ယင်ရိလျို သူမ၏ ဆီများပေကြံနေသော လက်လေးကို ပြန်ဆုတ်တော့မည့်အချိန်တွင် သူမ၏အမြင်အာရုံထဲတွင် ကျင်းယန်၏ပြတ်သားသော မျက်နှာက ရုတ်တရက် တိုးဝင်လာလဲ့သောကြောင့် သူမကို ထိတ်လန့်သွားစေခဲ့၏။
ထိုခဏတာအချိန်တွင်း သူမ၏လက်ထဲမှ ကြက်ပေါင်သည်လည်း တစ်ဝက်လောက် ကိုက်စားခံလိုက်ရလေသည်။
ကျင်းယန်က ဖြည်းညင်းစွာ ဝါးစားနေပြီး သူ၏ပါးပြင်က အနည်းငယ်ဖောင်းနေခဲ့၏။ သူမ စားထားပြီးသားဆိုသောအချက်ကို သူ လုံးဝအာရုံမထားခဲ့ပါချေ။
ကလေးမလေး၏မျက်နှာပေါ်မှ ဆွံ့အနေသော အမူအရာကိုမြင်လျှင် သူက မျက်ခုံးတစ်ဖက်ကို အသာပင့်ပြီး မေးခဲ့သည်။
“ဘာဖြစ်လို့လဲ”
ယင်ရိလျို ခေါင်းကို အပြင်းအထန်ခါရမ်းလိုက်ကာ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်၏။
လူတိုင်းက သူတို့၏အသင်းအတွက် အထူးသီးသန့်ပြင်ဆင်ပေးထားသော ညစာကို စားသောက်နေခဲ့ကြသည်။
သူတို့၏ဆာလောင်မှုကို ဖြည့်တင်းကာ ရေသောက်လိုက်ပြီးနောက် ကျောင်းချီယန်က ကျေနပ်အားရသော သက်ပြင်းကိုချပြီး ဆိုဖာပေါ်တွင် လဲလျောင်း၍ တဖြည်းဖြည်း ငိုက်မြည်းလာခဲ့လေ၏။
ကျင်းယန်က ယင်ရိလျိုကို ရင်ခွင်ထဲတွင်ပွေ့ထားကာ သူမ၏လက်ဖဝါးလေးများကို ဆန့်ထုတ်စေပြီး ဘေစင်အောက်တွင် ဆီရွှဲနေသောလက်များကို ဆေးပေးခဲ့သည်။
မြေအောက်ဌာနတွင် ရေရှိသော်ငြား တစ်ကိုယ်ရေသုံး ပစ္စည်းများမရှိပါချေ။
သူက ယင်ရိလျိုကို နေရာလွတ်ထဲမှ ဆပ်ပြာတစ်ခဲ ထုတ်ခိုင်းခဲ့၏။
သူက သူ၏လက်ဖဝါးထဲတွင် အမြှုပ်များထအောင် ပြုလုပ်ပြီးမှ ကလေးမလေး၏ ဆီများပေကျံနေသော လက်များကို ဆေးကြောပေးနေခဲ့လေ၏။
သူမ၏လက်ဖဝါးမှ အထိအတွေ့က အတော်လေးနူးညံ့ပြီး ယုန်လေး၏အသားပေါသော လက်ဖဝါးများကဲ့သို့ အိစက်နေခဲ့၏။
ကျင်းယန်က သူမ၏လက်ဖဝါးများကို အေးစက်သော အမူအရာနှင့်အတူ ပွတ်တိုက်ဆေးကြောနေခဲ့ကာ လက်ဖဝါး၏ အရည်အသွေးကိုလည်း ဆက်လက် တန်းဖိုးဖြတ်နေခဲ့သည်။
သူ လက်ဖဝါးများကို ညင်သာစွာ ဆိတ်လိုက်သည့်အချိန်တွင် ယုန်လေးက ကြို့ထိုးလာခဲ့လေ၏။ သူ မျက်မှောင်ကြုတ်လိုက်မိပြီး မေးလာခဲ့သည်။
“ဘာဖြစ်လို့လဲ၊ ဗိုက်အောင့်နေလို့လား”
ထိုအချိန်တွင် ယင်ရိလျို၏ မျက်နှာက ရှက်ရွံ့မှုတို့နှင့်အတူ အနည်းငယ် အနီရောင်သန်းနေခဲ့လေ၏။ သူမ ခေါင်းမ်းလိုက်သော်လည်း ထပ်ပြီး ကြို့ထိုးမိပြန်သည်။
ကျင်းယန်က သူမရဲ့ လက်ဖဝါးတွေကို ဆိတ်နေလို့ သူမ ရှက်နေရတဲ့အကြောင်းကို ပြောနိုင်ပါ့မလား!
