မြေအောက်လှိုဏ်ဂူအတွင်းမှ ဆန်းကြယ်သည့်နှလုံးကို ပြောလာချိန်တွင် ကျင်းယန်က သူ၏ရင်ဘတ်ထဲမှ အနီရောင်ကျောက်တုံးတစ်ခုကို ဆွဲထုတ်လိုက်လေသည်။
ယင်ရိလျို မထိန်းနိုင်ဘဲ အနားကပ် ကြည့်ပြီးနောက် ထုတ်မေးလိုက်မိလေ၏။
“ဒါကဘာလဲ”
ကျင်းယန်၏လက်ဖဝါးထဲတွင် သွေးနီရောင်နှလုံး တစ်ခုနှင့်တူသော လက်ချောင်းအရွယ်အစား အနီရောင်ကျောက်တုံး တစ်ခုရှိနေသည်။
အနီးကပ် ကြည့်လိုက်လျှင် လတ်လတ်ဆတ်ဆတ် ဖြတ်ထုတ်ထားသော ကြက်နှလုံးတစ်ခုနှင့် ဆင်တူလေ၏။
“ဒါက အဲဒီအရည်တွေ သိပ်သည်းသွားတဲ့ပုံသဏ္ဍာန်ပဲ.. ကောနိုးလာတော့ ဒါကို ကောရဲ့လက်မောင်းထဲမှာ တွေ့ခဲ့တာ”
ကျင်းယန် ရှင်းပြခဲ့သည်။
ယင်ရိလျို လက်ဆန့်၍ လှမ်းယူလိုက်ကာ သူမ၏လက်ထဲတွင် ကိုင်ပြီး စူးစမ်းလိုက်မိ၏။
ကျောက်တုံးက နွေးထွေးမှုကို ခံစားရပြီး ဖောက်ထွင်းမြင်နေရသည့် အသွင်ရှိလေသည်။
သူမ ဦးနှောက်ခြောက်သွားရ၏။
“ဒီကျောက်တုံးက ဘာများလဲ”
မြေအောက်လှိုဏ်ဂူထဲရှိ တမူထူးခြားသော သဘာဝဖြစ်စဥ်များနှင့် အပြင်ဘက်မှ ဧရာသစ်ပင်၏အမြစ်အထွေးများက ဤကျောက်တုံးနှင့် ချိတ်ဆက်သွားမိစေပုံရသည်။
အိမ်တစ်အိမ်ထက်ပိုကြီးတဲ့ ရေလုံးကြီးက ဘယ်လိုလုပ်ပြီး အရမ်းသေးငယ်တဲ့ကျောက်တုံးလေးအဖြစ် သိပ်သည်းသွားခဲ့ရတာလဲ။
ယင်ရိလျိုက ငုံးဥအရွယ်စားသာရှိသော အနီရောင်ကျောက်တုံးလေးကို ခဏလောက်ကစားပြီးနောက် ကျင်းယန်၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ မေးခဲ့၏။
“ဒါကို ကျွန်မတို့ ဘယ်လိုဖြေရှင်းကြမလဲ၊ ဖွက်ထားသင့်လား သိမ်းထားသင့်လား”
ကျင်းယန် သူ၏လက်ဖဝါးထဲမှ ခြောက်ခြားဖွယ်ကောင်းအောင် အနီရောင်တောက်ပနေသော ကျောက်တုံးကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် ယိုယွင်ပျက်စီးနေသော ပတ်ဝန်းကျင်ကို ခြုံငုံလေ့လာပြီး ပြန်ဖြေခဲ့၏။
“နိုင်ငံတော်ဆီကို လက်လွှဲပေးလိုက်မယ်”
သူက စေတနာသဒ္ဓါတရားထက်သန်နေသောကြောင့် မဟုတ်ဘဲ ဤပစ္စည်းက အမှန်တကယ်ပင် အထူးသတိထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
အပြင်ဘက်မှ အခြေအနေကို သူတို့မသိရသေးသော်ငြား မြေအောက်မှအမြစ်များအားလုံး ညှိုးခြောက်နေသည်ကို ကြည့်ခြင်းအားဖြင့် မြေပေါ်တွင်လည် သိသာထင်ရှားသော အပြောင်းအလဲများသေချာပေါက် ရှိနေလိမ့်မည်ပင်။
