ယင်ရိလျိုတစ်ယာက် သူမ၏နောက်ကျောတစ်ဝိုက်ကို တ ရစ်ပတ်လာသော အလွန်နူးညံ့သည့် ပွေ့ဖက်မှုကိုခံစားလိုက်ရသည်။
ထို့နောက်တွင် အံ့သြထိတ်လန့်စေသောအားတစ်ခုက သူမကို အရှေ့သို့တွန်းထုတ်လိုက်သောကြောင့် သူမ ၏ခြေလှမ်းက အနည်းငယ်လောက် ဒယိမ်းဒယိုင်ဖြစ်သွားရလေ၏။
ထို့အခိုက်တွင် သေနတ်သံတစ်ချက် သူမ၏နားထဲသို့ မြည်ဟိန်းသွားခဲ့သည်။
သူမ နောက်လှည့်ကြည့်လိုက်လျှင် လင်းကျား၏မျက်နှာတစ်ခြမ်းမှ အနက်ရောင်ပိတုန်းနှင့်တူသော အရိုးစုတစ်ခု ကြွေကျသွားပြီး အရိုးစု၏တချို့အစိတ်အပိုင်းများက သူမ၏ပုခုံးပေါ်ကို ပြုတ်ကျသွားကာ ကျောတစ်လျှောက် လျှောကျသွား၏။
သူမ ကြောက်ရွံ့မှုနှင့် ရွံ့ရှာမှုကို မခံစားရချေ။ လင်းကျားက သူမကို ကယ်တင်ခဲ့ကြောင်းကို သူမ သိပေသည်။
“ကျဲ အဆင်ပြေရဲ့လား!”
လင်းကျား၏ခန္ဓာကိုယ်မှာ အင်းစက်အုပ်ကို စုစည်းထားဖြစ်ပြီး လက်ရှိတွင် အကောင်ရေအနည်းငယ် အသတ်ခံလိုက်ရလေ၏။
ပြန့်ကျဲသွားသော ပိုးကောင်များက လျှင်မြန်စွာ ပြန်လည်အုပ်စုဖွဲ့သွားကြပြီး ယင်ရိလျို၏ နောက်ဘက်တွင် ဖျော့တော့၍စိတ်မပါသော အမူအရာနှင့်အတူ ထိုင်နေသည့် ပုံရိပ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။
ယင်ရိလျို ခေါင်းကိုခါရမ်းကာ နောက်လှည့်ပြီး လင်းကျားကို တင်းကြပ်စွာဖက်လိုက်၏။ သူမ၏ နူးညံ့သောလက်များက လင်းကျားကို တင်းကြပ်စွာကိုင်ထားပြီး နူးညံ့စွာပြောခဲ့လေသည်။
“ကျေးဇူးတင်ပါတယ် လင်းကျားကျဲ”
လင်းကျား၏နှလုံးသားက ပို၍ပင် ပျော့ပြောင်းသွားခဲ့ရလေ၏။ သူမက ကလေးမလေး၏ ခေါင်းပေါ်မှ ယုန်နားရွက်လေးကို ညင်သာစွာထိပြီး အရှေ့ဘက်ကို လှမ်းကြည့်လိုက်သည်။
သူမ၏အကြည့်က မည်းမှောင်ပြီး မှုန်မှိုင်းနေသော အမူအရာတို့ရှိနေသေု ဒေါသထွက်နေပုံရသည့် ကျင်းယန်အပေါ်သို့ကျရောက်နေခဲ့၏။
ထိုသူက ဖြည်းညင်းစွာလျှောက်လာခဲ့သည်။ သူ၏မျက်လုံးထဲမှ ရွှေရောင်ဖျော့ဖျော့က အရည်အသွေးမြင့် ရွှေချည်မျှင်တစ်ခုနှယ် ဖြစ်နေပြီး သူမ၏လက်မောင်းထဲမှ ကလေးမလေးကို စိုက်ကြည့်နေခဲ့သည်။
ယင်ရိလျိုက နူးညံ့သော အစ်မကြီး၏လက်မောင်းထဲတွင် အကြိမ်အနည်းငယ် ပွတ်သီးပွတ်သပ်လုပ်ပြီးနောက် တွန့်ဆုတ်စွာ အဆွဲခံလိုက်ရလေ၏။ သူမ လက်ကိုလွှတ်လိုက်သည်နှင့် လက်ကြီးတစ်စုံက သူမကို မလိုက်သည်ကို ခံစားလိုက်ရသည်။
