ငှက်လူသားမှာ သူ၏သွေးသံရဲရဲလက်သည်းများကို ဒဏ်ရာမရထားသည့် တောင်ပံအောက်တွင် ဖွက်ထားခဲ့ပြီး ထိုလက်သည်းများထဲတွင် အပြားအဝိုင်းတစ်ခုကို ကိုင်ထားလေ၏။
သူက ဖြူဖျော့သော မျက်နှာနှင့်အတူ လျို့ကျန်း၏အနားသို့သွားခဲ့သည်။
လျို့ကျန်း မျက်မှောင်ကြုတ်ပြီး မေးခဲ့၏။
“ဘာဖြစ်လာတာလဲ”
ငှက်လူသားက အဝိုင်းပုံသဏ္ဍာန်အပြားကို လျို့ကျန်းဆီသို့လှမ်းပေးလိုက်ပြီး ထိုလှုပ်ရှားမှုကသူ၏ဒဏ်ရာကို ပွတ်တိုက်မိသွားသည့်အတွက် နာကျင်မှုကြောင့် မျက်နှာရှုံ့သွားခဲ့လေသည်။
“ခေါင်းဆောင် တစ်ချက်လောက် ကြည့်ပါဦး.. ကျွန်တော်တို့ရဲ့အနားက သံလိုက်စက်ကွင်းက ထပ်ပြောင်းသွားခဲ့တယ်..
ကျွန်တော်တို့ အတိုချုပ် အချက်ပြမှုတစ်ခုကိုပဲ လက်ခံလိုက်ရတယ်.. လောင်လျိုက ဌာနချုပ်က မက်ဆေ့ချ်ကို စစ်ဆေးပြီး အချက်ပြစာ ပြန်ပို့ချင်ခဲ့တာ..”
သူဆက်ပြောခဲ့၏။
“ဒါပေမဲ့ အဲ့ဒီနောက် လူသားစားအပင်ရဲ့ အဖူးက ရုတ်တရက် ဝတ်ဆံတွေကို လှမ်းပစ်လိုက်တယ်လေ.. လောင်လျို... လောင်လျို မရှိတော့ဘူး..
ကျွန်တော်လည်း ... ပျံသာ မပျံနိုင်ရင် ကျွန်တော်လည်း အခုလောက်ဆို ခြောက်သွေ့သွားအောင် အစုပ်ခံရလောက်တယ်.. အဲဒီအပင်ရဲ့ ရောက်နိုင်တဲ့အကွာအဝေးက ထပ်တိုးလာပြန်ပြီ”
လျို့ကျန်း ခေါင်းညိတ်ပြီးပြောခဲ့သည်။
“နင်အရင်နားသင့်တယ်.. နင့်ရဲ့ဒဏ်ရာကိုပိုးသတ်ဖို့ ထောက်ပံ့ပို့ဆောင်ရေးအသင်း ခေါ်လိုက်မယ်.. သတင်းကိုဖြန့်ပေးဖို့ သူတို့ကိုတာဝန်ပေးလိုက်မယ်.. နင် အလုပ်ကြိုးစားခဲ့ပါတယ်”
ယင်ရိလျိုနှင့်ကျင်းယန်က နားစွင့်နေသောကြောင့် နှစ်ယောက်လုံး လူအုပ်ထဲမှ ရုတ်ရုတ်သဲသဲဖြစ်မှုကို ကြားလိုက်၏။
ယင်ရိလျို သူမ၏မျက်နှာလေးကိုမော့ပြီး ဧရာသစ်ပင်ကြီးရှိသည့် အရပ်မျက်နှာကို လှမ်းကြည့်လိုက်မိသည်။
ကိစ္စများက မရိုးရှင်းနိုင်ဟု သူမ ခံစားရလေ၏။
အမျိုးသမီးဇာတ်လိုက် သူမ၏ယခင်ဘဝက သေသွားခဲ့သည့်အချိန်တွင် ဤဧရာမသန္ဓေပြောင်းအပင်ကြီးက ထိန်းမနိုင်သိမ်းမရနိုင်အောင် ချဲ့ထွင်နှင့်ပြီး ဖြစ်နိုင်လေသည်။
ဒါဆို အဲဒီအချိန်မတိုင်ခင်အထိ လူတိုင်းက အပင်ကြီးကို အမြစ်ပြတ်သုတ်သင်ဖို့အတွက် လုံးဝ ထည့်သွင်းမစဥ်းစားခဲ့ကြဘူးလား။
ဒါမှမဟုတ် ဒီဧရာမသစ်ပင်ကြီးက သူတို့ထင်ထားသလိုမျိုး အလွယ်တကူ အမြစ်ပြတ်သုတ်သင်နိုင်ပါ့မလား။
