ယင်ရိလျိုက ခေါင်းငုံ့နေသောကြောင့် တွဲလောင်းကျနေသော နားရွက်များက အနည်းငယ် လွှဲယမ်းနေကာ အလွန်ချစ်စရာကောင်းနေခဲ့လေ၏။
ဆိုရလျှင် ဤအသေးစားဒဏ်ရာက ကျင်းယန်အတွက် မပြောပလောက်ပေ။ ဤဒဏ်ရာက မိုးဖွဲဖွဲရွာချိန် ထိမှန်ခြင်းနှင့်ပင် တူလေသည်။
သူ ငယ်ရွယ်စဥ်ကတည်းက အရိုက်ခံရသောကြောင့် သွေးအများအပြားထွက်ကာ ကျိုးပဲ့သွားရခြင်းနှင့် ကား အက်ဆီးဒန့်ဖြစ်၍ ခြေထောက်ကျိုးသွားခြင်းကဲ့သို့ ပို၍ပြင်းထန်သော ဒဏ်ရာများကို ကြုံတွေ့ခဲ့ရ၏။
ထိုစိတ်မချမ်းမြေ့ဖွယ် နေ့ရက်များကို တောင့်ခံခဲ့ရသဖြင့် ဤဒဏ်ရာအသေးစားများက အသေးအဖွဲ့သာ ဖြစ်သွားပုံရသည်။
သူ၏ဒဏ်ရာများက ပြင်းထန်သလား မပြင်းထန်လား သို့မဟုတ် သူ၏ခန္ဓာကိုယ် ကျန်းမာရေးနှင့်ပက်သက်၍ အများအားဖြင့် မည်သူကမှ ဂရုမစိုက်ကြချေ။
သို့သော်ငြား တစ်နေ့တွင် ခန္ဓာကိုယ်သေးငယ်သည့် ယုန်လေးတစ်ကောင်က သူ့ရှေ့တွင်ထိုင်နေခဲ့၏။ သူ၏ ဒဏ်ရာရထားသောလက်ကို စိတ်ပူပန်မှုပြည့်နေသော မျက်နှာဖြင့် ညင်သာစွာ မှုတ်ပေးနေပြီး ကလေးဆန်စွာ ဗလုံးဗထွေးရွတ်နေခဲ့လေသည်။
“မနာပါနဲ့.. မနာပါနဲ့..”
ကျင်းယန်တစ်ယောက် လတ်ဆတ်သော လေပြေညှင်းလေးက သူ၏နှလုံးကို တိုက်ခတ်သွားသည့်နှယ် ခံစားရပြီး ခံစားချက်တို့က လှိုက်တက်လာခဲ့လေ၏။
သူက အကြည့်ကို အနည်းငယ် နှိမ့်၍ ကလေးမလေး၏ နူးညံ့သောပါးပြင်နှင့် သူ၏ရှေ့တွင် တွဲလောင်းကျနေသော ယုန်နားရွက်များကို ရှောင်လိုက်သည်။
ဤချစ်စရာကောင်းပြီး ရင်တလှပ်လှပ်ခုန်စေသော ယုန်လေးကို မထိန်းနိုင်ဘဲ ထွေးပွေ့မိမည်ကို ကြောက်ရွံ့လာမိလေ၏။
သူ၏စိတ်အတွင်းမှ မူမမှန်သော စိတ်ခံစားချက်လှိုင်းဂယက်တချို့ကို သူရှင်းလင်းစွာ ခံစားနိုင်ပြီး လူမြင်ကွင်းမှ ဖုံးကွယ်နေသော သူ၏မျက်လုံးများက သိမ်မွေ့သော ရွှေရောင်အလင်းများကို ထုတ်လွှတ်နေခဲ့သည်။
ဤလိမ္မာပြီး နွေးထွေးသော ယုန်လေးကို တခြားသူများ၏ ချောင်းမြောင်းကြည့်ရှုသော မျက်လုံးများထံမှ အဝေးတွင် ဖွက်ထားနိုင်ရန်သာ သူ ဆုတောင်းမိ၏။
သို့သော်ငြားလည်း ထိုသို့ မဖြစ်နိုင်ချေ။ ကလေးတစ်ယောက်က သူတို့၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် သင့်တင့်လျှောက်ပတ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်ပေသည်။
ကျင်းယန် သူ၏ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ရကာ တခဏကြာပြီးနောက်တွင် ပုံမှန်ပြန်ဖြစ်သွားခဲ့၏။ သူက ထိုမိန်းကလေး၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ယင်ရိလျိုက ပွန်းပဲဒဏ်ရာကို cleansing wipe နှင့်ညင်သာစွာပတ်ပြီး ခြောက်သွေ့နေသော သွေးနှင့် ဖုန်မှုန့်များကို သုတ်ဖယ်လိုက်၏။
ထိုသို့ သုတ်ပေးနေချိန်အတွင်း သူမ၏မျက်နှာလေးကိုမော့ပြီး နူးညံ့စွာမေးခဲ့လေသည်။
“နာလားဟင်?”