ကျင်းယန်က ကလေးမလေးကို တံခါးဆီသို့ ခေါ်သွားပြီး လမ်းလျှောက်ခိုင်းကာ အစာကြေရန် ကူညီပေးခဲ့လေ၏။
သူမ၏ ကြို့ထိုးခြင်းက တဖြည်းဖြည်း ရပ်သွားပြီးမှသာ အနားယူရန် ပြန်ခေါ်သွားခဲ့သည်။
ဤအရာများအားလုံးကို အပေါ်ထပ်မှ နျိုရင်း တွေ့သွားခဲ့ပြီး သူမ၏နှလုံးခုန်သံက အတော်လေး ကသောင်းကနင်း ဖြစ်သွားခဲ့ရ၏။
ဤကဲ့သို့ ပြီးပြည့်စုံသော အမျိုးသားတစ်ယောက်က အလွန်အမင်း ချစ်တတ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
ကလေးမလေးကို ကြည့်နေသော ကျင်းယန်၏ ကြင်နာတတ်သောအကြည့်က သူမ၏နှလုံးသားကို ခုန်ပေါက်သွားစေသည်။
ထိုကဲ့သို့ ကြင်နာသောအကြည့်ဖြင့် သူမသာ အကြည့်ခံရမည်ဆိုလျှင် မိထွေးဖြစ်ရခြင်းကလည်း ဆိုးရွားလွန်းနေမည် မဟုတ်ချေ။
နောက်နေ့မနက်ခင်းစောစော၌ ကျင်းယန်၏လက်မောင်းထဲတွင် အသိုက်ဖွဲ့နေသော ယုန်ဖြူလေးက သမ်းဝေလိုက်၏။ လက်နက်ကြီးများကို လွှဲပြောင်းဌာနမှ မြို့အစွန်သို့ ပို့ရန်ပြင်ဆင်နေကြသည်။
ကျင်းယန်၏ လက်မောင်းပေါ်မှ အမြှောက်များကို မြေအောက်ခန်းမှ တွန်းထုတ်လာသည်ကို သူမ မြင်ခဲ့ရ၏။
ယုန်ဖြူလေးက အိပ်ချင်မူးတူးဖြင့် သမ်းဝေလိုက်လျှင် သူမ၏ သေးငယ်သောသွားလေးများနှင့်နှင့် လျှာက ပေါ်လာခဲ့ပြီး ကျင်းယန်၏လက်မောင်းထဲတွင် အိပ်ချင်မူးတူးဖြစ်နေခဲ့သည်။
မနက်စောစောအချိန်တွင်ပင် တောအုပ်ထဲ၌ အတော်လေး မွန်းကျပ်မှုကို ခံစားနေရလေ၏။
ကောင်းကင်ကြီးက နက်ပြာရောင်သန်းနေပြီး ယင်ရိလျိုမြင်နိုင်သမျှက နေလုံးကိုဖုံးကွယ်နေသော ဧရာမ သစ်ပင်၏ ထိပ်ဖျားများသာ ဖြစ်လေသည်။
အဝေးမှကြည့်လျှင်ပင် ဖိနှိပ်ခြင်းနှင့် အသက်ရှူမဝခြင်းကို ခံစားရစေ၏။
သူမ တံတွေးကို အားပြင်းပြင်းဖြင့်မြိုချပြီး ကြောက်စရာကောင်းသော ဧရာမသစ်ပင်ကြီးနှင့် ကြီးမားထင်ရှားလွန်းသောပန်းအဖူးကြီးကို စိုက်ကြည့်နေမိသည်။
ဤအပင်ကြီး၏ကြီးထွားမှုက အလွန်လျှင်မြန်လွန်း၏။
ယင်ရိလျိုက ထိုအပင်ကို ရဟတ်ယာဥ်ပေါ်မှ တစ်ကြိမ်မြင်ဖူးသော်လည်း အနီးကပ်မြင်ရချိန်တွင် ပို၍ပင် အသားမကျဖြစ်စေသည်။
သူမ ခေါင်းကိုဖြောင့်တန်းနေသည်အထိ မော့လိုက်သော်လည်း ထိုသစ်ပင်ပေါင်းမိုး၏ ထိပ်ကိုမမြင်နိုင်သေးချေ။
