လီရင်းရင်းသည်ကား ကမ္ဘာပျက်ကပ်မတိုင်မီက ထိခိုက်လွယ်သော အသားအရေနှင့် အလိုလိုက်ခံထားရသည့် စိတ်နေစိတ်ထားဖြင့် အလိုလိုက်ဖျက်စီးခံထားရသော အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်သည်။
ယခုချိန်တွင်တော့ သူမက ခြုံပုတ်ထဲ၌ အမျိုးသားကြီးများနှင့်အတူ ဝမ်းလျားမှောက်နေရသောကြောင့် သူမ၏စိတ်ဓာတ်ကို ပြိုလဲအောင် ပြုလုပ်နေခဲ့သည်။
လွှဲပြောင်းဌာနထဲမှ လေထုသည်လည်း အနည်းငယ် ကိုးယိုးကားယားဖြစ်နေခဲ့လေသည်။
လဲ့ဟုန်ရီမှာ သူ၏ညီမကို ရှာဖွေရန်အတွက် စူးစမ်းရှာဖွေနေချိန်တွင် အတွင်းလမ်းတွင် အဓိကဇာတ်ကောင်များနှင့် ဆုံတွေ့ခဲ့လေသည်။
နောက်ဆုံးတွင် သူက ချင်ဟုန်အသင်းထဲ ဝင်ခဲ့လေ၏။ သူ၏ညီမဖြစ်သူကို ရှာဖွေရန်အတွက် မျှော်လင့်ချက်ကို လက်မလျှော့ခဲ့သော်ငြား သူမ ရှိမည့်နေရာကို မသိနိုင်ဆဲပင်။
သို့သော်လည်း သူ လွှဲပြောင်းဌာနကို ရောက်သည့်အချိန်တွင် သူ၏ညီမ လဲ့ရူသိုနှင့်လင်းကျားတို့ နှစ်ယောက်လုံးကို ရှာတွေ့ခဲ့ရကာ အပျော်လွန်သွားစေခဲ့သည်။
သို့သော်လည်း တခဏကြာပြီးနောက် ပို၍ ပြဿနာဖြစ်ဖွယ် ကိစ္စတစ်ခု ထွက်ပေါ်လာခဲ့၏။ သူ
၏ညီမဖြစ်သူနှင့် ဇနီးဖြစ်သူကြားတွင် တင်းမာသော ပဍိပက္ခဖြစ်နေခဲ့လေသည်။
သူမ၏အစ်ကိုဖြစ်သူကို မြင်သည့်အခိုက် လဲ့ရူသိုက သူမ၏ကံတရားက ပြောင်းပြန်ဖြစ်သွားခဲ့ပြီဟု ရုတ်တရက်ခံစားခဲ့ရ၏။
သူမက လဲ့ဟုန်ရီကိုဖက်ပြီး ငိုယိုမိကာ လင်းကျားက သူမကို မည်သို့နှိပ်စက်ကြောင်း ဖော်ထုတ်ပြီး လင်းကျားက အင်းစက်များနှင့် စပ်ထားသည့် သတ္တဝါတစ်ကောင်အဖြစ် ပြောင်းသွားကြောင်း အခိုင်အမာပြောဆိုခဲ့လေသည်။
လဲ့ဟုန်ရီက သူ၏ဇနီးဖြစ်သူကို မယုံကြည်နိုင်မှုဖြင့် စိုက်ကြည့်ပြီး သူ၏အသံတို့က ခါးသီးမှုနှင့် ရောယှက်နေခဲ့၏။
“ရှောင်သို ပြောတာတွေအားလုံးက အမှန်ပဲလား?”
