။)
(သူတို့က မိစ္ဆာသားရဲကိုတောင် စားရဲကြတယ် ဟုတ်လား။)
အိုးရန်လင်းက မိစ္ဆာသားရဲ အသားတစ်ဖတ်ကို အံ့သြနေတဲ့ ဘီနီ့ပါးစပ်ထဲ အတင်းထည့်ပေးလိုက်ပါတယ်။ အစပိုင်းမှာ ထိတ်လန့်နေတဲ့ ဘီနီဟာ မိစ္ဆာသားရဲအသား ပါးစပ်ထဲ ရောက်သွားတဲ့အခါမှာတော့ ချက်ချင်းပဲ မျက်ရည်တွေ ဝဲတက်လာပါပြီ။
ချူရှင်းဟီ တစ်ယောက် ဒေါသထွက်လွန်းလို့ ဆွံ့အမှင်သက်နေခဲ့ပါတယ်။
(အိုးရန်လင်း... အိုးရန်လင်း၊ မင်းကွာ။ လူလိုသူလို မနေတတ်ဘူးလား။)
(ဒါက ဘီနီ့ရဲ့ အချစ်တော် တိရစ္ဆာန်လေးလေ။ ဒီတိရစ္ဆာန်လေးက ထိန်းမရတော့ဘူး ဆိုပေမဲ့လည်း... ထိန်းမရတဲ့ အချစ်တော်လေးဆိုတာ အချစ်တော်လေးပဲလေ...)
(မင်းတို့က တခြားလူရဲ့ အချစ်တော်လေးကို ဒီအတိုင်း စားပစ်လိုက်တာကတော့ အရမ်းလွန်လွန်းတယ်။)
ဒါပေမဲ့ ချူရှင်းဟီက အိုးရန်လင်းကို ဆူဖို့ ပါးစပ်အဟမှာတင် ဘီနီက အရင် ပြောလာပါတယ်။
"မိစ္ဆာသားရဲအသားက ဒီလောက်တောင် အရသာရှိတာလား။ နှစ်ပေါင်းများစွာကြာအောင် ငါတို့က သူတို့ကို ဒီအတိုင်း မြေမြှုပ်ပစ်ခဲ့တာပဲ။ တကယ့်ကို နှမြောစရာကြီးနော်။"
ဘီနီ့ရဲ့ စကားကြောင့် လူရိုင်းမျိုးနွယ်စုဝင် တစ်စုလုံးကလည်း ထောက်ခံပြီး သက်ပြင်းကိုယ်စီ ချလိုက်ကြပါတော့တယ်။
သူတို့ဟာ မြေရိုင်းအရပ်မှာ နေထိုင်ခဲ့ကြတာဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် အစားအစာနဲ့ အဝတ်အစား ချို့တဲ့စွာနဲ့ပဲ နေထိုင်ခဲ့ရပါတယ်။ နေ့စဉ်ဘဝမှာ တောထဲက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပဲ အားကိုးရှင်သန်ခဲ့ကြရတာပါ။ လူရိုင်းမျိုးနွယ်စုဝင်တွေရဲ့ ပိန်ကျနေတဲ့ မျက်နှာတွေကို ကြည့်ရုံနဲ့တင် သူတို့ရဲ့ ဘဝတွေ ဘယ်လောက်ခက်ခဲခဲ့သလဲဆိုတာ သိနိုင်ပါတယ်။
ဒါပေမဲ့ မိစ္ဆာသားရဲတွေက လူကိုစားရုံတင်မကဘဲ... လူတွေကလည်း မိစ္ဆာသားရဲတွေကို ပြန်စားလို့ရတယ်ဆိုတာ သူတို့ တစ်ခါမှ မတွေးမိခဲ့ကြပါဘူး။
ပြီးတော့ မိစ္ဆာသားရဲ အသားရဲ့အရသာကလည်း တကယ်ကို အံ့မခန်း ကောင်းမွန်လွန်းနေတာပါပဲ။
အရင်တုန်းကတော့ ထိန်းမရတဲ့ မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ကို သတ်ပြီးတာနဲ့ အဲဒီနေရာမှာတင် မြေမြှုပ်ပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှပဲ ငါတို့ လူရိုင်းမျိုးနွယ်စုဟာ ရွှေတောင်ကြီးကို အနားမှာထားပြီး မသိဘဲ စောင့်နေခဲ့ကြတာပါလားဆိုတာ သဘောပေါက်သွားကြပါပြီ။
