အတိတ်တွင် ရှန်းယင်ကျိုးတို့ကဲ့သို့ ဒုတိယမျိုးဆက်သူဌေးသားများက ပျော်ပါး၍ အချိန်ဖြုန်းနေချိန်တွင် ကျင်းယန်က သူတို့အဖေ၏မျိုးဆက်၊ သူတို့၏အဖိုးမျိုးဆက်နှင့်ပင် တူညီသောအဆင့်မှ တစ်စုံတစ်ယောက်ဖြစ်နေခဲ့သည်။
သူတို့ စီးပွားရေးအစည်းအဝေးများကို တက်ရောက်ခဲ့ချိန်တွင် မိသားစုစီးပွားရေးကို ဆက်ခံပြီးကာစဖြစ်သော သူနှင့်တခြားသော ဒုတိယမျိုးဆက် သူဌေးသားများမှာ နောက်ဘက်တွင်သာ ထိုင်နိုင်ခဲ့လေ၏။
ထိုအချိန်တွင် သူတို့နှင့် အသက်အရွယ်တူသော ထိုငယ်ရွယ်သည့်အမျိုးသားကတော့ စီးပွားရေးအရေးကိစ္စများကို စကားလုံးအနည်းငယ်ဖြင့် ဆုံးဖြတ်နိုင်သော ဆုံးဖြတ်ချက်များ နည်းဗျူဟာများ ချမှတ်နေခဲ့ပေပြီ။
ယခုချိန်တွင်တော့ သူက အရှေ့တွင်ထိုင်နေသော လူတစ်ယောက်ဖြစ်နေခဲ့ပြီး အစီစဥ်ချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်ပြုလုပ်ရာတွင် ပါဝင်ဆင်နွှဲနေစဥ် ကျင်းယန်က သူ့ကိုအနောက်ဘက်မှ ကြည့်နေရသည့်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤအခြေအနေက အတော်လေး စိတ်ဝင်စားစရာကောင်းကြောင်းကို ရှန်းယင်ကျိုး ရုတ်တရက် တွေ့လိုက်ရလေ၏။ ထို့ကြောင့် ကျင်းယန်၏လက်ရှိ ဖြစ်ပျက်နေသော အမူအရာကို မြင်ချင်ခဲ့သည်။
သူက လည်ပင်းကို မသိလိုက်မသိဘာသာဖြင့် လှည့်ပြီး နောက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
သို့သော်ငြားလည်း ကျင်းယန်ကို မြင်သည့်အခိုက်တွင် သူ၏အနည်းငယ် ဂုဏ်ယူနေသောအမူအရာမှာ တောင့်ခဲသွားလေ၏။
ကျင်းယန်က သူရှိရာအရပ်ကို ကြည့်ပင် မကြည့်ခဲ့ချေ။ သူ၏အကြည့်က သူတို့အပေါ်မှ ဖြတ်ပြေးသွားသည်မှာ မည်သည်ကိုမှ သတိမထားသည့်နှယ်ဖြစ်နေခဲ့သည်။
သူက သူ၏လက်မောင်းထဲမှ ယုန်ဖြူလေးကိုသာ ပွေ့ဖက်ထားပြီး ပိုင်းဖြတ်ထားသော မုန်လာဥနီများဖြင့် ပြည့်နှက်နေသည့် ဖောက်ထွင်းမြင်နေရသော ပလတ်စတစ်အကြည်အိတ်ကို ကိုင်ထားလျက် ယုန်လေးကို ခေါင်းငုံ့၍ကြည့်နေခဲ့သည်။
ကျင်းယန်က လက်တစ်ဖက်ဖြင့် အိတ်ကိုကိုင်၍ ယုန်၏လည်ပင်းကို ညင်သာစွာ ကုတ်ပေးနေပြီး တခြားလက်တစ်ဖက်ကဖြင့် မုန်လာဥနီအပိုင်းတစ်ခုကို ကိုင်ကာ ယုန်လေးကို ခွံ့ကျွေးနေခဲ့၏။
ရှန်းယင်ကျိုးတစ်ယောက် မုန်လာဥနီကို မျက်စိတစ်ဝက်မှေး၍ တမြုံမြုံဝါးနေသော ယုန်လေးကို ကြည့်လိုက်သည်။
သူ့အနေဖြင့် ထိုယုန်၏ ဝါးစားနေသော အသံကိုကြာလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရလေ၏။
