ယင်ရိလျိုက သူတို့ကို အချိန်ကြာကြာ မစူးစမ်းခဲ့ချေ။ သူမ၏အကြည့်က ရှန်းယင်ကျိုး၏နောက်မှ လူအုပ်ဆီသို့ ကျရောက်သွားပြီး ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့လေသည်။
သူမ ကျင်းယန်၏လက်မောင်းကို ပုတ်၍ သူမကို အောက်ချပေးရန် အချက်ပြလိုက်၏။
ထို့နောက် သူမက တဟုန်ထိုးပြေးသွားကာ အနက်ရောင်အရိပ်ကြီးဆီသို့ ခုန်ဝင်လိုက်သည်။
“ရှောင်ဟေး! ငါ နင့်ကို အရမ်းလွမ်းနေတာ”
အနက်ရောင်ဝံပုလွေသည်လည်း မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားလာခဲ့၏။ ဤဝံပုလွေမှာ အများအားဖြင့် အဖက်မလုပ်တတ်သောအမူအရာမျိုးသာ ရှိနေတတ်သော်လည်း လက်ရှိအချိန်တွင် စိတ်လှုပ်ရှားမှုကို မခုခံနိုင်တော့ပါချေ။
ဝံပုလွေက သူ၏အမြီးကို မြန်ဆန်စွာ ယမ်းနေပြီး ယင်ရိလျိုကို သူ၏ကျောပေါ်တွင် လှိမ့်ခွင့်ပြုထားလိုက်သည်။
ဝံပုလွေက တခဏမျှ ညည်းပြီးနောက် အသံလှိုင်းများကို ပို့လွှတ်လိုက်လေ၏။
“မင်း ထပ်ပြီး ဝိတ်တက်လာပြန်ပြီ”
ယင်ရိလျိုတစ်ယောက် အနက်ရောင်ဝံပုလွေကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် သူမ၏ အနောက်မှ အပြုံးများနှင့်ပြည့်နေသော အသံကို ကြားလိုက်ရသည်။
“ဒါကဘာလဲ? ဟေးလန်ကိုပဲ လွမ်းတာလား ကောကိုရော မလွမ်းဘူးလား?”
သူမ ခေါင်းမော့ကြည့်လိုက်လျှင် သူမကို ပြုံးပြနေသော ကျောင်းချီယန်ကို မြင်လိုက်ရ၏။
သူမက တလက်လက်တောက်ပနေသော မျက်လုံးဖြင့် အားပါးတရပြုံးလိုက်လေသည်။
“ကောကိုလည်းလွမ်းတယ် ကျောင်းကော”
ကျောင်းချီယန်က အားရပါးရပြုံးပြီး ပြောလာခဲ့၏။
“ငါလည်း ထုထုကို လွမ်းတယ်”
သို့သော်လည်း ကျင်းယန်က အနီးတွင် ရှိနေသောကြောင့် သူ့အနေဖြင့်ကလေးမလေးကို ကောက်ချီပြီး အားရပါးရမပွေ့ဖက်မိအောင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ရသည်။
သူမ၏ခေါင်းကို ပုတ်ရန်အတွက်သာ သတ္တိအနည်းငယ်ရှိနေခဲ့လေ၏။
“ကျောင်းကျဲရော ဘယ်မှာလဲ”
ယင်ရိလျိုက ခြေဖျားထောက်လျက် တခြားသူများကြားတွင် ရှာကြည့်သော်ငြား ကျောင်းစီဟွေ့ကို မမြင်သောကြောင့် မေးမြန်းလိုက်လေ၏။
“ငါ့အစ်မနဲ့ တခြားအသင်းက အမဲလိုက်ဖို့ ထွက်သွားကြတာ သူတို့ ပြန်မလာကြသေးဘူး”
သူက ကျင်းယန်၏အနီးသို့သွားကာ တစ်ယောက်၏ပခုံးကို တစ်ယောက် ဖက်လိုက်ကြလေ၏။ မည်သည့်အရာကိုမှ မပြောသော်ငြား သူတို့ကြားတွင် အရာအားလုံးကို နားလည်ထားခဲ့ကြသည်။