လင်းကျားတစ်ယောက် နှုတ်ခမ်းကိုဖိကပ်၍ လဲ့ဟုန်ရီကို ကြည့်နေခဲ့သည်။ သူမ၏မျက်လုံများကတော့ ခင်ပွန်းသည်၏အပေါ်တွင်သာ ရှိနေလေ၏။
သူမက စကားလုံးတစ်လုံးချင်းစီးကို နှေးကွေးစွာပြောလာခဲ့သည်။
“ကောင်းပြီ.. ကျွန်မကို အင်းစက်အုပ်ထဲတွန်းချလိုက်တုန်းကရော သူရဲ့ယောက်မလို့ တွေးမိရဲ့လားလို့ ရှင့်ရဲ့ချစ်လှစွာသော ညီမလေးကို ဘာလို့ မေးမကြည့်ရတာလဲ
အဲဒီအဖြစ်အပျက်တွေအားလုံးက ကျွန်မ သူမကိုလိုက်ရှာနေတုန်းမှ အဲဒီလူတွေက ကျွန်မကိုပါ ဖမ်းလိုက်လို့ ဖြစ်လာရတာတွေလေ”
လဲ့ရူသို အပြစ်ရှိစိတ် အနည်းငယ်လောက်ကို ခံစားရသော်ငြား ဤအခိုက်အတန့်၌ သေချာပေါက် ဝန်ခံ၍မဖြစ်ကြောင်း သိနေလေ၏။
နောက်ဆုံးတွင် ထိုအချိန်က အမှန်တရားကို သူမနှင့်လင်းကျားသာလျှင် သိပေသည်။ သူမဘက်မှ ငြင်းဆိုနေသမျှကာလပတ်လုံး အမှန်တရားကို သက်သေပြရန် သက်သေခံရှိမည်မဟုတ်ချေ။
သူ၏ညီမဖြစ်သူက မရပ်မနားငိုနေပြီး သူ့ဇနီး၏ အေးစက်သော လျစ်လျူရှုမှုကို မြင်ရလျှင် လဲ့ဟုန်ရီ၏ စိတ်က ပေါက်ကွဲလုနီးပါးဖြစ်လာခဲ့သည်။
တစ်ဖက်တွင် သူ၏ဇနီးက သူ၏ညီမလေးကို ညှင်းဆဲမည့် အမုန်းတရားများနှင့် အမျိုးသမီးမျိုး မဟုတ်ကြောင်းကို သူယုံကြည်လေ၏။
သူမ မည်မျှ နူးညံ့ကြောင်းကို သူသိထားပြီး သူသာလျှင် ထိုနူးညံ့သည့်ဘက်ကို သိလေသည်။
သို့သော် တစ်ဖက်တွင်လည်း သူ၏ညီမဖြစ်သူမှ သူမ၏ယောက်မကို အင်းစက်အုပ်ထဲသို့ တွန်းချမည့် ဆိုးယုတ်သော အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းကို ယုံကြည်ရန် တွန့်ဆုတ်နေခဲ့၏။
သူ့တွင် နောက်ထပ် စိတ်ပူစရာရှိသေးသည်။ လင်းကျား၏စိတ်ကို အင်းစက်များက အမှန်တကယ် သိမ်းပိုက်သွားခဲ့သည်လား သူမသိပေ။
လျှို့ကျန်းက လက်ဖက်ရည်ကို တိတ်တဆိတ် သောက်ပြီး ဤမိသားစုဒရမ်မာတွင် ဝင်မပါဘဲ ကြည့်နေခဲ့၏။ သူမသည်က လူလွတ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဘဝသက်တမ်းနှစ်ခုကို နေထိုင်ခဲ့သဖြင့် ဉာဏ်နီဉာဏ်နက်များသော အမျိုးသမီးမျိုးစုံကို မြင်ဖူးလေသည်။
သူမက အကြည့်တစ်ချက်နှင့်ပင် လဲ့ဟုန်ရီ၏ညီမဖြစ်သူတွင် တစ်ခုခုမှားနေကြောင်းကို ပြောနိုင်ပြီး လင်းကျား အမည်ရသော အမျိုးသမီးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိ၏။
သို့သော်ငြား သူမက တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ ဤသည်က သူတို့၏မိသားစုကိစ္စဖြစ်သည့်အတွက် သူမက ဝင်ရောက်မစွက်ဖက်ဘဲ လူကောင်းတစ်ယောက်သာလျှင် ဖြစ်ချင်မိသည်။
လင်းကျားသည်ကား လဲ့ဟုန်ရီ၏ စိတ်ပိုင်းမဖြတ်နိုင်သော အမူအရာကို ကြည့်မိလျှင် အတော်လေး စိတ်ပျက်မှုကို ခံစားခဲ့ရ၏။
သူမက မျှော်လင့်ချက်များကို မြင့်မားစွာ ထားလွန်းခဲ့ခြင်းဖြစ်နိုင်ပေ၏။ သူမ၏နှလုံးသားက လက်ရှိအခိုက်အတန့်တွင် အတော်လေးကိုက်ခဲနေခဲ့သည်။
ရုတ်တရတ် သူမ၏ အဝေးမှ “မျက်လုံးများ”က ဤနေရာသို့ ချဥ်းကပ်လာနေသော လူတစ်ဖွဲ့ကို ဖမ်းမိသွားပြီး သူမ၏ တင်းကြပ်စွာ စေ့ပိတ်ထားသော နှုတ်ခမ်းများက အနည်းငယ်ပြေလျော့သွား၏။
သူမ၏မျက်နှာပေါ်တွင် ဝမ်းမြောက်ပျော်ရွှင်မှုအနည်းငယ် ပေါ်လာကာ ထိုသူတို့ဆီသို့ ဦးတည်၍ တိုက်ရိုက် လျှောက်သွားခဲ့သည်။
“ကျားကျား….”