အမြဲတစေ အေးစက်ပြီး အကြင်နာတရားကင်းမဲ့ခဲ့သော ကျင်းယန်က ယုန်တစ်ကောင်ကိုတော့ များစွာ ဂရုစိုက်ပုံပေါ်နေရသည်။
ဤသည်က အတော်လေး ရယ်စရာကောင်းကြောင်းကို သူရုတ်တရက် ရှာတွေ့လိုက်ရသည်။
ကျင်းယန်၏မျက်လုံးထဲတွင် ဤယုန်ထက် တခြားမည်သည့်အရာမှ အရေးမကြီးသည့်ပုံပင်။
ရှန်းယင်ကျိုး အတော်လေး စိတ်ပါဝင်စားမှု လျော့နည်းသွားသောကြောင့် သူ၏အကြည့်ကို စိတ်မပါလက်မပါဖြင့် ပြန်ပြောင်းလိုက်ရလေ၏။
ဤအချိန်၌ လျို့ကျန်းက လက်နက်ကြီးများကို စာရင်းလုပ်ထားရန်အတွက် ချင်ဟုန်အသင်း၏ အဖွဲ့ဝင်များကို ညွှန်ကြားနေခဲ့သည်။
သူတို့က ဒုတိယအမြစ်ပြတ်သုတ်သင်မည့် စစ်ဆင်ရေးအတွက် အစီအစဥ်ဖန်တီးရန် စတင်နေလေသည်။
“ကျွန်မတို့ မနက်ဖြန် စပြီးပြင်ဆင်ကြမယ်.. ပိုစောလေ ကောင်းလေပဲ.. ကျွန်မတို့ မနက်ဖြန် အောင်မြင်နိုင်ရင် ပိုကောင်းလိမ့်မယ်”
ရှူးယန်အသင်းအပြင် ကူညီရန်ရောက်လာသော တခြားဆင့်ကဲပြောင်းလဲသူအဖွဲ့လည်း ရှိခဲ့ကြောင်းကို ယင်ရိလျို ယခုမှသာ သိလိုက်ရ၏။
ကံမကောင်းစွာဖြင့် သူတို့ မဆင်းသက်နိုင်ခင်မှာပင် ဧရာမသစ်ပင်ကြီးထံတွင် တိုက်ခိုက်ခြင်းခံလိုက်ရပြီး လူတိုင်း သေသွားခဲ့သည်။
အထက်လူကြီးများမှ ခွဲဝေပေးခဲ့သော လက်နက်များ၊ ကိရိယာများနှင့် မြို့တော်Bမှ ကျင်းယန်တို့အဖွဲ့အတွက် ထောက်ပံပေးခဲ့သောအရာများက အရည်အသွေးမြင့်မားသောကြောင့် ဒုတိယတိုက်ခိုက်မှုတွင် သူတို့၏အခွင့်အရေးများကို တိုးလာစေခဲ့၏။
လျို့ကျန်းက လှည့်ပတ်ကြည့်ပြီး ဆက်ပြောခဲ့သည်။
“မနက်ဖြန် မနက်ခင်းမှာ ကျွန်မက လူတိုင်းအတွက် တာဝန်တွေကို ခွဲဝေပေးမယ်.. ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားရမယ်”
အစည်းအဝေးပြီးနောက် အပြင်ဘက်တွင် ချက်ပြုတ်ရန်တာဝန်ရှိသော လူတချို့က အဖွဲ့ဝင်အရေအတွက် အလိုက် ချက်ပြုတ်ထားသော ညစာကိုဖြန့်ဝေခဲ့ကြ၏။
ယင်ရိလျိုက ဤသည်အားကြည့်ပြီး အံ့အားမသင့်ဘဲ မနေနိုင်ချေ။
အမျိုးသမီးဇာတ်လိုက်က သူမ၏အသင်းကို စီမံခန့်ခွဲရာနှင့် အမျိုးမျိုးသောစနစ်များကို တည်ထောင်ထားရာတွင် အမှန်တကယ် ကျွမ်းကျင်ကြောင်းကို ဝန်ခံရမည်ဖြစ်သည်။
ညစာ၌ နူးညံ့ပြီးအရသာရှိသည့် ဖားသားကင်ပါဝင်သော်ငြား အများအပြား စားရခြင်းက အနည်းငယ် အီစေနိုင်၏။
ယင်ရိလျိုက အစည်းအဝေးလုပ်နေချိန်အတွင်း မုန်လာဥနီကို အတော်လေး စားခဲ့သောကြောင့် အသားကို များစွာ မစားနိုင်ချေ။
