နွေးထွေးသည့်လက်တစ်ဖက်က ယင်ရိလျိုကို ညင်သာစွာ မ’ယူလိုက်လေသည်။ ကျင်းယန်က သူမ၏အမွှေးပွပွ တင်ပါးလေးကို ပင့်မ,၍ကိုင်ထားပြီး ခပ်လေးလေး အမွှေးပွလုံးလေးကို ရွှေ့လိုက်၏။
“ကောက ရှင်းလင်းရေးစစ်ဆင်ရေးအတွက် တာဝန်ကျနေတာ.. မင်း ကျောင်းစီဟွေ့တို့ လင်းကျားတို့နဲ့ နောက်ဘက်မှသွားနေရင်ရော ဘယ်လိုလဲ?”
ယင်ရိလျိုက ယုန်မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ကျင်းယန်၏ ချောမောသော မျက်နှာကိုကြည့်ခဲ့ပြီး နူးညံ့သောအသံလေးတစ်သံကို ထုတ်ကာ ချက်ချင်း ခေါင်းယမ်းလိုက်သည်။
“ကျီ!”
မသွားဘူး ရှင်နဲ့ပဲ အတူနေချင်တယ်!
သူမ၏ဆိုလိုရင်းကို ကျင်းယန်က နားလည်ပုံရပြီး ယုန်နားရွက်နုနုလေးကို ညင်သာစွာ ပွတ်သပ်လိုက်၏။
သို့သော်ငြား သူမ၏တောင်းဆိုချက်ကိုတော့ သဘောမတူခဲ့ချေ။
“လိမ္မာပါကွာ.. နောက်မှာနေပြီး ကောကိုစောင့်နေနော်”
ယင်ရိလျိုသည်ကား ချစ်စရာကောင်းအောင် ပြုလုပ်သည့်စကေး အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည်။
သူမ၏ကလက်ဖဝါးလေးကို အသုံးပြု၍ ချစ်စရာကောင်းသော နည်းစနစ်များကို သုံးလိုက်လေ၏။ သူမက ကျင်းယန်၏ အင်္ကျီကော်လံကို အတင်းအကြပ်ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။
အကြိမ်အနည်းငယ် အော်မြည်ကာ သူမ၏ပွင့်ချပ်သုံးချပ်ပုံ နှုတ်ခမ်းကို နူးညံ့စွာဖြင့် ဟလိုက်သော်ငြား မကြာခင်ပင် သူမ၏နားရွက်များကို ပွတ်သပ်ပေးခဲ့သော ကျောင်းစီဟွေ့ဆီသို့ လှမ်းပေးခံလိုက်ရဆဲဖြစ်၏။
ကျင်းယန်၏နောက်ကျောကို မျက်လုံးထဲမှ တွန့်ဆုတ်မှုနှင့်အတူ စိုက်ကြည့်နေသည့် သူမ၏လက်မောင်းထဲမှ ယုန်လေးကို ကြည့်ပြီး ကျောင်းစီဟွေ့ တခစ်ခစ်မရယ်ဘဲ မနေနိုင်ချေ။
ထို့နောက် ယုန်လေး၏ခေါင်းကို ညင်သာစွာ ပုတ်ပြီး နူးညံ့စွာ ရှင်းပြခဲ့သည်။
“ကျင်းကောက အမြှောက်တွေကို ပစ်ဖို့သွားရမှာလေ.. ဆူညံသံနဲ့ တုန်ခါလှိုင်းတွေက အရမ်းကိုပြင်းတာ.. သူက ထုထုဆီကို သက်ရောက်ခံရမှာကို မလိုချင်လို့ပါ”
ယင်ရိလျို အကြောင်းပြချက်ကို နားလည်ထားပြီးဖြစ်ပေ၏။ ကျင်းယန်က သူမကိုလုံလုံခြုံခြုံဖြစ်အောင် ထိန်းသိမ်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူမသိသည်။
သို့သော်ငြားလည်း အကြောင်းပြချက်တချို့ကြောင့် စိတ်မအေးသည့်ခံစားချက်ကို ဖယ်မချနိုင်ခဲ့ချေ။
သူမအနေဖြင့် ကျင်းယန် ရှေ့တန်းတွင်ရပ်နေသည်ကို စောင့်ကြည့်ပြီး ကျင်းယန် လုံခြုံစေရန်အတွက် တိတ်တဆိတ် ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့လေ၏။
လျို့ကျန်း၏အမိန့်ဖြင့် သူမ၏ နောက်မှ အမြှောက်တပ်ဆယ်ခုနီးပါးက တစ်ချိန်တည်းမီးရှို့ပြီး ပစ်ခတ်ကြကာ အလယ်မှ သန္ဓေပြောင်းအပင်ကြီးထဲကို အနက်ရောင်အမြှောက်များဖြင့် ပစ်လွှတ်ကြလေသည်။