လဲ့ဟုန်ရီက သူ၏ပါးစပ်ကို ဖွင့်လိုက်ရုံသာ ဖွင့်လိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် သူ၏လက်မောင်းကို တင်းကြပ်စွာ ကိုင်ထားသော လဲ့ရူသိုက သူ့ကို အဝေးဆွဲခေါ်သွားလေ၏။
“ကော.. ကော ကျွန်မကို တကယ် ဂရုမစိုက်ဘူးလား?”
ခြုံပုတ်ထဲတွင် စက်သေနတ်များနှင့်အတူ စောင့်ကြည့်နေသောသူများက လင်းကျားတစ်ယောက် အလောတကြီး သစ်တောထဲသွားသည်ကို မြင်လျှင် အံ့သြသွားကြသည်။
လီရင်းရင်း မျက်မှောင်ကြုတ်ပြီး မေးခဲ့သည်။
“သူမ ဘာတွေလုပ်နေတာလဲ?”
သူမနောက်မှ အမျိုးသားက တီးတိုးပြောလေ၏။
“သူမ သားကောင်ရှာတွေ့လို့များလား သူမရဲ့ အမြင်အာရုံအကျယ်က မီတာရာချီ ဖုံးလွှမ်းနိုင်တယ်ကို ပြောခဲ့တာပဲ”
လီရင်းရင်းကတော့ အထင်သေးနေဆဲပင်။ သူမက သူမ၏နှုတ်ခမ်းများကို အနည်းငယ်ဖိကပ်၍ စဥ်းစားလိုက်၏။
“အဲဒါက ဘာအသုံးကျလို့လဲ၊ သူမကို ကြည့်ရတာသရဲတစ်ကောင်လိုမျိုး ဖြူဖျော့နေပြီး ကိုယ့်ယောကျ်ားရဲ့ သဘောကျမှုကိုတောင် မရနိုင်ဘူး”
ရုတ်တရက် သူမ၏ဘေးမှ အမျိုးသားက သူမကိုပုတ်ပြီး ပြောခဲ့သည်။
“ရင်းရင်း တစ်ဖက်က လူဟုတ်မဟုတ် မြင်ရလား၊ ကျန်းယွီချန်နဲ့ တခြားလူတွေ ထွက်လာတာများ ဖြစ်နေလောက်လားလို့”
လီရင်းရင်း မျက်ခုံးကိုတွန့်ချိုး၍ လင်းကျားရှိရာ အရပ်မျက်နှာကို စစ်သုံးမှန်ဘီလူးဖြင့် ကြည့်လိုက်၏။
အရောင်ရင့်ရင့်ကောက်ကြောင်းက တဖြည်းဖြည်း ပို၍ကြည်လင်လာပြီး မျက်နှာက ပို၍ရှင်းလင်းလာခဲ့ကာ သူမ၏မျက်လုံးများကလည်း ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
…….
တစ်ဘက်တွင်တော့..