သူတို့ လွှဲပြောင်းဌာနကိုဝင်ပြီးနောက်တွင် သူတို့၏လက်တလော အတွေ့အကြုံများကို ဝေမျှခဲ့ကြပြီးနောက် တစ်ယောက်၏အတွေ့အကြုံကို တစ်ယောက် သိရှိသွားခဲ့ကြလေ၏။
ကျောင်းမောင်နှမနှင့် အနက်ရောင်ဝံပုလွေမှာ မြေအောက်ထဲသို့ ကျသွားချိန်တွင် နောက်ထပ် လူအုပ်စုတစ်စုနှင့် တွေ့သွားခဲ့သည်။
ကံကောင်းစွာဖြင့် ကျောင်းစီဟွေ့က ပြုတ်ကျချိန်တွင် လက်နက်ကြီးတစ်ခုကို ကိုင်လျက်သား ဖြစ်နေခဲ့၏။
သူတို့က သူမ၏လက်နက်ကြီးများနှင့် လူအရေအတွက်အပေါ် အားကိုး၍ အပြင်ထွက်ပေါက်ကို ဖောက်ခွဲခဲ့ကြသည်။
ထို့ကြောင့် သဘာဝကျစွာဖြင့် သူတို့က ယင်ရိလျိုနှင့်ကျင်းယန်တို့ မတိုင်ခင် ထွက်လာနိုင်ခဲ့ကြ၏။
လင်းကျားအတွက်ကတော့ သူမက မူလကတည်းက ပိုးကောင်များသာ ဖြစ်သောကြောင့် ထိုနွယ်ပင်များက သူမကို မဖမ်းနိုင်ချေ။
သူမက အနားတွင် စောင့်နေခဲ့ပြီး လူတိုင်းထွက်လာသည်ကို မြင်လိုက်ရလျှင် သူတို့နှင့်ပူးပေါင်းခဲ့သည်။
ကျောင်းချီယန်က လှည့်ပတ်ကြည့်လိုက်သော်ငြား လင်းကျားကို မမြင်တွေ့ခဲ့သောကြောင့် မျက်ခုံးကို တွန့်ချိုးလိုက်မိပြီး မေးခဲ့၏။
“ကျားကျဲ ဘယ်မှာလဲ”
ကျောင်းချီယန်၏ ပြောစကားများအရ လင်းကျားနှင့် လဲ့ဟုန်ရီ၏ဆက်ဆံရေးက သူမ ထင်ထားသလောက်ပင် မကောင်းကြောင်း ယင်ရိလျို သိသွားခဲ့သည်။
နောက်ဆုံး၌ လဲ့ဟုန်ရီတထံ၌ ဤမျှလောက်အထိ ပြဿနာရှာသော ညီမတစ်ယောက်ရှိပြီး အလယ်တွင် ညှပ်နေခဲ့သည့်အတွက် လင်းကျားက အလွန်အမင်း စိတ်ပျက်သွားခဲ့၏။
“ကျားကျဲက လဲ့မောင်နှမနဲ့အတူ မထွက်သွားချင်တော့တာလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်.. လဲ့ရူသိုရှိနေတာကို အရမ်းပြဿနာများနေပြီလေ”
ဤစကားကို ကြားလျှင် လင်းကျားကို အသင်းသို့ ဖိတ်ခေါ်ချင်သည့် ယင်ရိလျို၏ဆန္ဒက ပို၍ကြီးထွားလာခဲ့သည်။ သူမက သူမ၏ အဝတ်အစားကို တင်းကြပ်စွာဆုပ်ကိုင်၍ ချင့်ချိန်တွေးတောနေခဲ့၏။
တံခါးအပြင်ဘက် ထောင့်ဘက်တွင်တော့ လင်းကျားနှင့် လဲ့ဟုန်ရီက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေခဲ့ကြသည်။
“ကျားကျား မင်း….”
လဲ့ဟုန်ရီတစ်ယောက် တစ်ခုခု ပြောချင်သော်ငြား ဤအခိုက်အတန့်တွင် သူပြောမည့် စကားတိုင်းက မသင့်လျော်ဟု ခံစားနေရ၏။
သူ မျက်ခုံးကိုသာတွန့်ချိုး၍ အချိန်ကြာမြင့်စွာ ချင့်ချိန်စဥ်းစားပြီးနောက် ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ ကိုယ် ရှောင်သိုနဲ့ စကားပြောလိုက်မယ်.. မင်းက သူမရဲ့ယောင်းမအဖြစ် အမြဲတမ်းရှိနေမှာပါ..