သူမကသာ ဒဏ်ရာရနေသူကဲ့သို့ဖြစ်နေပြီး အမူအရာတို့က အတော်လေး ဆန့်ကျင်ဘက်ဖြစ်နေခဲ့လေ၏။
ကျင်းယန် သူမကိုကြည့်လျက် နှလုံးသားထဲတွင် နွေးထွေးမှုကို ပို၍ခံစားရပြီး ကြမ်းရှသောအသံဖြင့် ပြောခဲ့သည်။
“မနာပါဘူး”
ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် ယင်ရိလျိုက ကျင်းယန်၏လက်ဖဝါးကြီးပေါ်တွင် cleansing wipeကို အသုံးပြု၍ ရွဲ့စောင်းနေသော လိပ်ပြာပုံအထုံးတစ်ခု လုပ်လိုက်ကာ စိတ်ကျေနပ်စွာဖြင့် ဘယ်မှညာသို့ သေချာစစ်ဆေးနေခဲ့၏။
သူမ၏ ခြေထောက်ပုတိုလေးက ဆောင့်ကြောင့်ထားသောကြောင့် အနည်းငယ်ထုံကျင်နေခဲ့သည်။
ထို့ကြောင့် သူမ မတ်တတ်ရပ်လိုက်သည့်အခိုက်တွင် သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင်သွားခဲ့၏။
ကျင်းယန်က အတော်လေး ကူကယ်ရာမဲ့သောအကြည့်နှင့် သူမ၏ လက်မောင်းကို ထိန်းကိုင်ပေးလိုက်ပြီး ထုံကျင်နေသော ခြေထောက်ကို ညင်သာစွာ နှိပ်နယ်ပေးခဲ့သည်။
ယင်ရိလျို ခဏလောက် ရှက်ရွံ့သွားပြီးနောက် တင်ပါးပေါ်သို့ လက်ထောက်ပြီး “သင်ခန်းစာ” ပို့ချလေတော့၏။
“နောက်တစ်ခါဆို ကောရဲ့ဒဏ်ရာကို ထပ်ပြီး လျစ်လျှူမရှူရဘူးနော်.. ဟုတ်ပြီလား!”
သင်ခန်းစာပို့ချခံလိုက်ရသည့် ကျင်းယန်မှာတော့ ခေါင်းညိတ်ပြီး ဖျော့ဖျော့သာ ပြုံးလိုက်မိသည်။
“ဟုတ်ပါပြီ”
သူ စိတ်ကောင်းဝင်နေချိန်များတွင် သူ၏အသံက အထူးတလည် သြရှနေတတ်၏။ သူ၏နက်ရှိုင်း၍ ညှို့ယူဖမ်းစားနိုင်သော မျက်လုံးများက တစ်စုံတစ်ယောက်ကို အာရုံစိုက်နေပါက လူတစ်ယောက်ကို နစ်မျောသွားစေနိုင်သည့် နွေးထွေးသောစမ်းချောင်းတစ်ခုနှင့် တူလေသည်။
ယင်ရိလျိုက ဤကဲ့သို့ တိုက်ခိုက်မှုကို မကိုင်တွယ်နိုင်ပေ။
သူမ၏နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိ၏။
ကျွန်မက ကလေးတစ်ယောက်ပဲရှိသေးတယ်.. ကျွန်မကို ဒီလိုမျိုး ချိုသာတဲ့အပြုံးလေး မပြုံးပြပါနဲ့!
သူမ မကိုင်တွယ်နိုင်ဘူးလို့!
