ကျင်းယန် ဤသို့ပြောလာသည့်အခိုက်တွင် လင်းကျားကိုယ်တိုင် အံ့သြသွားရုံသာမက အသင်းထဲမှ တခြားလူများမှာလည်း ထပ်ညီစွာအံ့အားသင့်သွားကြသည်။
ပုံမှမ်အားဖြင့် အလွန်အမင်း သီးသန့်ဆန်သော ခေါင်းဆောင်က အမှန်တကယ်ပင် ဖိတ်ခေါ်မှုတစ်ခုကို အစပျိုးလိုက်လေ၏။
ယင်ရိလျို ကျင်းယန်ကို လှည့်မကြည်ဘဲ မနေနိုင်တော့ချေ။
သူမ၏အကြည့်က တစ်ဖက်လူ၏ပြောင်းလဲမှုမရှိသော မျက်လုံးများနှင့် ဆုံတွေ့သွားချိန်တွင် တစ်စုံတစ်ခုကို နားလည်သွားရပြီး သူမ၏နှလုံးသားက ထပ်မံ၍ နူးညံ့သွားရခဲ့သည်။
လင်းကျားကျဲကို အဖွဲ့ထဲဝင်စေချင်တဲ့ သူမရဲ့ဆန္ဒကို ထုတ်ဖော်ပြခဲ့မိတဲ့အတွက် ကျင်းယန်က ဒီလိုပြောခဲ့တာလား?
သူမ၏နှလုံးသားထဲတွင် ဒီရေအလားတက်လာခဲ့သော နွေးထွေးမှုကို ဖိနှိပ်လိုက်ပြီး ချိုမြိန်သော အပြုံးလေးတစ်ခု ဆင်မြန်းလိုက်လေ၏။
ထို့နောက် သူမ၏နူးညံ့သော လက်လေးများဖြင့် လင်းကျား၏သွယ်လျသော လက်ချောင်းများကို ဆုတ်ကိုင်လိုက်ကာ ချိုသာပြီး အနည်းငယ် ကလေးဆန်သော အသံလေးဖြင့် ပြောလိုက်၏။
“လင်းကျားကျဲ ၊ ကျွန်မတို့အသင်းထဲကို ဝင်လာခဲ့နော်.. ကျွန်မတို့အသင်းက သေးငယ်ပေမဲ့ ကျွန်မတို့အားလုံးက အရမ်းစည်းလုံးကြတယ်!”
တခဏမျှ ငေးကြောင်နေပြီးနောက်တွင် လင်းကျား၏မျက်လုံးထဲ၌ ရုတ်တရက် မျက်ရည်များ အိုင်ထွန်းလာခဲ့သည်။ သူမ မထိန်းနိုင်ဘဲ ပြုံးလိုက်မိပြီး သဘောတူကြောင်းကို နှုတ်မှလွှတ်ခနဲထွက်မိလုနီးပါး ဖြစ်သွားရလေ၏။
သို့သော်ငြားလည်း သူမ တခဏမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်း လက်မခံခဲ့ပါချေ။
တကယ်တမ်းတွင် ရှူးယန်အသင်းနှင့် ရက်အနည်းငယ် အတူအချိန်ကုန်ဆုံးပြီးနောက် သူတို့ကြားမှ လေထုကို သူမ အမြဲတစေ အားကျပြီး တောင့်တနေခဲ့သည်။
သို့သော်ငြား သူတို့၏အဖွဲ့ထဲသို့ ဝင်ရန် အခွင့်အရေးရလာချိန်တွင် သူမ တုံ့ဆိုင်းနေခဲ့၏။
ယခုချိန်တွင် သူမကို လူသားအနေဖြင့် မှတ်ယူ၍မရတော့ချေ။
သူမ၏ခင်ပွန်းဖြစ်သူပင်လျှင် အင်းစက်လှိုင်းကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားရလိမ့်မည်။
သူတို့က သူမကို တကယ်လက်ခံနိုင်ပါ့မလား။ ဒါမှမဟုတ် သူမကို သနားနေရုံပဲလား?