သူမ အတွေးထဲတွင်နစ်မျောနေချိန်တွင် ရုတ်တရက် သူမ၏ဘေးမှ ချိုသာပြီးနူးညံ့သောအသံကို ကြားလိုက်ရ၏။
သူမခေါင်းလှည့်လိုက်လျှင် နျိုရင်းက ကျင်းယန်ကို ရှက်သွေးဖြာပြီး ပြုံးနေသော မျက်နှာဖြင့် ကြည့်နေသည်အား မြင်လိုက်ရသည်။
“ကျင်းယန် ရှင် ကျွန်မကို မှတ်မိရဲ့လား”
နျိုရင်းက ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး လွှဲပြောင်းဌာနက အစားအစာကို ပြင်ဆင်ပြီးနောက် သူတို့ထံသို့ မနက်စာယူလာပေးရန် တာဝန်ယူခဲ့၏။
ကျင်းယန်က သူမပို့ဆောင်ပေးရမည့် ထမင်းဘူး၏ပိုင်ရှင်ဖြစ်လေ၏။
ဤအခိုက်အတန့်၌ သူမ၏ပါးပြင်က အနည်းငယ်ပန်းရောင်သန်းနေပြီး ကျင်းယန်ဆီ အိတ်ကို လှမ်းပေးလာခဲ့၏။
အိတ်ထဲတွင် အသားနှင့် စွပ်ပြုတ်တချို့ရှိနေသည်။
ကျင်းယန်၏မျက်နှာက အေးစက်နေဆဲဖြစ်ပြီး သူပြောခဲ့၏။
“ မမှတ်မိဘူး”
နျိုရင်း၏ထင်မြင်ချက်အရ လူချမ်းသာ၏သမီးတစ်ယောက်ဖြစ်သည့် သူမသည်က အခြေစိုက်စခန်းထဲတွင် ထင်ရှားသောပုံရိပ်ရှိနေသင့်သည်။ သူမကိုလည်း မှတ်မိနေသင့်ပြီး လေးစားသင့်ပေသည်။
ကျင်းယန်က ဘယ်လိုလုပ်ပြူး သူမကို မမှတ်မိရတာလဲ?
ကျင်းယန်၏အေးစက်သော အမူအရာကိုမြင်လိုက်ရလျှင် သူမက လီကျန်ကျောင်းနှင့် သူမတို့၏ကြားထဲမှ ကိစ္စများကြောင့်ဟုသာ တွေးလိုက်သည်။
သူမနှင့် သူ၏”သမီး” ယုန်သန္ဓေပြောင်းကြားတွင်လည်း အာဃာတတချို့ရှိနိုင်သောကြောင့် သူက အဖက်မလုပ်ခြင်းဖြစ်လိမ့်မည်။
နျိုရင်းက ကျင်းယန်၏လက်မောင်းထဲတွင် လှုပ်နေသော သန္ဓေပြောင်းယုန်ကိုကြည့်လိုက်လေ၏။
ဤယုန်လေးရှိနေခဲ့သောကြောင့် သူမက အသက်ငယ်ငယ်လေးဖြင့် မိထွေးတစ်ယောက် ဖြစ်လာရမည့်အကြောင်းကို တွေးလိုက်လျှင် သူမ၏စိတ်ထဲ၌ ယုန်လေးက သိပ်ပြီးချစ်စရာကောင်းတော့ပေ။
သူမ တစ်ခုခု ပြောတော့မည်အချိန်တွင် ကျင်းယန်က စိတ်မရှည်ဖြစ်လာခဲ့၏။
“မင်း ဘေးဖယ်လို့ရမလား၊ ငါတို့မှာ အလုပ်တွေရှိသေးတယ်”
နျိုရင်းက သူမ၏လက်ထဲမှ အိတ်ကိုမ၍ အတော်လေး စိတ်ပျက်အားလျော့စွာ ပြောလာသည်။
“ကျွန်မက ရှင့်အတွက် မနက်စာလာပို့တာလေ”
ရှိုးပွဲကို ရယ်ချင်စိတ်ဖြင့် ကြည့်နေခဲ့သော ကျောင်းချီယန်မှာ ရင်ဝကိုဆောင့်ကန်ခံရသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရ၏။
သူကရော?