မကြာမီ နားစည်ပေါက်မတတ် ပေါက်ကွဲသံများက ကောင်းကင်ယံအထိ တုန်ယင်သွားပြီး အမြှောက်များ၏ပြောင်းဝထဲမှ မီခိုးဖြူများထွက်လာကြ၏။
ဆူညံသံများက ယင်ရိလျိုကို နားကန်းစေလုမတတ်ပင်။
သူမက မြည်သံအကျယ်ကြီးကြောင့် ခံစားရနေရသော သက်တောင့်သက်သာမဖြစ်မှုကို သည်းခံလိုက်ပြီး ရှေ့တန်းရှိ တလိမ့်လိမ့်တက်နေသော မီးခိုးဖြူများကြားတွင် ကွယ်နေသော ကျင်းယန်ကို မျက်ခြေမပျက်ကြည့်နေခဲ့သည်။
စက္ကန့်ဝက်လောက် ကြာပြီးနောက် တစ်ချိန်တည်းမှာပင် ပေါက်ကွဲမှုကြောင့် အနီရောင်တိမ်တိုက်များက မြင့်မားပြီးသန်စွမ်းသော သန္ဓေပြောင်းအပင်၏ ပင်စည်အပေါ်တွင် ရုတ်တရက် ပေါက်ကွဲသွားကြ၏။
ပင်စည်၏အစအနများနှင့် သစ်ရွက်များသည်လည်း ထိုနေရာတစ်ဝိုက်တွင် ပြုတ်ကျသွားခဲ့ကြလေသည်။
ပျက်စီးလုနီးပါး ဖြစ်နေသော ဧရာမသန္ဓေပြောင်းအပင်ကြီးကို နောက်တစ်ကြိမ်ထပ်၍ ပြင်းထန်စွာ ထိမှန်သွားခဲ့ပြန်၏။
ပင်စည်က အပေါက်များဖြင့် ဇကာပေါက်ဖြစ်နေပြီး အချိန်မရွေး ပြိုလဲကျသွားတော့မည်ဟု ယင်ရိလျို ခံစားနေရသည်။
သို့သော်ငြား ထိုသို့မဖြစ်ခဲ့ချေ။
လွင့်ပျံနေသော သစ်သားအပိုင်းအစများက ကောင်းကင်ပေါ်မှ တင့်တယ်စွာ ပြုတ်ကျသွားခဲ့ကာ ထိုမြင်ကွင်းက လက်ဖျားခါလောက်အောင် ကြည့်ကောင်းနေခဲ့၏။
သို့သော်ငြားလည်း သူမ စောင့်ကြည့်နေချိန်မှာပင် တစ်စုံတစ်ခုက လွဲမှားနေကြောင်းကို ယင်ရိလျို ရုတ်တရက်ခံစားခဲ့ရသည်။
အစောပိုင်းက သစ်ပင်များလှုပ်နေခြင်းမှာ ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်ပြီး မီးခိုးဖြူများ တဖြည်းဖြည်း လွင့်ပျယ်သွားချိန်တွင် ရှေ့ဘက်မှ အလွန်ကြီးမားသော သစ်ပင်ပေါင်းမိုးကြီးက အနည်းငယ်တုန်ရီသွားခဲ့သည်။
ကြည့်ရသည်မှာ ချိတ်ပိတ်ခံထားရသော တစ်စုံတစ်ခုက မြေပြင်မှ ချိုးဖောက်ထွက်လာတော့မည်နှင့် တူနေလေသည်။
သူမ ထပ်မတွေးနိုင်ခင် သစ်ပင်၏ပင်စည်အောက်မှ မြေသားက ရုတ်တရက် စတင်လိပ်တက်လာကာ တစ်စုံတစ်ခု မြေအောက်တွင် တွန့်လိမ့်နေသည်နှင့် တူနေခဲ့သည်။
နောက်အခိုက်အတန့်တွင် ခွေရစ်နေသော နီညိုရောင်အမြစ်နွယ် အများအပြားက မြေပြင်မှပေါက်ကွဲထွက်လာပြီး အမြှောက်တပ်၏ရှေ့တန်းဆီသို့ ဦးတည်၍ အရိုင်းဆန်စွာ ဝှေ့ယမ်းနေခဲ့သည်။
ယင်ရိလျို ရင်ထိတ်သွားရသည်။ကျောင်းစီဟွေ့က သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားသော်ငြား အနီရောင်နွယ်များ၏ တင်းမာသောအင်အားကို ခံစားနိုင်ဆဲပင်။
နွယ်များက ရှေ့တန်းရှိအမြှောက်များကို လေထဲငို့လှန်ပစ်လိုက်ပြီး နာကျင်သည့် အော်သံများနှင့် ရောနှောနေခဲ့သည်။
ကျင်းယန်က အရှေ့မှာရှိသေးတယ်!