လင်းကျား၏ ပျက်ယွင်းနေသောအမူအရာကို မြင်လျှင် ကျောင်းချီယန် မပြောဘဲမနေနိုင်ချေ။
“ကျားကျဲ သဘောတူလိုက်ပါ.. ဒီကိုလာတဲ့လမ်းမှာ ကျွန်တော်တို့ အချိန်အတူတူ ကုန်ဆုံးခဲ့ကြတာပဲ.. ဒီတော့ ဘာတွေ စိတ်ပူစရာလိုလို့လဲ၊ ကျဲသာလာခဲ့ရင် ကျွန်တော့်အစ်မလည်း ပျော်နေမှာပဲ!”
သူက ကြွက်သားများဖြင့် ဖုံးအုပ်နေသော သူ၏လက်မောင်းကို ဆန့်ထုတ်ပြီး သူ၏ဆင့်ကဲပြောင်းလဲစွမ်းရည်ကို ဖြည်းညင်းစွာ အသုံးပြုလိုက်၏။
သူ၏လက်မောင်းက ကြံ့ခိုင်သော ပုတိုတိုရှေ့ခြေအဖြစ် အသွင်ပြောင်းသွားသောကြောင့် အတော်လေး ရယ်စရာကောင်းနေခဲ့လေသည်။
“ကျဲမြင်လား.. ကျွန်တော်လည်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ.. ဒါက ကိစ္စကြီးမှ မဟုတ်ဘဲ”
လင်းကျား တုံ့ဆိုင်းနေရသည့်အကြောင်းအရင်းကို သူတို့အားလုံး နားလည်ကြ၏။ ထိုအချိန်တွင် မိုးမခနွယ်ကဲ့သို့ အနက်ရောင်က ကြိုးတို့က အမျိုးသမီး၏လည်ပင်းကို ပွေ့ဖက်ပြီး သူမ၏နားရွက်နားတွင် နူးညံ့စွာဖြင့် တီးတိုးပြောခဲ့သည်။
“ကျွန်မ လင်းကျားကျဲရဲ့ အင်းစက်တွေကို လုံးဝမကြောက်ပါဘူး.. ကျွန်မ ကျဲကို တကယ်ကြိုက်တယ်”
ဤလူအနည်းငယ်၏ စိတ်ရင်းမှန်သော အမူအရာများကို မြင်လျှင်တော့ လင်းကျား ထပ်၍ထိန်းမထားနိုင်ချေ။ သူမ၏ဖြူဖျော့ဖျော့နှုတ်ခမ်းများမှာ ဖိကိုက်ထားသောကြောင့် နီရဲလာခဲ့ပြီး သူမ၏ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာခဲ့၏။
“ကျွန်မ ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပါတယ်”
“ကြိုဆိုပါတယ် ကျဲ!”