မကြာမီ ဖားသားကိုစားလျက် စိတ်ပျံ့လွင့်နေပုံရသော ကျောင်းချီယန်ကိုကြည့်၍ သူမစိတ်ထဲတွင် အကြံတစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
တခဏကြာပြီးနောက် ရှူးယန်အသင်းဝင်များက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်ကာ ပြန်နားရန်ပြင်ဆင်ခဲ့ကြသည်။
ကျင်းယန်က စိတ်လှုပ်ရှားနေသော အမူအရာရှိနေသည့် ယုန်လေးကို စောင့်ကြည့်ပြီးနောက် သူမ၏ အလွန်အမင်း နူးညံ့သော ယုန်နားရွက်များကို ပွတ်သပ်ရန် လက်ကိုဆန့်လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် စူးစိုက်အကြည့်ခံရသော အကြည့်တစ်ခုက သူ့အပေါ်တွင် မြဲမြံစွာ ကျရောက်နေသည်ကို သူ ခံစားလိုက်မိသည်။
ဤအကြည့်က အတော်လေး ကလူမြှူဆွယ်နိုင်ပေသည်။
သူ ထိုအကြည့်၏ပိုင်ရှင်ကို ခွဲခြမ်းစိတ်ဖြာလိုက်လေ၏ : မရင်းနှီးသော အမျိုးသမီးတစ်ယောက် ပင်။
သူ သူမ ရှိနေသည့်အရပ်မျက်နှာကို လှမ်းကြည့်လိုက်လေ၏။ သူ၏ အကြည့်ပိုမြင်လျှင် ထိုအမျိုးသမီးက ရှက်ရွံ့သွားသည့်အရိပ်အယောင်ကို ဖော်ပြလာပြီး ကလူ၏မြူ၏ပြုမူပြလာခဲ့လေသည်။
ကျင်းယန် မျက်ခုံးကိုတွန့်ချိုး၍တွေးလိုက်သည်။
ဒီအမျိုးသမီးက ဘယ်သူလဲ။
နျိုဖေးဟောင်ကြောင့် အရှေ့ထိုင်ခုံတွင် ထိုင်နေရသော နျိုရင်းသည်ကား ကျင်းယန်က သူမနှင့်အကြည့်ချင်းဆုံလာသည်ကို မြင်လိုက်ရလေသည်။
သူမ၏နှလုံးသားက လျှင်မြန်စွာခုန်ပေါက်သွားပြီး သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင် တစ်ခုပေါ်လာခဲ့၏။
ထို့နောက် ကျင်းယန်ဆီသို့ ကလူ၏မြူ၏အကြည့်တစ်ချက် ပို့လွှတ်လိုက်လေသည်။
ဤခန့်ညားသောအမျိုးသားနှင့် ဤနေရာတွင် ပက်ပင်းတိုးရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
သူက ရှူးယန်အသင်း၏ ခေါင်းဆောင် ဖြစ်နေခဲ့လေသည်။
ကျင်းယန်က ပြန်လည် လှည့်ထွက်သွားကာ သူပွေ့ချီထားသော ယုန်လေးကို စကားပြောရန် ငုံ့လိုက်သည်ကို မြင်လိုက်သည့်အချိန်အထိ သူမ သူ့ကို ကြည့်၍ မဝနိုင်ခဲ့ပေ။
နျိုရင်း ထိုယုန်ကို မှတ်မိပေ၏။ သူမသည်က တစ်ချိန်က ဆေးရုံထဲတွင် ထိုယုန်ကို လိုချင်ခဲ့သော်ငြား ယုန်ကထွက်ပြေးသွားခဲ့သည်။
ကျင်းယန်ကလည်း အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးရတာကို ကြိုက်တာဖြစ်နိုင်လောက်မလား?
သူတို့ရဲ့စိတ်ဝင်စားမှုက အတော်လေး တူညီတဲ့ပုံပဲ..
