ကျနော်က ဂီလိုဘတ် စက်မှုဇုန်ကို လိုက်ပို့ပေးဖို့ ပြောလိုက်တဲ့အခါ အိုင်လင်းက ပြန်ဖြေသည်။
"ရှင် ဘယ်လောက်ပဲ မြန်မြန်သွားသွား ဂီလိုဘတ် စက်မှုဇုန်ကို ရောက်ဖို့ အနည်းဆုံး နှစ်ရက်တော့ ကြာလိမ့်မယ်။ အဆင့်ကျော်လွန်တဲ့ တည်ရှိမှုတစ်ခုခုဆီက အကူအညီ ရရင်တော့ တစ်မျိုးပေါ့..."
"ကိုယ်စားလှယ်အဖွဲ့က သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးသုံးရင်ရော မဖြစ်နိုင်ဘူးလား"
"အဲဒါကို သုံးမယ်ဆိုတာကို ထည့်တွက်ပြီးမှ နှစ်ရက်ကြာမယ်လို့ ပြောတာပါ"
နှစ်ရက်... ကျနော့်အတွက်တော့ နှစ်နာရီတောင်မှ အလွန် ကြာလွန်းလှသည်။ မည်သည့်နည်းနှင့်ဖြစ်ဖြစ် တစ်နာရီအတွင်း ရောက်မှ ဖြစ်မည်။ မဟုတ်လို့ကတော့ ယူဂျွန်ဟော့၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကိုပဲ တွေ့ရမည်မှာ သေချာ၏။ ကျနော် အပြင်းအထန် စဉ်းစားနေမိသည်။
'အဆင့်ကျော်လွန်တဲ့ တည်ရှိမှုရဲ့ အကူအညီဆိုရင်တော့...'
အရင်ဆုံး စိတ်ထဲသို့ ရောက်ရှိလာသည်မှာ 'ဟာမီးစ်' ပင် ဖြစ်သည်။ အကယ်၍ ထိုနက္ခတ်၏ အကူအညီသာ ရရှိပါက နှစ်ရက်ကြာမြင့်မည့် ခရီးကို မိနစ်ပိုင်းအတွင်း ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ သို့သော် ပြဿနာမှာ သူသည် အိုလံပတ်စ်အဖွဲ့ဝင် ဖြစ်နေခြင်းပင်။
"...ငရဲကိုသွားရမယ်ဆိုရင် ငရဲကိုပဲ ငါသွားလိုက်မယ်။ သူ့ဆီက အကူအညီကိုတော့ ငါမယူဘူး"
"ဟမ်"
လန့်သွားသော အိုင်လင်းကို ကျနော်က လက်ကာပြလိုက်သည်။
"ငါ့ ဘာသာ ရေရွတ်နေတာပါ"
အမှန်တကယ်တော့ ကျနော်သည် တမင်တကာ တစ်ယောက်တည်း စကားပြောဆိုနေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် —
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် မည်သည့်ကိစ္စ ဖြစ်ပျက်နေသည်ကို သိလိုစိတ် ပြင်းပြနေပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် မည်သည့်ကိစ္စ ဖြစ်ပျက်သည်ကို သိလိုနေပါသည်။]
[နက္ခတ်အချို့သည် သင်၏ ဖုံးကွယ်ထားသော အချက်အလက်များ အပေါ် စိတ်ဝင်တစား ရှိနေကြပါသည်။]
ထိုသို့သော တုံ့ပြန်မှုများ ရရှိစေရန် ဆွဲဆောင်ခြင်းပင် ဖြစ်သည်။ သူတို့ထံမှ လာသော မက်ဆေ့ချ်များကို တမင်တကာ ကျနော် လျစ်လျူရှုထားပြီး အိုင်လင်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
"တခြားနည်းလမ်းရော ရှိလား။ နေရာကူးပြောင်းမုခ်တို့ဘာတို့လို အရာတွေမရှိဘူးလား"
