လျို့ကျန်း သူမ၏ရှေ့မှလူများကို မျက်ခုံးများ တွန်းချိုး၍ကြည့်နေလျက် ခေါင်းကိုက်လာခဲ့သည်။
သူမအနေဖြင့် အတော်လေး စိတ်ရှုပ်ထွေးနေခဲ့၏။ သူမသာ အတိတ်ဘဝမှ လျို့ကျန်းဖြစ်နေလျှင် ရှူးယန်အသင်းရှိ လူတိုင်းနှင့်အတူ ရပ်တည်ကောင်းရပ်တည်နိုင်လိမ့်မည်။
သို့သော်ငြား သူမ၏အရင်းနှီးဆုံး အသင်းဖော်များ၊ ဆယ်နှစ်ကျော်ကြာ ခင်မင်ခဲ့သော သူငယ်ချင်းကောင်းထံမှ သစ္စာဖောက်ခြင်းနှင့် သတ်ပစ်ခြင်းကိုခံရပြီးနောက် သူမသည်က ရဲဘော်ရဲဘက်စိတ်ဓာတ်နှင့် အသင်းဖော်များဟုခေါ်သောအရာများကို ယုံကြည်ခြင်းမရှိတော့ချေ။
လူတိုင်းက သင့်ကို သစ္စာဖောက်နိုင်ခြေ ရှိ၏ : သင့်ကိုယ်သင်သာလျှင် ယုံကြည်နိုင်သည်။
လျို့ကျန်းက သူမကိုယ်သူမ မကောင်းသောလူတစ်ယောက်ဟု မယူဆခဲ့ချေ။ သူမက ပို၍ကျိုးကြောင်းစပ်ဆက်နိုင်ပြီး ပို၍ဆင်ခြင်တုံတရားရှိလာသည်ဟုသာ အထူးတလည် ယူဆထားလေ၏။
အဖွဲ့ထဲမှ ပိုလျှံနေသောအစားအစာများက ပုပ်သိုးသွားမည်ဖြစ်သောကြောင့် သူမ၏ အသင်းဖော်များကို ဘေးမဖြစ်စေမည့် သူမ၏သီးသန့်နေရာလွတ်ထဲတွင် သိုလှောင်ထားခဲ့သည်။
အဖွဲ့ဝင်အသစ်များကို စုဆောင်းခြင်းက အသင်းကိုပိုသန်မာလာအောင် ပြုလုပ်နိုင်သော်ငြား သူမ၏မူလပန်းတိုင်က ကမ္ဘာပျက်ကပ်လောကကြီးထဲတွင် ပို၍ကောင်းမွန်စွာ ရှင်သန်နိုင်ရန်ဖြစ်ပြီး သူငယ်ချင်းဖွဲ့ရန်မဟုတ်ကြောင်း အမြဲသတိရလေ၏။
အတိအကျဆိုရလျှင် ဒုတိယဘဝကို ပိုင်ဆိုင်ရခြင်းနှင့် အမျိုးမျိုးသောအခွင့်အရေးများက စိတ်ခံစားချက်မထိန်းနိုင်သော လူအုပ်တစ်ခုကြားတွင် တည်ငြိမ်သောလူတစ်ယောက် ဖြစ်ရသည့်ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ဤအခိုက်အတန့်၌ ရှူးယန်အသင်း၏ဒေါသထွက်ပြီး ဝမ်းနည်းနေသောအသွင်အပြင်များကို ကြည့်မိလျှင် သူမအနေဖြင့် စာနာသနားမှုနှင့် ဤလူများက တုံးအလွန်းသည်ဟူသော အတွေးများကိုသာ ခံစားရ၏။
