ယနေ့ည၌ လွှဲပြောင်းဌာနမှ အစားအစာက ချင်ဟုန်အသင်းမှ အမဲလိုက်ခဲ့သော သန္ဓေပြောင်းဖားအမျိုးအစားကိုသာ ဖြစ်လေသည်။
ဖန်ချိုးနန်က အင်္ကျီလက်ကို ခေါက်တင်ကာ သန်မာသော လက်ဖျံကိုဖော်ပြနေပြီး ခြံဝင်းထဲတွင် ဓားတစ်ချောင်းဖြင့် ဖားကိုအရေခွံချွတ်နေသောကြောင့် သွေးသံရဲရဲ မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။
သူမက သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ကာ နဖူးကိုသုတ်ပြီး အဝေးမှ ချဥ်းကပ်လာသော အဖွဲ့ကိုကြည့်လိုက်၏။
ထို့နောက် သူမ၏မျက်လုံးများက တောက်ပသွားကာ တက်ကြွစွာဖြင့် အော်လိုက်လေသည်။
“အိုး.. နင်တို့ပြန်လာပြီပဲ”
လူသစ်များမှာ မြို့တော်Zအခြေစိုက်စခန်းမှ ကျန်ရှိနေသော အဖွဲ့ဝင်များဖြစ်သည့် လင်းယုန်နီအသင်းနှင့် နျို့မိသားစုမှ အဖေနှင့်သမီးတို့ဖြစ်ပြီး ကျောင်းစီဟွေ့ အမည်ရသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
လင်းယုန်နီအသင်းခေါင်းဆောင်၏ လျိုဝေ့ဟုန်က လက်ထဲတွင် လက်မောင်းအလျားရှိ သန္ဓေပြောင်းလယ်ကြွက် တစ်ကောင်တည်းသာ ကိုင်ထားသောကြောင့် သူတို့၏ခရီးတွင် ကံကောင်းမှုအများအပြား မရခဲ့ပုံပင်။
ဤမျက်နှာများအားလုံးက ရှူးယန်အသင်းအတွက် ရင်းနှီးသောမျက်နှာများဖြစ်၏။
လျိုဝေ့ဟုန်က မြေပြင်ပေါ်မှ သွေးသံရဲရဲအရှုပ်အထွေးကို ကြည့်ပြီး မပြုံးဘဲမနေနိုင်ချေ။
“မင်းက အမြဲတမ်းလိုလို လုပ်ရည်ကိုင်ရည် ရှိနေတုန်းပဲ.. ကြည့်ရတာတော့ ဒီနေ့ည ညစာကို မမလေးဖန်အပေါ် အားကိုးရတော့မယ်ထင်တယ်”
“ကောင်းပြီလေ စကားပြောတာတော်တော့.. ကျွန်မကိုပေးလိုက်.. တခြားအကောင်တွေကိုပါ တစ်ခါတည်း အရေချွတ်လိုက်မယ်”
ဖန်ချိုးနန်က မျက်ခုံးတစ်ဖက်ပင့်၍ လျိုဝေ့ဟုန်၏နောက်မှ မိန်းကလေးကို အနည်းငယ် အထင်သေးစွာ ကြည့်လိုက်သည်။
ဤကဲ့သို့ မောက်မာသော မိန်းကလေးကို သူမ၏ကလေးဘဝမှ အတွေ့အကြုံများကြောင့် မကြိုက်နှစ်သက်ချေ။
သူမက လီရင်းရင်းနှင့်လည်း သိပ်ပြီးအဆင်မပြေသော်လည်း သူတို့က အသင်းတူသောကြောင့် လေးနက်သော ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်လေ၏။
သို့သော်ငြား ဤ“နတ်ဘုရားမ”က သူမကို အမှန်တကယ် ခေါင်းကိုက်စေသည်။
ဤအခိုက်အတန့်တွင် နျိုရင်းက အဖွဲ့၏နောက်မှ လိုက်လျက် စိတ်မပါစွာ နှုတ်ခမ်းဆူထားလေ၏။