ကျန်းယွီချန်သည်ကား လူကြီးနှင့် ကလေးကြားမှ အပြုအမူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ အကြောင်းပြချက် တချို့ကြောင့် သူ အားကျနေမိ၏။
ကမ္ဘာပျက်ကပ်မတိုင်မှီက သူ့အနေဖြင့် ဇနီးမယားနှင့်ကလေးရှိခြင်းက ဘဝတွင် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လိမ့်မည်ဟု ထင်ခဲ့သောကြောင့် မိသားစုတစ်ခုကို မထူထောင်ရသေးချေ။
ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင် တစ်ကိုယ်တည်းနေရခြင်းက ဘဝကို ရှည်ကြာလွန်းစေသည်ဟု သူခံစားလာရသည်။
ကျင်းယန်က ကလေးတစ်ယောက်ကို အောက်ခြေမှစ၍ ဤကဲ့သို့ အသေးစိတ်ဂရုစိုက်နေကြောင်း မြင်လိုက်ရသည့်အချိန်တွင်တော့ အလွန် နှစ်လိုဖွယ်ကောင်းသည်ဟု ခံစားရ၏။
ဤကဲ့သို့ အချိန်ကာလတွင် ဤသို့ထူးချွန်သော“အဖေ” တစ်ယောက် ရှိနေကြောင်း သူ မယုံကြည်နိုင်ခဲ့ချေ။
သို့သော် ယခုချိန်တွင်တော့ သူရုတ်တရက် အနည်းငယ် မနာလိုမှုကို ခံစားလိုက်ရသည်။
အသင်းဖော်များက သင့်ကိုသစ္စာဖောက်နိုင်၏။ သူငယ်ချင်းများက သင့်ကို စွန့်ပစ်သွားနိုင်သည်။
ကမ္ဘာပျက်ကပ်ဖြစ်ပြီး လောကကြီးက သေခြင်းနှင့် ခွဲခွာရခြင်းများဖြင့် ပြည့်နှက်နေသော အထီးကျန်ခရီးတစ်ခုဖြစ်ရန် ကံကြမ္မာဖန်ထားလေ၏။
သူ ရုတ်တရက် ဤကဲ့သို့ နွေးထွေးမှုကို တောင့်တလာမိသည်။
ကျန်းယွီချန်က မြို့တော်Bကို ပြန်ရောက်ပြီးနောက် အမျိုးသမီးတစ်ယောက်ကို ရှာပြီး သမီးတစ်ယောက်ယူရန် အကြံအဉာဏ်ကို ထည့်သွင်း စဥ်းစားလာခဲ့လေ၏။
အဆုံးတွင် ကျင်းယန်၏“သမီး”က အလွန်ချစ်စရာကောင်းလွန်းပြီး ချစ်မွှေးပါသဖြင့် သူ့သည်လည်း သမီးလေးတစ်ယောက် လိုချင်စိတ် ဖြစ်စေခဲ့သည်။
သို့သော်ငြားလည်း တချို့ကလေးများက ခန္ဓာကိုယ်ထဲတွင် အရွယ်ရောက်သူတစ်ယောက်၏ ဝိညာဥ်ကို လက်ခံထားသည့်အတွက် ငိုယိုခြင်း သို့မဟုတ် အိပ်ယာကိုစိုစေခြင်း(ရှူးပေါက်ချခြင်း)များ မပြုလုပ်ခြင်းဖြစ်ကြောင်းကို သူ မသိခဲ့ချေ။
ကျန်သည့်အသင်းဖော်များက အနားယူပြီးနောက်တွင် ကျန်းယွီချန်က ဖုန်ခါလိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို သတိနိုးကြားစွာဖြင့် ခြုံငုံလေ့လာလိုက်၏။
သူကြည့်လိုက်သည့်အခိုက်တွင် ဝန်ထုပ်ဝန်ပိုးများ မရှိသည့် သီးသန့်ဖြစ်နေသော အရွယ်ရောက်သူနှင့် ကလေးမှလွဲ၍ တခြားအသင်းဖော်များ အားလုံးတွင် စိတ်ဓာတ်ကျဆင်းနေသော အမူအရာများ ရှိနေကြောင်း သူတွေ့လိုက်ရသည်။
ထို့ကြောင့် သူတို့၏ စိတ်ဓာတ်များကို စိတ်ခွန်အားပေးသော အသံနေအသံထားဖြင့် မြှင့်တင်ပေးရန် ကြိုးစားလိုက်၏။
“မည်းမှောင်နေတဲ့ မျက်နှာကြီးတွေ လုပ်မနေကြနဲ့.. ငါတို့အားလုံး မြေအောက်ကနေ ထွက်လာနိုင်ခဲ့ပြီ.. ဒီမစ်ရှင် ပြီးသွားတဲ့အချိန်ကျရင် အစိုးရဆီက အာမခံထားတဲ့ အစားအစာ အထောက်အပံ့တွေနဲ့အတူ ပုံမှန်စစ်သားတွေလိုမျိုး မြို့တော်Bဆီ ပြန်သွားကြမယ်..