သဘောထားကွဲလွဲမှု ဆက်ဖြစ်နေစဥ် ဖန်ချိုးနန်က ရုတ်တရက် တဲထဲမှထွက်လာခဲ့သည်။ သူမ၏မီးတောက်နှယ် ရဲရဲနီနေသောပိုနီတေးလ်က မသပ်မရပ်ဖြစ်နေပြီး သူမ၏ရုပ်ဖျက်ယူနီဖောင်းကလည်း တွန့်ကြေနေခဲ့သည်။
သူမက လက်ပိုက်လျက်ဖြင့် စကားများနေသော အဖွဲ့နှစ်ဖွဲ့ကို ပျင်းရိစွာဖြင့် ကြည့်၍ပြောလိုက်၏။
“နည်းနည်းလောက်ပိုပြီး စောင့်ကြရအောင်.. သူတို့တွေ ကံကောင်းသွားတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့”
လေထုထဲမှ တင်းမာမှုက ညင်သာစွာ ပြောင်းလဲသွားခဲ့သည်။ ခဏကြာပြီးနောက် လျို့ကျန်းက အတော်လေး ကူကယ်ရာမဲ့ဖြစ်နေသည့်ပုံဖြင့် သက်ပြင်းချပြီး ပြောခဲ့သည်။
“ကောင်းပြီ.. ကျွန်မတို့ နေမဝင်ခင်အထိစောင့်ပေးမယ်.. အတွင်းဘက်က လူတွေက မှောင်လာတဲ့အထိ မထွက်လာနိုင်ရင်တော့ ကျွန်မတို့ ထပ်စောင့်ပေးမှာမဟုတ်ဘူး”
နေ့တစ်ဝက်အချိန်ရသွားသောကြောင့် ရှူးယန်အသင်းဝင်များသည်လည်း စိတ်သက်သာရာရာစွာ သက်ပြင်းချမိလိုက်၏။
ကျောင်းစီဟွေ့က သိပ်မဝေးသည့်နေရာမှ ချိုင့်ခွက်ရာများ၊ ဧရာမသစ်ပင်ကြီးနှင့် ထိုအပင်အောက်မှ အနက်ရောင်အပေါက်ကို ကြည့်လိုက်ပြီး သူမ၏နှလုံးသားထဲတွင် ဆုမတောင်းဘဲ မနေနိုင်ချေ။
ကျင်းယန်နဲ့ ယုန်လေး အဆင်ပြေကြပါစေ!
မြေအောက်ရှိ အမှောင်ထုထဲတွင်တော့ သိပ်သည်းစွာ စုပြုံနေသောနီညိုရောင်နွယ်အမြစ်များ၏ အလယ်တွင် နွေးထွေးသည့်အနီရောင်အလင်းကို မှိန်ဖျော့ဖျော့ထုတ်လွှတ်နေသေည့် အလင်းရောင်ထွက်နေသော အရာဝတ္ထုတစ်ခုရှိလေ၏။
ယုန်လေးတစ်ကောင်က အားအင်စိုက်ထုတ်၍ အပေါ်ကိုတွယ်တက်နေခဲ့သည်။
ထိုယုန်လေးက ကျင်းယန်ကို ရှာရန်အတွက် လှိုဏ်တွင်းထဲသို့ ခုန်ချခဲ့သော ယင်ရိလျိုမှလွဲ၍ တခြားသူမဟုတ်ပါချေ။
သူမ ပို၍မြင့်မြင့်ကိုတက်လေလေ ပို၍ပြင်းထန်သော တုန်ခါမှုကို ခံစားရလေလေ ဖြစ်နေသည်။
အစပိုင်းတွင် ယင်ရိလျိုက မြေအောက်ရှိ သန္ဓေပြောင်းသားရဲ တစ်ကောင်ကောင်ထဲမှ ဆူညံသံအချို့ သို့မဟုတ် နွယ်ပင်များနှင့်အမြစ်များက ထပ်မံ၍လှုပ်ရှားနေခြင်းဖြစ်မည်ဟု ထင်ခဲ့လေ၏။