သူတို့ မြို့တော်Z အခြေစိုက်စခန်းမှ ထွက်ခဲ့သည့်အချိန်နှင့် ယှဥ်လျှင် နျိုဖေးဟောင်နှင့် နျိုရင်းနှစ်ယောက်လုံးက ကိုယ်အလေးချိန်ကျသွားပြီး သူတို့၏အသားအရေကလည်း ယခင်ကဲ့သို့ ရွှန်းစိုမှုမရှိကြတော့ချေ။
အဖေဖြစ်သူနှင့် သမီးဖြစ်သူမှာ မျက်စိဖြင့်မြင်နိုင်အောင် ပင်ပန်းနွမ်းနယ်နေကြပုံရ၏။
သူတို့၏အသင်းမှာ ထွက်ပြေးခဲ့ရချိန်တွင် အသင်းသားများသေဆုံးမှုများကို ခံစားခဲ့ရပြီး သူတို့၏နှစ်ယောက်တည်းသော လက်အောက်ငယ်သားကလည်း နျိုရင်းကို ကယ်တင်ရန်ကြိုးစားရင်းဖြင့် ဧရာမသစ်ပင်ကြီး၏ အပွင့်များထံမှ ခြောက်သွေ့အောင် သွေးစုပ်ခြင်းခံလိုက်ရသည်။
သူတို့၏ အရေပြားများပင် သစ်ပင်များပေါ်တွင် တွဲလောင်းကျနေဆဲ ဖြစ်၏။
မြေအောက်၌ရှိနေချိန်တွင်တော့ သူတို့က ချင်ဟုန်အသင်းမှ ချမှတ်ထားသည့် စည်းမျဥ်းများကို လိုက်နာပြီး လျို့ကျန်း၏အမိန့်များကို လိုက်နာခဲ့ကြသည်။
ထိုသို့မဟုတ်လျှင် အသင်း၏ကာကွယ်ပေးမှုကို ဆုံးရှုံးပြီး ဧရာမသစ်ပင်ကြီးများ သတ်ပစ်ခြင်း ခံရနိုင်ခြေရှိ၏။
ချင်ဟုန်အသင်း၏ အဓိကစည်းကမ်းမှာ အသင်းထဲမှလူတိုင်းက ကျားမ’မရွေး၊ အသက်အရွယ်မရွေး၊ ဆင့်ကဲပြောင်းလဲသူဖြစ်ဖြစ် သာမာန်လူဖြစ်ဖြစ် ပံ့ပိုးပေးရမည်ဖြစ်သည်။
နျိုရင်းက သူမ၏အဝတ်အစားကို ပြောင်းလဲရန် အဆတ်မပြတ်ငြင်းဆိုခဲ့ပြီး သူမ၏ဝတ်စုံလေးနှင့် ဒေါက်မြင့်ဖိနပ်ကို မပြောင်းနိုင်ကြောင်း ပြောခဲ့၏။
သို့သော်ငြား သန္ဓေပြောင်းခြင်များ အကိုက်ခံရသဖြင့် သူမ၏ခြေထောက်များ ဆိုးဆိုးဝါးဝါး ယောင်ကိုင်းလာချိန်တွင်တော့ ဖုန်ပေနေသော ရုပ်ဖျက်ဝတ်စုံအဟောင်းနှင့် ညစ်ပတ်နေသော သားရေဘွတ်ဖိနပ်များကို တွန့်ဆုတ်ဆုတ်ဖြင့် ဝတ်ဆင်ခဲ့လေသည်။
ယခုအချိန်တွင် ခြံဝင်းထဲ၌ သွေးများဖြင့် ရွှဲစိုနေသော ဖန်ချိုးနန်ကို မြင်ခဲ့လေ၏။ ဖန်ချိုးနန်က အင်္ကျီလက်ကိုခေါက်လျက်ဖြင့် ကျွိချွဲချွဲဖားသားအား ထက်ရှသောဓားကို အသုံးပြု၍ လှီးဖြတ်နေခဲ့၏။
နျိုရင်းရင်း၏မျက်နှာက မထိန်းချုပ်နိုင်ဘဲ ရွံရှာသော အမူအရာတို့ကို ပြသလာလေသည်။
ဤကဲ့သို့ ခက်ခဲမှုကို သူမ ယခင်က လုံးဝမခံစားဖူးပေ။ သူမဖခင်၏အသင်းက သုတ်သင်ခံလိုက်ရသော အချက်ကြောင့်သာ မဟုတ်လျှင် ဤအခြေအနေ၌ အဆုံးသတ်သွားမည်မဟုတ်ချေ။