သစ်ပင်၏ကိုယ်ထည် တစ်ဝက်က မီးလောင်ကျွမ်းပြီး ပျက်စီးနေကာ ဆန့်ထွက်နေသည့်သစ်ကိုင်းနှင့် အရွက်များက အဝါရောင်သန်းနေခဲ့၏။
လေတိုက်လိုက်သည့် အချိန်တိုင်းတွင် အရွက်ခြောက်တို့က အစုအပြုံလိုက်ပြီး ကြွေကျနေခဲ့လေသည်။
ထိုအပင်ကို ကြည့်ရသည်မှာ ကိုယ်ထည်တစ်ဝက်က မိုးကြိုးပစ်ချခံထားရသည်နှင့် တူနေ၏။
သို့သော်လည်း မီးလောင်ကျွမ်းထားသော အပြင်ပိုင်း၏အောက်တွင် အညိုဖျော့ဖျော့အရောင်ရှိသည့် ကော်ကဲ့သို့ကပ်စေးစေး အရာများ စိမ့်ထွက်နေကြောင်းကို မြင်နိုင်ပြီး အနက်ရောင်အခေါက်၏ အပြင်ဘက်ပိုင်းကို ထိုးထွက်နေလေသည်။
တစ်စုံတစ်ခုက ဤသစ်ပင်ကြီးကို ပြန်လည်ပုံသွင်းနေသကဲ့သို့ ထင်ရသည်။
ပြန်လည်ဖွဲ့စည်းခြင်း ပြီးမြောက်သွားလျှင် ထိုအပင်က ပြန်လည် အသက်ဝင်လာလိမ့်မည်။
မီးလောင်ကျွမ်းနေသော အခေါက်၏အောက်တွင် ဖွဲ့စည်းနေသော အရာဝတ္ထုအသစ်များကို လျို့ကျန်းလည်း သတိထားမိလေ၏။
ဤအရာများသည်က သူမ၏အတိတ်ဘဝ၌ သုတေသနဌာနမှ ရှာတွေ့ခဲ့သော ကမ္ဘာပျက်ကပ်၏အရင်းအမြစ်နှင့် ဆက်စပ်နေသည့် ဆန်းကြယ်သော ပစ္စည်းဖြစ်နိုင်သည်ဟု သူမ ယုံကြည်သောကြောင့် စိတ်လှုပ်ရှားသွားခဲ့ရလေသည်။
သူမ ထိုပစ္စည်းကို မြို့တော်Bသို့ ပြန်ယူနိုင်သရွေ့ လွယ်ကူသော ဘဝတွင် နေထိုင်နိုင်ပြီး သူမ၏ ကျန်ဝှိသည့် သက်တမ်းတစ်လျှောက်လုံး ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ဖြစ်လာလိမ့်မည်ပင်။
သူမက သူရဲကောင်းပုံရိပ်တစ်ခုပင် ဖြစ်လာနိုင်၏။
ဤအတွေးများက စိတ်ထဲသို့ဝင်လာပြီးနောက် သူမက ပို၍စိတ်အားထက်သန်လာပြီး သူမ၏အသံကလည်း အနည်းငယ် တုန်ရီနေခဲ့သည်။
“အခု မြန်မြန် နေရာချကြတော့.. နေမွန်းတည့်တာနဲ့ ကျွန်မတို့ ဒုတိယအမြစ်ပြတ်သုတ်သင်မယ့် စစ်ဆင်ရေးကို စလုပ်ကြမယ်”
=
လျို့ကျန်းက ဆင့်ကဲပြောင်းလဲသူ အားလုံးကို စာရင်းကောက်ထားပြီး သူတို့ကို တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးထားသည်။
သာမာန်လူများအတွက်တော့ ထောက်ပံ့ပို့ဆောင်ရေးအတွက်သာ တာဝန်ယူကြရ၏။
ဤအချိန်တွင် နျိုဖေးဟောင်က အခြေစိုက်စခန်းမှ ဘစ်ရှော့ကြီးမဟုတ်တော့ချေ။
သူက ဖောက်ခွဲခြင်းနှင့် သုတ်သင်မည့်စစ်ဆင်ရေးတွင် ပါဝင်ဆင်နွှဲရမည်ဖြစ်သည်။
