ထိုအမျိုးသားက စကားထပ်ပြောတော့မည့်အချိန်တွင် မူလက တိတ်ဆိတ်နေသော ရုပ်ရည်ချောမောသည့် အမျိုးသားမှ ရုတ်တရက် ကြားဖြတ်ပြောခြင်းကို ခံလိုက်ရသည်။
သူ၏အသံက အတော်လေးသြရှနေခဲ့ကာ မေးခွန်းတစ်ခုကို မေးလာခဲ့လေ၏။
“ခုနတုန်းက သေနတ်ပစ်ခဲ့တာဘယ်သူလဲ”
သူ၏နှလုံးခုန်သံက တစ်ချက်လွဲသွားသည်။ သူ ခေါင်းမော့လျှင် နက်ရှိုင်းပြီး အနည်းငယ်ရွှေရောင်အလင်းတို့ ရှိသော မျက်လုံးအစုံနှင့် ဆုံတွေ့သွားခဲ့လေ၏။
သူ၏နှလုံးသားက အညှစ်ခံလိုက်ရသည့်နှယ် ရုတ်တရက်ခံစားလိုက်ရပြီး သားရိုင်းကောင်တစ်ကောင်မှ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤအမျိုးသားကို ရန်သွားမစမိစေရန် သူ၏အလိုလိုသိစိတ်မှ ပြောနေခဲ့သည်။
သူထံတွင်လည်း လီရင်းရင်းအတွက် ကြိုက်နှစ်သက်သည့် ခံစားချက်မျိုး မရှိသောကြောင့် သူမ၏နာမည်ကို ထုတ်ပြောရန် တုံ့ဆိုင်းမနေခဲ့ပါချေ။
ကျင်းယန်က မျက်နှာပေါ်တွင် ဖတ်ရခက်သော အမူအရာတစ်ခု ဖော်ပြလာခဲ့၏။
“ကျေးဇူးတင်ပါတယ်”
ထိုအမျိုးသားက အလျှင်အမြန် လက်ကိုဝှေ့ရမ်းပြလိုက်သည်။
လီရင်းရင်းတစ်ယောက် ပြဿနာတက်ပြီဟူ၍ သူ ခံစားမိသော်ငြား ဤအတွေးက အလျှင်အမြန်ပင် ဖြတ်သန်းသွားခဲ့၏။
သူသည်က ပြုံးရွှင်နေသောမျက်နှာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လူတိုင်းကို လွှဲပြောင်းဌာနဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
“သွားကြစို့ အပြင်ဘက်မှာ စကားပြောရင်း ရပ်မနေကြနဲ့.. စကားမစပ် ကျွန်တော့်နာမည်က ချန်းဟိုင်ရှန်ပါ”
“မင်းရဲ့နာမည်က ချန်းအိုက်ရှန်*ဆိုတာကို ငါသိတယ်”
( T/n: ဒီအိုက်ရှန်က ပိုက်ဆံကိုကြိုက်တယ် ဆိုတဲ့အဓိပ္ပါယ်ပါ)
“လစ်စမ်း!”
ခင်မင်ရင်းနှီးသော အမျိုးသားများက ရယ်မောပြီး ကျီစယ်နောက်ပြောင်နေလျက် လူတိုင်းကို အတွင်းဘက်မှ နေရာများကို ပြသပေးနေကြ၏။
ယင်ရိလျိုက သူမ၏ဘေးမှ ခန့်မှန်းရခက်သော အမူအရာတို့ ပြည့်နှက်နေသော အမျိုးသားကိုကြည့်ပြီး မထိန်းနိုင်ဘဲ သူ၏နားအနီးတွင် တီးတိုးပြောလိုက်သည်။
“စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်.. အိုကေ?”
