ယင်ရိလျိုတွင် စိတ်ကူးတစ်ခုရှိရှိခဲ့သည်။
ဆိုရလျှင် ယင်ရိလျိုအနေဖြင့် လင်းကျားသာ ဆန္ဒရှိလျှင် သူမကို သူတို့၏အသင်းသို့ ဝင်ရန်ဖိတ်ခေါ်ချင်နေခဲ့သည်။ လင်းကျားက သူမ၏အသက်ကို ကယ်တင်ခဲ့သည့်အတွက်သာမကဘဲ လင်းကျားက လူကောင်းတစ်ယောက်ဟုလည်း ထင်မိသောကြောင့်သာဖြစ်ပေ၏။
သို့သော်လည်းတစ်ချိန်တည်းတွင် သူမ တုံ့ဆိုင်းနေခဲ့ပြန်သည်။ ကျင်းယန်က ကျောင်းမောင်နှမကို သူမ၏စိတ်လိုက်မာန်ပါလုပ်တတ်သော သဘောထားသက်သက်ကြောင့်သာ လက်ခံခဲ့ခြင်းဖြစ်ကြောင်းကို သူမသိသည်။
သို့သော် နောက်ပိုင်းတွင် ထိုလုပ်ဆောင်ချက်များ၏ မှန်ကန်မှုကို ပြန်လည်မေးခွန်းထုတ်စရာဖြစ်လာခဲ့၏။
ကံကောင်းစွာဖြင့် အသင်းက တဖြည်းဖြည်းပို၍ ရင်းနှီးလာကြပြီး မိသားစုတစ်ခုကဲ့သို့ဖြစ်လာသောကြောင့် သူမ၏သောကများကို ဖြည်းညင်းစွာဖြင့် ပျောက်ပျက်သွားစေခဲ့သည်။ သို့သော်လည်း ထိုမတော်တဆမှု ဖြစ်ပြီးကတည်း သူမ ပို၍သတိထားလာခဲ့ရသည်။
အသင်း၏သဟဇာတဖြစ်မှုကို သူမ၏ ရုတ်တရက်စိတ်ကူးစိတ်သန်းများကြောင့် အမူအမဲ့အမှတ်မဲ့ ဝင်ရောက်မစွက်ဖက်ရန်နှင့် ကျင်းယန်ကို ညှိနှိုင်းခြင်းများ ပြုလုပ်ရာတွင် တွန်းအားမပေးရန် ဆုံးဖြတ်ခဲ့လေ၏။
လင်းကျား၏မျက်လုံးများက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ရွံ့စရာကောင်းသော ဧရာမအင်းစက်ကြီးကို သူမ၏ဘေးသို့ ခေါ်လိုက်သည့်မြင်ကွင်းကို လဲ့ဟုန်ရီ မြင်လိုက်ရသည်။
သူမက သတ္တဝါကြီ၏ခေါင်းပေါ်မှ နူးညံ့သောအမွှေးများကို ညင်သာစွာပွတ်သပ်ပေးနေခဲ့ပြန်သည်။
သူ့အနေဖြင့် သူမ၏ ပြောင်းလဲမှုများကို နားမလည်သဘောမပေါက်နိုင်ပါချေ။ တစ်ချိန်က အင်းစက်များကို အလွန်ကြောက်ရွံ့ခဲ့ပြီး အလွန်ထိခိုက်လွယ်ခဲ့သော အမျိုးသမီးက အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လာပါသနည်။
သူ မသိခဲ့သည့်အရာမှာ လင်းကျားက အင်းစက်လှိုင်း ဝါးမြိုစားသောက်ခြင်းခံရပြီးနောက် သူမတွင် မိသားစုဟူ၍ မရှိတော့ကြောင်း တွေ့လိုက်ရချိန်တွင် အင်းစက်များကသာ သူမ၏အပေါင်းအသင်းဖြစ်လာခဲ့သည်ကိုပင်။
သူမက ယခင်ကကဲ့သို့ ရှက်ကြောက်ပြီး ထိခိုက်လွယ်သော အမျိုးသမီးမဟုတ်တော့ချေ။
လဲ့ဟုန်ရီတစ်ယောက် သူ၏ဘဝတွင် အရေးကြီးသ့ ည်တစ်စုံတစ်ရာကို ဆုံးရှုံးသွားခဲ့သည်ဟူသော ခံစားချက်တစ်ခုကိုရရှိလိုက်ပြီး ကူကယ်ရာမဲ့မှုနှင့် ထိတ်လန့်မှုတို့ကို ခံစားရလေသည်။
သူ မထိန်းနိုင်ဘဲ လှမ်းခေါ်လိုက်မိ၏။
“ကျားကျား!”