သူက ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်သော်လည်း ကမ္ဘာပျက်ကပ်စဖြစ်ကတည်းက ဇိမ်ခံသောဘဝကို ဖြတ်သန်းခဲ့ပြီး ထင်ရှားသော လုပ်ဆောင်မှုများတွင် မတိုက်ခိုက်ရချေ။
ထပ်ဆောင်းအနေဖြင့် သူက အသက်ကြီးလာပြီဖြစ်သောကြောင့် သူ့အတွက် အတော်လေး စိန်ခေါ်မှုများလေ၏။
သူ၏ကိုယ်ပိုင် စိတ်ဒုက္ခများကြားတွင် သမီးဖြစ်သူ၏ စိတ်ခံစားချက်များကိုလည်း နှစ်သိမ့်ရန်သာ ကြိုးစားနေရသည်။ သူ့အနေဖြင့် သူမက နာခံစွာနေထိုင်ပြီး ဒေါသပေါက်ကွဲခြင်းတို့ မဖြစ်စေရန် မျှော်လင့်နေခဲ့သည်။
“ပါးတို့ မြို့တော်Zပြန်ရောက်ရင် မင်းလိုချင်တာမှန်သမျှကို ရအောင်လုပ်ပေးမယ်.. အခုတော့ လိမ်လိမ်မာမာနေနော်”
အတော်လေး ဝဖြိုးသောခန္ဓာကိုယ်တည်ဆောက်ပုံနှင့် သူ၏အသက်အရွယ်ကြောင့် မျက်အိတ်ကြီးများပင် တွဲကျနေပြီဖြစ်သော သက်လတ်ပိုင်းလူကြီးက တွန့်ဆုတ်နေပုံရသော သူ့သမီးကိုကြည့်ကာ အကူအညီမဲ့မှုကို တစ်ဖန်ခံစားရပြန်သည်။
သမီးဖြစ်သူ၏ ယခုပုံစံအတိုင်းနေထိုင်ခြင်းကို သူ သဘောကျခဲ့ကာ သူ့ဘက်မှအလိုလိုက်ထားခဲ့ခြင်းသာဖြစ်လေ၏။ ဤသို့ဖြစ်လာခြင်းအတွက် အဖေတစ်ယောက်အနေဖြင့် သူ့တွင်လည်း တာဝန်ရှိသည်။
ဤအခြေအနေမှစ၍ သူမ၏အပြုအမူကို အမှန်ပြင်ပေးရန် ဖြစ်နိုင်ဦးမည်လား သူ မသိတော့ချေ။
“ဟုတ်ပြီဟုတ်ပြီ သမီးသိပါပြီ”
နျိုရင်း စိတ်မရှည်စွာ ပြန်ဖြေလိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေ၏။ ပြီးနောက် သူမ၏အကြည့်ကို အရှေ့မှလူအုပ်ထံသိာ့ ပြန်ရွှေ့လိုက်သည်။
အဖွဲ့ထဲတွင် ကျောင်းချီယန်နှင့်ကျင်းယန်မှာ ပတ်ဝန်းကျင်ကို ခြုံငုံလေ့လာရန် စေလွှတ်ခံရသည်။
ဆင့်ကဲပြောင်းလဲသူတစ်သင်းက ဂေါ်ပြားများနှင့် တွင်းတူသော ကိရိယာများကို ကိုင်၍ ဧရာမသစ်ပင်ကြီး၏ မီတာတစ်ရာ အကွာလောက် မြေပြင်ကို သတိထားလျက် တူးနေပြီး ခြုံငုံလေ့လာနေကြ၏။
သူတို့၏ခါးတွင် လုံခြုံစေရန် ပတ်ထားသော ကြိုးများရှိသည်။ မြေပြင်မှထွက်လာသော နီညိုရောင်နွယ်များက သူတို့ထဲမှ တစ်ယောက်ကို ရုတ်တရက် ဖမ်းလိုက်လျှင် တခြားသူများက နွယ်ပင်များကိုဖြတ်ရန် ချက်ချင်းပင် ချွန်ထက်သော ဂေါ်ပြားများကို အသုံးပြုကြမည်ဖြစ်၏။