ရှူးယန်အသင်း၏ နားနေဧရိယာသို့ ပြန်ရောက်သည်အထိ လင်းကျားတစ်ယောက် ရှုပာထွေးနေဆဲပင်။
သူမအနေဖြင့် ဗိုက်ပြည့်အောင်မစားရသေးခင် ကျောင်းစီဟွေ့က သူမကိုဆွဲခေါ်လာခဲ့သည်။ ထို့အတူ အဖွဲ့လိုက်ကြီး ဆန်းကြယ်စွာ ပြုမူနေကြသောကြောင့် သူတို့လုပ်နေသည့်အရာအား သူမကို မသေမချာဖြစ်စေခဲ့သည်။
များသောအားဖြင့် အတော်လေး မောက်မာသည့် အနက်ရောင်ဝံပုလွေပင်လျှင် တောက်ပသောမျက်လုံးများဖြင့် ကျင်းယန်ဆီသို့ လျှောက်သွားခဲ့လေ၏။ သူက ဖြည်းညှင်းစွာဖြင့် ချဥ်းကပ်နေခဲ့လေသည်။
နားနေဧရိယာ၏ အတွင်းဘက်ကိုရောက်လျှင် ကျောင်းစီဟွေ့က တံခါးကိုလော့ခ်ချပြီး ကျောင်းချီယန်က ဆိုဖာပေါ်မှ ကျောပိုးအိတ်ကို ကောက်ယူလိုက်သည်ကို လင်းကျား တွေ့လိုက်ရသည်။
ထို့နောက် ကျောင်းချီယန်က ဇစ်ကိုဖွင့်၍ ကျောပိုးအိတ်ထဲမှ အမျိုးမျိုးသော ပစ္စည်များကို ဆွဲထုတ်လာခဲ့လေ၏။
ထိုအိတ်ထဲမှ အစာအစားအိတ်များနှင့် စည်သွပ်ဘူးများကို တစ်ခုပြီးတစ်ခု ထုတ်ယူနေသည်အား မြင်သည့်အခိုက်တွင် လင်းကျားတစ်ယောက် မျက်လုံးပြူးသွားရလေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဒီအိတ်က အဲဒီလောက်ကြီး မဆံ့ဘူးလေ!
တခြားသူများ၏ နားလည်ရခက်သော အမူအရာများကို ကြည့်ပြီးနောက် လင်းကျား ရုတ်တရက် နားလည်သွားခဲ့သည်။
ဤသည်က သူတို့အသင်း၏လျှို့ဝှက်ချက်ဖြစ်၏။
ရှူးယန်အသင်း၏ လျှို့ဝှက်ချက်ဖြစ်လေသည်။
သူမက သူတို့၏ အသင်းဖော်ဖြစ်လာသောကြောင့် သူတို့က သူမထံသို့ ထိုလျို့ဝှက်ချက်ကို ဖော်ထုတ်ပြသလာခဲ့ကြပေပြီ။
သူမ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထိရှသွားပြီး တစ်ချိန်တည်းမှာ သူမ၏ထိတ်လန့်မှုကို ဖိနှိပ်လိုက်ရသည်။
သူမ ကျောင်းချီယန်ကို တိတဆိတ်စောင့်ကြည့်နေမိခဲ့သည်။
သူတို့က အိတ်ထဲမှမီးဖိုချောင်သုံးပစ္စည်းများကိုပါ ဆွဲထုတ်လိုက်ချိန်တွင်တော့ သူမ မအံ့သြတော့ချေ။
ဤအရာအားလုံးကို ယင်ရိလျိုက သူမ၏နေရာလွတ်ထဲမှ ထုတ်ခဲ့ခြင်းဖြစ်၏။
ဤအကြောင်းအရာကို သူတို့၏အသင်းဖော်၊ တစ်နည်းအားဖြင့် သူမ၏အသက်ကို ကယ်တင်ခဲ့သော လင်းကျားထံမှ ဖုံးကွယ်ရန် လိုအပ်သည်ဟု သူမ မထင်ပေ။
ရှူးယန်အသင်း၏ ရိက္ခာများက ပေါများသည်ထက် များစွာပိုလေ၏။