လင်းကျားက သူ့ကို မျက်လုံးပင့်ကြည့်လိုက်လေ၏။ သူမ၏အကြည့်က သူ့ကို ရုတ်တရက်သတိပေးချက်များနှင့် ပြည့်သွားစေသည်။
တစ်ချိန်က ကြင်နာတတ်သော ထိုမျက်လုံးများထဲတွင် တည်ငြိမ်မှုနှင့် အပျက်အစီးကင်းမဲ့မှုများသာ ကျန်ရှိတော့၏။
“ဘာဖြစ်နေကြတာလဲ ၊ နင်တို့အားလုံး ဘာလို့ ဝင်ပေါက်မှာ စုပြုံနေကြတာလဲ၊ ရှိုးပွဲတစ်ခု လုပ်နေကြတာလား?”
အနည်းငယ် ကိုးယိုးကားယားနိုင်သော လေထုတို့နှင့်ပြည့်နှက်နေချိန်တွင် ကျယ်လောင်ပြီး ကြမ်းတမ်းသော အမျိုးသမီးအသံတစ်ခုက တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်သည်။
သူမ၏အသံက ယုံကြည်မှုများပြည့်ဝပြီး မြုးကြွနေခဲ့သည်။
ယင်ရိလျို အသံလာသည့်ဘက်သို့ ချက်ချင်းခေါင်းလှည့်လိုက်လေ၏။
ထိုအခိုက်တွင် ဆင့်ကဲပြောင်းလဲသူတချို့က အရှေ့ဘက်သစ်တောထဲမှ ထွက်လာကြပြီး ရှေ့ဆုံးမှလူမှာ ကြီးမားသော အစိမ်းရောင် သန္ဓေပြောင်းသားရဲအသေကောင်ကို သယ်ဆောင်ထားကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကိုမမြင်နိုင်ဘဲ လုံးလုံးလျားလျား ဖုံးအုပ်ခံရလုနီးပါးဖြစ်နေခဲ့သည်။
ရုပ်ဖျက်ဝတ်စုံဝတ်ဆင်ထားသော သူမ၏ခြေထောက်များကိုသာ မြင်နိုင်လေ၏။
ရှေ့ဆုံးမှ လူသယ်ထားသော အရာကိုမြင်သည့်အခိုက်တွင် ယင်ရိလျိုတစ်ယောက် အမျိုးသမီးအသံ၏ ပိုင်ရှင်ကို ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
ဤအမျိုးသမီးမှာ ဝဖြိုးသော သတ္တဝါတစ်ကောင်ကို သယ်ဆောင်ထား၏။
ယင်း၏အရွယ်အစားက လူတစ်ယောက်၏ အရွယ်အစားထက် နှစ်ဆရှိလုနီးပါးဖြစ်ကာ ချွဲကျိကျိ အထိအတွေ့၊ အညိုဖျော့ဖျော့ အကွက်များနှင့်အတူ မြစိမ်းရောင်တောက်တောက်ဖြင့် ဖုံးအုပ်ထားလေသည်။
ထိုသတ္တဝါက နှေးကွေးစွာလှုပ်ရှားနေပြီး ညင်သာစွာ ယိမ်းထိုးနေခဲ့သည်။
ထိုသတ္တဝါက ဧရာမ ဖားကြီးတစ်ကောင်ဖြစ်ပြီး ဤအမျိုးသမီးက ဖားကို ပုခုံးပေါ်တွင် ထမ်းထားခြင်းဖြစ်လေ၏။
အမျိုးသမီးက ရုတ်တရတ် ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ဖားကို မြေပြင်ပေါ် ကြမ်းတမ်းစွာ လွှဲယမ်းလိုက်သော်လည်း ယင်ရိလျို သူမကို ရှင်းရှင်းလင်းလင်း မမြင်ရသေးချေ။
သူမက ခါးကို ထောက်လျက် ဗလုံးဗထွေးပြောလိုက်သည်။
“မောလိုက်တာ! မင်းတို့ကောင်တွေမှာ ရေရှိလား? ငါမောလွန်းလို့ ရေဆာလာပြီ”
ယင်ရိလျို ဤအမျိုးသမီးကို ရှင်းလင်းစွာမြင်ပြီးနောက် သူမ၏မျက်လုံးဝိုင်းဝိုင်းများက ချက်ချင်းပင် တလက်လက်တောက်ပသွား၏။
ဤသည်က သူမအကြိုက်ဆုံး type ဖြစ်သော အလွန်မိုက်သည့် အစ်မကြီး အမျိုးအစားသာဖြစ်ပေသည်။
အတိတ်တုန်းကရော၊ အခုလက်ရှိ အချိန်မှာရော အကြိုက်ဆုံးပဲ!!