သစ်တောထဲတွင် ဖုံးကွယ်နေသော လွှဲပြောင်းဌာနကို အဝေးမှမြင်နိုင်နေပြီဖြစ်ပြီး လူတိုင်း၏ စိတ်အခြေအနေ အတော်ကောင်းလာကြလေ၏။
ထိုအခိုက်အတန့်တွင် အဝေးမှ ပုံရိပ်တစ်ခုကို ယင်ရိလျို ရုတ်တရက်မြင်လိုက်ရသည်။ သူမ နိုးနိုးကြားကြားဖြစ်သွားပြီး ပို၍အာရုံစိုက့ကြည့်ရန် မျက်စိမှေးကျဥ်းလိုက်သည်။
သူမ ထိုသူကို မှတ်မိသွားလျှင် စိတ်လှုပ်ရှားမှုတို့က သူမ၏ ကိုယ်တွင်း၌ တိုးဝှေ့လာခဲ့လေ၏။ သူမက ကျင်းယန်၏ပုခုံးပေါ်မှ ခုန်ဆင်းပြီး မြေပြင်ပေါ်သို့ တင့်တယ်စွာ ဆင်းသက်ပြီးကာ ယုန်နားရွက်များနှင့် မိန်းကလေးတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်သည်။
“အဲဒါ လင်းကျားကျဲပဲ!”
သူမ ကျင်းယန်ကို ပြန်လှည့်ကြည့်ပြီး ပျော်မြူးသော ခုန်ပေါက်မှုနှင့်အတူ လင်းကျားဆီ အပြေးသွားလိုက်၏။
ကျင်းယန်လည်း အရှိန်တင်တော့မည် ဖြစ်သော်ငြား ရှေ့ဘက်မှ ပစ်မှတ်ထားခံရသော အာရုံခံစားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏နှလုံးသား ခုန်လှုပ်သွားပြီး အော်လိုက်လေ၏။
“ထုထု ပြန်လာခဲ့!”
သူက အရှေ့ကို အပြေးသွားသော်ငြား သူ၏ခါးတွင် ပတ်ထားသော နွယ်ကြိုးများကြောင့် နောက်ပြန်ဆောင့်ဆွဲ ခံလိုက်ရသည်။
သူ့နောက်မှ ကျန်းယွီချန်နှင့် တခြားသူများကလည်း ရှေ့ကိုအဆွဲခံလိုက်ရကာ အလယ်တွင် တိုက်မိပြီးလဲသွားကြကြ၏။
ယင်ရိလျို စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်လျှင် ကျင်းယန်၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသည်။
သူမ ရုတ်တရက် အန္တရာယ်ရှိနေကြောင်းကို နားလည်သွားပြီး ပြန်လှည့်ပြေးချင်သော်ငြား နောက်ကျလွန်းသွားပြီ ဖြစ်၏။
သေနတ်သံတစ်ချက်က ဟိန်းထွက်လာပြီး တောအုပ်ကို ဖြတ်သန်း၍ ပဲ့တင်ထပ်သွားခဲ့သည်။
လွှဲပြောင်းဌာနထဲမှ ဆင့်ကဲပြောင်းလဲသူအနည်းငယ်လည်း သေနတ်သံကိုကြားခဲ့ပြီး အလျှင်အမြန် ထရပ်ပြီး အပြင်ကိုထွက်လာခဲ့ကြ၏။
ခြုံပုတ်ထဲတွင် ပုန်းနေသောအမျိုးသားက လီရင်းရင်းကို အားပြင်းစွာ ဆွဲလိုက်ပြီး တီးတိုးပြောခဲ့သည်။
“မင်းဘာတွေလုပ်နေတာလဲ၊ သူတို့က တခြားအသင်းတစ်ခုက လူတွေလို့ ငါ မင်းကိုပြောတယ်လေ! မင်းဘာလို့ ပစ်တာလဲ.. မင်းရူးနေတာလား”
လီရင်းရင်း၏နှလုံးသားက အရှိန်ပြင်းစွာ ခုန်နေပြီး နားထင်ကို လက်ဖြင့်ပွတ်လိုက်ကာ သူမ၏ဘေးမှ အမျိုးသားကို မျက်လုံးလှိမ့်ပြလိုက်၏။
“ရှင် ကျွန်မကို ဘာလို့ဆူနေတာလဲ၊ ကျွန်မက ဆင့်ကဲပြောင်းလဲသူမှ မဟုတ်တာ.. ရှင်းရှင်းလင်းမမြင်ရတော့ သန္ဓေပြောင်းတစ်ကောင်လို့ ထင်သွားတာလေ.. အဲဒါက အဆင်မပြေဘူးလား?”