မင်းတို့ စိတ်ဓာတ်ကို မြှင့်တင်ထား.. တိုက်ခိုက်ဖို့ ခက်ခဲ့တဲ့တိုက်ပွဲတွေ ကျန်နေသေးတယ်”
သူ ဤသို့ပြောလိုက်လျှင် တစ်ယောက်ပြီးတစ်ယောက် နှေးကွေးစွာထလာသော်ငြား အသင်း၏စိတ်အားထက်သန်မှုက မတိုးတက်လာခဲ့ချေ။
“ကျွန်မတို့တွေ အပေါ်ကိုတက်လာခဲ့ကြပေမဲ့ အဲဒီအရာတွေက ကျွန်မတို့နောက်ကို ထပ်လိုက်မလာဘူးလို့ ပြောမရဘူး”
ယင်ရိလျို ညင်သာစွာ ပြောလာခဲ့သည်။
သူတို့က ဧရာမသစ်ပင်ကြီး၏အမြစ်များကို တိုက်ရိုက် မရင်ဆိုင်ခဲ့ရချိန်တွင်ပင် အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ပြီးမှသာ ရေဆိုးမြောင်းထဲမှ ထွက်လာနိုင်ခဲ့၏။
ကျင်းယန် သူမ၏ခေါင်းကို ပုတ်ပြီး နှစ်သိမ့်ခဲ့သည်။
“စိတ်မပူပါနဲ့”
သူ လှည့်ပတ်ကြည့်လိုက်လျှင် သူ၏ရှေ့တည့်တည့်တွင် ဧရာမမိုးမခပင်ကြီးတစ်ပင်ရှိကာ ရှည်လျားသော အကိုင်းအခတ်များက လေအလယ်တွင် တွဲလောင်းကျနေပြီး အသာအယာ ယိမ်းနွဲ့နေလေ၏။
ကျင်းယန် သူ့ဘေးမှ ကျန်းယွီချန်နှင့် စကားအနည်းငယ် ပြောလိုက်သည်။
အစပိုင်း၌ ကျန်းယွီချန်၏မျက်နှာပေါ်တွင် အလွယ်တကူမယုံကြည်နိုင်သော အကြည့်ရှိသော်ငြား အဆုံးတွင် ခေါင်းငြိမ့်ပြီး တခြားအသင်းဖော်များကို ပြောခဲ့၏။
“မင်းတို့ထဲက လူနည်းနည်းလောက် အနားက သစ်ပင်တွေဆီ တက်ပြီး ကြံ့ခိုင်တဲ့မိုးမခကိုင်း နည်းနည်းလောက် ချိုးခဲ့ကြ.. ငါတို့ အသုံးလိုတယ်”
အသင်းဖော်များကြားတွင် တချို့ကသက်ပြင်းချကြပြီး တချို့က မကျေမနပ်ညည်းညူကြသော်ငြား သူတို့အားလုံး စတင်လှုပ်ရှားကြသည်။
ဆင့်ကဲပြောင်းလဲသူ အနည်းငယ်က မိုးမျှော်သစ်ပင်၏ ပင်စည်များပေါ်ကို မြန်ဆန်စွာတက်ပြီး မကြာခင်မှာပင် ကြံ့ခိုင်၍ ပျော့ပြောင်းသော မိုးမခကိုင်းများကို ပစ်ချကြလေ၏။
ယင်ရိလျိုနှင့် တခြားလူများက လူတိုင်းဆင်းလာသည်အား စောင့်နေခဲ့ပြီးနောက် အနားသို့ကပ်သွားခဲ့ကြသည်။
ကျင်းယန် သူ့အိတ်ကပ်ထဲမှ ဓားကိုထုတ်ပြီး ဤသန္ဓေပြောင်းမိုးမခကိုင်းများမှ ဆူးများအားလုံးကို သပ်ချလိုက်၏။ ထို့နောက် မြေပြင်မှ အကြမ်းခံသော မြက်ရိုင်းတချို့ကို ဆွဲနုတ်ပြီး ဤမိုးမခကိုင်းအားလုံးကို အတူတကွ တွဲချည်လိုက်သည်။
“လူတိုင်းပဲ မင်းတို့ရဲ့ ခါးတစ်ဝိုက်မှာ ဒီသစ်ကိုင်းတွေကို တစ်ယောက်ပြီးတစ်ယောက် ပတ်လိုက်ကြ”
သူက ယုန်အသွင်ပြန်ပြောင်းထားသော ယင်ရိလျိုကို လက်မောင်းထဲတွင် ကိုင်ထားရင်း သူပြောလာခဲ့၏။