သူတို့တွင် ဝက်ပေါင်ခြောက်၊ အသင့်ထုတ်ပိုးထားသော ကြက်သားနှင့် ဘဲသားကဲ့သို့ ပစ္စည်းများလည်းရှိနေခဲ့သည်။
လင်းကျားက ကမ္ဘာပျက်ကပ်ဖြစ်ပြီးကတည်းက ဤကဲ့သို့အစားအစာများကို မစားခဲ့ရသည်မှာ ကြာခဲ့ပေပြီ။
ထိုအချိန်အတောအတွင်း သူမက တောရိုင်းထဲတွင် ရှင်သန်ခဲ့ကာ အသားစိမ်းများနှင့် အဆိပ်ရှိသော အင်းစက်များကိုပင် စားခဲ့ဖူးသည်။
ထိုအရသာကို မေ့မရနိုင်ချေ။
ထို့ကြောင့် ပထမတစ်ကိုက်ကိုက်လိုက်ချိန် မွေးပျံ့၍အရသာရှိလွန်းသောကြက်ကင်အရသာက ပါးစပ်ထဲသို့ ဝင်လာသည့်အခိုက် သူမ၏မျက်လုံးများ တခဏချင်း တောက်ပသွားပြီး ကြက်ကင်နှင့်အတူ သူမ၏လက်တစ်ဖက်လုံးကိုပါ မြိုချနိုင်ရန် ဆုတောင်းလုနီးပါးပင်။
ယုန်လေး ယင်ရိလျိုတွင် အစာအိမ်သေးသေးလေးသာရှိ၏။
ထို့ထက်ပို၍စားနိုင်ရန်အတွက် သူမက လူသားအသွင်ပြောင်းလိုက်ပြီး သူမ၏ဆီရွှဲနေသော လက်လေးများက ကြက်ပေါင်ကို လှမ်းဆွဲလိုက်လေသည်။
သူမ၏ပါးစပ်သည်လည်း အသားမှဆီကြောင့် ပေပွနေခဲ့သည်။
ကျင်းယန်က သူ၏စားစရာကို တိတ်တဆိတ်စားနေခဲ့လေ၏။ သူစားနေသည့်အရာက ဆီများဖြင့် ရွှဲနေသော ကြက်ကင်ဖြစ်သော်ငြား သူ၏စားသောက်မှုပုံစံက လှပပြီး ဂုဏ်ကျက်သရေရှိနေခဲ့လေသည်။
သူက စားသောက်နေချိန်အတွင်း ယင်ရိလျိုကိုလည်း ဂရုစိုက်ပေးကာ သူမ၏လက်ကောက်ဝတ်တွင် ပေကျနေသော ဆီများကိုလည်း တစ်ရှူးဖြင့် သုတ်ပေးနေခဲ့လေ၏။
ယင်ရိလျို ခေါင်းမော့လိုက်တိုင်း ကျင်းယန်၏ တည်ငြိမ်သော မျက်လုံးများကို အလွယ်တကူ မြင်နိုင်ခဲ့သည်။
သူမ၏နှုတ်ခမ်းများက နှင်းဆီရောင်သန်းပြီး တလက်လက်တောက်နေလေ၏။
ကြက်ကင်ကို တစ်ကိုက်စားပြီးနောက် သူမက ခပ်တိုးတိုးလေချဥ်တက်လိုက်ကာ ရုတ်တရက် ကျိုးကြောင်းရှင်းမပြနိုင်စွာဖြင့် သူမ၏ကြက်ပေါင်ကို ကိုင်ထားသော လက်လေးကို ကျင်းယန်၏ရှေ့သို့ ဆန့်တန်းလိုက်မိသည်။
“နည်းနည်းလောက် စားပါဦး”
ကြက်ပေါင်ပေါ်တွင် ကိုက်ရာအသေးလေးတစ်ခုရှိနေခဲ့လေ၏။
ဤသည်က သူမ အပိုင်းအသေးလေးတစ်ခုကို ဖဲ့စားထားခြင်းသာဖြစ်သည်။
ယင်ရိလျို လက်ကို ဆန့်ပေးမိသည့်အတွက် ချက်ချင်း နောင်တရသွားခဲ့သည်။
သူမ တစ်ဝက်စားထားပြီး ကိုက်ထားတဲ့အစားအသောက်ကို ဘာလို့ ကျင်းယန်ကို ပေးမိရတာလဲ?
***