သူမက လေထဲတွင် တွဲလောင်းဖြစ်နေပြီး မတုံ့ပြန်နိုင်ခင်မှာပင် သန်မာသော ထွေးပွေ့မှုထဲ ဆင်းသက်သွားကာ ရင်းနှီးသော သစ်ကတိုးရနံ့နှင့် လွှမ်းခြုံခံလိုက်ရ၏။
သူမကို ထွေးပွေ့ထားသော အမျိုးသား၏လက်မောင်းမှ ကြွက်သားများကို ခံစားနိုင်ပြီး တစ်ဖက်လူ၏ လက်က အနည်းငယ်တုန်ရီနေကြောင်းကိုလည်း သတိပြုမိရသည်။
သူမက လက်လေးများကို ဆန့်ထုတ်လျက် တစ်ဖက်လူ၏သန်မာသောလက်ဖျံကို ပုတ်ပြီးနောက် နူညံ့စွာ နှစ်သိမ့်လိုက်၏။
“ကျွန်မအခု အဆင်ပြေသွားပါပြီ.. လင်းကျားကျဲရဲ့ ကျေးဇူးကြောင့်ပဲ”
ကျင်းယန် နှုတ်ခမ်းကိုဖိကပ်၍ သူ၏နှာခေါင်းကို ယင်ရိလျို၏ဆံပင်ထဲ နှစ်မြှုပ်လိုက်သည်။ သူ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့လေ၏။
သူ၏လက်မောင်းထဲမှ ကလေးမလေးက ကိုးယိုးကားယားဖြင့် ရုန်းကန်လာသည့်အတွက် သူ အက်ကွဲစောအသံဖြင့် ပြောခဲ့သည်။
“အခုချိန်ကစပြီး မင်းကို ငါ သေသေချာချာ စောင့်ကြည့်ဖို့ လိုနေပြီ”
ယုန်လေးများက ပြဿနာကိုဆွဲဆောင်နိုင်သော ပင်ကိုစရိုက်ရှိပုံရ၏။ သူတို့က အမြဲတစေ အမျိုးမျိုးသော ပြဿနာများကို မရည်ရွယ်ဘဲ ပက်ပင်းတိုးနေသည်။
ကျင်းယန် မတ်တတ်ထရပ်လာသော လင်းကျားကို ကြည့်လိုက်လေ၏။ သူ ပထမဆုံးအကြိမ်အဖြစ် တခြားလူတစ်ယောက်၏ ရှေ့တွင် ခေါင်းကိုငုံ့ကိုင်းလိုက်ပြီး လေးနက်သောစိတ်ရင်းဖြင့် သူမကို ကျေးဇူးတင်လိုက်လေသည်။
“ကျေးဇူးတင်ပါတယ်”
လင်းကျား အနည်းငယ်လောက် အံ့သြသွားသော်လည်း အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
“ရပါတယ်.. ကျွန်မက အသေးလေးကို တကယ်ကြိုက်လို့ပါ”
သူမက ကျင်းယန်၏လက်မောင်းထဲတွင် ထွေးပိုက်ခံထားရသည့် ယင်ရိလျိုကို ကြည့်လိုက်လျှင် ထိုမိန်းကလေးက သူမကို ချိုသာစွာ ပြန်ပြုံးပြလာခဲ့သည်။ သူမ၏ သမင်မျက်လုံးဝိုင်းဝိုင်းများက ချစ်စဖွယ် လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်သွားလေ၏။
ငြိမ်းချမ်းသောနေ့ရက်များတွင်ရှိနေစဥ်က လဲ့ဟုန်ရီနှင့်အတူ ကလေးတစ်ယောက်ကို ပျိုးထောင်ရလျှင် မည်သို့ ဖြစ်နိုင်မည်နည်းဟု သူမ တစ်ချိန်က စိတ်ကူးယဥ်ခဲ့ဖူးသည်။
ယောကျ်ားလေးသာ ဖြစ်ခဲ့လျှင် သူသည် အလွန်ဉာဏ်ကောင်းပြီး ဆိုးသွမ်းမည်ဖြစ်ကာ မိန်းကလေးသာဖြစ်လျှင် လင်းကျားက သူမကို နေ့တိုင်း မင်းသမီးလေးတစ်ယောက်နှယ် ဝတ်ဆင်ပေးမည်ပင်။