သူမက ထင်ယောက်ထင်မှား ဖြစ်နေခြင်းမဟုတ်ပါချေ။ အနည်းငယ်လောက် အရှက်မရှိပြောရမည်ဆိုလျှင် ဤရွှေပေါင်လုံးက သူမနှင့်ပက်သက်၍ အတော်လေးဂရုစိုက်သည်ဟု ခံစားရလေ၏။
ကျင်းယန်တစ်ယောက် သူမအတွက် ရပ်တည်ပေးမိသည့်အတွက် အမျိုးသားဇာတ်လိုက်၊ အမျိုးသမီးဇာတ်လိုက်များနှင့် ပြသနာဖြစ်ပွားလာမည်ကို သူမ အမှန်တကယ်ပင် ကြောက်နေခဲ့သည်။
ကျင်းယန်က သူမ၏တလက်လက်တောက်ပနေသော မျက်လုံးများကို ကြည့်ပြီး အနည်းငယ်လောက် ပန်းရောင်သန်းနေသော နှာခေါင်းလေးကို ညင်သာစွာ ထိလိုက်၏။
“ကောင်းပြီ”
သူ၏မျက်လုံးများက လေးနက်လွန်းသောကြောင့် သူက ဒေါသမထွက်တော့သည်လား သို့မဟုတ် တခြားအတွေးများရှိသည်လားကို မရှင်းလင်းပါချေ။
“ကျင်းယန် ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ”
လျို့ကျန်းက သူ့ကိုလာနှုတ်ဆက်ကာ သူ့ကို လေးစားသည့်အရိပ်အယောင်နှင့် ကြည့်နေခဲ့ပြီး မျက်လုံးထဲတွင်လည်း အံ့သြသည့်အရိပ်များပြည့်နေခဲ့သည်။
ဤတမူထူးကဲစွာ ချောမောသော အမျိုးသားကို သူမ နောက်ဆုံးအကြိမ် တွေ့ခဲ့ချိန်က သူ၏ခြေထောက်များက မသန်စွမ်းဖြစ်နေဆဲပင်။
သူသည်က ဖြူဖျော့သောအသားအရည်ဖြင့် အနက်ရောင်ဝှီးချဲပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏မျက်ခုံးများနှင့် မျက်လုံးများကလည်း နာမကျန်းမှုကြောင့် မှုန်သုန်သည့်လေထုကိုသာ သယ်ဆောင်နေခဲ့၏။
ယနေ့ သူမ၏ရှေ့တွင် ရပ်နေသောကျင်းယန်သည်ကညး အသက်ဝင်ပြီး ကျန်းမာနေခဲ့သည်။
သူက ရှန်းယင်ကျိုးထက် အနည်းငယ်ပို၍ အရပ်ရှည်ပြီး စွမ်းအားကိုချုပ်ထိန်းထားသည့် ခံစားချက်တစ်မျိုးက ဖြာထွက်နေခဲ့၏။
သူ၏တည်ရှိမှုတစ်ခုလုံးက အင်အားကို ထုတ်လွှတ်နေပြီး အကြည့်တစ်ချက်နှင့်ပင် သူက သွားရှုပ်၍ရသည့်သူ မဟုတ်ကြောင်း လူတိုင်း ပြောနိုင်လေသည်။
သူမ၏အကြည့်က ကျင်းယန်၏ဖြောင့်တန်းပြီး သွယ်လျသော ခြေထောက်များထံသို့ ဖျတ်ခနဲရောက်သွားပြီး စိတ်ထဲတွင် ချင့်ချိန်တွေးဆနေကာ အပြုံးတစ်ခုနှင့် လက်ကိုဆန့်ထုတ်လိုက်လေ၏။
ကျင်းယန်က ဒီကြားထဲမှာ ဘာတွေကြုံတွေ့ခဲ့ရတာလဲ။ သူရဲ့ခြေထောက်တွေကို ဘာက ကုသပေးခဲ့တာလဲ?။
ကျိုးနေသောခြေထောက်များကို ပြန်ကောင်းစေနိုင်သည့် တစ်စုံတစ်ရာက အံ့သြဖွယ်ဖြစ်ရပ်တစ်ခုသက်သက်သာ မဟုတ်ကြောင်း သိနိုင်သည်။
သူက “စွန့်စားခန်း” တစ်မျိုးမျိုးကို ကြုံတွေခဲ့ရခြင်း ဖြစ်ရမည်ပင်။
သူမ၏ကိုယ်ပိုင် ပြန်လည်မွေးဖွားလာမှုနှင့် လမ်းခရီးတွင် ရရှိခဲသည့်စွမ်းရည်များကြောင့် လျို့ကျန်းမှာ ဤသည်က သာမာန်လောကကြီးတစ်ခု မဟုတ်ကြောင်း ပိုပိုပြီး ယုံကြည်လာခဲ့၏။