ဤပြောင်းလဲမှုမှာ သူနှင့်ယုန်လေးသာ သိသော အရာတစ်ခုမဟုတ်ချေ။
ဤကိစ္စက အာဏာရှိသူများ၏ အာရုံစိုက်မှုနှင့် ထောက်လှမ်းစစ်ဆေးမှုများကို ဆွဲဆောင်နိုင်လိမ့်မည်ဆိုသည်က သံသယဝင်ရန်ပင် မလိုအပ်ပါချေ။
သူတို့မြေအောက်တွင် ရှိနေချိန်က အတွေ့အကြုံများ၊ ပြန်တက်လာနိုင်ရန် လုပ်ဆောင်ခဲ့ပုံများနှင့်ပက်သက်၍ အမှန်တရားကို ပြောခဲ့လျှင်ပင် ဘယ်သူမှယုံကြည်မည် မဟုတ်ပေ။
မလိုအပ်သော ပြဿနာကိုရှောင်ရှားနိုင်ရန်အတွကာ အကောင်းဆုံးလုပ်ဆောင်ချက်မှာ ထိုကျောက်တုံးကို နိုင်ငံတော်သို့ ပေးလိုက်ရန်သာဖြစ်သည်။
ဤပစ္စည်းက ကောင်းသည်၊ ဆိုးသည်နှင့် မည်သည့်နေရာက ဖြစ်လာသည်ဟူသော ကိစ္စတို့မှာ သူတို့စိတ်ပူရမည့်အရာ မဟုတ်တော့ချေ။
ထို့အပြင် ဤပစ္စည်းမှာ ပင်ကိုအားဖြင့် အတိတ်နမိတ်မကောင်းသော သဘာဝရှိ၏။
သူ၏ခန္ဓာကိုယ်နှင့် စွမ်းရည်များကိုလည်း ကျင်းယန် ပမာဏတချို့အထိ နားလည်လာချေပြီ။
သူ၏စွမ်းရည်က သတ္တဝါတစ်ကောင်၏ ဘိုးဘေးမျိုးရိုးလိုက်သောအသွင်တစ်ခု ဖြစ်သည်ဟု ကောက်ချက်ချမိသော်လည်း ထိုဘိုးဘေးမျိုးရိုးလိုက်သော သတ္တဝါက မည်သည့်သတ္တဝါဖြစ်မည်ဟူသောအချက်အလက်ကိုတော့ အတိအကျ မရှင်းလင်းချေ။
ရုတ်တရက် အမြီးပေါက်လာခြင်းမှာ အနီရောင်ကျောက်တုံးနှင့် အရည်များက ဓာတ်ပြုပေးခဲ့သည့် ဘိုးဘေးမျိုးရိုးလိုက်သော အဆင့်တစ်ခုဖြစ်ဖွယ်ရှိ၏။
ယုန်လေး၏ ရုတ်ခြည်းကြီးထွားမှုကလည်း အရည်ထဲတွင် ဓာတ်ပြုမှုတချို့ဖြစ်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ပေ၏။
ထိုဓာတ်ပစ္စည်းက သူမကို ချက်ချင်း အရပ်ရှည်သွားစေခဲ့သည်။ ဤအမည်မသိရသော အရာဝတ္ထုကို သူမ၏ဘေးတွင် မထားရဲပါချေ။
ယုန်လေး၏ရုတ်ခြည်းကြီးထွားမှုကပင် သူ့ကို စိတ်သောကရောက်စေနေပြီဖြစ်၍ ကျောက်တုံးကို သူမ၏ဘေးတွင်မထားရဲတော့ပေ။
ထိုအခြေအနေက ဆက်လက်ဖြစ်ပွားစေမည့် ဖြစ်နိုင်ခြေရှိမည်လားကို မသိသောကြောင့် သူ မစွန့်စားနိုင်ပါချေ။ ထိုဖြစ်စဉ်သာ ဆက်ဖြစ်ပွားခဲ့လျှင် ရပ်တန့်ရန် နည်းလမ်းရှိနိုင်မည် မဟုတ်ပေ။
ဤကဲ့သို့ မူလဇစ်မြစ်မသိရသော ပစ္စည်းတစ်ခုကို ယုန်လေး၏ နေရာလွတ်ထဲတွင် မထားနိုင်ပေ။