"ဒါက ၇၃ ခုမြောက် မိစ္ဆာနယ်မြေလေ။ ကျမတို့နေရာက အစွန်အဖျားဒေသ ဖြစ်နေတာ။ ကျမတို့ဆီမှာ အဲဒီလောက် အဆင့်မြင့်တဲ့ သယ်ယူပို့ဆောင်ရေး ကိရိယာတွေ မရှိဘူး"
"...အင်း။ ဟုတ်ပါပြီ"
" ဘာတွေဖြစ်နေတာလဲပြောပြပေးလို့ရမလား"
"လူတစ်ယောက် သေတော့မှာမလို့ပါ"
"ဘယ်သူလဲ"
"ဒီစက်မှုဇုန်ရဲ့ သခင်ပါ"
မျှော်လင့်ထားသည့်အတိုင်း ကျနော့်၏ မက်ဆေ့ချ်မှတ်တမ်းမှာ ပေါက်ကွဲထွက်သွားတော့သည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင် မည်သည့်ကိစ္စကို ဆိုလိုသနည်းဟု မေးမြန်းနေပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် သင်၏ ဇာတ်လမ်းကို နားစွင့်နေပါသည်။]
...ပေါက်ကွဲမှုမှာ သိပ်မကြီးမားသေးသော်လည်း ချန်နယ်အတွင်း နက္ခတ်ဦးရေ နည်းပါးနေသဖြင့် မတတ်နိုင်ပေ။
ဒါနဲ့ လိင်ပြောင်းလဲရသည်ကို နှစ်သက်သူက ဘယ်အချိန်ကတည်းက ရောက်ရှိနေတာလဲဟ။
"ရွှေခေါင်းကွင်း၏အကျဉ်သား။ ကျနော့်ကို ကူညီနိုင်မလား"
ကျနော်က နက္ခတ်ကို တိုက်ရိုက်ပြောဆိုလိုက်သောအခါ ဆေးကုသဆောင်အတွင်းရှိ လူများမှာ အံ့အားသင့်သွားကြသည်။ ကျနော်ကတော့ ပို၍ ရဲတင်းရန်သာ ဆုံးဖြတ်လိုက်သည်။
"အဆင်ပြေမည်ဆိုရင် ခင်ဗျားရဲ့ 'နင်ဘတ်စ် တိမ်တိုက်' ကို ခဏ ငှားရမ်းလိုပါတယ်"
ထိုတိမ်တိုက်မှာ 'ကောင်းကင်တစ်မျှ မဟာပညာရှိ' ၏ ကြယ်အမွေအနှစ်များထဲမှ တစ်ခုဖြစ်သော နင်ဘတ်စ်တိမ်တိုက် ဖြစ်သည်။ အကယ်၍ ထိုတိမ်တိုက်ကိုသာ ငှားရမ်းနိုင်ပါက ဂီလိုဘတ် စက်မှုဇုန်သို့ အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်သည်။ ပြဿနာမှာ ဇီဇာကြောင်လှသော ကောင်းကင်တစ်မျှ မဟာပညာရှိက သူ၏ ကြယ်အမွေအနှစ်ကို ငှားရမ်းပေးမည်လား မသေချာခြင်းပင်။ သူသည် ကျနော့်ကြောင့် ဖြစ်နိုင်စွမ်းများကို တစ်ကြိမ် ဖြုန်းတီးခဲ့ပြီးသား ဖြစ်သည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ‘နင်ဘတ်စ်တိမ်တိုက်’ကို အဘယ်ကြောင့် လိုအပ်သနည်းဟု မေးမြန်းနေပါသည်။]
ကျနော် ခေတ္တခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ စကားပြောလိုက်သည်။ ဤနေရာတွင် သေသေချာချာ ပြောဆိုရန် လိုအပ်သည်။
"ကျနော်က ယူဂျွန်ဟော့အဖြစ် ဟန်ဆောင်ခဲ့တာပါ။ အဲဒီနောက် ယူဂျွန်ဟော့က ကျနော့်အဖြစ် ဟန်ဆောင်ခဲ့ပါတယ်... အဲဒါကြောင့် ဇာတ်ဝင်ခန်းမှာ အမှားအယွင်းတစ်ခု ဖြစ်ပေါ်ပြီး ပြဿနာ တက်နေတာပါ..."