သူမသာ “စွန့်စားခန်း”တစ်ခုကို ရရှိနိုင်လျှင် တခြားသူများလည်း ရနိုင်လောက်မည်ဖြစ်သည်။
ဤအခြေအနေမှတဆင့် ကျင်းယန်က ဖြတ်လျှောက်တစ်ယောက်မျှသာ မဟုတ်ကြောင်းကို သေချာပေါက် ညွှန်ပြနေခဲ့၏။
သူက အရေးကြီးသော ဇာတ်ကောင်တစ်ခုဖြစ်နိုင်သည်။ သူ့ကို အစပိုင်းကတည်းက သူတို့၏အသင်းထဲသို့ ခေါ်မသွင်းနိုင်သည့်အတွက် သူမ နောင်တရနေခဲ့သည်။
ကျင်းယန်၏အမူအရာက အေးစက်နေဆဲဖြစ်ပြီး သူ၏ရှေ့သို့ ဆန့်တန်းထားသော သွယ်လျလျလက်ကိုတစ်ချက်ကြည့်၍ အေးစက်စွာပြောခဲ့၏။
“တောင်းပန်ပါတယ်.. ဒါပေမယ့် ငါ လက်မအားဘူး”
သူက သူ၏လက်နှစ်ဖက်လုံးဖြင့် ယင်ရိလျိုကို ပွေ့ထားသောကြောင့် သူ၏ကလေးကို ဂရုစိုက်နေသော အဖေတစ်ယောက်၏ ထင်မြင်ချက်မျိုးကို ပေးနေခဲ့သည်။
ယင်ရိလျိုတစ်ယောက် မှားယွင်းခံရသည်ဟု မခံစားရဘဲ မနေနိုင်ချေ။
ကျင်းယန်က သေချာပေါက် ခုတင်ကိုတောင် လက်တစ်ဖက်တည်းဖြင့် မ’နိုင်သော အမျိုးသားတစ်ယောက်ဖြစ်ပြီး သူမကိုလည်း အများအားဖြင့် လက်တစ်ဖက်တည်းဖြင့် အင်အားစိုက်ထုတ်ရန်မလိုဘဲ ချီနိုင်၏။
သို့သော် ယခုချိန်တွင်တော့ သူမက လေးလံပြီးဝသည်ဟု ခံစားရအောင် လုပ်နေခဲ့သည်။
သို့သော်ငြား ကျင်းယန်၏အဖက်မလုပ်သော စိတ်သဘောထားက သူမ၏နှလုံးသားထဲမှ တင်းအားကို ပြေလျော့သွားစေကြောင်း ဝန်ခံရမည်။
ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်က ပြန်လည်မွေးဖွားလာပြီးနောက် အမျိုးသားများ၏ တမ်းတမ်းစွဲ ဖြစ်လာခဲ့ပြီး ထင်ရှားသောဇာတ်ကွက်ရရှိသည့် အမျိုးသားဇာတ်ပို့ဇာတ်ကောင် မှန်သမျှက အမျိုးသမီးဇာတ်လိုက်၏ ပြီးပြည့်စုံခြင်းကြောင့် ဆွဲဆောင်ခံရလိမ့်မည်။
မသိစိတ်ထဲ၌ အမျိုးသမီးဇာတ်လိုက်၏ ရောင်ခြည်က ကျင်းယန်ကိုပါ ဆွဲထုတ်သွားမည်ကို သူမကြောက်နေခဲ့၏။
ကျင်းယန်၏လျစ်လျူရှူသော တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခိုက် တွင် သူမ ပျော်ရွှင်ဝမ်းမြောက်မှုအနည်းငယ်ကို ခံစားလိုက်ရသော်ငြား သူမ၏မူမမှန်သော ခံစားချက်များကို အလျှင်အမြန် ဖိနှိပ်လိုက်သည်။
လျို့ကျန်း၏အမူအရာက မပြောင်းမလဲရှိနေဆဲဖြစ်ကာ သူမ၏အကြည့်ကို ကျင်းယန်၏လက်မောင်းထဲမှ ယင်ရိလျိုအပေါ်တွင် အာရုံစိုက်လိုက်၏။
သူမထံသို့ ကျရောက်နေသော ထိုအမျိုးသမီး၏အကြည့်ကို ယင်ရိလျိုသည်လည်း ခံစားမိသောကြောင့် စိတ်လှုပ်ရှားသွားရသည်။
တစ်ချိန်တည်းတွင် သူမ၏ရင်ဘတ်လေးကို ကော့ပြီး မတ်မတ်ထိုင်လိုက်မိသည်။
“သမီးက ချစ်စရာကောင်းတဲ့ ကလေးလေးပဲ.. သမီးက ကျင်းယန်ရဲ့ အဖိုးတန်ယုန်လေးလား?”