ယင်ရိလျို ချက်ချင်းပင် ခြေဖျားထောက်ရပ်၍ ကလေးသွားပေါ်အောင် ပြုံးလိုက်ပြီး လက်ဖဝါးလေးများက မရပ်မနား လက်ခုပ်တီးနေခဲ့သည်။
သူမ ကျင်းယန်ကို ပြန်လှည့်ကြည့်မိလိုက်၏။ အမျိုးသား၏ အမူအရာသည် မပြောင်းမလဲ ရှိနေဆဲပင်။
“ကြိုဆိုပါတယ်”
ယခုမှစ၍ လင်းကျားက ရှူးယန်အသင်း၏ အဖွဲ့ဝင်အသစ်ဖြစ်သွားခဲ့ပေပြီ။
ဘေးဘက်မှ ကြွေးကြော်သံများကို ကြားလျှင် ချင်ဟုန်အသင်းမှ အဖွဲ့ဝင်တချို့က ထိုဘက်ကိုလှမ်းကြည့်ကြလေသည်။
အများအားဖြင့် အေးစက်သည့်အရှိန်အဝါကို ထုတ်လွှတ်နေသည့် လင်းကျားမှာ သူစိမ်းအဖွဲ့၏အလယ်တွင် မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် ထိုင်နေသည်ကို မြင်လိုက်ရသည့်အတွက် သူတို့၏သိချင်စိတ်တို့ တိုးမြင့်လာခဲ့ကြလေ၏။
ချင်ဟုန်အသင်းက သူတို့၏လမ်းခရီးအတွင်း သိသာသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။
ကမ္ဘာပျက်ကပ်အစပိုင်းက ရှန်းယင်ကျိုးနှင့်အတူ ရှိခဲ့သည့် ဒုတိယမျိုးဆက် သူဌေးသားတချို့၏ သူငယ်ချင်းများအပါအဝင် မူလဖွဲ့ဝင်အများစုက တစ်ယောက်ပြီးတစ်ယောက် သေသွားခဲ့ကြလေပြီ။
အဖွဲ့ထဲသို့ဝင်လာသော အဖွဲ့ဝင်အသစ်များမှာ အတော်လေး အင်အားကြီးသည့် တစ်ကိုယ်တော် ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်ကြသည်။
ဤလူသစ်များက လဲ့ဟုန်ရီနှင့် လင်းကျားတို့ကို မရင်းနှီးကြချေ။
လဲ့ဟုန်ရီက သူတို့ခရီး၏ နောက်ပိုင်းမှ အဖွဲ့ထဲဝင်ခဲ့ခြင်းဖြစ်သည်။
သူက လက်ရှိတွင် အဖွဲ့သားအသင်းဖော်နှင့် ထိုင်နေသောကြောင့် တစ်စုံတစ်ယောက်က တစ်ဖက်မှအပြုံးဖျော့ဖျော့ ပြုံးနေသည့် လင်းကျားကိုလှမ်းကြည့်ပြီး လဲ့ဟုန်ရီ၏ပခုံးကို အသာတစ်ချက်ပုတ်လိုက်၏။
“အဲဒါ မင်းရဲ့ဇနီးမလား၊ သူမက ဘာလို့ မြို့တော်Zက အဖွဲ့နဲ့အတူ ထိုင်နေတာလဲ ၊ ဒါနဲ့ မင်းဇနီးရဲ့အပြုံးက အတော်လှတာပဲ.. များသောအားဖြင့် သူမက တင်းမာနေတဲ့ မျက်နှာနဲ့ဆိုတော့ အရမ်းကြောက်ဖို့ကောင်းတယ်”
သူ့အသင်းဖော်၏ တတွတ်တွတ်ပြောဆိုမှုကို နားထောင်လျက် လဲ့ဟုန်ရီတစ်ယောက် ခန္ဓာကိုယ်နှင့် စိတ်ခံစားချက်တို့ နှစ်ခုလုံး မောပန်းသွားကာ သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်နေခဲ့သည်။
သူ၏အကြည့်က ရှူးယန်အသင်းဆီ အမှတ်တမဲ့ ဦးတည်သွားပြီးမှ ချုပ်ထိန်းလိုက်၏။
အကြည့်တစ်ချက်နှင့်ပင် လင်းကျား၏အပြုံးကို မြင်နိုင်ခဲ့သည်။
ထိုအပြုံးက သူတို့၏ချစ်ခဲ့ရသည့် အရင်နေ့ရက်များကို ပြန်လည်သတိရစေ၏။ ထိုအချိန်က ဇနီးနှင့် ညီမဖြစ်သူကြားမှ သဘောထားကွဲလွဲမှုက မကြီးမားသေးချေ။