သူမ မြို့တော်Zသို့ ပြန်ရောက်သည်နှင့် သူမကို ရယ်မောခဲ့သည့်လူများ အားလုံးကို မှားယွင်းကြောင်းသက်သေပြရန် ဆုံးဖြတ်လိုက်၏။
နျိုရင်းက ဤကဲ့သို့ တွေးနေချိန်တွင် ဖန်ချိုးနန်က ကျောင်းစီဟွေ့အမည်ရသော မိန်းကလေးတစ်ယောက်ကို စကားပြောနေခဲ့လေ၏။
ကျောင်းစီဟွေ့က ရုတ်တရက်အလွန်အမင်းပျော်ရွှင်သွားပုံရပြီး အိမ်ထဲ ပြေးဝင်သွားသည်ကို သူမ မြင်လိုက်ရသည်။
အရှေ့မှ လျိုဝေ့ဟုန်နှင့် ယဲ့ဟောင်ယွမ်အမည်ရသော အဖွဲ့ဝင်တစ်ယောက်က “ရှူးယန်”အကြောင်း ပြောနေသည်အား နျိုရင်း ဝေဝေဝါးဝါးကြားလိုက်ရ၏။
သို့သော်ငြား ရှူးယန်က မည်သူဖြစ်ကြောင်းကို သူမ မသိချေ။ ယခုအချိန်တွင် သူမက အလွန်ပင်ပန်းနေကြောင်းကိုသာ သူမ သိလေသည်။
ကျောင်းစီဟွေ့က အိမ်ထဲ အပြေးအလွှားဝင်သွားပြီး အတူ ထိုင်နေကြသော အသင်းဖော်များကို ချက်ချင်းတွေ့လိုက်ရ၏။
ဟေးလန်က ယုန်နားရွက်နှင့် မိန်းကလေးတစ်ယောက်၏ ခြေထောက်နားတွင် ပျင်းတိပျင်းရွဲလဲနေခဲ့သည်။
သူမ၏မျက်လုံးကက မျက်ရည်များဖြင့်ဝဲတက်လာခဲ့လေသည်။
သူမ သူတို့ထံသို့သွားကာ “ခေါင်းဆောင်”ဟု ကြမ်းရှသောအသံဖြင့် လှမ်းခေါ်ပြီးနောက် ယင်ရိလျိုကို သူမ၏လက်မောင်းထဲ ကောက်ပွေ့လိုက်သည်။
ထို့နောက် တစ်ပတ်လှည့်လျက် ကလေးမလေး၏ နူညံ့သောပါးပြင် ပြည့်ပြည့်ပေါ်တွင် အနမ်းကြီးကြီးတစ်ပွင့်ချလိုက်လေ၏။
“ကျွန်မ ကျဲကို အရမ်းလွမ်းနေခဲ့တာ ကျောင်းကျဲ!”
ယင်ရိလျို၏ မျက်လုံးနှင့် မျက်ခုံးများက အပြုံးတစ်ခုနှင့်အတူ ကွေးတက်လျက် ချိုသာစွာ ပြောလိုက်သည်။
“ကျဲလည်း ထုထုကို လွမ်းတယ်”
သူမ၏မောင်ဖြစ်သူ ကျောင်းချီယန်က စနောက်လိုက်၏။
“ထုထုမှ တကယ်ကို ပါးစပ်ချိုချိုလေးရှိတာကို ကျွန်တော် သတိထားမိသွားပြီ… သူမက ‘ထုထုက လွမ်းတယ်’လို့ တွေ့တဲ့လူတိုင်းကို ပြောနေတာနော်.. လူလိမ်လေး”
လင်းကျားကသူမပါးစပ်ကိုဖုံး၍ တခစ်ခစ်ရယ်လိုက်ပြီး တိတ်ဆိတ်နေခဲ့သော ကျင်းယန်ပင်လျှင် ကလေးမလေးကို ကြည့်နေသည့် သူ၏မျက်လုံးထဲတွင် အပြုံးရိပ်လေး ပေါ်လာခဲ့သည်။
ယင်ရိလျိုက မကျေနပ်သော အကြည့်ဖြင့် ချက်ချင်း နှုတ်ခမ်းစူ၍ လက်ပိုက်လိုက်၏။
“ကျွန်မက စိတ်ရင်းနဲ့ပြောတာပါနော်”