သူမ ကျောင်းစီဟွေ့၏လက်မောင်းထဲတွင် ရုန်းကန်သော်ငြား ကျောင်းစီဟွေ့က လွတ်မပေးရဲချေ။
သူမ ယုန်လေးကို တင်းကြပ်စွာကိုင်ထားပြီး တုန်ရီနေသောအသံဖြင့် ပြောနေခဲ့သည်။
“ထုထု မစိုးရိမ်နဲ့ ကျင်းကောက အဆင်ပြေမှာပါ!”
ဤအခြေအနေသို့ရောက်သည်အထိ ပျက်စီးနေပြီးသား ဧရာမသစ်ပင်ကြီးက တန်ပြန်တိုက်ခိုက်မှုကို ပစ်လွှတ်နိုင်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားကြချေ။
လူအုပ်ကြားထဲ အကြောက်တရားကပျံ့နှံသွားပြီး ရှေ့တန်းမှဆင့်ကဲပြောင်းလဲသူများမှာတော့ ကပ်ဘေးထဲသို့ ကျရောက်သွားခဲ့သည်။
လူများက ကြောက်လန့်တကြား နောက်ပြန်ပြေးလာကြပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည့် လျို့ကျန်း၏အသံမှာ ကြမ်းရှနေလေသည်။
သို့သော်ငြား သူမ၏အသံကို ဤကသောင်းကနင်းဖြစ်မှုကြားတွင် ဘယ်သူမှ မကြားနိုင်တော့ကြချေ။
နောက်သို့ပြန်ဆုတ်ရန် ကြိုးစားခဲ့သော ဆင့်ကဲပြောင်းလဲသူများသည်ကား နောက်တခဏအတွင်း သူတို့၏နောက်ကျောဘက်မှ နီညိုရောင်နွယ်မြစ်များ ထိုးဖောက်ခြင်းခံလိုက်ရသည်။
သွေးများက ပန်းထွက်သွားပြီး သူတို့၏ခန္ဓာကိုယ်များက နောက်ပြန်တရွတ်တိုက် ဆွဲသွားခြင်းခံလိုက်ရသည်။
ဤအခြေအနေကြောင့် ရှန်းယင်ကျိုးနှင့် ဆင့်ကဲပြောင်းလဲသူ တချို့က ပြုပြင်မွမ်းမံထားသော ဧရာမလက်နက်ကြီးများကို သယ်လျက် အပြေးအလွှားရောက်လာကြလေသည်။
ထို့နောက် ရှေ့ဘက်မှနွယ်ပင်များကို ပစ်ခတ်ခဲ့သည်။ အစိမ်းရောင်အရည်များ ပန်းထွက်လာပြီး နွယ်မြစ်များက ထိုးဖောက်ခံလိုက်ရသဖြင့် တဖြည်းဖြည်း နောက်သို့ ပြန်ဆုတ်သွားစေသည်။
ရုတ်ရုတ်သဲသဲဖြစ်မှုအလယ်တွင် ယင်ရိလျို ကျင်းယန်ကို မြင်တွေ့လိုက်။သည်။
ကျင်းယန်က အစပိုင်းကာလတွင် တစ်စုံတစ်ခုက မှားနေကြောင်း အာရုံခံမိပြီး ပြန်လှည့်ပြေးရန် ကြိုးစားသော်ငြား ရှေ့ဘက်မှ ပြောင်းပြန်လှန်ခံရသော အမြှောက်ကြောင့် လေထဲသို့လွင့်သွားခဲ့ရသည်။
တခဏအတွင်း နွယ်မြစ်တစ်ဒါဇင်လောက်က သူ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာရစ်ပတ်လာကြပြီး ချွန်ထက်သော ထိပ်ဖျားများဖြင့် ထိုးဖောက်ရန်ကြိုးစားကာ လုံးလုံးလျားလျား ခြောက်သွေ့သွားသည်အထိ သွေးစုပ်ရန် ကြိုးစားနေခဲ့ကြသည်။