ထိုအမျိုးသမီးသည်က ယခင်က သူမ၏ဆံပင်များကို အရောင်ဆိုးထားခဲ့သည့်အတွက် ယခုချိန်တွင် ဆံပင်မှာ တစ်ဝက်က အနက်ရောင်ဖြစ်ကာ ကျန်တစ်ဝက်က မီးတောက်ရဲရဲအရောင်ဖြစ်နေခဲ့သည်။
သူမ၏ဆံပင်ကိုလည်း အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် ပိုနီတေးလ်ခပ်မြင့်မြင့်တစ်ခုအဖြစ် စီးထားခဲ့၏။
တိုက်ပွဲဝင်ယူနီဖောင်းကို ဝတ်ဆင်ထားကာ ရှေ့ဘက်သို့ အနည်းငယ်ဆွဲချထားသည့်အတွက် သူမ၏အစွန်းအထင်းမရှိသော ညှပ်ရိုးတစ်စွန်းတစ်စတို့က ပေါ်နေခဲ့ပြီး သားရေဖိနပ်နှင့် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
လက်ရှိတွင် သူမ၏အသင်းဖော် ပစ်ပေးလိုက်သော ရေဘူးတစ်ဘူးကို ဖမ်းလိုက်ပြီး အဖုံးကိုဖွင့်ကာ ရေကို အားရပါးရသောက်နေခဲ့လေ၏။
သူမ၏ပုံပန်းသွင်ပြင်က သိသိသာသာ လှပသော်ငြား လှုပ်ရှားမှုတိုင်းက အရိုင်းဆန်သော ချောမောမှုကို ထုတ်လွှတ်နေခဲ့သည်။
ယင်ရိလျိုတစ်ယောက် သူမ၏မျက်လုံးများမှ ဘလင်းဘလင်းအကြည့်များကို မထိန်းချုပ်နိုင်ခဲ့ချေ။
“ကျဲ ကျွန်မလည်း လုပ်ပေးနိုင်တယ်လို့” ဟူ၍ အော်နိုင်ရန် ဆုတောင်းနေမိ၏။
ဘယ်သူကများ အရမ်းမိမိုက်တဲ့ အစ်မကြီးကို မကြိုက်လို့လဲ?