သို့နှင့် သူမ ခဏကြာအောင် ဆက်လက်စောင့်ဆိုင်းနေသော်ငြား စည်းချက်မှန်သော တုန်ခါသံကိုသာ ကြားခဲ့ရလေသည်။
မြင့်တက်လာလိုက် ကျသွားလိုက်ဖြစ်နေသဖြင့် သူမ၏နားရွက်ရှည်များကို ရှေ့ရှိ နီညိုရောင်နွယ်ပင်များပေါ် ဖိကပ်လိုက်လျှင် ဤနွယ်နှာမောင်းများကြားမှ လာသော တုန်ခါမှု၏အရင်းအမြစ်ကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့၏။
သူမ ထိပ်ဆုံးကို ရောက်တော့မည့် အချိန်တွင် အပေါ်ဘက်ရှိ လိမ်ရစ်နေသော အရာဝတ္ထု၏အသွင်အပြင်ကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရပြီး ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။
သူမ၏ ခေါင်းအပေါ် တည့်တည်တွင် ဧရာမ နှလုံးပုံသဏ္ဍာန် အနီရောင်ပစ္စည်းတစ်ခုရှိပြီး လေထုအလယ်တွင် ချိတ်ဆွဲထားလေ၏။
မရေမတွက်နိုင်အောင်များသော နီညိုရောင်နွယ်နှာမောင်းများက ထိုပစ္စည်းကို ထိုးဖောက်ခြင်းထားသော်လည်း တောက်ပနေခဲ့သည်။
နှလုံးခုန်သံကဲ့သို့ တစ်ချက်ချင်းစီတွင် အတွင်းဘက်မှ ဗလုံးဗထွေးအသံတစ်ခု ထွက်လာခဲ့၏။
ယင်ရိလျို တိတ်တဆိတ် ရေတွက်ကြည့်ချိန်တွင်တော့ ခန့်မှန်းခြေအားဖြင့် ဤတုန်ခါခြင်း၏ကြိမ်နှုန်းမှာ သူမနှလုံးခုန်နှုန်း၏ သုံးပုံတစ်ပုံနှုန်းသာခုန်နေပြီး ကန့်လန့်ဖြတ်နေသောနီညိုရောင်နွယ်ပင်များက နှလုံးတစ်ခုရှိ သွေးလွှတ်ကြောများနှင့် ဆင်တူနေလေသည်။
သူမရှေ့မှောက်မှ မြင်ကွင်းကြောင့် သူမရှေ့ာရသွား၏။
သစ်ပင်တစ်ပင်က တိရစ္ဆာန်တွေမှာပဲ တွေ့နိုင်တဲ့ နှလုံးအစစ်တစ်ခုနဲ့ တူတဲ့အရာကို ဘယ်လိုလုပ်ပြီး ကြီးထွားနိုင်မှာလဲ?
ခဏလောက် ထိတ်လန့်သွားပြီးနောက် ယင်ရိလျိုထိပ်ဘက်ကို ခုန်တက်သွားလိုက်သည်။
ဤ “နှလုံး”၏အနားကို သူမကပ်သွားလိုက်ပြီး ယုန်ခန္ဓာကိုယ်ကို လူသားအသွင်သို့ ပြောင်းလဲလိုက်၏။
“ကျင်းယန် ကျင်းယန် ရှင် ကျွန်မအသံကို ကြားရလား?”