ထို့ကြောင့် သူက ကျောက်တုံးကို ရင်ဘတ်ထဲသို့ ပြန်ထည့်ပြီးနောက် သူ၏ခါးတွင် မှီထားသောခေါင်းလေးကို ငုံ့ကြည့်လိုက်မိသည်။
မိန်းကလေး၏ယုန်နားရွက်များက သူ၏ရင်ဘတ်အထိ ရောက်နေပေပြီ။
သူက ယင်ရိလျိုနှင့် ပိုနီးသွားစေရန် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်လိုက်သည်။
“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နာကျင်တာမျိုး ဒါမှမဟုတ် သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်သေးလား”
ယင်ရိလျို သူမ၏လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များကို လှည့်ကြည့်သော်လည်း ပြောင်းလဲမှု တစ်စုံတစ်ရာကိုမှ အာရုံမခံနိုင်ချေ။ သူမ အပြစ်ကင်းစွာဖြင့် ခေါင်းယမ်းလိုက်၏။
“ကျွန်မ ဘာကိုမှ မခံစားရဘူး”
သူမ၏မျက်လုံးများက အလွန်အပြစ်ကင်းစင်လွန်းသည်။
ကျင်းယန်က ဤအရွယ်မိန်းကလေးများနှင့် ပြောဆိုဆက်ဆံဖူးခြင်းမရှိပေ။ အခိုက်အတန့်တစ်ခုမျှ သူ အနည်းငယ် ကိုးယိုးကားယားဖြစ်သွားခဲ့ရသည်။
ယုန်လေးက ကလေးတစ်ယောက် မဟုတ်တော့သည့်အတွက် သူက သူမ၏လက်ကို ကိုင်ခြင်း သို့မဟုတ် သူမကို လျှောက်ပတ်ချီသွားခြင်းများ လုပ်၍မရတော့ချေ။ သူ အသာ ချောင်းဟန့်ပြီး ပြောလိုက်၏။
“ကောတို့လာခဲ့တဲ့ လမ်းအတိုင်း ပြန်သွားရအောင်.. မင်း ကောနောက်က လိုက်ခဲ့”
ယင်ရိလျို ခေါင်းညိတ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။
သူမ၏အရပ်က ပိုမြင့်လာသောကြောင့် ဤရှုထောင့်မှကြည့်လျှင် ပတ်ဝန်းကျင်က အနည်းငယ် ကွဲပြားနေလေ၏။
မှောင်မည်းနေသော မြေအောက်ဂူထဲတွင် ကျင်းယန်က တိတ်ဆိတ်စွာ ဦးဆောင်သွားပြီး ယင်ရိလျိုက အနားမှကပ်လိုက်လာကာ ခြေသံဖျော့ဖျော့များသာ ထွက်နေခဲ့သည်။
မိန်းကလေးက လမ်းပျောက်မသွားကြောင်း သေချာစေရန်အတွက် ကျင်းယန်က နှေးကွေးစွာသာ လမ်းလျှောက်လာခဲ့၏။
သူ လှုပ်ရှားလိုက်လျှင် သူ၏နောက်မှ အမြီးကလည်း အရှေ့အနောက် လွှဲယမ်းနေခဲ့သည်။ မူလက ယင်ရိလျိုသည် သူမ၏ပတ်ဝန်းကျင်ကို အာရုံစိုက်နေခြင်း ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် သူမ၏အကြည့်က အရှေ့တွင် ညင်သာစွာ လွှဲယမ်းနေသာ အမြီးပေါ်သို့ရောက်သွားခဲ့၏။