မင်း သူမကို နည်းနည်းလောက် ပိုပြီး သည်းခံပေးလို့ရမလား၊ ပြောရရင် သူမက ငယ်သေးတယ်လေ.. ကိုယ့်ကို ထည့်ပြီး စဥ်းစားပေးပါဦး”
လင်းကျားအနေဖြင့် ခင်ပွန်း၏သဘောထားကွဲလွဲမှုနှင့် နာကျင်နေသောအမူအရာကို ကြည့်လိုက်ပြီး စိတ်နှလုံး၏ အတွင်းဘက်အနက်ရှိုင်းဆုံးနေရာမှ အတော်လေး ထုံကျင်မှုကိုသာ ခံစားမိရသည်။
ဘယ်လိုရလဒ်မျိုးကို သူမ လိုချင်ခဲ့တာလဲ။
သူမ မသိသော်လည်း ဤရလဒ် မဟုတ်ကြောင်းကိုတော့ သူမ၏နှလုံးသားထဲတွင် အလွန်ရှင်းလင်းနေခဲ့သည်။
ဆိုရလျှင် သူမလိုချင်သည့်ရလဒ်က အပေါ်ယံ၌ လဲ့မောင်နှမနှင့် တိုက်ခိုက်နေပြီး အတွင်းဘက်တွင် စိတ်မပိုင်းဖြတ်နိုင်မျိုး မဟုတ်ပါချေ။
သူမ၏ခင်ပွန်းသည်က အလယ်တွင် တုံ့ဆိုင်းပြီး ဆုံးဖြတ်ချက်များပင် မချမှတ်နိုင်သည့်ရလဒ်ကိုလည်း မလိုအပ်ပေ။
သူမနှင့် သူမ၏ကလေးမှာ သူတို့၏ အပြစ်ရှာပြီး စော်ကားခံရသည့် ဤအခြေအနေတွင် အဆုံးသတ်သွားရမည် ဓားစာခံဖြစ်မနေသင့်ပါချေ။
သူမ အဖြေရှာနိုင်သွားပေပြီ။
သူမကသာ လဲ့ဟုန်ရီအတွက် ခက်ခဲအောင် ပြုလုပ်နေခြင်း ဖြစ်ပေသည်။
ဒါဆို ဘာကြောင့် သူမရဲ့မျှော်လင့်ချက်ဆိုတာကို မရပ်တန့်လိုက်ရမှာလဲ။
သူမက နှစ်ပေါင်းများစွာ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့သည့် သူမ၏ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် အလွန်လေးနက်တည်ငြိမ်စွာဖြင့် ပြောခဲ့၏။
“ရှင် ရုန်းကန်နေစရာ မလိုပါဘူး၊ ကျွန်မ ရှင်နဲ့အတူ မသွားတော့ဘူး၊ အခုချိန်ကစပြီး ရှင့်ရဲ့အနားမှာ ကျွန်မ မတည်ရှိခဲ့သလိုမျိုး နေလိုက်ပါ.. ကိုယ့်ဘဝနဲ့ကိုယ်နေလိုက်ကြတာပေါ့”
“မင်းဘာတွေ ပြောနေတာလဲ”
လဲ့ဟုန်ရီက ဤသည်ကို လက်မခံနိုင်ပေ။
သူက ဇနီးဖြစ်သူ၏၏လက်ကို လှမ်းဆွဲရန်အတွက် လက်ဆန့်လိုက်သော်ငြား လင်းကျား၏လက်မောင်းက ပိတုန်အနက်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရလေ၏။
သူချက်ချင်း ပြန်ဆုတ်လိုက်ပြီး သူ၏မျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။