သူမကျယ်လောင်စွာ အော်လိုက်ပြီး သူမ၏အကြည့်သည်က “နှလုံး”၏ ဗဟိုချက်တည့်တည့်တွင် မြဲမြံစွာရှိနေခဲ့သည်။
အလွန်ကြီးမားသောအရာဝတ္ထုကြီးက အနည်းငယ် ထွင်းဖောက်မြင်နေရသောကြောင့် အနီရောင်ရေပူဖောင်းတစ်ခုနှင့် ဆင်တူနေ၏။
အတွင်းဘက်တွင် မှုန်မှိုင်းသောနွယ်နှာမောင်းများရှိပြီး အလည်တည့်တည့်တွင်တော့ ရွှေရောင်အလင်းဖျော့ဖျော့တစ်ခုက လွင့်မျောနေလေသည်။
ထိုအရာက ကျင်းယန်ဖြစ်ကြောင်း ယင်ရိလျို ချက်ချင်းမှတ်မိသွား၏။
သူသည်က ရွှေရောင်အကြေးခွံများနှင့် လုံးလုံးလျားလျား ရစ်ပတ်ခံထားရပြီး သူ၏အဝတ်အစားသည်က ထွင်းဖောက်မြင်နိုင်သော အနီရောင်အရည်များထဲတွင် မျောလွင့်နေလေသည်။
အကြေးခွံလှိုင်းများက သူ၏ပါးပြင်တစ်လျှောက် ရွေ့လျားနေခဲ့၏။
သူသကည် ဤ“နှလုံး”၏အလယ်တည့်တည့်တွင် မျောလွင့်နေပြီး ဝန်းရံထားသော နွယ်အချွန်များက သူ၏ကြမ်းတမ်းသော အကြေးခွံများနှင့်အရေပြားကို ထိုးဖောက်ပြီး အတွင်းအင်္ဂါများဆီ ရောက်ရန် ကြိုးစားနေကြသည်။
အလယ်မှ အမျိုးသားမှာ သူမ၏ တိုးဖျော့သည့် အော်သံကိုကြားရပုံပေါ်၏။
သူက သူ၏ရွှေနီရောင်မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သို့သော်ငြား ယင်ရိလျို အပြည့်အဝ ဝမ်းမမြောက်နိုင်ခင် သူ၏ မျက်လုံးကို နောက်တစ်ဖန် ပြန်ပိတ်ပြီး တိတ်ဆိတ်မှုထဲ နစ်မြှုပ်နေခဲ့သည်။
သူမ၏နားထဲမှ တုန်ခါမှုက ပို၍ပြင်းလာပြီး ယင်ရိလျိုမှာလည်း ပို၍ တုန်လှုပ်လာခဲ့ရ၏။
အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်လျှင်တော့ ဤ “နှလုံး”ထဲတွင် ကျင်းယန်အပြင် တခြားသူများလည်းရှိကြောင်း သိရှိခဲ့ရသည်။
သို့သော်ငြား ကျင်းယန်ကဲ့သို့မာကြောသောအရေပြားတို့ မရှိသောကြောင့် ဤလူများမှာ မရေမတွက်နိုင်အောင်များသော နွယ်များဖြင့်ထိုးဖောက်ခြင်း ခံထားရပြီး သူတို့၏အဆီအနှစ်များကို စုပ်ယူခံထားရသောကြောင့် တွန့်ရှုံ့နေသောအရေခွံများသာ ကျန်နေခဲ့ကြ၏။
သူမ၏ရှေ့မှ ဤအရာကြီးက ဖျက်စီး၍မရနိုင်သည့်ပုံပင်။ သို့သော်လည်း ဝင်ပေါက်တစ်ခု ရှိရလိမ့်မည်။
ယင်ရိလျိုအံ့ကြိတ်ပြီး သူမ၏တုန်ရီနေသော လက်ကိုဆန့်ထုတ်ကာ သူမ၏အရှေ့မှ တောက်ပနေသော ဧရာမစက်လုံးကြီးအပေါ် လက်ဖဝါးကိုတင်လိုက်၏။