သူကျတော့ မနက်စာစားဖို့ မလိုဘူးလို့ သူတို့ထင်နေကြတာလား။
ကျင်းယန်၏မျက်နှာက ပို၍အေးစက်လာခဲ့ကာ လေထုကလည်း ပို၍တင်းမာလာခဲ့သည်။
ကျောင်းချီယန် နျိုရင်း၏လက်ထဲမှ လှမ်းအိတ်ကိုယူပြီး ပြောခဲ့၏။
“အရေးကြီးတာမှ မဟုတ်ဘဲ.. ကျွန်တော် ဗိုက်ဆာနေပြီဆိုတော့ ကျွန်တော်ပဲ စားလိုက်မယ်လေ.. ကျေးဇူးတင်ပါတယ်နော် မမလေးနျို”
သူက တွန့်ဆုတ်စွာဖြင့် ပြန်သွားသော နျိုရင်းကိုကြည့်ပြီး ခေါင်းမရမ်းဘဲ မနေနိုင်ချေ။
“ကောတော့ ဒုက္ခရောက်ပြီပဲ.. ကျင်းကော ဒီမိန်းကလေးက ကောကိုမျက်စိကျနေတာ သေချာတယ်.. ချောမောတဲ့ အမျိုးသားတစ်ယောက်ရဲ့ ညှို့ဓာတ်က သတိထားစရာပဲ”
ကျင်းယန်၏လက်မောင်းထဲတွင် ရှိနေသည့် ယင်ရိလျိုကလည်း သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
ကျင်းယန်ကို သေချာပေါက် လွှမ်းမိုးခွင့်ပြု၍ မရချေ။
ကျင်းယန် ကျောင်းချီယန်ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
ထိုကောင်လေးမှာ သူ၏ပါးစပ်က စိတ်အနှောင့်အယှက်ဖြစ်သကဲ့သို့ ပြောနေသော်ငြား သူ၏မျက်လုံးထဲတွင် ရယ်မြူးရိပ်တို့ရှိနေလသည်။
သူ မထိန်းနိုင်ဘဲ ကျောင်းချီယန်ကို တစ်ချက်ကန်ချင်လာခဲ့သည်။
လက်နက်နှင့်လူအင်အား အားလုံးကို စီစဥ်ပြီးနောက် ဆင့်ကဲပြောင်းလဲသူများက ဧရာမသစ်ပင်ကြီးကို အလည်တွင်ထား၍ စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းလိုက်ကြသည်။
ပင်စည်၏အကောင်းပတိဖြစ်နေသော ဘက်ခြမ်းကို အမြှောက်များဖြင့် ချိန်ထားခဲ့ပြီးပေပြီ။
သူတို့က ရှုထောင့်နှင့်နေရာများကို ထပ်ခါတလဲလဲ ခြုံငုံလေ့လာခဲ့ကြ၏။
ဤအချိန်တွင် နေက ကောင်းကင်၏ အပေါ်တည့်တည့်တွင် ချိတ်ဆွဲနေပြီဖြစ်သည်။ ဧရာမသစ်ပင်ကြီးက ပတ်ဝန်းကျင်ရှိ အသက်ဓာတ်များကို ဝါးမျိုနေတတ်သောကြောင့် အနီးအနားမှဧရိယာက မဖြစ်ထွန်းတောပြီး အရိပ်အာဝါသရရန် သစ်ပင်လည်း မရှိချေ။
မှောင်မိုက်သော မြင်ကွင်းကို ရက်အတော်ကြာ မြင်ပြီးနောက် ယင်ရိလျိုအတွက် မျက်စိကျိန်းလောက်သော နေရောင်ကို မြင်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ခဲ့လေ၏။
သူမ၏ခေါင်းထက်မှ ပြင်းထန်သောနေရောင်ခြည်က မျက်စိများကိုပင် မှေးကျဥ်းမိစေသည်။
လျို့ကျန်းတွင် လျှို့ဝှက်ထားသော လုပ်ငန်းစဥ်တစ်ခုရှိနေ၏။
