တဲအတွင်းဘက်တွင်တော့ ချင်ဟုန်အသင်း၏အဖွဲ့ဝင်အချို့ ဝိုင်း၍ထိုင်နေကြ၏။ အမျိုးသားတစ်ယောက်သည် အပြင်ဘက်မှ ပို၍ပူလာသောရာသီဥတုကို ကြည့်လိုက်ပြီး သူ၏အဝတ်အစားကို မကျေမနပ် ချိန်ညှိလိုက်လေသည်။
သူ အပြင်ဘက်ကို ကြည့်လိုက်လျှင် ရှူးယန်အသင်းနှင့် လင်းယုန်နီအသင်းက သူတို့၏ရှာဖွေမှုကို လုပ်ဆောင်လျက် အလုပ်ရှုပ်နေကြောင်း မြင်လိုက်ရ၏။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့အသင်းမှလူများကတော့ အချောင်ခိုပြီး စိတ်မပါလက်မပါပုံပေါ်နေပြီး ဤလုပ်ရပ်က ခွန်အားကိုဖြုန်းတီးခြင်းသာဟု ထင်နေကြသည့်ပုံပင်။
“ဒီလူတွေက ဘာလို့ ရှာနေသေးတာလဲ? အချိန်ကဖြင့်ကြာလှပြီး အသံတစ်သံမှကို မကြားရဘူး.. အဲဒီလူတွေက သေချာပေါက် သေသွားလောက်ပြီ.. ဒါက အလဟာဿအားကုန်တာပဲ”
သူ ပြောခဲ့သည်။
သူ၏ဘေးတွင် ချိုချဥ်စုပ်နေသော အမျိုးသမီးက မထိန်းနိုင်ဘဲ မျက်လုံးလှိမ့်လိုက်မိ၏။
“ပါးစပ်ပိတ်ပြီး အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာရပ်လိုက်စမ်းပါ”
ဖန်ချိုးနန်၏ပါးစပ်ထဲက ချိုချဥ်က မချိုသော်ငြား စိတ်သောကရောက်သည့် ခံစားချက်ကိုတော့ ခါချနိုင်လေသည်။
သူတို့၏ချင်ဟုန်အသင်းထဲတွင် ကွဲပြားမှုများစွာ ရှိ၏။
အသင်းဝင်အများစုက တစ်ယောက်ကိုတစ်ယောက် အာဃာတများ ထားရှိနေကြသည်။ ပြဿနာဖြစ်သည့်အချိန်တွင် သူတို့က စည်းလုံးသည့်အသင်းတစ်သင်းတွင် ရှိသင့်သည့် ရဲဘော်ရဲဘက်စိတ်ဓာတ်များ လစ်ဟင်းနေကြ၏။
သူမ၏အမြင်အရ အသင်းခေါင်းဆောင်လျို့ကျန်းက ခွန်အားကို ဦးစားပေးပြီး အသင်းဖော်ကြားရှိ စိတ်ပိုင်းဆိုင်ရာခင်တွယ်မှုကို ဂရုမစိုက်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့သည်။
ဤကဲ့သို့အသင်းမျိုးက အနည်းငယ် အထီးကျန်ပြီး စိတ်ဝင်စားစရာမကောင်းဟု သူမ ခံစားခဲ့ရ၏။
ဆန့်ကျင်ဘက်အားဖြင့် ရှူးယန်အသင်းဝင်များက ပို၍စိတ်ဝင်စားစရာကောင်းပြီး တက်ကြွမှုရှိပုံရသည်။
သူတို့က တစ်နေ့လုံး ရေမသောက် အစာမစားရသေးသော်ငြား တက်ကြွပြီး အင်အားပြည့်ဝနေပုံရလေ၏။
သို့သော်ငြားလည်း ဤအချိန်တွင် မြေအောက်မှ လူများ၏ အသက်ရှင်နိုင်ချေက နည်းပါးနေပြီဖြစ်သည်။
လင်းယုန်နီအသင်း၏ ခေါင်းဆောင်ပင်လျှင် လက်လျှော့သွားချေပြီ။
သူတို့သည် အေးစက်နေပြီဖြစ်သော အသားများကိုစားရန်နှင့် ရေသောက်ရန်အတွက် လူစုနေကြပြီဖြစ်သည်။
ရှူးယန်အသင်းကတော့ ပင်ပန်းမှုမရှိသည့်ပုံဖြင့် ဆက်လက်ရှာဖွေနေကြဆဲပင်။
လဲ့ဟုန်ရီတစ်ယောက် အင်းစက်များကို ဘေးဘက်ပတ်လည်တွင် ဖြန့်ကျက်ထားသော လင်းကျားကို စိုက်ကြည့်နေခဲ့သည်။