ထို့နောက်တွင် သူပြုလုပ်ခဲ့သည့် အရာကို သတိထားမိသွားရပြီးနောက် လင်းကျား၏ ပို၍ခါးသက်သော အမူအရာကို မြင်လိုက်ရလေ၏။ သူ ရုတ်တရက် ဂနာမငြိမ်ဖြစ်သွားခဲ့ရသည်။
“ကျားကျား ကိုယ့်ကို ရှင်းပြခွင့်ပေးပါဦး”
“ကျွန်မကို မထိနဲ့”
လင်းကျား၏အသံက တုန်ရီနေခဲ့၏။
“တစ်ဖက်လူအတွက် ဂုဏ်သိက္ခာလေး နည်းနည်းလောက် ထိန်းထားရအောင်”
သူမ လဲ့ဟုန်ရီ၏နောက်ကိုလိုက်၍ အမုန်းတရားများကို သည်းခံကာ လဲ့ရူသိုနှင့်အတူတူနေနိုင်လျှင်ပင် သူမကို ရွံ့ရှာစွာ ကြည့်နေမည့် ခင်ပွန်းဖြစ်သူကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
သူတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လိုမျိုး ထွေးပွေ့မှာလဲ။
တစ်ယောက်ကိုတစ်ယောက် ချစ်ရုံပဲ ချစ်ပြီး အဝေးမှာနေကြမှာလား။
သူမ နှုတ်ခမ်းကိုဖိကပ်လိုက်မိကာ သူမ၏ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ရီနေခဲ့လေသည်။
သူမ လဲ့ဟုန်ရီကို ဖြတ်ကျော် အိမ်ထဲဝင်သွားခဲ့၏။
သို့သော် သူမ စင်္ကြံလမ်းသို့ ရောက်သည့်အခိုက်တွင် သူမစိတ်ထဲမှ ခါးသီးသောခံစားချက်တစ်ခုက ရုတ်တရက် မြှင့်တက်လာခဲ့သည်။
သူမ နောက်သို့ပြန်လှည့်ကာ စိတ်ပျက်မှုများ ပြည့်နှက်နေသည့် လဲ့ဟုန်ရီကို ကြည့်လိုက်၏။
ထိုအခြေအနေက သူမကို စိတ်ကျေနပ်မှုအနည်းငယ်ရရှိစေလေ၏။ ထို့ကြောင့် တစ်ဖက်လူကို ပြန်လည်တိုက်ခိုက်လိုက်သည်။
“ရှင်ယုံချင်ရင်ယုံ မယုံချင်ရင်လည်းနေလိုက်၊ ကျွန်မကို အင်းစက်လှိုင်းထဲကို တွန်းချခဲ့တာက ရှင့်ရဲ့ညီမအလိမ္မာလေးပဲ ..
နောက်ပြီးတော့ ရှင်သိလား၊ ရှင် အရမ်းကို မနှစ်မြို့ဖြစ်နေခဲ့တဲ့ အဲဒီရွံ့စရာအင်းစက်ကြီးကလည်း ကျွန်မတို့ရဲ့ ကလေးပဲ.. အတွန်းချခံလိုက်ရတုန်းက ကျွန်မမှာ ကိုယ်ဝန်ရှိနေခဲ့တာ”
လဲ့ဟုန်ရီ၏ ထိတ်လန့်တကြားပြိုလဲသွားမှုကို မြင်လိုက်ရလျှင် လင်းကျား၏နှလုံးသားထဲတွင် အလွန်အမင်း ပေါ့ပါးသွားသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရ၏။
ဒီနာကျင်မှုတွေအားလုံးကို ဘာလို့ သူမ တစ်ယောက်ထဲပဲ ကျိတ်ပြီးခံစားရမှလဲ?