အကောင်းပတိဖြစ်နေသော မျက်နှာပြင်အောက်မှ အမြစ်များ၏တစ်ဝက်တွင် တန်ဖိုးရှိသောတစ်စုံတစ်ခု ပါလိမ့်မည်ဟု သူမယုံကြည်ထားသည်။
သူမ ရှာဖွေနေသော အရာပင် ဖြစ်ကောင်းဖြစ်နိုင်၏။
သူမ ထိုအပိုင်းကို မပျက်စီးစေချင်ပေ။
သို့သော် မည်သူကမှ သူမ၏အတွေးများကို မသိသောကြောင့် သူမ၏ညွှန်ကြားချက်အောက်တွင်သာ မြေအောက်မှအန္တရာယ်များကို ဆက်လက်ရှင်းလင်းနေခဲ့ကြသည်။
မြေကြီးက လုံးလုံးလျားလျား ပြောင်းပြန်လှန်ခံရလုနီးပါး ဖြစ်နေပြီး တွင်းပေါက်များ အနီရောင်အမြစ်အကျိုးအပဲ့များနှင့် ပြည့်နှက်လာခဲ့သည်။
လက်ရှိတွင် အပေါက်အားလုံးကို ရေတွက်ရန်ပင် ခက်ခဲလာခဲ့သည်။
ဤဧရာမသစ်ပင်ကြီး၏ အမြစ်စနစ်က မြေအောက်တွင် မည်မျှကျယ်ပြန့်ကြောင်း ထင်ရှားလွန်းနေခဲ့သည်။
ရှန်းယင်ကျိုးက ယာယီတဲထဲမှ ထွက်လာကာ လျို့ကျန်းကို ရေဘူးတစ်ဘူး လှမ်းပေးပြီး မေးခဲ့၏။
“အလုပ်ကြိုးစားနေတာပဲ.. အခြေအနေ ဘယ်လိုလဲ”
လျို့ကျန်းက ခေါင်းရမ်းပြီး ရေဘူးကို လက်ခံလိုက်သော်ငြား မသောက်ခဲ့ချေ။
“ဒေတာတွေအားလုံးကို မှတ်တမ်းတင်ပြီးသွားပြီ၊ လူတွေအားလုံးကလည်း နေရာတကျဖြစ်နေပြီ.. ဖောက်ခွဲဖို့ရာတွက် အချိန်ကောင်းကိုပဲ ကျွန်မတို့ စောင့်နေကြတာ”
သူမ ရရှိခဲ့သောနေရာလွတ်က သိပ်ပြီးမကျယ်ပြန့်ဘဲ ကုဗမီတာငါးမီတာမှ ဆယ်မီတာလောက်သာရှိသည်။
ထိုနေရာလွတ်ကိုရရှိခြင်းအား ရှန်းယင်ကျိုးကိုယ်တိုင် မျက်မြင်တွေ့သွားခြင်းကြောင့်သာ မဟုတ်လျှင် သူမက သူနှင့်ဆွေးနွေးမည် မဟုတ်ချေ။
သူတို့၏စွမ်းရည်များ နှင့်ပက်သက်၍ လျှို့ဝှက်ချက်များကို ဝေမျှခြင်းက သူတို့ကို နီးကပ်လာစေခဲ့သည်။
ချင်ဟုန်အသင်းတွင် လုပ်ရည်ကိုင်ရည်ရှိသော အဖွဲ့ဝင်အများအပြားရှိပြီး အရင်းအမြစ်များကလည်း ကြွယ်ဝလေ၏။
ဥပမာအနေဖြင့် ဖန်ချိုးနန် မနေ့ကသတ်ခဲ့သည့် သန္ဓေပြောင်းဖားကြီးမှာ အသင်းကိုအချိန်တခဏကြာ ကျွေးထားရန်လုံလောက်သည်။
မည်သူမှကြည့်မနေချိန် လျို့ကျန်းက ဖား၍အနူးညံ့ဆုံးနှင့် ဝါးရအလွယ်ဆုံးအပိုင်းတို့ကို ဖြတ်ထုတ်ပြီး သူမအတွက် အလိုရှိသည့်အချိန်တွင် ကိုယ်တိုင်စားသုံးရန် သူမ၏နေရာလွတ်ထဲ သိုလှောင်ထားခဲ့၏။
သူတို့သည်လည်း ကုန်စင်အောင် မစားနိုင်သောကြောင့် ဤလုပ်ရပ်ကို တစ်ကိုယ်ကောင်းဆန်သည် သို့မဟုတ် အသင်းဆီမှ အခွင့်ကောင်းယူသည်ဟု သူမ မထင်ချေ။
သူမ၏အသင်းဖော်များကလည်း ဤသည်ကို သတိမထားမိကြသောကြောင့် သူမ၏နေရာလွတ်ထဲတွင် ပစ္စည်းအပိုသိုလှောင်ထားခြင်းက အသင်းအပေါ် သက်ရောက်လိမ့်မည် မဟုတ်ပါချေ။