အင်းစက်များက ဧရာမလှိုဏ်ခေါင်း၏ ဝင်ပေါက်ကို ချဥ်းကပ်လိုက်သည့်အချိန်တိုင်း ထိုအင်းစက်များကို နွယ်ပင်များက ဝါးမျိုသွားခဲ့သည်
လင်းကျား၏နှုတ်ခမ်းများက ခြောက်သွေ့၍ အရောင်ကင်းမဲ့နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ချွေးများနှင့် ရွှဲနစ်နေသော်လည်း ရှူးယန်အသင်းကို မမောနိုင်မပန်းဘဲ ကူညီနေဆဲပင်။
လဲ့ဟုန်ရီ စိတ်မချမ်းမြေ့မှုကို မခံစားရဘဲ မနေတော့ချေ။
ထိုအချိန်တွင် ရုတ်တရက် အရှေ့ဘကာမှ ဧရာမသစ်ပင်ကြီးက လှုပ်ယမ်းလာကာ သူတို့၏ခြေထောက်အောက်မှ မြေပြင်ကလည်း ငလျှင်လှုပ်နေသကဲ့သို့ တုန်ရီလာခဲ့၏။
တဲအတွင်းဘက်နှင့် အပြင်ဘက်ရှိ ဆင့်ကဲပြောင်းလဲသူများအားလုံး သတိမခြေအနေဖြစ်သွားကြလေသည်။
“ဘာဖြစ်နေတာလဲ၊ ဘာတွေဖြစ်နေတာလဲ?”
“ငလျှင်များဖြစ်နိုင်လား”
အပြင်ဘက်မှ တစ်စုံတစ်ယောက်က တုန်လှုပ်သွားပြီး အော်ဟစ်လာခဲ့သည်။
လျို့ကျန်းနှင့်တခြားသူများက သူတို့ရှေ့အနီးဆုံးရှိ ခိုင်ခံသောအရာများကို လှမ်းဆွဲလိုက်ပြီး သူတို့ကိုယ်သူတို့ တည်ငြိမ်သွားအောင် ကြိုးစားလိုက်၏။
လျို့ကျန်းက ရုန်းကန်လျက် အရှေ့ဘက်ကိုလှမ်းကြည့်လိုက်လျှင် အမည်မသိအကြောင်းပြချက်တချို့ကြောင့် မြေကြီးထဲမှ ရူးသွပ်စွာထွက်ပေါ်လာကြသော မရေမတွက်နိုင်အောင်များပြားသည့် နီညိုရောင်နွယ်များကို မြင်လိုက်ရလေသည်။
မိုးထိုးအောင်မြင့်မားသည့် ဧရာမသစ်ပင်ကြီး၏အလွန်ကြီးမားသောပေါင်းမိုးမှ သစ်ရွက်များမှာလည်း မိုးရွာနေသည့်နှယ် တရှဲရှဲ ကြွေကျလာခဲ့၏။
ထိုအခိုက်အတန့်တွင် လူတိုင်း၏အမြင်အာရုံက လွင့်မျောနေသောသစ်ရွက်များနှင့်သာ ပြည့်နှက်သွားခဲ့သည်။
သူတို့အနေဖြင့် ခဏအတွင်း အသက်ဝင်မှုပျောက်ဆုံးသွားသည့် ဧရာမသစ်ပင်ကြီးကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြသည်။
ထိုသစ်ပင်ကြီးမှာ ဘဝ၏နေဝင်ချိန်ရောက်နေသော သက်ကြီးရွယ်အိုတစ်ယောက်နှင့် ဆင်တူနေခဲ့ပေပြီ။
အသက်ဓာတ်က မြန်ဆန်စွာဖြင့်မှိန်ဖျော့လာပြီး နောက်ဆုံးအနေဖြင့် ပြင်းထန်သော အားစိုက်ထုတ်မှုကို ပြုလုပ်နေခဲ့သည်။
နီညိုရောင်နွယ်ပင်များက မရေမတွက်နိုင်အောင် များပြားနေဆဲဖြစ်သော်ငြား နွယ်ပင်များ၏အင်အားက သိသာထင်ရှားစွာ လျော့ပါးသွားပြီး အရှိန်ကလည်း ယခင်ကလောက် မလျှင်မြန်တော့ပေ။
နေ့တစ်ဝက်အတွင်း မည်သည့်အရာဖြစ်ပျက်သွားသည်ကို မည်သူမှမသိကြချေ။
ကျောင်းချီယန်က လက်တစ်ဖက်ဖြင့် ကျောင်းစီဟွေ့ကိုကာကွယ်လျက် ကျန်လက်တစ်ဖက်ကို လင်းကျားကို ဆွဲကာ အရှေ့သို့တဟုန်ထိုးပြေးပြီး တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။ အနက်ရောင်ဝံပုလွေကတော့ အဝေးသို့ ပြေးသွားနှင့်ပြီဖြစ်သည်။