အချိန်တိုအတွင်း မြေပြင်က အရွယ်အစားအမျိုးမျိုးသော တွင်းပေါက်များဖြင့် ဇကာပေါက်ဖြစ်သွားခဲ့သည်။ အပင်များ၏အမြစ်များနှင့် ပင်စည်များကိုတူးဖော်ပြီးနောက်တွင်တော့ မြေပြင်ပေါ်၌ အဝိုင်းပုံလှီးဖြတ်ထားသဖြင့် တီကောင်များနှင့်ပင် ဆင်တူနေခဲ့၏။
ကျင်းယန်က လျှင်မြန်စွာဆောင်ရွက်နေခဲ့သည်။
နွယ်ပင်များက ကျောင်းချီယန်ကို မိသွားတိုင်း ကျင်းယန်က ဓားမြောင်ဖြင့် မြန်ဆန်စွာဖြတ်တောက်ခဲ့လေ၏။
ကျောင်းချီယန် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းချုပ်ကာ အသက်ဝဝရှူပြီးနောက် မရယ်ဘဲ မနေနိုင်တော့ချေ။
“ကော၊ ကောသိလား.. ဒါကလေ ဂူဖောက်သူအကြောင်း သည်းထိပ်ရင်ဖို ဝတ္ထုတွေနဲ့တူတယ်နော်.. မြေကြီးပေါ်မှာ တွင်းတွေလိုက်တူးတာလေ”
ကျင်းယန်က မျက်ခွံပင် ပင့်မကြည့်ခဲ့ပေ။ သူ၏ဂေါ်ပြားက မြေကြီးထဲ တစ်ဝက်ရောက်သွားပြီး ပြန်ဖြေခဲ့သည်။
“ငါမဖတ်ဖူးဘူး”
စကားပြောခြင်းက ဆက်မသွားနိုင်တော့ကြောင်းကို မြင်လျှင် ကျောင်းချီယန် မျက်လုံးကိုလှန်ပြီး မေးလိုက်၏။
“ဒါနဲ့ ယုန်လေးက ဘယ်မှာလဲ၊ သူက ကျွန်တော့်အစ်မဆီမှာလား?”
သူလှည့်ကြည့်လိုက်သော်ငြား အမျိုးသမီးနှစ်ယောက်ကို မတွေ့ရချေ။ သူ့ခေါင်းကို ပြန်လှည့်လိုက်သည့်အခိုက်တွင် ကျင်းယန်၏ရင်ဘက်က ရုတ်တရက် လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် နူးညံ့သော ယုန်နားရွက်တစ်စုံက ကျင်းယန်၏ ကုတ်အင်္ကျီကော်လံမှ ထွက်လာခဲ့၏။
ယင်ရိလျိုက မျက်လုံးနီနီများကို မျက်တောင်ခတ်ပြီး အပြင်သို့ထွက်နေသော သူမ၏ခေါင်းကို လှုပ်ယမ်းလိုက်သည်။
“ကျီ! ကျွန်မ ဒီမှာ”
ကျောင်းချီယန် မရယ်ဘဲမနေနိုင်တော့ချေ။
“ကျွန်တော်ပြောမယ် ကျင်းကော.. ဒီနေ့ ကောရဲ့ရင်ဘက်က ဘာလို့အရမ်းကြီးနေတာပါလိမ့်လို့ထင်နေတာ၊ လတ်စသတ်တော့ ကောက ယုန်တစ်ကောင်ကို ဖွက်ထားတာဖြစ်နေတာပဲ”
သူ စနောက်လိုက်သည့်အချိန်တွင်ပင် တောင်ပံတွင်သွေးရွှဲနေသည့် ငှက်နှင့်တူသော သန္ဓေပြောင်းလူတစ်ယောက်က သူ၏ဘေးနားမှဖြတ်၍ ဒယိမ်းဒယိုင်လျှောက်လာကြောင်းကိုတွေ့လိုက်ရသည်။
သွေးများက မြေပြင်အနှံ့ စီးကျနေခဲ့လေ၏။
ယင်ရိလျို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဤလူက ချင်ဟုန်အသင်းမှ တစ်ဦးတည်းသော လင်းတနှင့်တူသည် သန္ဓေပြောင်းလူဖြစ်ကြောင်း မှတ်မိသွားရသည်။
သူ ဘာဖြစ်လာတာလဲ?
***