တကယ်တမ်းတွင် ဤကဲ့သို့ဆုံးဖြတ်ချက်တစ်ခုကို ချပြီးနောက် သိပ်ပြီး မခံစားခဲ့ရပါချေ။
သူမ အသက်ကိုပြင်းပြင်းရှူ၍ အခန်းထဲသို့ ဝင်သွားလိုက်သည်။
သူမ ဝင်လိုက်သည့်အချိန်တွင်ပင် သူမနှငာ့ အတူလာခဲ့သည့် အပေါင်းအသင်းအဖွဲ့ကို တွေ့လိုက်ရသည်။ ကျောင်းချီယန်နှင့် ယင်ရိလျိုတို့က သူမကို စိတ်ပူသော အမူအရာများနှင့် ကြည့်နေခဲ့ကြလေ၏။
သူမ၏နှလုံးသားထဲ နွေးထွေးမှုများ လျှံကျလာခဲ့ပြီး သူတို့၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ကျောင်းချီယန် မထိန်းချုပ်နိုင်ခဲ့ဘဲ ဦးစွာမေးလိုက်၏။
“ကျားကျဲ ..ကျဲအဆင်ပြေရဲ့လား”
လင်းကျား အဆင်ပြေကြောင်း ပခုံးတွန့်ပြလိုက်သည် ။
“ဘာမှမဟုတ်ပါဘူး.. ငါ ကိစ္စတချို့ကို အဖြေထုတ်နိုင်လိုက်ရုံပါပဲ.. အခုကစပြီး ငါ့ခြေထောက်ပေါ် ငါပဲ ရပ်တည်တော့မယ်.. အဲဒီအရူးနဲ့ထပာပြီးရှုပ်ထွေးနေဖို့ကို အရမ်းပျင်းရိနေပြီ”
ယင်ရိလျိုနှင့် အဖွဲ့သားများမှာ လင်းကျား ပြောလာသည့် အရူးဆိုသည်မှာ လဲ့ဟုန်ရီမဟုတ်ဘဲ လဲ့ရူသိုကိုပြောခြင်းဖြစ်ကြောင်း သိလိုက်ကြ၏။
ယင်ရိလျိုတစ်ယောက် ဤနူးညံ့လွန်းသော အစ်မအတွက် စိတ်ရင်းဖြင့် ဝမ်းသာသွားခဲ့ရသည်။
သူမ မထိန်းချုပ်နိုင်ဘဲ လက်ခုပ်တီးပြီး လင်းကျား၏လက်မောင်းထဲ ခုန်ဝင်ကာ ချော့မြှူလိုစွာ ပြောလိုက်မိ၏။
“ကျဲက ပိုကောင်းတဲ့လူနဲ့ ထိုက်တန်တယ်.. ငါးဆားနူကောင်နဲ့ ကလိမ်ကကျစ် ကောင်မလေးကို သူတို့ဘာသာသူတို့ သွားခိုင်းလိုက်တော့”
သူမ၏နောက်မှ ကျင်းယန်က သူမ၏ခေါင်းကို အသာအယာပုတ်လိုက်သည်။ ဤကလေးမလေးက “ငါးဆားနူကောင်” ဟူသော အသုံးအနှုန်းကို တစ်နေရာရာမှ သင်ယူခဲ့ပုံရသည်။
ယင်ရိလျို သူ့ကို နှာခေါင်းရှုံ့ပြပြီး လင်းကျားကို ကြည့်ကာ ဝိုင်းစက်သော မျက်လုံးကြီးများနှင့် မျက်တောင်ခတ်လိုက်၏။
“နောက်ပိုင်းကျရင် လင်းကျားကျဲ ဘာလုပ်မှာလဲ၊ ဘယ်ကိုသွားမှာလဲ”
လင်းကျား၏ မျက်နှာပေါ်တွင် ခါးသက်သောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအကြောင်းကို သူမ လေးလေးနက်နက်တွေးခဲ့သော်ငြား သူမတွင် သွားစရာနေရာ မရှိနေခဲ့ပါချေ။
-----
“အနာဂတ်မှာ… လူမနေတဲ့တောတစ်ခုကို ရှာပြီး ကျဲရဲ့အင်းစက်တွေကို အဲ့ဒီနေရာမှာ ပျိုးထောင်ရင်း ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို စောင့်နေတော့မယ်.. ကျဲ တစ်ယောက်တည်းဘဲ နေတော့မယ်”
ဤစကားကို ကြားလိုက်ရသည့်အခိုက်တွင် ယင်ရိလျို၏နှလုံးသားက ကိုက်ခဲသွားပြီး သူမ “ကျဲ ကျွန်မတို့ရဲ့အသင်းကို ဝင်ပါလား” ဟူ၍ ပြောချင်စိတ်ကို အတင်းအကြပ်ဖိနှိပ်ထားခဲ့ရသည်။
သူမ တောင့်မခံနိုင်တော့ဘဲ ထုတ်ပြောတော့မည်အချိန်တွင်ပင် သူမ၏နောက်တွင်ရှိနေသော ကျင်းယန်က ရုတ်တရက် တည်ငြိမ်စွာဖြင့် ပြောခဲ့၏။
“မင်း ရှူးယန်အသင်းထဲကို ဝင်ဖို့အတွက် စဥ်းစားပေးမလား”
***