အနောက်ဘက်မှ ခြုံခိုတိုက်ခိုက်ခံရသည့်လူ အများအပြားမရှိသော်ငြား လူတိုင်းအနေဖြင့် စိတ်မချမ်းမြေ့ဖွယ် အော်သံ တစ်သံ၊နှစ်သံကို ကြားရဆဲဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူအများအပြားက အဝေးကိုထွက်ပြေးနေကြလေ၏။
လုံခြုံသောနေရာတစ်ခုကို ရောက်ပြီးနောက် သူတို့၏နောက်မှ ပဲ့တင်ထပ်လာသော ပြိုလဲသံတစ်ခုကို မကြားရခင်အထိ ကျောင်းချီယန်နှင့် တခြားသူများတွင် နောက်ပြန်လှည့်ကြည့်ရန် အချိန်မရှိကြပေ။
သူတို့၏မျက်နှာများမှာ အံ့အားသင့်ထိတ်လန့်မှုနှင့် ပြည့်နှက်နေခဲ့၏။
သူတို့လှည့်ကြည့်လိုက်လျှင် မတိုင်ခင်အထိ အဆင်ပြေနေခဲ့သော မြေပြင်နှင့်တဲများက ယခုအချိန်တွင်တော့ ရုတ်တရက် ပျက်စီးပြိုလဲနေပြီဖြစ်သည်။။
မြေပြင်ကကျွံဝင်သွားသောကြောင့် တဲများနှင့်လက်နက်တချို့က တွင်းပေါက်ထဲပြုတ်ကျသွားခဲ့ကြ၏။
သူတို့၏ နောက်မှနေရာတစ်ခုအပြင် အနီးနားရှိ တခြားနေရာအနည်းငယ်လည်း မြေပြင်ပျက်စီးသွားသောကြောင့် ကျင်းအသေး၊ အကြီးများကို ဖြစ်သွားစေခဲ့သည်။
လူတိုင်း၏မျက်စိရှေ့မှောက်တွင်ပင် စိမ်းလန်းရွှန်းစိုနေခဲ့သော ဧရာမသစ်ပင်ကြီး၏ပေါင်းမိုးက နှေးကွေးစွာဖြင့် “မှိန်ဖျော့”စပြုလာခဲ့၏။
အသက်တစ်ရှိုက်စာ အချိန်လေး၌ပင် သစ်ရွက်များ၏အပြင်ဘက်ဆုံးအလွှာမှာ ညိုးနွမ်းကြွေကျသွားကြသည်။
ပင်စည်၏အခေါက်သည်လည်း အက်ကွဲ၍ကြွတက်လာပြီး ပြုတ်ကျသွားခဲ့ကာ သစ်ရွက်များကြားတွင် ပုန်းကွယ်နေသော အလွန်ကြီးမားသည့် လူသားစားပန်းများသည်လည်း ရှုံ့တွပြီးညိုးရော်သွားကာ လက်ဖဝါးအရွယ်အစား အနက်ရောက်အလုံးများအဖြစ် လိပ်တက်သွားလေ၏။
လူတိုင်းစောင့်ကြေည့်နေကြသည့် မျက်စိရှေ့မှောက်တွင် အလွန်ကြီးမားပြီး ရှုပ်ထွေးသည့်အသက်ဓာတ်တစ်ခုသည် မြန်ဆန်စွာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။
မြေပြင်ပေါ်ရှိ မရေမတွက်နိုင်အောင်များပြားသော နီညိုရောင်နွယ်ပင်များကလည်း တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားကြပြီး နောက်ဆုံးရုန်းကန်မှုအနေဖြင့် မြေပြင်ပေါ်တွင် တွန့်လိမ်ပြီးလှိမ့်နေခဲ့ကြ၏။
အသက်ဓာတ်များကို စုပ်ယူနေခဲ့သည့် အမြစ်များက အပင်၏ကြီးမားသော ပေါင်းမိုးကို ထောက်ပံ့မပေးနိုင်တော့ချေ။
မြေပြင်က သစ်ကိုင်းများ၊ သစ်ရွက်များနှင့် စုပုံနေပြီး လူတစ်ယောက်၏ ခြေသလုံးအမြင့်အထိ ရောက်လုနီးပါးပင်။
“အိုး ဘုရားရေ… ဘာတွေဖြစ်သွားတာလဲ?”