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ရှုပ်ထွေးသော အရာများကို မုန်းတီးပါသည်။]
ကောင်းကင်တစ်မျှ မဟာပညာရှိ၏ စိတ်ရှည်မှုကို ငဲ့ကွက်၍ အခြေအနေကို ကျနော်က အတိုချုပ်လိုက်သည်။
"ဒီအကြောင်းကြောင့် ယူဂျွန်ဟော့ သေဆုံးရတော့မှာပါ"
သူ ကူညီမည်လားဟု သိချင်ခဲ့သော်လည်း ကောင်းကင်တစ်မျှ မဟာပညာရှိထံမှ တုံ့ပြန်မှုမှာ မထင်မှတ်ထားသည်ကို တွေ့ရသည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်ဖိစီးမှုများကြောင့် သူ၏ ဆံပင်များကို တစ်ဆုပ်စာခန့် ဆွဲနှုတ်နေပါသည်။]
"ခဏလေးနေပါဦး"
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ခေါင်းဘီးကို သွားရောက်ရှာဖွေရန် ထွက်ခွာသွားပါပြီ။]
ပျောက်ကွယ်သွားသော ကောင်းကင်တစ်မျှ မဟာပညာရှိထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ပေ။
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်သည် ဤအခြေအနေကို သဘောကျနေပါသည်။]
[ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါသည်။]
ကျနော်က လေဟာနယ်ကို မော့ကြည့်နေစဉ် အိုင်လင်းက မေးမြန်းလာသည်။
"သူက ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ ဒီစက်မှုဇုန်ရဲ့ သခင်အသစ်က အန္တရာယ်ရှိနေတာလား"
"...ဟုတ်ပါတယ်"
"ဘာဖြစ်လို့လဲ"
"သူက မိစ္ဆာဘုရင်တစ်ပါးနဲ့ တွေ့ဆုံရတော့မှာမလို့ပါ"
"မိစ္ဆာဘုရင်ဆိုတာ သေချာပေါက် ဆိုးယုတ်တဲ့ တည်ရှိမှုမျိုး မဟုတ်ပါဘူး။ ကံကောင်းရင် အသက်ရှင်နိုင်ပါတယ်"
"အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."
ပြဿနာမှာ ထိုမိစ္ဆာဘုရင်သည် 'အက်စ်မိုးဒီအက်စ်' ဖြစ်နေခြင်းပင်။ ဝတ္ထုအတွင်း၌ အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့ နောက်ပြန်ဆုတ်သည့် အကြိမ်တိုင်းတွင် အကြီးမားဆုံး ရန်သူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ယူဂျွန်ဟော့သည် အတိတ်က အက်စ်မိုးဒီအက်စ်နှင့် ရင်ဆိုင်ရင်း သေဆုံးခဲ့ဖူးသည်။ ယူဂျွန်ဟော့သည် သူ၏လက်ထဲမှ ဘေးကင်းနိုင်ပါ့မလား။ ကျနော် အပြင်းအထန် စဉ်းစားသော်လည်း ကောင်းမွန်သော မြင်ကွင်းတစ်ခုမျှ ပေါ်မလာပေ။
ဟန်မြုံအိုက ကျနော့်ကို စိုးရိမ်တကြီး ကြည့်၍ စကားစလိုက်သည်။
"အခု ခင်ဗျား ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ပြဿနာမှာ ပြဿနာအကြီးကြီး ဖြစ်၏။ အကယ်၍ ကျနော် အချိန်မီ ရောက်ရှိသွားလျှင်ပင် ယူဂျွန်ဟော့နှင့် အင်အားချင်း ပူးပေါင်း၍ အက်စ်မိုးဒီအက်စ်ကို အနိုင်ယူနိုင်မည်ဟု အာမခံချက် မရှိပေ။ သို့သော်လည်း —
"မကြိုးစားဘဲနဲ့တော့ မသိနိုင်ပါဘူး"
"ဟင်။ မင်း ဒီလောက်အထိ စိတ်အားထက်သန်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကုမ္ပဏီမှာတုန်းကဆိုရင် မင်းဟာ ဘယ်တုန်းကမှ..."
" အလုပ်ကို အပတ်တကုတ် မလုပ်ရင် သေသွားလိမ့်မယ်။ အလုပ်ကြိုးစားမှ အမြဲတမ်းဝန်ထမ်း ဖြစ်မယ့်ကိစ္စမျိုးနဲ့တော့ ကွဲပြားတာပေါ့"
"…အဟမ်း"