လျို့ကျန်းအနေဖြင့် အစောပိုင်း ကျင်းယန်ထွက်သွားခဲ့ချိန်က ကျင်းယန်မှ ယုန်ဖြူလေးတစ်ကောင်ကို ကိုင်ထားကြောင်းကို မှတ်မိနေသေးသည်။
ယင်ရိလျို၏ခေါင်းပေါ်မှ ယုန်နားရွက်များကို မြင်လိုက်ရလျှင် သူမက ချက်ချင်းပင် ထိုသို့ ယူဆလိုက်သည်။
ယင်ရိလျိုက ချိုသာသောအပြုံးတစ်ခုကို ဖျတ်ခနဲပြုံးလိုက်ပြီး ပြောခဲ့သည်။
“ဟုတ်ပါတယ် အန်တီလှလှလေး.. တွေ့ရတာဝမ်းသာပါတယ်”
လျို့ကျန်း:...
ဒီကလေးမလေးက သူမရဲ့အသွင်အပြင်အတိုင်း အပြစ်ကင်းစင်ပြီးချစ်စရာကောင်းတာမျိုးမဟုတ်ဘူးလို့ သူမ ဘာလို့ခံစားနေရတာလဲ?
လျို့ကျန်း သူမ၏နူးညံ့သော အပြုံးကိုဆက်ထိန်းထားပြီး မေးမြန်ခဲ့၏။
“အသက်ဘယ်လောက်ရှိပြီလဲ?”
သူမက ယင်ရိလျိုကို အတော်လေးစိတ်ဝင်စားနေသည့်နှယ် ဟန်ဆောင်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ကျင်းယန်မှ ကြားဖြတ်ပြောခဲ့၏။
“ဟိုဘက်ကို သွားကြစို့”
လျို့ကျန်းပြုံးလိုက်ပြီး သူမ နားလည်ကြောင်းကို ဖော်ပြခဲ့သည်။ ကျင်းယန်က ကလေးမလေးကို ပွေ့လျက်အဝေးသို့ လျှောက်သွားသည်ကို စောင့်ကြည့်နေရင်း သူမ၏နှလုံးသားထဲတွင် အကြောင်းအရာများစွာကို တွေးဆနေခဲ့၏။
လွှဲပြောင်းဌာနဝင်ပေါက်၏ ဘေးဘက်တွင်တော့ လဲ့ရူသိုက လင်းကျားကို အားရမြူးထူးစွာ ကြည့်နေခဲ့ကာ ခနဲ့လာခဲ့သည်။
“နင်အခု ဘာပြောချင်သေးလဲ.. နင်ကမကောင်းဆိုးဝါးတစ်ကောင်ဆိုတာကို ငါ့အစ်ကို မြင်ပြီးသွားပြီ”
လင်းကျားက လဲ့ရူသိုကို အကြည့်တစ်ချက်ပေးရန်ပင် စိတ်အနှောင့်အယှက် အဖြစ်မခံချေ။
သူမက ခင်ပွန်းဖြစ်သူ၏ သဘောထားကိုသာ ပို၍ စိတ်ပူနေခဲ့၏။
သူမ၏ခြေထောက်ဘေးတွင် လဲလျောင်းနေသော ဧရာမအင်းစက်ကြီးမှာ သူမ၏ခန္ဓာကိုယ်ထဲမှ သန္ဓေသားမှ ဖြစ်တည်လာခြင်းဖြစ်သည်။
သူသည်လည်း အဖေဖြစ်သူဆီမှ သွေးသားတော်စပ်မှုကို သဘာကျစွာ ခံစားရလေ၏။ ထို့ကြောင့် ခုခံရန် မစွမ်းသာဘဲ လဲ့ဟုန်ရီဆီ ဦးတည်၍ တွားသွားခဲ့မိသည်။
နက်ပြောင်နေသော ခန္ဓာကိုယ်၊ ချွန်ထက်သော ဆူးချွန်များနှင့်အတူ သူ၏ ဒူးခေါင်းနီးပါးမြင့်သော ဧရာမအင်းစက်ကြီးကို မြင်လိုက်ရသည့်အခိုက်တွင် လဲ့ဟုန်ရီတစ်ယောက် ရွံ့ရှာစွာဖြင့် နောက်တစ်လှမ်းဆုတ်လိုက်မိလေ၏။
သူ၏အမူအရာကို မြင်လိုက်ရသည့် လင်းကျားသည်ကား အလွန်ပင် ကြောင်အမ်းတိတ်ဆိတ်သွားခဲ့သည်။
“ရွံ့စရာကောင်းတယ် အဝေးကိုသွားစမ်းပါ! ”
လဲ့ရူသိုက အစ်ကိုဖြစ်သူ၏နောက်သို့ ဝင်ပုန်းလျက် အော်ခဲ့လေသည်။