အထိအတွေ့အားဖြင့် ရေခဲကဲ့သို့အေးစက်နေသော်ငြား လူသားအရေပြားနှင့် တူလုနီးပါးပင်။ သူမ အသာအယာဖိချလိုက်လျှင် မျက်နှာပြင်က ကျုံ့နိုင်ဆန့်နိုင်သောသတ္တိဖြင့် အိဝင်သွားလေသည်။
ဤလှုပ်ရှားမှုက ပတ်ဝန်းကျင်မှ နီညိုရောင်နွယ်နှာမောင်းများကို အန္တရာယ်ရှိသည်ဟု ခံစားမိအောင် လှုံ့ဆောင်လိုက်၏။ အောက်ဘက်မှ နွယ်နှာမောင်းများက ရုတ်တရက် တုန်ရီလာပြီး သူမကို အောက်ဆွဲချလိုက်ကြသည်။
ယင်ရိလျို မြန်ဆန်စွာ လုပ်ဆောင်လိုက်လေ၏။ သူမ၏ချွန်ထက်သော လက်သည်းရှည်များကို ဆန့်ထုတ်လျက် ခေါင်းပေါ်မှ “နှလုံး”ဆီကို ဆက်သွယ်ထားသော နွယ်နှာမောင်းများကို ခိုင်မြဲစွာဆုပ်ကိုင်လိုက်သည်။ သူမ၏အောက်ဘက်မှ တုန်ခါမှုသည် ပို၍ပြင်းထန်လာခဲ့၏။
သူမ၏ခန္ဓာကိုယ်ကို လက်တစ်ဖက်တည်းဖြင့်သာ ထောက်ပံ့ထားလျက် လေအလယ်တွင်တွဲလောင်းကျနေခဲ့ရသည်။
သူမ အောက်ကို ခေါင်းငုံ့ကြည့်လိုက်သည့်အခိုက်တွင် မရေမတွက်နိုင်အောင်များသော မြွေနှင့်တူသည့် နွယ်နှာမောင်းများက သူမကိုဦးတည်၍ တွယ်တက်လာခဲ့ကြပေပြီ။
သူမ၏သေးငယ်ပြီး ထိခိုက်လွယ်သော ခန္ဓာကိုယ်မှာ ထိုးဖောက်ခြင်းမှ မီတာအနည်းငယ်သာ ဝေးကွာတော့လေ၏။
အရေအတွက်များပြားသော နွယ်နှာမောင်းချွန်များကို စူးစိုက်ကြည့်လျက် ယင်ရိလျိုက လက်တစ်ကမ်းအကွာရှိ “နှလုံး”ဆီ ပြန်လှည့်လိုက်သည်။
နှလုံးခုန်နှုန်းက လျှင်မြန်လာကြောင်းကို သူမ အာရုံခံနိုင်ပြီး ဤအပင်အတွင်းရှိ ခံစားချက်များကိုပင် ခံစားနိုင်လေ၏။
သူမ အံ့ကြိတ်ကာ လက်တစ်ဖက်ဖြင့် ဆွဲတင်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ဘေးတွင် ကိုင်ထားခဲ့သော ကျန်လက်တစ်ဖက်ကို ရုတ်ခြည်း အပေါ်မြှောက်၍ ထိုးစိုက်လိုက်သည်။ သူမ၏လက်ချောင်းထိပ်မှ ချွန်ထက်သောဓားသွားက အပေါ်ဘက်ရှိ “နှလုံး”၏ ချောမွေ့သော အရေပြားကို ထိုးဖောက်လိုက်လေ၏။
ပတ်ဝန်းကျင်မှအရည်များက သူမဆီသို့ဦးတည်၍တိုက်ခိုက်လာသကဲ့သို့ဖြစ်နေကာ ယင်ရိလျိုတစ်ယောက် အလွန်ကြီးမားသော ခုခံမှုကိုသာ ခံစားလိုက်ရသည်။
သူမ၏အောက်ဘက်မှ နွယ်နှာမောင်းများက သူမ၏ခြေထောက်အထိ ရောက်လာခဲ့၏။
သူမ နောက်ပြန်ဆုတ်၍ မရတော့သည့်အတွက်ကြောင့် ခေါင်းပေါ်မှ အနီရောင်အရေပြားကို ထိုးဖောက်ရန် ရှိသမျှ ခွန်အားအကုန်လုံးကို ထုတ်သုံးလိုက်လေသည်။