အမှန်တကယ်တမ်းတွင် သူမက ရှင်းလင်းစွာ မြင်ခဲ့သည်။ သူမက ကျင်းယန်၏မျက်နှာကို မြင်ခဲ့ခြင်းကြောင့်သာ ပစ်ခဲ့ခြင်းဖြစ်ပေ၏။
ရှန်းယင်ကျိုးက သူမကို စိတ်မပါလက်မပါဆက်ဆံနေပြီး လျှို့ကျန်းကလည်း တဖြည်းဖြည်း အလေးမထားသကဲ့သို့ ကြည့်သည့်အကြည့်ကို မြင်ရသည့်အခိုက်သည့်အခိုက် ပို၍ပို၍ ခြိမ်းခြောက်ခံရသကဲ့သို့ ခံစားရသည်။
သူက အမျိုးသမီးတစ်ယောက်သာဖြစ်ပြီး တခြားအမျိုးသမီးတစ်ယောက်ဆီသို့သာ ဦးတည်နေသော သူမ ချစ်ရသည့် အမျိုးသား၏ အကြည့်မှ အဓိပ္ပာယ်ကို တခြားသူများထက် ကောင်းကောင်းကြီး နားလည်လေသည်။
ဤကပ်ဘေးဒုက္ခမြင်ကွင်းက သူမကို ရူးသွပ်သွားစေ၏။
ထိုအခိုက်အတန့်တွင် သူမ၏ပြိုင်ဘက်ဟောင်းကြီးဖြစ်သော ကျင်းယန်ကို မြင်လိုက်ရပြန်သည်။
သူက သူမ၏စိတ်ထဲရှိ ဆူးတစ်ချောင်းဖြစ်နေခဲ့သည်။
သူမတွေးမိလိုက်သည်။
တကယ်လို့ သူမ ကျင်းယန်ကို သတ်ပစ်လိုက်ရင်ရော။ ယင်ကျိုးက ပိုပြီး ပျော်လာလောက်လား။
ထိုတွေးနေသည့်အခိုက်အတန့်တွင်ပင် သေနတ်ကို ပစ်လိုက်လေ၏။
သူမ ခလုတ်ကိုဆွဲလိုက်သည့်အခိုက်တွင် နောင်တရသွားခဲ့သည်။
သူမ၏ဘေးမှ အမျိုးသားက လီရင်းရင်းကို အာရုံမစိုက်တော့ချေ။
ထို့အစား သူက သိပ်မဝေးသည့်နေရာမှ မြင်ကွင်းကို ဗလာဖြစ်စွာ စိုက်ကြည့်ပြီး သူ့ဘာသာ တတွတ်တွတ်ပြောလိုက်၏။
“အဲဒါက ဘာကြီးလဲ..”
သူ့အနေဖြင့် လဲ့ဟုန်ရီ၏ဇနီးက ကလေးမလေးပေါ်ကို ရုတ်တရက်ခုန်အုပ်လိုက်ပြီး နောက်ဘက်မှ ပြေးလာသော ကျည်ဆန်တစ်ထောင့်ကို ဝင်ခံပေးလိုက်ကြောင်းကို မြင်လိုက်ရလေသည်။
သူ၏နှလုံးသားက ခပ်ပြင်းပြင်းခုန်သွားပြီး ဤအမျိုးသမီးတော့ သွားပြီဟု တွေးလိုက်မိ၏။
သို့သော်ငြား အမျိုးသမီး၏နောက်ကျောက အစိမ်းရောင်အရည်တစ်မျိုး ဖြန်းကနဲထွက်လာပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သဲပုံတစ်ပုံအဖြစ် အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားခဲ့သည်။
မဟုတ်ဘူး အဲဒါက သဲတွေမဟုတ်ဘူး။
ထိုသည်မှာ မြေကြီးအနှံ့တွားသွားနေကြသော ပိုးကောင်အများအပြားသာပေဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် ထိုပိုးကောင်းများက ဖြည်းညှင်းစွာ စုစည်းလာပြီး အမျိုးသမီးတစ်ယောက်၏ အသွင်အပြင်ကို ပြန်လည်ဖွဲ့စည်းလိုက်ကာ အသက်ရှင်လျက် ထိုနေရာတွင် ထိုင်နေခဲ့၏။
အဲဒါ လင်းကျားလား?
တစ်ချိန်တည်း၌ ဆင့်ကဲပြောင်းလဲသူတချို့က လွှဲပြောင်းဌာနထဲမှ ထွက်လာကြပြီး ဤမြင်ကွင်းကို မျက်မြင်တွေ့သွားကြလေသည်။
***