ကျင်းယန်၏ အပေါ်ပိုင်းခန္ဓာကိုယ်ကို အနက်ရောင်စွပ်ကျယ်တစ်ထည်နှင့်သာ ဖုံးအုပ်ထားသောကြောင့် သူ၏ကျယ်ပြန့်ပြီး သန်စွမ်းသည့်ကျောပြင်က ထင်ရှားနေလေသည်။ သူ၏အပေါ်ဝတ်အင်္ကျီကိုတော့ ခါးတစ်ဝိုက်တွင် စည်းထားပြီး ပေါင်အထိ ဖုံးအုပ်နေခဲ့၏။
ရွှေရောင်အကြေးခွံများနှင့် ဖုံးအုပ်ထားသော အမြီးရှည်ကြီးသည်လည်း အဝတ်အစား၏အဖျားနားမှ ဆန့်ထွက်နေလေသည်။ အမြီးအရင်းအနားသို့ နီးသွားလေလေ ပို၍ထူလာလေလေဖြစ်ပြီး ထိပ်ဖျားတွင်တော့ ထူထဲသည့်ရွှေရောင်အမွှေးများရှိကာ သတ္တုနှင့်သော အကြေးခွံများနှင့် ပြည့်နှက်နေလေ၏။
ယင်ရိလျို အချိန်အကြာကြီး စူးစိုက်ကြည့်နေခဲ့ပြီး ကျင်းယန်က ထိုအမြီးကို မည်သည့်အတွက်ကြောင့်အင်္ကျီနှင့် ဖုံးထားခဲ့ကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သူ၏ဘောင်းဘီက အမြီးကြောင့် ဆုတ်ပြဲသွားခဲ့သောကြောင့် ဖုံးထားရခြင်း ဖြစ်နိုင်လေ၏။
ထိုထူးဆန်းသော မြင်ကွင်းကို ပုံဖော်ကြည့်မိလျှင် သူမ မရယ်မောဘဲမနေနိုင်တော့ဘဲ အကြည့်က သူမ၏အရှေ့မှ အမြီးပေါ်တွင်သာ ရှိနေခဲ့လေသည်။
ရေခဲဖြင့် ထုစစ်ထားသော ရေခဲပန်းပုတစ်ခုကဲ့သို့ အပြင်ဘက်တွင် အေးစက်ပြီး မချဥ်းကပ်နိုင်သည့်ပုံပေါ်နေခြင်းက ကျင်းယန်၏ တမူထူးကဲသောအသွင်အပြင်သာဖြစ်လေ၏။
သို့သော်ငြား သူ၏အနောက်မှ အမြီးကတော့ အတော်လေး ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
သူခြေနှစ်လှမ်း လှမ်းလိုက်လျှင် ရွှေရောင်အကြေးခွံများနှင့် ဖုံးအုပ်နေသော အမြီးရှည်ကလည်း နှစ်ကြိမ်ခန့်လွှဲယမ်းသွားသောကြောင့် အကြည့်လွှဲရန် ခက်ခဲစေခဲ့သည်။
ယင်ရိလျို အချိန်ကြာမြင့်စွာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သည်းမခံနိိင်တော့ဘဲ သူမ၏ဆိုးသွမ်းလိုသော လက်များကို ဆန့်ထုတ်လိုက်မိသည်။
သူမက အရှေ့မှအမြီးကို ဖြည်းညင်းစွာ လှမ်းဆွဲလိုက်သဖြင့် ကျင်းယန်၏ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားခဲ့လေ၏။ အမြီးကလည်း လှုပ်ခါလိုက်ပြီး သူမ၏လက်ထဲမှ ချော်ထွက်သွားခဲ့သည်။
“အမြီးကိုဂရုမစိုက်ဘဲ မထိနဲ့”
သူ၏ အမြီးက ယခုလေးတင်မှသာ ထွက်လာခြင်း ဖြစ်သောကြောင့် ထိန်းချုပ်ရာတွင် သိပ်ပြီးမကျွမ်းကျင်သေးချေ။ သူက တည်တင်းသော မျက်နှာဖြင့် စကားပြောလိုက်သော်လည်း သူ့အနောက်မှ အမြီးကတော့ ပို၍ပင် မြန်ဆန်စွာယမ်းနေခဲ့လေ၏။