တစ်စုံတစ်ယောက်ပြောလိုက်၏။ သူတို့၏မျက်နှာပေါ်တွင် အံ့သြမှုနှင့်ပြည့်နှက်နေပြီး သူတို့၏ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်လျက် တတွတ်တွတ် ရေရွတ်လိုက်မိသည်။
မှတ်တမ်းယူရန်အတွက် တာဝန်ရှိသည့်လူက ဤမြင်ကွင်းကို မှတ်စုစာအုပ်ထဲတွင် အဆတ်မပြတ် ချရေးနေပြီး လူတိုင်းက မြင်ကွင်းကြောင့် လုံးလုံးလျားလျား ဖမ်းစားခံလိုက်ရ၏။
ကျောင်းချီယန်က ကြွေကျနေသော သစ်ရွက်များကို ငေးကြည့်နေပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ခဲ့လေသည်။
“ကျောင်းကောတို့တွေက မြေအောက်ထဲမှာ ကမ္ဘာကွဲအက်သွားစေတဲ့ တစ်ခုခုကို လုပ်ခဲ့တာဖြစ်ရမယ်! သူတို့ ကျိန်းသေပေါက် မသေသေးဘူး!”
သူ၏စကားကိုကြားလိုက်ရသည့်အခိုက် လူတစ်စု၏ ကနဦးတုံ့ပြန်ချက်မှာ မယုံကြည်နိုင်ကြခြင်းဖြစ်၏။
ကျင်းယန်က ဆင့်ကဲပြောင်းလဲသူ တစ်ယောက်သာသာပဲလေ..
အန္တရာယ်များတဲ့ သန္ဓေပြောင်းသစ်ပင်ကြီး ညိုးနွမ်းသွားအောင် သူက ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲ ကိုင်တွယ်နိုင်မီာလဲ?
သို့သော်ငြား သူတို့ နောက်ထပ် ရှင်းပြချက်ကို မစဥ်းစားနိုင်ကြချေ။
သစ်ပင်များရုတ်တရက် ညိုးခြောက်သွားခြင်းအတွက် အကြောင်းပြချက် တစ်ခုရှိရမည်ဖြစ်သည်။
မြေအောက်မှာ တကယ်ကြီး တစ်ခုခု ဖြစ်သွားတာဖြစ်နိုင်မလား။
ကမ္ဘာမြေပြင်၏ မြေအောက်အနက်ထဲ၌..
ယင်ရိလျို ထံမှ ပြင်းထန်စွာ ထိုးဖောက်ခဲ့သော အနီဖျော့ဖျော့“နှလုံး”က သူမ မျှော်လင့်ထားခဲ့သကဲ့သို့ အတွင်းဘက်မှ အရည်များပွင့်ထွက်လာပြီး ရေကြီးမသွားစေပေ။
ထို့အစား အရည်များက သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ သူမအား ပြုတ်မကျသွားအောင် ကာကွယ်ပေးထားလေသည်။
သူမသည်က အနီရောင်အရည်အိုင် အတွင်းသာ၌သာ ရှိနေပြီး လေထဲတွင် လွင့်မျောနေဆဲဖြစ်၏။
ဧရာမအနီရောင်ရေစက်ကြီးတစ်ခုက ဖြည်းညှင်းစွာဖြင့် လှိုင်းဂယက်များထလာပြီး အရွယ်အစားအားဖြင့် ဆက်လက်သေးငယ်လာခဲ့ကာ အကြီးတစ်ယောက်နှင့် အသေးတစ်ယောက်ကို လွှမ်းခြုံထားလေသည်။
ကျင်းယန်၏ ရွှေရောင်အကြေးခွံများက ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင်သာမကတော့ဘဲ အတွင်းဘက်အထိ ရှုပ်ထွေးစွာ မြှုပ်ဝင်နေပုံရ၏။
ပါးလှပ်သည့် အနီရောင်မျဥ်းကြောင်းများက အကြေးခွံများအကြားရှိ အဟများကိုဖြတ်၍ စီးဆင်းနေပြီး သူ၏ခန္ဓာကိုယ်ထဲကို ဦးတည်နေခဲ့သည်။