ထိုသတ္တဝါက ဆူးချွန်များကို သတိထား၍ပြန်သိမ်းလိုက်၏။ လဲ့ဟုန်ရီသည်ကား ရွံ့ရှာနေခဲ့သော်လည်း ထိုခံစားချက်၏အလယ်တွင် တမူထူးခြားသော ပဲ့တင်ခြင်းတစ်ခုကို ရှင်းမပြနိုင်အောင် ခံစားလိုက်ရ၏။
တိုတောင်းသော အခိုက်အတန့်အတွင်း ထိုသတ္တဝါဂရုစိုက်မှုကို သူနားလည်နိုင်သကဲ့သို့ပင်။ သို့သော်ငြား ဤခံစားချက်က တိုတောင်းသောကြောင့် လဲ့ဟုန်ရီ၏ ရွံ့ရှာမုန်းတီးခြင်းကသာ ဖုံးလွှမ်းသွားပြီး အနားမှ ထိုင်ခုံတစ်လုံးကို ဆွဲယူ၍ အရှေ့ကို အားပြင်းပြင်းဖြင့် ရမ်းလိုက်မိသည်။
ထိုင်ခုံ၏ ခြေထောက်က ဧရာမအင်းစက်ကြီး၏ ပေါင်းစပ်မျက်လုံးကို ပွတ်တိုက်သွားခဲ့လေ၏။
အင်းစက်ကြီးမှာ နာကျင်လွန်းပြီးအော်ဟစ်သံကို ထုတ်လွတ်လိုက်သော်လည်း ချွန်ထက်သောခြေထောက်များကို ဆန့်မထုတ်မိအောင် ထိန်းချုပ်ထားဆဲဖြစ်ပြီး ချုပ်ထိန်းထားသော ကိုယ်နေဟန်ထားကိုသာ ထိန်းသိမ်းထားခဲ့သည်။
သူက အတော်လေး ရန်လိုနေပုံရသော်လည်း နောက်သို့တစ်လှမ်းဆုတ်လိုက်လေ၏။
ဆိုရလျှင် အင်းစက်ကြီးမှာ အခြေခံဖြစ်သော အသိစိတ်အနည်းငယ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ယခုအချိန်တွင် သူနှင့်သွေးသားတော်စပ်သော အမျိုးသားထံမှ ရွံ့ရှာမုန်းတီးစွာ မောင်းထုတ်ခြင်းကို ခံလိုက်ရသည့်အတွက် အနည်းငယ်လောက် မှားယွင်းဆက်ဆံခံရသည့်နှယ် ခံစားရလေသည်။
လင်းကျားက တုန်ရီနေသော အသံဖြင့် ပြောခဲ့၏။
“ပြန်လာခဲ့! ထပ်မသွားနဲ့တော့!”
သူမအနေဖြင့် ရုတ်တရက် နာကျင်မှုထဲတွင် ရောနှောနေသော စိတ်ရှုပ်ထွေးမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကို ခံစားခဲ့ရသည်။
လဲ့ဟုန်ရီကို ရှာဖွေနေသည့် သူမ၏ မဆုတ်မနစ်ကြိုးပမ်းမှုက ဟာသတစ်ခုသာဖြစ်ပေပြီ။
လက်တွေ့ကျကျတွေးရလျှင် လဲ့ဟုန်ရီ၏အမှားမဟုတ်ကြောင်းကို သူမနားလည်သော်လည်း၊ အင်းစက်များကို မနှစ်သက်ခြင်းက သာမာန်တုံ့ပြန်မှုဖြစ်နိုင်သော်လည်း..
အင်းစက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သော ကလေးဆီသို့ တိုက်ရိုက်ဦးတည်နေသည့် သူ၏ မျက်လုံးထဲမှ သံသယဖြစ်မှုနှင့် မနှစ်မြို့မှုကို မြင်ရခြင်းက သူမကို နက်နက်ရှိုင်းရှိုင်း စိတ်ပျက်သွားစေခဲ့သည်။
ဘဝသက်တမ်းတစ်ခုတည်းတွင် သူမ တောင့်တခဲ့သည့် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်က အမှောင်ထုထဲသို့ ပြုတ်ကျသွားခဲ့လေ၏။
***