ချွန်ထက်သောထိပ်ဖျားများကို ခုခံရန်အတွက် သူ၏ခန္ဓာကိုယ်ရှိ ရွှေရောင်အကြေးခွံများက ချက်ချင်း မာကျောလာခဲ့ပြီး သူ၏ခေါင်းကို လက်မောင်းများဖြင့် ကာကွယ်လိုက်ကာ ထိန်းချုပ်ခံရမှုမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့ရလေသည်။
ပို၍များသော နီညိုရောင်နွယ်များက သူ့ကိုရစ်ပတ်လာပြီး သစ်ပင်ပင်စည်အောက်မှ နက်ရှိုင်းသော အခေါင်းပေါက်ထဲသို့ လျှင်မြန်စွာ ဆွဲခေါ်သွားကြသည်။
သူ၏အင်အားက သန်မာသော်လည်း ကျင်းယန်မှာ တစ်ယောက်တည်းသာ ဖြစ်နေပေ၏။ သူသည်က ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ခံလိုက်ရပြီး သစ်ပင်၏ပင်စည်အောက်မှ နက်ရှိုင်းသောအပေါက်ထဲသို့ ဆွဲသွားခံလိုက်ရသည်။
တခြားဆင့်ကဲပြောင်းလဲသူ အနည်းငယ်လည်း သူကဲ့သို့ဆွဲသွင်းခံလိုက်ရပြီး တချို့က အသက်ရှင်နေဆဲဖြစ်ကာ နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေပြီး လွတ်မြောက်ရန် ကြိုးစားနေကြသည်။
သေဆုံးပြီးသွားသူများမှာတော့ သူတို့၏ခန္ဓာကိုယ်က ခြောက်ကပ်သွားကြလေသည်။
ယင်ရိလျို ခဏမျှ ရပ်တန့်သွားရ၏။ သူမ၏မျက်စံများ ရုတ်တရက် ကျယ်ပြန့်သွားခဲ့ပြီး အနီးနားတစ်ဝိုက်မှအသံများက တိတ်ဆိတ်မှုအဖြစ် မှိန်ဖျော့သွားပုံရသည်။
လောကကြီးထဲတွင် သူမ တစ်ယောက်တည်းသာ ကျန်ခဲ့သကဲ့သို့..
ကျင်းယန်ကို ဆွဲခေါ်သွားခံရသည့်အခိုက် သူမက ရုတ်တရက် ကျောင်းစီဟွေ့၏ဗိုက်ကို နောက်ခြေဖြင့်ကန်လိုက်၏။
ပြင်းထန်သောကန်ချက်ကြောင့် အလွန်နာကျင်သွားသော ကျောင်းစီဟွေ့မှာတော့ မထိန်းနိုင်ဘဲ အော်လိုက်မိပြီး လက်ထဲမှ ဖက်ထုပ်ဖြူလေးကို ဖက်ထားခြင်းက အနည်းငယ်လျော့ရဲသွားသည်။
ထိုယုန်လေးကတော့ အရိပ်ကဲ့သို့လျှင်မြန်ကာ ဒီရေနှင့်တူသော နွယ်ပင်များနောက်ကို လိုက်သွားခဲ့လေ၏။
“ထုထု!”
သူမ အမှီလိုက်ချင်သော်လည်း လင်းကျားက သူမ၏ခါးကိုလှမ်းဆွဲလိုက်လေသည်။
“နင်ရူးနေတာလား? သေသွားချင်လို့လား!!”
ကျောင်းစီဟွေ့၏မျက်လုံးများက နီရဲသွား၏။
ကျင်းယန်က အသင်းထဲတွင် အဓိကထောက်တိုင်ဟု ပြောရလျှင် ယင်ရိလျိုက အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထောက်အပံ့လေး သို့မဟုတ် လာဘ်ကောင်လေးဟု ပြော၍ရသည်။
ယခုအချိန်တွင် အရေးအကြီးဆုံး လူနှစ်ယောက်ဆီမှာ ထိုကိစ္စများဖြစ်ပျက်သွားလျှင်ပင် ရှူးယန်အသင်းက တည်ရှိနေရဦးဦးမည်လား။
မဟုတ်ရင်ရော?