ရှန်းယင်ကျိုး၏အကြည့်က အဝေးမှ ကျင်းယန်ဆီ ဖျတ်ခနဲ ရောက်သွားပြီး ပြောခဲ့သည်။
“မင်းမှာ အစီအစဥ် ရှိနေရင် လာပြီးတိုင်ပင်လို့ရပါတယ်”
ထိုစကားကိုပြောပြီးနောက် သူက နောက်သို့ပြန်လှည့်ပြီး အခန်းထဲဝင်သွားခဲ့၏။
ကမ္ဘာပျက်ကပ်ဖြစ်ပြီးကာလတွင် လျို့ကျန်းကဲ့သို့ ကျွမ်းကျင်မှုနှင့် လုပ်နိုင်စွမ်းရှိသည့် အမျိုးသမီးများတွင်၌ ထူးခြားသောဆွဲဆောင်မှုရှိသည်။
သူမက ပို၍သီးသန့်ဆန်ပြီး ပို၍ဆန်းပြားစွာ ပြုမူလေလေ တခြားလူများ၏ အာရုံကိုဆွဲဆောင်လာလေလေ ဖြစ်၏။
လီရင်းရင်းအတွက်တော့ ရှန်းယင်ကျိုးသည်လည်း ဝေခွဲမရဖြစ်နေခဲ့သည်။ လီနှင့်ရှန်းမိသားစုများက အချိန်ကြာမြင့်စွာ ခင်မင်ရင်းနှီးလာခဲ့ကြပြီး သူတို့၏ကံကြမ္မာများက နီးကပ်စွာ ချည်နှောင်ထားခဲ့ကြ၏။
သူနှင့်လီရင်းရင်းကြားက စေ့စပ်မှုကို မွေးကတည်းက စီစဥ်ထားခြင်းဖြစ်ပြီး သူတို့က အတူတကွ ကြီးပျင်းခဲ့ကြသည်။
သူ့ထံတွင် လီရင်းရင်းကို ဦးတည်၍ ရင်ခုန်စိတ်လှုပ်ရှားသည့် ခံစားချက်များကို အနည်းငယ်မျှပင် မခံစားခဲ့သော်လည်း ဤမိသားစု ဆက်ဆံရေးများကြားတွင် သူတို့၏စေ့စပ်မှုကို မငြင်းဆန်နိုင်ခဲ့ပေ။
ယခုအချိန်တွင်တော့ ကမ္ဘာပျက်ကပ် ပေါ်ပေါက်လာမှုနှင့်အတူ မိသားစု၏ထိန်းချုပ်မှုများကလည်း ကြီးမားစွာ လျော့ရဲသွားခဲ့သည်။
ဒီတော့ သူ့ရဲ့အချစ်စစ်ကို လိုက်ရှာလို့ရနိုင်ပြီလား။
ယင်ရိလျိုက ကျင်းယန်၏လက်မောင်းထဲတွင် အသိုက်ဖွဲ့၍ သူ၏ရင်အုပ်ကျယ်ထဲတွင် မျက်နှာကို မြှုပ်နှံထားခဲ့သည်။
ပို၍ပြင်းထန်လာသော နေရောင်မှ သူမ၏မျက်လုံးများကို ကွယ်ထားရန်အတွက်လည်း ကျင်းယန်၏ ကုတ်အင်္ကျီကို အသုံးပြုရန်ကြိုးစားနေခဲ့လေ၏။
အမျိုးမျိုးသော ဆင့်ကဲပြောင်းလဲသူများက အလုပ်ရှုပ်နေကြပြီး တစ်ယောက်ချင်းစီက သူတို့၏သတ်မှတ်ထားသော အရပ်မျက်နှာဆီကို ဦးတည်နေကြသည်။
မကြာခင်တွင် နောက်ဘက် သိပ်မဝေးသည့်နေရာမှ လျို့ကျန်း၏ အော်သံကိုသူမ ကြားလိုက်ရသည်။
“အသင့်ပြင်ထားကြ.. ခဏနေရင် ဖောက်ခွဲကြတော့မယ်”
ယင်ရိလျိုတစ်ယောက် လေထဲတွင် ယိမ်းနွဲ့နေသည့် ဧရာမသစ်ပင်ကြီးကို စိုက်ကြည့်မိကာ စိတ်မအေးသည့်ခံစားချက်ကို ခံစားနေခဲ့ရလေသည်။
ထို့ကြောင့် ကျင်းယန်၏ရင်ဘက်ပေါ်မီ အဝတ်စကို တင်းကြပ်စွာဆုပ်ကိုင်လိုက်မိ၏။
***