အသင်းဖော်များ၏ မျက်နှာပေါ်မှ စနောက်နေသော အမူအရာကိုမြင်သည့်အခိုက်တွင် သူတို့က သူမကို ကလေးတစ်ယောက်လိုမျိုး စနောက်နေခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ကျောင်းချီယန်ကို မျက်နှာမဲ့ပြပြီး ပြောခဲ့၏။
“ကောကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံတော့ဘူး”
သူမ ထိုသို့ပြောလိုက်ချိန်တွင် ရယ်သံများက ပိုထွက်လာခဲ့သည်။
ထို့နောက် ကျောင်းချီယန်က သူ၏အစ်မဖြစ်သူကို လှမ်းခေါ်ပြီး လင်းကျားက ရှူးယန်အသင်းထဲ ဝင်ခဲ့သောကြောင့် ယခုအချိန်တွင် သူမ သူတို့၏အသင်းဖော်အသစ်ဖြစ်လာပြီဖြစ်ကြောင်း ပြောပြခဲ့၏။
ခင်မင်ရင်းနှီးသော အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ လင်းကျားက အခက်အခဲအများအပြားကို ဖြတ်ကျော်ခဲ့ရကြောင်းကို ကျောင်းစီဟွေ့သိနေခဲ့လေသည်။
သူမ နူးညံ့စွာ ပြောခဲ့၏။
“အသင်းကနေ ကြိုဆိုပါတယ်”
သူတို့စကားပြောနေချိန်တွင် ယင်ရိလျိုက ယခုချိန်တွင် လူသားတစ်ယောက်၏ နွေးထွေးမှုတစ်စွန်းတစ ရှိနေပြီဖြစ်သော ကျင်းယန်ကိုကြည့်ခဲ့သည်။
သူက တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူတို့ ရယ်မော၍နောက်ပြောင်နေသည်ကို စောင့်ကြည့်နေခဲ့လေ၏။ ဤကျင်းယန်သည်က ယခင်က ကျင်းယန်နှင့် ကွားခြားကြောင်းကို သူမခံစားနိုင်သည်။
အပူချိန်ကင်းမဲ့သည့် ရေခဲပန်းပုတစ်ခုကို သေမျိုးလောက၏လေထုက တဖြည်းဖြည်း စိမ့်ဝင်လာခဲ့သကဲ့သို့ပင်။
နွေးထွေးမှုနှင့် စိတ်ခံစားချက်များ ရရှိလာခဲ့သည်။
သူငယ်ချင်းများ၊ မိသားစုများကဲ့သို့ ဖြစ်နေသော သူတို့၏အသင်းဖော်များက ရယ်မော၍ အချိန်ကောင်းကိုပိုင်ဆိုင်နေကြပြီး ဟေးလန်ကတော့ ဤလူသားအဖွဲ့ကို မောက်မာသည့်အမူအရာဖြင့် ကြည့်ပြီး ပြုံးနေလေ၏။
ကမ္ဘာပျက်ကပ်အတွင်း ဤကဲ့သို့မြင်ကွင်းတစ်ခုက လူတိုင်း၏ နှလုံးသားကို နွေးထွေးသွားစေနိုင်သည်။
=
ရှင်ကျန်နေသော ဆင့်ကဲပြောင်းလဲသူအားလုံးက ဤလွှဲပြောင်းဌာနတွင် စုစည်းနေကြသည်။
လျို့ကျန်းနှင့် သူမ၏အဖွဲ့ မြေအောက်မှ လွတ်မြောက်လာပြီးနောက် ပတ်ဝန်းကျင်မှ အခြေစိုက်စခန်းများ၊ ဗဟိုဌာနချုပ်ကို ဆက်သွယ်ရေးစက်များ အသုံးပြု၍ ဆက်သွယ်မှုတည်ထောင်ရန် ကြိုးစားခဲ့ကြ၏။
ကံမကောင်းစွာဖြင့် မြို့၏သံလိုက်စက်ကွင်းက လုံးလုံးလျားလျား နှောင့်ယှက်ခံထားရသည်။