လင်းကျား၏ထိတ်လန့်တုန်လှုပ်မှုက ကျောင်းစီဟွေ့အောက် မလျော့နည်းသော်ငြား သူမက အသင်းထဲသို့ ဝင်ခြင်းက အချိန်မကြာသေးသည့်အတွက် ဤအခြေအနေတွင် တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏အသံကို မတုန်ရီစေရန် အလွန်ကြိုးစား၍ ထိန်းချုပ်နေရသည်။
“ထုထုကို ကြည့်လိုက်!.. နင် သူတို့ကို ယုံကြည်ရမယ်လေ”
ကျောင်းစီဟွေ့အနေဖြင့် သူမ မျက်လုံးဖွင့်လိုက်သည့်အချိန် ကျင်းယန်နှင့်ယင်ရိလျိုတို့၏ ခန္ဓာကိုယ်ကိုသာ တွေ့ရမည်အား အလွန်ကြောက်နေခဲ့၏။
သူမ၏နှလုံးသားထဲမှ အကြောက်တရားကို တောင့်ခံလိုက်ပြီး ထိုအရပ်မျက်နှာဆီ လှမ်းကြည့်လိုက်သည်။
ယင်ရိလျို၏ယုန်ခန္ဓာကိုယ်က အလွန်သေးငယ်ပြီး ဧရာမသန္ဓေပြောင်းအပင်ကြီး၏ ရှေ့မှောက်တွင် ဖုန်မှုန့်တစ်မှုန်နှင့်တူညီသော်လည်း တစ်ချက်လှမ်းကြည့်ရုံဖြင့် မြင်နိုင်ဆဲပင်။
အဖြူရောင်”လှေငယ်လေး”က အနီရောင်နှင့်ပြည့်နှက်နေသော ပင်လယ်ကြီးထဲတွင် အထက်အောက် တအိအိရွေ့လျားနေခဲ့သည်။
တုတ်ခိုင်၊ရှည်လျားသော နွယ်ပင်များက မည်မျှပင်လှမ်းဖမ်းပါစေ သွက်လက်ပြီးပျော့ပြောင်းသော ယုန်လေးကတော့ အန္တရာယ်မရှိ လွတ်မြောက်နိုင်လေ၏။
ကျောင်းစီဟွေ့၏ သူမ၏ထိတ်လန့်တုန်လှုပ်နေသော နှလုံးသားက အနည်းငယ် ငြိမ်သက်သွားပြီး လင်းကျား၏လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ နှုတ်ခမ်းများဖြူဖျော့လာသည်အထိ ကိုက်ထားမိသည်။
ကျင်းယန်က ယုန်လေးကို စောင့်ကြည့်ပေးရန် တောင်းဆိုထားသော်ငြား သူမ မလုပ်နိုင်ခဲ့ပေ။
ယုန်လေးက သာမာန် ဆင့်ကဲပြောင်းလဲသူများနှင့် ကွာခြားကြောင်း ကျောင်းစီဟွေ့သိထားသည်။ တစ်ခါတစ်ရံ သူမထံမှ အလွန်အံ့အားသင့်ဖွယ် စွမ်းအင်များဖြင့် ပေါက်ကွဲထွက်လာတတ်လေ၏။
ယခုအချိန်တွင်တော့ သူတို့နှစ်ယောက်လုံး ကမ္ဘာမြေ၏ချောက်နက်ထဲမှ လုံလုံခြုံခြုံ ပြန်ထွက်လာနိုင်ရန် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။
မြေပြင်ကတဖြည်းဖြည်း တည်ငြိမ်သွားသော်ငြား လူတိုင်း၏နှလုံးသားသည် အကြောက်တရားဖြင့် ပြည့်နှက်နေဆဲပင်။
လျို့ကျန်းတစ်ယောက် သူမ၏လည်ချောင်းက ခြောက်ကပ်နေသည်ဟု ခံစားရသည်။
အခြေအနေက ဤကဲ့သို့ဖြစ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဤမစ်ရှင်တွင် သူမ အတော်လေး စိတ်လိုက်မာန်ပါလုပ်ခဲ့မိသောကြောင့် အနည်းငယ်ထိတ်လန့်နေခဲ့ရ၏။
သို့သော်ငြားလည်း သူမအနေဖြင့် အံ့ကြိတ်ပြီး လူတိုင်းကို ဖြေသိမ့်ပေးရလိမ့်မည်။ သူမက ပါးစပ်ကိုဖွင့်လိုက်သည့်အခိုက်တွင် သူမ၏အသံက ကြမ်းရှနေကြောင်းကို သတိထားမိသွားပြီး လည်ချောင်းရှင်းကာ ပြောလိုက်၏။
“လူတိုင်းပဲ.. စိတ်ငြိမ်ငြိမ်ထားကြပါ အခုချက်ချင်း ပျောက်ဆုံးသွားတဲ့ အသင်းဖော်စာရင်းကို ချက်ချင်းစစ်ဆေးကြပါ.. အဲဒီအပေါက်နားကို မချဥ်းကပ်ကြပါနဲ့”
***