မိုးမခကိုင်းများကို သူ၏အချိုးအဆ ကောင်းမွန်သော ခါးတစ်ဝိုက်တွင် တင်းကြပ်စွာ ချည်ထားသောကြောင့် ကျယ်ပြန့်သောပုခုံး၊ ကျဥ်းမြောင်းသော ခါးနှင့် ရှည်လျားသော ခြေထောက်များက ပေါ်လွင်လာခဲ့ကာ သူ၏ပုံပန်းသွင်ပြင်ကို ပိုမို ထင်ရှားလာစေသည်။
တခြားသူများက အတော်လေး ရှုပာထွေးနေသော်လည်း နောက်မှလိုက်လုပ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ပျော့ပြောင်းသော မိုးမခကိုင်းများကို သူတို့၏ခါးတစ်ဝိုက် ရစ်ပတ်လိုက်ကြ၏။
ကျန်းယွီချန် ရုတ်တရက် ထရယ်ခဲ့သည်။
“အခုတော့ ငါတို့က ကြိုးတစ်ချောင်းနဲ့ ချည်ထားတဲ့ နှံကောင်တွေနဲ့ တကယ်ကို တူနေပြီ”
ကျင်းယန်က သူ၏အိတ်ထဲမှ ဖန်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ ပုလင်းထဲတွင် ဖြည်းညှင်းစွာစီးဆင်းနေသော အဝါနုနု အရည်များပါဝင်လေသည်။
သူ၏ပုခုံးပေါ်မှ ယင်ရိလျိုက ဤပုလင်းအား မြင်သည့်အခိုက်တွင် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်၏။
သူ ပုလင်းကိုဖွင့်လိုက်လျှင် အက်စစ်နံ့ဖျော့ဖျော့ လွင့်ပါလာခဲ့သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်မှ မိုးမခကိုင်းတစ်လျှောက် အရည်များကို လောင်းချလိုက်၏။
ရုတ်တရက် မီးခိုးလုံးတစ်ခုက သူ၏ခါးမှ ထွက်ပေါ်လာပြီး သစ်ကိုင်းများနှင့် သစ်ရွက်များက တခဏချင်း ကျုံ့ဝင်ပြီး ညှိုးနွမ်းသွားခဲ့သည်။
ဤအရည်မှာ မြို့တော်Zမှ အပင်များကို လောင်ကျွမ်းစေရန် သုံးခဲ့သည့် အက်စစ်ဖြစ်၏။ သူတို့၏တိုက်ပွဲဝင် ဝတ်စုံများကလည်း တိုက်စားမှုကိုခုခံနိုင်သည်။ သူတို့တွင် ကြိုးများအဖြစ်သုံးရန်လည်း မရှိသောကြောင်း ဤနည်းလမ်းကိုသာ သုံးနိုင်သည်။
မြေအောက်မှ သတ္တဝါများက ထွက်လာပြီး တစ်စုံတစ်ယောက်ကို ရစ်ပတ်လိုက်မည်ဆိုပါက တခြားသူများက အလျှင်အမြန်တုံ့ပြန်ပြီး ထိုတစ်ယောက် တရွတ်တိုက်အဆွဲခံရခြင်းမှ ကာကွယ်နိုင်လိမ့်မည်။
သူတို့၏ခါးတစ်ဝိုက်ကို ရစ်ပတ်ထားသော သစ်ကိုင်းများက အက်စစ်၏ တိုက်စားခြင်းကို ခံရပြီးနောက်တွင်ပင် ခိုင်ခံပြီး ကျိုးဖြတ်ရန် ခက်ခဲနေဆဲပင်။
ထိုသစ်ကိုင်းများကို အက်စစ်များနှင့် စိုစွတ်စေသောကြောင့် ဧရာမသစ်ပင်ကြီး၏အမြစ်များကသာ လာထိမည်ဆိုပါက ထိုအမြစ်က တွန့်ရှုံ့ပြီး ညှိုးနွမ်းသွားမည်ဖြစ်၏။
“ကောင်းပြီ.. အခုအတွက်တော့ ဒီအတိုင်းက လုံလောက်ပါတယ်.. တခြားအဖွဲ့တွေကို မရှာဘဲ လွှဲပြောင်းဘူတာဆီကို အရင်ပြန်သွားရအောင်”
ကျင်းယန် ပြောလိုက်လေသည်။
***