ကျင်းယန်တစ်ယောက် သူ၏လက်မောင်းထဲမှ ကလေးမလေး၏ စိတ်လှုပ်ရှားမှုကို သတိထားမိခဲ့သည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမ၏ အသင်းဖော်များနှင့် စကားပြောကာ ရယ်မောနေဆဲ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး အတော်လေး ကလေးဆန်စွာဖြင့် သူ၏ခန္ဓာကိုယ်ကို ဘေးသို့ လှည့်လိုက်လေ၏။
ယင်ရိလျိုမှာ သူမ၏ချောမောသော ကျဲကျဲက ရုတ်တရက် ပျောက်ကွယ်သွားကြောင်းကို ခံစားလိုက်ရကာ အေးစက်သော ချောမောသည့်မျက်နှာတစ်ခုနှင့် အစားထိုးခံလိုက်ရသည်။
ကျင်းယန်၏ စိတ်အခြေအနေက သိပ်မကောင်းကြောင်းကို အာရုံခံစားမိနိုင်သောကြောင့် သူမ၏အရမ်းမိုက်သည့်အစ်မကြီးကို သဘောကျနေသော စိတ်အခြေအနေက ချက်ချင်း ဆုံးရှုံးသွားခဲ့ရလေ၏။
သူမ ကလေးသံလေးနှင့် မေးလိုက်သည်။
“ကော ဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ပါဘူး”
ကျင်းယန် အေးစက်စွာ ပြောလိုက်သည်။
ယင်ရိလျို:…
မဟုတ်သေးပါဘူး။
ကျင်းယန်၏ လက်ရှိသဘောထားက သေချာပေါက် တစ်ခုခုမှားနေလေသည်။
ဤသည်က “ဘာမှမဖြစ်ပါဘူး” ထက် များစွာပိုလိမ့်မည်။
သူမက သူမ၏လှည့်ကွက်များ အားလုံးကို ချက်ချင်း ထုတ်သုံးလိုက်ပြီး ချစ်စရာကောင်းမှုနှင့် ချွဲနွဲ့မှုကို ပေါင်းစည်းလိုက်သည်။
ကျင်းယန်က ကလေးမလေး၏ ချစ်စရာကောင်းအောင် ပြုမူနေသည့်အမူအရာကို စောင့်ကြည့်နေခဲ့ကာ မျက်လုံးကို အသာလှိမ့်လိုက်မိသော်လည်း သူ၏အေးစက်သော အမူအရာကတော့ တဖြည်းဖြည်း နူးညံ့သွားခဲ့၏။
သူက သူမ၏ယုန်နားရွက်များကို အကြိမ်ရေအနည်းငယ် ပုတ်လိုက်လေသည်။
“အထဲကို ဝင်ရအောင်.. အိုး ငါတို့ဆီကို အခုလေးတင် ဝင်လာတဲ့ လူချောလေးက ဘယ်သူလဲ၊ ဒါလေးကရော ဘယ်သူရဲ့ ချစ်စရာသမီးလေးလဲ?”
ဖန်ချိုးနန်က ယင်ရိလျိုနှင့် ကျင်းယန်တို့ကို ထက်ရှစွာတွေ့မြင်နိုင်ပြီး သူမ၏လက်ကိုအသာဆန့်လိုက်၏။
သူမက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့ပြီး ယင်ရိလျို၏ ပါးပြင်လေးကို လက်ဆန့်၍ ထိချင်ခဲ့သည်။
သို့သော်လည်း ကျင်းယန်က မျက်မှောင်ကြုတ်ပြီး ဘေးဘက်ကို အမြန်ရွှေ့လိုက်လေ၏။
သူမကလည်း အရှက်ရသည်ဟု မခံစားရဘဲ ပြုံးရုံသာပြုံးလိုက်ကာ အထဲသို့ ဝင်သွားခဲ့သည်။
ယင်ရိလျိုအနေဖြက့် ဤအစ်မကြီးက အလွန်မိမိုက်သောကြောင့် ထပ်၍ ငေးမောသွားခဲ့ရပြန်၏။
သူမက ချင်ဟုန်အသင်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပုံရသည်။ လျို့ကျန်းက သူမကို အဖွဲ့ထဲသို့ဝင်စေရန် မည်သို့ စည်းရုံးခဲ့ကြောင်းကိုပင် သိချင်လာခဲ့လေသည်။
လျို့ကျန်းနှင့် ရှန်းယင်ကျိုးတို့က ဆင်ခြေဖုံးရွာတစ်ခုကို ဖြတ်သန်းသွားချိန်တွင် ဖန်ချိုးနန်နှင့် ပက်ပင်းကြုံခဲ့ရခြင်းဖြစ်သည်။