(တကယ်လို့သာ မိစ္ဆာသားရဲတွေက ဒီလောက်အရသာရှိမှန်း သိခဲ့ရင် ငါတို့မျိုးနွယ်စု ဒီနေ့လို အခြေအနေမျိုးအထိ ဘယ်လိုလုပ် ရောက်ပါတော့မလဲ။)
ချူရှင်းဟီ တစ်ယောက် ဆွံ့အပြီး ရပ်နေတုန်းမှာပဲ လူရိုင်းမျိုးနွယ်စုဝင်တွေဟာ ရှေ့ကို တိုးဝှေ့တက်လာကြပါတယ်။ အမြင့် နှစ်မီတာလောက်ရှိတဲ့ မိစ္ဆာသားရဲကြီးတစ်ကောင်လုံးတောင် ဝိုင်းစားကြတာ မလောက်မင ဖြစ်သွားရပါပြီ။
အဲဒီအချိန်ကစပြီး အိုးရန်မိသားစုနဲ့ လူရိုင်းမျိုးနွယ်စုကြားက သံယောဇဉ်ဟာ လုံးဝကို ခိုင်မာသွားပါတော့တယ်။
အဲဒီအချိန်ကစပြီး... လူရိုင်းမျိုးနွယ်စုဝင်တွေဟာ မိစ္ဆာသားရဲတွေ နေ့တိုင်း ထိန်းမရအောင် သောင်းကျန်းမှာကို စိုးရိမ်မနေကြတော့ပါဘူး။
အရင်တုန်းကတော့ မိစ္ဆာသားရဲတစ်ကောင် ထိန်းမရတော့ဘူးလို့ ကြားလိုက်ရရင် သူတို့ရဲ့ မျက်နှာအထက်မှာ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုတွေ ပေါ်လာတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ရဲ့ စမ်းသပ်မှု ကျဆုံးသွားတာကို သက်သေပြနေလို့ပါ။
ဒါပေမဲ့ အခုတော့ သူတို့မျက်နှာအထက်မှာ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းနေပါပြီ။
ဒါကြောင့် မီးသင်္ဂြိုဟ်ခြင်းဟာ ကျရှုံးသွားတဲ့ မိစ္ဆာသားရဲ စမ်းသပ်မှုတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်လာပါတော့တယ်။ မိစ္ဆာသားရဲတစ်ကောင်ကို မီးသင်္ဂြိုဟ်တိုင်းမှာလည်း အိုးရန်မိသားစုဝင်တွေဟာ သူတို့ရဲ့ တူတွေ၊ ပန်းကန်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်ဘူးတွေကို ယူဆောင်ပြီး မိစ္ဆာသားရဲရဲ့ နောက်ဆုံးခရီးကို ဂုဏ်သိက္ခာရှိရှိ ပို့ဆောင်ပေးဖို့ အမြဲတမ်း ရောက်ရှိနေတတ်ပါပြီ။
လူရိုင်းမျိုးနွယ်စုဟာ မိစ္ဆာသားရဲတွေကို ဘယ်နှနှစ်တောင် သုတေသနလုပ်ခဲ့မှန်း မသိပေမဲ့၊ တိုးတက်မှုအကြောင်း မေးမယ်ဆိုရင်တော့ လုံးဝကို မရှိခဲ့ဘူး ပြောရမှာပါ။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာတင် အိုးရန်မိသားစုရဲ့ အကူအညီနဲ့ မိစ္ဆာသားရဲတွေမှာ တကယ်တော့ ဒီလို အဖိုးတန်နေတယ်ဆိုတာ လူရိုင်းမျိုးနွယ်စုအနေနဲ့ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
ဘီနီက သက်ပြင်းချရင်း ပြောလိုက်ပါပြီ။
"မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။ လူတိုင်း ဘာကြောင့် ဒီလို ကြွေးကြော်သလဲဆိုတာ မထူးဆန်းတော့ပါဘူးလေ။ မဟာမိုးကောင်းကင်ဂိုဏ်းက တကယ်ကို ကောင်းချီးတွေ ပြည့်၀နေတဲ့ နယ်မြေ မဟုတ်လား။"
***