သို့သော်ငြားလည်း မကြာမီပင် သူမ၏မျက်နှာပေါ်တွင် အပြုံးကို ဆုံးရှုံးသွားကာ သတိထားပြီး လိုက်လျောပေးတတ်သော ကိုယ်နှုတ်အမူအရာများကသာ နေရာယူသွားခဲ့သည်။
သူမ၏ တောက်ပသောအပြုံးကို နောက်တစ်ကြိမ် ပြန်မြင်ရသည့်အခိုက်တွင် သူတို့၏လောကကြီးက ကွဲကွာသွားသကဲ့သို့ ခံစားရစေ၏။
သူ သူမထံမှ အကြည့်လွှဲရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်ရသည်။ အစောက လင်းကျားပြောခဲ့သည့်စကားများကို တွေးမိလျှင် သူ့ကို တစ်ဆို့သွားစေခဲ့လေ၏။
ဧရာမအင်းစက်ကြီးက သူတို့၏ကလေးဖြစ်ပြီး ဇနီးနှင့် ကလေးဖြစ်သူက ညီမဖြစ်သူကြောင့် လက်ရှိအခြေအနေသို့ ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း လင်းကျားက ပြောခဲသည်။
လဲ့ဟုန်ရီက လက်မခံချင်၊ ဝန်မခံချင်သော်ငြား အမွှေးထူထူ အင်းစက်ကြီး သူကို့ကြည့်သည့်အကြည့်ကို ပြန်စဥ်းစားလိုက်ချိန်တွင် လင်းကျား ပြောခဲ့သည့်စကားက မှန်ကန်ကြောင်း သူသိခဲ့၏။
သို့သော် သူလုပ်နိုင်သမျှက ဆေးခါးခါးကို မျိုချရန်သာဖြစ်နေပေသည်။
ရှန်းယင်ကျိုးက လဲ့ဟုန်ရီ၏ ပျက်ယွင်းနေသော အသွင်အပြင်ကို တိတ်တဆိတ်ကြည့်ပြီး မျက်ခုံးမတွန့်ချိုးဘဲ မနေနိုင်ချေ။
လဲ့ဟုန်ရီကဲ့သို့ အရွယ်ရောက်ပြီးသည့် အမျိုးသားတစ်ယောက်က မိသားစုပြဿနာကြောင့် စိတ်ဓာတ်ကျနေသည့်အပေါ် သူအံ့သြနေမိလေ၏။ ထို့နောက် သူ့အကြည့်က ကျင်းယန်အပေါ်သို့ ရောက်ရှိသွားခဲ့သည်။
တကယ်တမ်းတွင် ကျောင်းမောင်နှမ မြေအောက်ကိုဝင်လာပြီးကတည်းက စစ်ကူအတွက် ရောက်လာသည့်လူများက ကျင်းယန်၏လူများဖြစ်ကြောင်းကို သူသိခဲ့သည်။
ကမ္ဘာပျက်ကပ်မတိုင်ခင်က ရှိန်လောက်သော ကျင်းမိသားစုခေါင်းဆောင်က ကမ္ဘာပျက်ကပ်ဖြစ်ပြီးသည့် လောကကြီးထဲတွင်မည်မျှ အင်အားကြီးလာနိုင်ကြောင်းကို သူထည့်သွင်းစဥ်းစားခဲ့ပြီး ဖြစ်သည်။
ယခင်အချိမ်မျာ့က ကျင်းယန်၏အရိပ်ကို သူ ခါချနိုင်ခဲ့ပြီဟု သူ တွေးထားခဲ့လေ၏။
သို့သော်ငြား ရှင်းမပြနိုင်စွာ ပြန်ကောင်းသွားသည့် ကျင်းယန်၏ခြေထောက်များကို မြင်လိုက်ရချိန်တွင်တော့ သူ၏နှလုံးသားထဲတွင် ကြောက်စိတ်ဖြင့် တုန်ယင်မှုအနည်းငယ် ကျန်နေသေးကြောင်း သဘောပေါက်သွားခဲ့သည်။
ဤသတိထားနေသည့်ခံစားချက်က ရှန်းယင်ကျိုးကို အတော်လေး စိတ်အနှောင့်အယှက်ပေးနေခဲ့၏။
ကျင်းယန်က သူ့ထက် မသာလွန်တော့ကြောင်းကို သူ့၏ စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ပြောနေခဲ့သည်။
သူ မြို့တော်Bမှ ဆင့်ကဲပြောင်းလဲသူများဖွဲ့စည်းထားသော အသင်း၏ ခေါင်းဆောင်ဖြစ်ပြီး လောကကြီးကလည်း လုံးလုံးလျားလျား ပြန်လည်၍ ပြောင်းလဲဖွဲ့စည်းသွားပြီပင်။
ကျင်းယန်၏လက်မောင်းထဲမှ မိန်းကလေးအတွက်တော့…..