တစ်ခုတည်းသော ကံကောင်းသည့်အရာမှာ မြို့ကိုဝိုင်းထားခဲ့သော နဂါးပျံအခြေစိုက်စခန်းက ဧရာမသစ်ပင်ကြီးများနှင့် ရုန်းကန်နေရခြင်း ကြားမှ မြို့တော် W အပြင်ကို ရွှေ့သွားနိုင်ခြင်းဖြစ်၏။ မြို့တော်Mမှ ရှင်ကျန်သူများကိုလည်း အစောပိုင်းက ဘေးကင်းရာကိုပြောင်းရွှေ့ပေးပြီးဖြစ်သည်။
ယခုချိန်တွင်တော့ ဤမြို့နှစ်မြို့က အခွံလွတ်များသာ ကျန်ခဲ့ပြီး ဆင့်ကဲပြောင်းလဲသူ သို့မဟုတ် သန္ဓေပြောင်းသတ္တဝါ တစ်ကောင်တစ်မြီးမှ မရှိတော့ချေ။
ညအချိန်၏အမှောင်ထုက တဖြည်းဖြည်းဖြင့် တောအုပ်တစ်ခုလုံးကို ပိတ်ဖုံးလာပြီး အစောပိုင်းက ကြားနိုင်သည့် တိရစ္ဆာန်များ၏ အမျိုးမျိုးသော အသံများနှင့် ဟိန်းဟောက်သံများက မကြားလုနီးပါးဖြစ်လာခဲ့၏။
လျို့ကျန်းက မြို့တော်Bမှ လာခဲ့ခြင်းဖြစ်၍ မြို့တော်Bရှိ အသင်းနှစ်သင်းက သူမကို ချင်ဟုန်အသင်း၏ “ရှေးဖြစ်ဟောသူ”ဟု သိထားကြကာ သူမထံတွင် ကျော်ကြားသော ဂုဏ်သတင်းရှိနေခဲ့သည်။ ထို့အကြောင်းကြောင့် ကွပ်ကဲမှုက သူမ၏လက်ထဲသို့ သဘာဝအလျှောက် ကျရောက်သွားခဲ့၏။
ကျင်းယန်နှင့် တခြားသူများက ကန့်ကွက်ခြင်းမရှိဘဲ သူမက လက်ရှိအခြေအနေကို ပိုင်းခြားစိတ်ဖြာသည်ကို နားထောင်ခဲ့သည်။
“ကျွန်မတို့ရဲ့ အသင်းဝင် ရှောင်ချင်းက လင်းတအမျိုးအစား သန္ဓေပြောင်းတစ်ယောက်ပဲ… ဒီနေ့ ဧရာမသစ်ပင်ကြီးရဲ့ အခြေအနေကို လေ့လာဖို့ ဒီတောအုပ်ရဲ့အပေါ်စီးကနေ့ ပျံသန်းကြည့်ခဲ့တယ်..
ပထမဆုံးအနေနဲ့ ဒီသစ်ပင်ကြီးက သူ့ကိုယ်သူ အဆက်မပြတ် ပြန်ပြင်ဆင်နေတယ်.. အဲဒီအပင်က မြို့နှစ်မြို့ရဲ့ အာဟာရတွေ စုပ်ယူနေပြီး သူ့ကိုယ်သူပြန်လည် ဖြည့်တင်းဖို့အတွက် သန္ဓေပြောင်းသားရဲနဲ့ သန္ဓေပြောင်းအပင် တချို့ကို အသုံးပြုနေတာပဲ..
အရင်တုန်းက အဖျက်စီးခံလိုက်ရတဲ့ သစ်ပင် ပင်စည်တစ်ဝက်ကလည်း ပြန်ကြီးထွားဖို့ စတင်နေပုံရတယ်”
လျို့ကျန်း၏အမူအရာက အလွန်လေးနက်နေ၏။
“ဒါက ကျွန်မတို့အတွက် သတင်းကောင်းတော့မဟုတ်ဘူး”
သူတို့၏ ဆင့်ကဲပြောင်းလဲအသင်းတွင် အဖွဲ့ဝင်အနည်းငယ်သာ ရှိပြီး ဧရာမသစ်ပင်ကြီး အပြည့်အဝပြန်ကောင်းသွားသည်အထိ စောင့်ပြီးနောက်မှ နောက်ထပ် အမြစ်ပြတ်သုတ်သင်မည့် စစ်ဆင်ရေးကို စတင်လျှင် ပို၍ပင် ခက်ခဲမည်ဖြစ်သည်။
ရှန်းယင်ကျိုးသည်ကား အရှေ့ဘက်တွင် ထိုင်နေပြီး ရုတ်တရက် ကျင်းယန်၏အမူအရာကို အကဲခတ်နေခဲ့လေ၏။
***