ယင်ရိလျိုကို မြင်လိုက်ရသည့်အခိုက်တွင် သူမ၏နှလုံးသားက ပျော့ပြောင်းသွားခဲ့သည်။
သူမ တွေးတောနေချိန်တွင် သူမ၏ခြေထောက်ဆီမှ အသာအယာ ထိတွေ့မှုလေးတစ်ခုကို ခံစားရလေ၏။ သူမ ခေါင်းငုံ့လိုက်လျှင် သူမ၏ဘေးတွင် တိတ်တဆိတ်လဲလျောင်းနေသော အင်းစက်ဘုရင်က သူ၏သေးသွယ်ပြီး ချွန်ထက်သောခြေထောက်များ အသုံးပြုကာ သူမကို ထိတွေ့နေကြောင်း မြင်လိုက်ရသည်။
အဘယ်ကြောင့်မှန်း မသိသော်ငြား ထိုအင်းစက်ဆီမှ သတိထားနေသည့် ချော့မြူမှုတစ်မျိုးကို ခံစားလိုက်ရ၏။ သူမ၏စိတ်ထဲတွင် အနည်းငယ် ခါးသီးသွားခဲ့သည်။
ဤကလေးကိုသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့လျှင် ရင်ဝယ်ပိုက်ထားနိုင်သော ကလေးလေးတစ်ယောက် ဖြစ်မည်ပင်။ ကလေးလေးက အပြစ်ကင်းစင်သောကြောင့် အရွယ်ရောက်သူများထံမှ အထင်အမြင်လွှဲခံရမှုများမှ ကင်းလွတ်လိမ့်မည်။
သူမ ထိုသတ္တဝါ၏ အမွှေးပွပွပါးစပ်အစိတ်အပိုင်းကို လက်ထိပ်ဖြင့်ထိလိုက်လျှင် ဧရာမအင်းစက်ကြီးက သူ၏ပါးစပ်အစွန်းရှိ ချွန်ထက်သော လွှသွားများကို ဂရုတစိုက် ပြန်ရုတ်သိမ်းလိုက်၏။ သူ၏ဝမ်းဗိုက်ပိုင်းရှိ ခြေထောက်များကလည်း စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေခဲ့လေသည်။
ယင်ရိလျိုက အမျိုးသမီးနှင့်သတ္တဝါကြားမှ အပြန်အလှန်တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့ပြီး ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရ၏။
ဤအခိုက်အတန့်တွင် ကျန်းယွီချန်အပါအဝင် တခြားသူများက နှေးကွေးစွာဖြင့် လမ်းလျှောက်လာခဲ့သည်။ ဟုန်ရှင်းရှင်းက ခေါင်းကိုစောင်း၍ ယင်ရိလျိုကို စိုးရိမ်မှုနှင့် ကြည့်လိုက်၏။
“ကလေးမလေး အဆင်ပြေရဲ့လား”
ယခုလေးတင် ကျင်းယန်၏ တစ်စုံတစ်ယောက်ကို သတ်ချင်သည့်ပုံဖြင့် အမူအရာက မည်မျှ ကြောက်စရာကောင်းကြောင်းကို ဘုရား သိလေသည်။ သူမ အသက်ပင်မရှူရဲခဲ့ဘဲ ကျင်းယန်က အင်အားသုံး၍ သူ၏ခါးတစ်ဝိုက်မှ နွယ်ကြိုးကို ဖြတ်ပြီးနောက် နှေးကွေးစွာသွားသည်ကို စောင့်ကြည့်နေခဲ့ရ၏။
ယခုချိန်တွင်တော့ သူမကိုကြည့်နေသည့် ယင်ရိလျို၏ တောက်ပသော မျက်လုံးများကို မြင်လိုက်ရသည့်အတွက် စိတ်သက်သာရာရသည့် သက်ပြင်းကိုချလိုက်မိသည်။
ကလေးမလေးက ဘေးအန္တရာယ်မဖြစ်သွားခဲ့ပေ။
ကျင်းယန် မျက်မှောင်ကုတ်ပြီး ပြောခဲ့၏။