သူ၏မျက်နှာပေါ်တွင် နာကျင်သည့် အမူအရာတစ်ခုပေါ်လာခဲ့ပြီး သူ၏ခြေထောက်များက မထိန်းချုပ်နိုင်စွာ တုန်ရီလာခဲ့၏။
သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုက အရေပြားမှ တွန်းထွက်လာရန် ကြိုးစားနေပုံရသည်။
ယင်ရိလျိုက အနီရောင်အရည်များ၏ အတွင်းထဲတွင် ပိတ်လှောင်ခံထားရပြီး သူမသည်လည်း သက်တောင့်သက်သာ ဖြစ်မနေချေ။
မခံစားဖူးသည်မှာကြာပြီဖြစ်သော နာကျင်မှုက သူမ၏ခန္ဓာကိုယ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာခဲ့ကာ သူမ၏ကြွက်သားနှင့်အရိုးများ၏လက်မတိုင်းကို ဆုတ်ဖြဲနေသောကြောင့် လက်ချောင်းထိပ်များပင် သေစေနိုင်သော ဝေဒနာကြောင့် တဆတ်ဆတ်တုန်နေခဲ့၏။
အချိန်အကန့်အသတ်မရှိ ကြာပြီးနောက်တွင် သူမ၏အသိစိတ်က ရှုပ်ထွေးလာခဲ့သည်။
သူမအနေဖြင့် နွေးထွေးသော လက်မောင်းထဲတွင် အဖက်ခံရသည်ဟု ခံစားရလေ၏။ သူမ၏နှာခေါင်းထဲ ဝင်လာသောကိုယ်သင်းရနံ့က မယုံနိုင်လောက်အောင်ရင်းနှီးပြီး သူမ၏နှလုံးသားကို တုန်ခါသွားစေခဲ့သည်။
ခါးသီးသော်လည်း ချိုမြိန်သောခံစားချက်က သူမကို လွှမ်းမိုးသွားခဲ့ကာ မျက်လုံးထဲတွင် မျက်ရည်များဝေ့သီလာခဲ့၏။
လက်တစ်ဖက်က သူမ၏မျက်လုံးရှိ မျက်ရည်များကို ညင်သာစွာဖြင့် သုတ်ပေးလိုက်ပြီးနောက်တွင် သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။
သူမ၏ဘေးဘက်တွင် တွဲလောင်းကျနေသော လက်များက သူမ၏ဘေးတွင်ရှိနေသည့်အရာကို လှမ်းဆုပ်ကိုင်ရန် စမ်းတဝါးဝါးဖြင့် ကြိုးစားနေခဲ့၏။
သူမ လက်ကို ဆန့်လိုက်ပြီးနောက် ကြမ်းတမ်းပြီး အကြေးခွံနှင့်တူကာ အနည်းငယ် ချောကျိသောအရာကို ခံစားမိလိုက်သည်။
သူမ ထိုအရာကို ကိုင်မိလိုက်သည့်အခိုက်အတန့်တွင် သူမကို ထွေးပွေ့ထားသော ပွေ့ဖက်မှုက တောင့်တင်းသွားကြောင်း ခံစားလိုက်ရ၏။
သူမကိုင်ထားသောအရာသည်လည်း သူမ၏လက်ထဲမှ ချော်ထွက်သွားခဲ့လေသည်။
သူမ၏လက်ထဲတွင် ဗလာဖြစ်သွားကြောင်း အာရုံခံမိလျှင် ယင်ရိလျို အနည်းငယ် ထိတ်လန့်တုန်လှုပ်ပြီး စိတ်မကောင်းဖြစ်သွားရ၏။
သူမ၏နှာခေါင်းထိပ်မှာ တခဏချင်း နီရဲလာပြီး သူမ၏လက်က တုန်လှုပ်စွာဖြင့် လှည့်ပတ်စမ်းနေခဲ့ပြန်သည်။
ထိုအခိုက်တွင် သူမ၏နားထဲတွင် ခပ်ဖျော့ဖျော့ သက်ပြင်းချသံကိုကြားလိုက်ပုံရ၏။
ထို့နောက် ချက်ချင်းပင် သူမ၏လက်ပ အေးစက်ပြီး မာကျောသော အကြေးခွံတစ်ခုကို ပြန်လည်ရှာတွေ့လိုက်လေသည်။
သူမ ထိုအရာကို စိတ်ကျေနပ်စွာဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့လေ၏။
***