အပေါက်အသေးလေးက “နှလုံး”၏ဖိအားမြင့်မားမှုကို လျော့သွားစေပြီး အားပြင်းပြီး ဖိခြေလုနီးပါး ရေများ သူမ၏ခေါင်းပေါ်မှ ပန်းထွက်လာခဲ့၏။
ယင်ရိလျို၏လက်သည်းများက အင်အားပြင်းသောရေစီးကြောင့် တခဏချင်း ကျိုးပဲ့သွားပြီး ယခင်က မခံစားဖူးသော မချိမဆံ့နာကျင်မှုက အာရုံကြောများဆီသို့ ရောက်ရှိလာခဲ့သည်။
ရုတ်တရက် တိုးဝှေ့လာသော အနီရောင်အရည်ကြောင့် ယင်ရိလျို အဝေးလွင့်သွားခဲ့၏။
သူမ၏ပါးစပ်နှင့် နှာခေါင်းထဲတွင် သတိလစ်လောက်အောင် ချိုမြိန်သည့် သတ္တုအရသာအရည်များနှင့် ပြည့်နှက်နေခဲ့သည်။
သူမ၏မျက်လုံးများကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း သူမ မြင်သည့်အရာအားလုံးမှာ အနီရောင်ပင်လယ်တစ်ခုသာ ဖြစ်ပေ၏။
အရည်များက သူမ၏အဆုတ်ထဲသိုး ဆက်လက်ဝင်ရောက်လာပြီး သူမကို နစ်မြုပ်သွားစေခဲ့ကာ အနီရောင်ပင်လယ်ထဲ မြှုပ်ဝင်သွားခဲ့သည်။
မျက်နှာပြင်ပေါ်မှလူများမှာတော့ ရှာဖွေခြင်းကို ဆက်လက်လုပ်ဆောင်နေလေ၏။
လက်ရှိကြုံတွေ့ခဲ့ရသော သေခြင်းရှင်ခြင်း အတွေ့အကြုံကြောင်း လူတိုင်းက ပို၍သတိထားလာကြပြီး အောက်ဘက်မှ ချောင်းမြောင်းနေသော အရာများဆီမှ ဆွဲချခံရမည်ကို ကြောက်လန့်နေခဲ့ကြသည်။
“ဘယ်လိုနေလဲ”
ကျောင်းချီယန်၏ မျက်လုံးများက နီရဲနေခဲ့၏။ သူက နေ့လည်စာကိုပင် မစားနိုင်ဘဲ အနီးကပ် စောင့်ကြည့်ရှာဖွေနေခဲ့လေ၏။
ယခုအချိန်တွင် သူက အသင်းထဲတွင် ကျန်နေသည့်တစ်ဦးတည်းသော အမျိုးသားဖြစ်သောကြောင့် တောင့်ခံထားရမည်ပင်။
သံလိုက်စက်ကွင်းကို ခြုံငုံလေ့လာရန် တာဝန်ရှိသည့် ချင်ဟုန်အသင်းမှအဖွဲ့ဝင်က သူ့လက်ထဲရှိ ကိရိယာကိုတစ်ချက်ကြည့်ပြီး ပြောခဲ့သည်။
“ဒါကကောင်းကောင်း အလုပ်မလုပ်သေးဘူး မြေအောက်မှ သံလိုက်စက်ကွင်း လုံးဝမရှိဘူး.. ငါတို့ လှုပ်ရှားမှုရော အသက်ဓာတ် အရိပ်အယောင်ကိုရော မထောက်လှမ်းနိုင်ဘူး”
ကျောင်းချီယန် သူ၏နှုတ်ခမ်းများကို ဖိကပ်ပြီး မည်သည်ကိုမှ မပြောချေ။
ထိိအမျိုးသား၏ဆိုလိုရင်းက ရှင်းလင်းလေ၏။
အောက်ဘက်မှာ ရှင်သန်သူတစ်ယောက်မှ မရှိလောက်ဘူး။ မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ ယုန်က သေသွားလောက်ပြီ။
သူ အမျိုးသား၏ ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။
“ကျေးဇူး”
***