“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်.. ဘာမှ အထူးအထွေမဟုတ်ပါဘူး”
ဝမ်တာ့ချန်း အကြိမ်ရေလောက်အနည်းငယ် ကျိန်ဆဲခဲ့သည်။
“ဘယ်ငတုံးက ရှင်းရှင်းလင်းလင်း မမြင်နိုင်တာလဲ၊ တစ်ယောက်ယောက်သာ တကယ် ထိခိုက်သွားခဲ့ရင် ငါတို့ ဘယ်လိုလုပ်ရမလဲ”
ကျန်းယွီချန်သာလျှင် တိတ်ဆိတ်နေခဲ့၏။ ကိစ္စများက သူတို့မြင်နေရသကဲ့သို့ မရိုးရှင်းဟု သူ ခံစားခဲ့ရသည်။
သူပြုံးလိုက်ကာ စကားအနည်းငယ်ပြောပြီးနောက် လူတိုင်းနှင့်အတူလွှဲပြောင်းဌာနဆီကို ဦးတည်၍ သွားခဲ့ကြလေသည်။
ခြုံပုတ်ထဲတွင် ရှိနေသော လီရင်းရင်းအနေဖြင့် စစ်တပ်သုံးမှန်ဘီလူးကို မှတဆင့် အစောပိုင်း ကျင်းယန်၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်နှင့်ပြည့်နှက်နေသော အမူအရာကို မြင်ခဲ့ရသောကြောင့် ကြောက်လန့်သွားခဲ့၏။ သူမ အလောတကြီး ထရပ်ပြီး အထဲသို့ ဝင်သွားခဲ့သည်။
လျို့ကျန်းက သူမ၏အပြစ်ရှိသည့်အကြည့်ကို မြင်လျှင် မထိန်းနိုင်ဘဲ မျက်ခုံးတို့ကိုတွန့်ချိုးလိုက်မိ၏။
“ နင်ဘာတွေလုပ်နေတာလဲ၊ ဒါကိုလည်း နင်မမြင်ခဲ့တာလို့ပဲ ငါ့ကို ပြောဦးမှာလား”
လီရင်းရင်းက ဤကဲ့သို့ အမှားတစ်ခုကို ပြုလုပ်မည်ဟု သူမ မယုံကြည်ပါချေ။
သန္ဓေပြောင်းသားရဲနှင့် လူသားများ၏ကြားမှ အရွယ်အစားကွာခြားချက်က ထင်ရှားလွန်းသည့်အတွက် မှားယွင်းရန် မဖြစ်နိုင်ပေ။
လီရင်းရင်းတစ်ယောက် ပျာယာခတ်မှုနှင့် ကသိကအောက်ဖြစ်မှု နှစ်မျိုးလုံးကို ခံစားရသောကြောင့် အော်ဟစ်လိုက်မိသည်။
“ငါက ဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်ဘူးလေ.. ငါ့ဘက်က ရှင်းရှင်းလင်းလင်း မမြင်ခဲ့တာ၊ နင်က ဘာကိုဆိုလိုချင်နေတာလဲ လျို့ကျန်း နင်ငါ့ကို ပစ်မှတ်ထားနေတာလား”
သူမ၏အသံက ယုံကြည်ချက်ပြည့်ဝနေသော်ငြား စိတ်ထဲတွင်တော့ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေခဲ့၏။ ထိုအခိုက်အတန့်က မရ်သည့်အရာများဖြစ်သွားသည်ကို သူမ မသိချေ။
ထူးဆန်းသည့်အတွေးတစ်ခုကိုသာ သူမ ခံစားခဲ့ရသည်။
သူမ ထိုကလေးမလေးကို သတ်ပစ်လိုက်သရွေ့ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားမည်။
သို့သော်ငြား သူမက သွေးလေချောက်ချားပြီး ထင်ယောင်ထင်မှားဖြစ်နေခြင်းလား ဆိုသည်ကိုလည်း မသိပေ။
“ပုံမှန်” ဆိုတာက ဘာကိုဆိုလိုမိတာလဲ?