ကြောင်၏အမြီးများက သူတို့၏ခန္ဓာကိုယ်မှ တစ်သီးတစ်ခြားစီ လှုပ်ရှားသည်ဟုသာ ယင်ရိလျို ကြားမိခဲ့သည်။ ကျင်းယန်၏အမြီးက ဤမျှစိတ်ဝင်စားစရာကောင်းမည်ဟု မမျှော်လင့်ထားမိပေ။
သူမ တိတ်တဆိတ်ရယ်လိုက်မိ၏။ အမြီးက အမွှေးမပါသော ကြောင်အမြီးကြီးနှင့်တူပြီး တစ်ချက်ထိလိုက်လျှင် အမွှေးများပင်ထောင်လာပုံရသည်။
သူမအနေဖြင့် အရှေ့မှ ရွှေရောင်အမြီးကို စူးမ်းနေခဲ့ကာ ထိုအမြီးနှင့်ဆင်တူသော တိရစ္ဆာန်အမျိုးအစားကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားနေခဲ့၏။
သို့သော်ငြားလည်း မည်သည့်အမြီးအမျိုးအစားဖြစ်ကြောင်းကို သူမ အဖြေမရှာနိုင်ခဲ့ချေ။ အိမ်မြှောင်အမြီးလည်း ဖြစ်ပုံမရသကဲ့သို့ မြွေအမြီးဖြစ်ရန်မှာက ပို၍ပင် ဖြစ်နိုင်ခြေနည်းသည်။
သူတို့တခဏကြာအောင် လမ်းဆက်လျှောက်ခဲ့ကြပြီး သူတို့၏ဘေးမှ စိုစွတ်မှောင်မည်းသော ပတ်ဝန်းကျင်က အလင်းရောင်ဖျော့ဖျော့ လင်းလာခဲ့၏။
သူတို့၏အထက်မှ အကွာအဝေးတစ်ခုတွင် နှိုင်းယှဥ်၍မရအောင် ကြီးမားသော အပေါက်တစ်ခုရှိပြီး အလင်းရောင်က ထိုနေရာမှ ဝင်လာပုံရသည်။
ထိုအပေါက်မှာ ကျင်းယန်နှင့် ယင်ရိလျိုတို့ ဆွဲချခံခဲ့ရသော ဝင်ပေါက်ဖြစ်လေ၏။
ဤအခိုက်တွင် ထိုနေရာတွင် လေတိုးသံသာ ရှိနေသော်လည်း ထက်ရှသည့် အကြာအာရုံရှိနေသော ယင်ရိလျိုကတော့ အထက်မှလူများ၏ စကားပြောသံကို ကြားနိုင်လေ၏။ တစ်စုံတစ်ယောက်က ထောက်လှမ်းရန်အတွက် ဆင်းလာနေပုံရသည်ပင်။
သူမ အတွေးထဲနစ်မြောနေချိန်တွင် ကျင်းယန်၏နောက်မှ အမြီးက လေထဲတွင်ပျောက်ကွယ်သွားခဲ့လေ၏။ သူ အမြီးကိုပြန်သွင်းလိုက်ပုံရသည်။
သူ၏နားရွက်က ဆတ်ခနဲ လှုပ်သွားပြီး ယင်ရိလျိုကို ပြောလိုက်သည်။
“ယုန်အဖြစ် ပြန်ပြောင်းလိုက်တော့”
သူ၏စကားကို ကြားလျှင် ယင်ရိလျိုသည်လည်း ချက်ချင်းပင် ဝဝကစ်ကစ် အမွှေးလုံးလေးအဖြစ် ပြန်ပြောင်းလိုက်လေ၏။
သူမ၏လူသား အရွယ်အစားက ကြီးလာသော်လည်း သူမ၏ယုန်အသွင်ကတော့ မပြောင်းလဲခဲ့ပါချေ။ သူမက ကျင်းယန်၏ လက်မောင်းထဲသို့ စွေ့ခနဲခုန်တက်လိုက်ပြီး သူ၏ပုခုံးပေါ်သို့ တက်သွားခဲ့လေသည်။
***