ယင်ရိလျို၏မျက်နှာပေါ်မှ အပြုံးကိုကြည့်ပြီး ရှန်းယင်ကျိုး၏ နှလုံးသားထဲတွင် သံသယတချို့ရှိနေခဲ့သည်။
သူမက ကျင်းယန်၏ “သမီး”ဖြစ်ကြောင်း တစ်စုံတစ်ယောက်ပြောခဲ့သည့်စကားကို သူကြားခဲ့သည်။
သို့သော်ငြား ကျင်းယန်၏ပြိုင်ဘက်ဟောင်း တစ်ယောက်အနေဖြင့် အမှန်တရားကို သူ ကောင်းကောင်းသတိထားမိ၏။
ကျင်းယန်တွင် ဤမျှကြီးသော သမီးတစ်ယောက် မရှိနိုင်ချေ။
သူ တခြားအမျိုးသမီးတစ်ယောက်နှင့် နီးကပ်ခြင်းကို သူ မြင်လည်း မမြင်ဖူးသကဲ့သို့ ကြားလည်းမကြားဖူးပါချေ။
ဒီတော့ သူက ရုတ်တရက်ကြီး သမီးတစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
လီရင်းရင်းက ကျင်းယန်နှင့် တခြားသူများကို ပစ်ခတ်ခဲ့သည် မတော်တဆမှုအကြောင်းကိုလည်း သူ လျို့ကျန်းဆီမှ ကြားခဲ့ပြီးဖြစ်သည်။
ရှန်းယင်ကျိုး အတော်လေး ပြောစရာစကားမဲ့နေခဲ့ရလေ၏။ သူ၏ အမည်ခံ စေ့စပ်ထားသော စေ့စပ်သူက ပြဿနာရှာရာတွင် အမှန်တကယ် တော်လွန်းသည်။
“ ကျွန်မတို့ သူတို့ဆီကို သွားပြီး တောင်းပန်သင့်လား ၊ ဒါက လီရင်းရင်းရဲ့အမှားပဲလေ”
လျို့ကျန်းမေးခဲ့၏။ သူမသည်က ကျင်းယန်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ချင်ဆဲပင်။
သို့သော်လည်း ကျင်းယန်ကို တောင်းပန်ရန် အကြံပြုချက်ကို ရှန်းယင်ကျိုးကြားလိုက်သည်နှင့် ချက်ချင်းပင် ငြင်းပယ်လိုက်၏။
“ငါတို့ဘက်က မှားတာဘာမှမရှိဘူး.. အဲဒီလူတွေနဲ့ သိပ်ပြီးမရင်းနှီးနဲ့”
ရှန်းယင်ကျိုး သိပ်မပျော်ရွှင်ကြောင်းကို မြင်လျှင်တော့ လျို့ကျန်းလည်း ထပ်မပြောရဲတော့ချေ။
လက်တလော သူတို့၏ဆက်ဆံရေးတွင် အပြောင်းအလဲတချို့ ရှိခဲ့သော်လည်း သူတို့သည်က ထိုအကြောင်းနှင့် ပက်သက်၍ ပွင့်ပွင့်လင်းလင်း မဆွေးနွေးခဲ့ရသေးပေ။
***