အပြင်ဘက်က တောအုပ်ကို လှမ်းကြည့်လိုက်ကာ သူမ၏ခြေထောက်များ တုန်ရီနေခဲ့သည်။
ထိုမိန်းကလေးက ထိခိုက်မသွားခဲ့ကြောင်း တွေးကာ သူမကိုယ်သူမ နှစ်သိမ့်လိုက်၏။
သူမ အမှားလုပ်ခဲ့မိသည်ဟု ပြောလိုက်လျှင်အဆင်ပြေသွားလိမ့်မည်ဖြစ်သည်။
ရှန်းယင်ကျို မည်သည့်အချိန်တွင်အချိန်ပြန်လာလောက်မည်ကို သူမ မတွေးဘဲမနေနိုင်ချေ။
ဤအခိုက်အတန်တွင် လဲ့ဟုန်ရီက လွှဲပြောင်းဌာန၏ ဝင်ပေါက်တွင် ရပ်နေခဲ့သည်။ သူ၏ဇနီးဖြစ်သူက အနက်ရောင်အခွံမာပိတုန်းများအဖြစ် ပြောင်းလဲသွားပြီး ထိုအင်းစက်အုပ်က သူ၏ဇနီးအဖြစ် ပြန်ပြောင်းလဲသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်။
ယခုချိန်တွင် သူ၏အသားအရောင်က ဖြူဖျော့နေနိုင်ပြီး သူ၏ညီမလေးကတော့ လင်းကျားကို လက်ညှိုးထိုးကာ အော်ဟစ်နေဆဲပင်။
“ကော ကျွန်မ မလိမ်ဘူးနော်! လင်းကျားက မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး အဲဒီကြောက်စရာကောင်းတဲ့ ပိုးကောင်ကိုတောင်မှ ပျိုးထောင်ထားသေးတယ်!”
ခြုံပုတ်ထဲမှအမျိုးသားက ထရပ်ပြီး ကျန်းယွီချန်နှင့်တခြားသူများကို ပွေ့ဖက်ရန် ပြေးလာခဲ့လေသည်။
ခန္ဓာကိုယ်တောင့်တင်းသည့် အမျိုးသားများက တစ်ယောက်၏ကျောကုန်းကို တစ်ယောက်ကျယ်လောင်စွာ ပုတ်ခဲ့ကြ၏။
“မင်းတို့ကောင်တွေ အသက်ရှင်ရက်နဲ့ ထွက်လာနိုင်မယ်ဆိုတာ ငါသိသားပဲ!”
ကျန်းယွီချန်က လှောင်ပြောင်လိုက်ပြီးနောက် အပြုံးတစ်ခုနှင့်ပြောခဲ့သည်။
“မင်း ငါတို့ကို ကျိန်စာတိုက်နေတာလား ငါတို့ သေချာပေါက် အဆင်ပြေပြေ ပြန်လာနိုင်မှာပဲလေ”
စကားခဏလောက်ပြောပြီးနောက် သူတို့က တစ်ချိန်လုံးမျက်မှောင်ကြုတ်၍ တိတ်ဆိတ်နေသည့်အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ကျန်းယွီချန် သူ့ကို မိတ်ဆက်ပေးခဲ့၏။
“ဒါက Zအခြေစိုက်စခန်းက တပ်ကူလေ၊ သူ့အသင်းနဲ့လူစုကွဲသွားပြီး ငါတို့နဲ့ တိုးလာတာ… ဒါကတော့ သူရဲ့ ‘သမီး’”
ယင်-သမီး-ယုန် : ကျွန်မက သူ့ရဲ့သမီးမဟုတ်ဘူးလို့ !
အမျိုးသားတချို့က သူတို့သိရှိကြောင်းအမူအရာတို့ကို ချက်ချင်းပြသလာကြသည်။
“သူက ရှုယန်အသင်းရဲ့ ခေါင်းဆောင်လား၊ ကျောင်းချီယန်နဲ့ သူ့အစ်မက ငါတို့ဆီမှာပဲ၊ မင်းတို့အသင်းရဲ့ ဝံပုလွေကလည်း ဒီမှာရှိတယ်၊ သူတို့က အမဲလိုက်ဖို့ အပြင်ကိုသွားကြတာ ခနနေရင် ပြန်ရောက်လာမှာပါ”
ယင်ရိလျိုတစ်ယောက် ဤလူများ ပြောသည့်စကားကို ကြားသည့်အခိုက်တွင် ဆန္ဒစောနေသော သူမ၏နှလုံးသားလေးမှာ နောက်ဆုံးတွင် ပြေလျော့သွား၏။
ကျောင်းကော၊ ကျောင်းကျဲနဲ့ ဟေးလန်တို့အားလုံး အဆင်ပြေကြတယ်။ သူတို့ရဲ့အသင်းထဲက တစ်ယောက်မှ မတော်တဆမဖြစ်ကြဘူး။
ဒါက တကယ်ကို ကံကောင်းလွန်းတာပဲ!
***