သူမက လူနေကင်းမဲ့သောရွာထဲတွင် နေထိုင်သော အမျိုးသမီးတစ်ယောက်ဖြစ်ပေ၏။
နေ့စဥ်နေ့တိုင်း သူမ၏အစားအစာအတွက် အမဲလိုက်၍ ချက်ပြုတ်နေခဲ့ကာ ဤနည်းလမ်းဖြင့် နှစ်လကျော် နေထိုင်ခဲ့သည်။
သူမက တမူထူးကဲစွာ သန်မာသောကြွက်သားများနှင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်နေခဲ့၏။
သူမ၏ခန္ဓာကိုယ် တည်ဆောက်ပုံက မကြီးမားသော်လည်း သူမကိုယ်သူမ ဆန့်ထုတ်လိုက်လျှင် မယုံနိုင်လောက်အောင် ခွန်အားရှိသောကြောင့် သူမကို အန္တရာယ်ပေးရန်အတွက်ပင် မဖြစ်နိုင်လောက်ဟုထင်ရသည်။
လျို့ကျန်းက သူမကို အသင်းထဲဝင်စေရန် စည်းရုံးခဲ့ကာ ချင်ဟုန်အသင်းထဲသို့ နောက်ထပ် အသင်းဝင်တချို့ကိုလည်း ပေါင်းထည့်ခဲ့၏။
ဖန်ချိုးနန်တွင် တက်ကြွသော ကိုယ်ရည်ကိုယ်သွေး ရှိသည်။ သာမန် မိန်းကလေးတစ်ယောက်နှင့် မတူဘဲ အံ့သြသင့်စရာကောင်းအောင် ထိတွေ့သိမြင်နိုင်ပြီး အရာရာတိုင်းနီးပါးကို သိလေ၏။
အသင်းဖော်များအနေဖြင့် သူမနှင့် အလုပ်အတူတူ လုပ်ရခြင်းက အလွန်ပင် သက်တောင့်သက်သာဖြစ်ကြောင်း ရှာတွေ့ခဲ့ကြသည်။
သူတို့က ဖန်ချိုးနန်၏ နောက်မှလိုက်သွားခဲ့ကြပြီး ကျင်းယန်၏ အသိအကျွမ်းဟောင်းကြီး ရှန်းယင်ကျိုးရှိနေသော လွှဲပြောင်းဌာန၏ ဝင်ပေါက်ကို ရောက်ရှိလာခဲ့ကြ၏။
ယင်ရိလျိုက ရှန်းယင်ကျိုးကို စူးမ်းလေ့လာနေသကဲ့သို့ သူကလည်း သူတို့ကိုလေ့လာအကဲခတ်နေခဲ့သည်။
ရှန်းယင်ကျိုက ဝတ္ထုထဲမှ အမျိုးသားဇာတ်လိုက်ကဲ့သို့ အမှန်တကယ်ပင် နေထိုင်ခဲ့၏။ သူသည်က သူတို့၏လမ်းခရီးမှ အကျပ်အတည်းများ အားလုံးကို ဖြတ်ကျော်ပြီးနောက် သိသိသာသာ ရင့်ကျက်လာခဲ့သည်။
ထိုသူ၌ သိမ်မွေ့သော အသွင်အပြင်များ၊ ရှည်သွယ်၍ အနည်းငယ် အပေါ်ဘက် ကော့တက်နေသော မျက်လုံးများ ရှိသော်ငြား ယင်ရိလျိုကတော့ ကျင်းယန်ကိုသာ ကြိုက်နှစ်သက်နေဆဲပင်။
ကျင်းယန်၏ပြတ်သားပြီး သိသာထင်ရှားသော မျက်နှာအသွင်အပြင်က မငြင်းပယ်နိုင်သည့် ရန်လိုသောညှို့ဓာတ်များရှိနေသောကြောင့် လူတိုင်းကို ဒူးများ ပျော့ခွေသွားစေနိုင်သည်။
ကျင်းယန်၏ အပြည့်အဝကောင်းသွားသော ခြေထောက်များကို တွေ့သည့်အခိုက်တွင် ရှန်းယင်ကျိုး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့၏။
သူ၏မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ရှိသော်ငြား မျက်လုံးများက အေးစက်နေခဲ့သည်။
သူ ပြောလာခဲ့သည်။
“ငါတို့ ထပ်တွေ့ပြန်ပြီ”
ကျင်းယန်က မည်သည်ကိုမှ ပြန်မပြောချေ။ သူတို့နှစ်ဦးလုံးထဲတွင် တစ်ဦးကမှ နှုတ်ဆက်ရန်အတွက် လက်မဆန့်ကြပေ။
ကျန်းယွီချန်နှင့် တခြားသူများအပါအဝင် သူတို့၏အနားမှ လူများသည်လည်း ဤလူနှစ်ယောက်ကြားတွင် ထင်ရှားသော တင်းအားရှိနေကြောင်းကို နားလည်သွားခဲ့ကြ၏။
***