အခြေအနေမှာ ဆိုးရွားနေသော်လည်း ကျနော်သည် တတ်နိုင်သမျှ အကောင်းမြင်စိတ်ဖြင့် စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ကျနော် မသိရှိနိုင်သော အရာများလည်း ရှိနေနိုင်သေးသည် မဟုတ်ပါလား။ မဟုတ်မှလွဲရော ကျနော် ထိုနေရာသို့ မသွားလျှင်ပင် အရာအားလုံး အဆင်ပြေသွားနိုင်ချေ ရှိပေသည်။ ယူဂျွန်ဟော့သည် ကြီးမားသော နိုးထမှုတစ်ခုကို ကြုံတွေ့ရသည့် အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် အက်စ်မိုးဒီအက်စ်က ရုတ်တရက် လူကောင်းတစ်ယောက် ဖြစ်သွားနိုင်ပေသည်။
...ချီး။
ထိုအရာမှာ မဖြစ်နိုင်ပေ။ ကျနော်သည် စမတ်ဖုန်းပေါ်မှ ပြုပြင်ထားသော Ways of Survival ကို ထပ်မံဖွင့်ကြည့်လိုက်သည်။ ကျနော် မည်သည့်အရာကိုမျှ စဉ်းစား၍ မရတော့သဖြင့် အဖြေရှာရန်အတွက် ဤအရာကိုသာ ဖတ်ရှုရတော့မည် ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ"
"ရှုး၊ တိတ်တိတ်နေပါ။ ဒါက ကျနော့်ရဲ့အကျွမ်းကျင်ဆုံး အလုပ်မလို့ပဲ"
ကျနော်သည် Ways of Survival မှ အကြောင်းအရာများကို အမြန်ဆုံး လှန်လှောကြည့်ရှုလိုက်သည်။ ထို့နောက် ၁၂ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ စာကြောင်းတစ်ကြောင်းက ကျနော့်၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့သည်။
「 ယူဂျွန်ဟော့သည် တတိယအကြိမ်မြောက် ဇာတ်လမ်း၌ သူ၏ ကျရှုံးမှုအတွက် အကြောင်းပြချက်များစွာ ရှိနေသည်ဟု တွေးတောမိသည်။ ဤအရာမှာ အရေးအကြီးဆုံး အကြောင်းပြချက် ဖြစ်ပေသည်။ 」
ကျနော့်၏ ရင်ထဲ၌ ရုတ်တရက် ထိတ်လန့်သွားတော့သည်။ မဟုတ်သေးဘူး၊ မြန်မြန် စဉ်းစားစမ်း။ နောက်ထပ် စာကြောင်းတစ်ကြောင်းကို ဖတ်လိုက်ရသည့် ခဏ၌ ကျနော့်၏ စိတ်ထဲမှာ ဗလာဖြစ်သွားပြီး အရူးတစ်ယောက်ကဲ့သို့ ဖြစ်လုနီးပါးပင်။
「 'ထိုအချိန်တုန်းက ငါတို့တွေ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်မဆောင်ခဲ့သင့်ဘူး' 」
မျက်ဝန်းနက်ကလေးများရှိသည့် မိန်းကလေးငယ်တစ်ဦး ရှိနေ၏။ ထိုမိန်းကလေးသည် သေးငယ်သော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ်ခန့်သာ ရှိပုံရသည်။ ဖောင်းအိနေသော ပါးပြင်များနှင့် တက်ကြွလှုပ်ရှားသော အမူအရာများမှာ ကလေးသရုပ်ဆောင်တစ်ဦးနှင့် ဆင်တူနေသည်။ အပေါ်ယံကြည့်ရုံမျှဖြင့် မည်သည့်အန္တရာယ်မှ ရှိပုံမပေါ်ပေ။
'…သူ့ရဲ့ အကြိုက်က အရင်အတိုင်းပဲ'
သို့သော်လည်း ထိုခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော တည်ရှိမှုမှာ ကလေးဒရာမာကားများမှ ဇာတ်လိုက်တစ်ဦး မဟုတ်ကြောင်းကို ယူဂျွန်ဟော့ အလွန်ကောင်းမွန်စွာ သိရှိနေသည်။ ဤမိန်းကလေးမှာ မိစ္ဆာနယ်မြေတစ်ခွင် ပျံ့နှံ့နေသော တည်ရှိမှု ၇၂ ပါးအနက် အထွတ်အထိပ်ဖြစ်ပြီး '၃၂ ခုမြောက် မိစ္ဆာနယ်မြေ' ၏ အရှင်သခင်လည်း ဖြစ်၏။ ဒဏ္ဍာရီလာအဆင့် နက္ခတ်များပင် ရင်ဆိုင်ရန် တွန့်ဆုတ်ရသည့်သူ၊ ရာဂနှင့်အမျက်ဒေါသနတ်ဆိုး အက်စ်မိုးဒီအက်စ် ပင် ဖြစ်သည်။
အက်စ်မိုးဒီအက်စ်က မိန်းကလေးငယ်၏ မျက်နှာဖြင့် ပြုံးပြလိုက်သည်။
[အို… ဒီလောက်အထိ တင်းမာနေဖို့ မလိုပါဘူး။ ငါက စကားပြောဖို့ သက်သက်ပဲ လာတာပါ]
သူ၏ စစ်မှန်သော အသံကို ထုတ်ဖော်လိုက်ခြင်းက ထိုဧရိယာအတွင်းရှိ ကိုယ်စားလှယ်များကို နာကျင်မှု ခံစားရစေသည်။ စက်မှုဇုန်အတွင်းရှိ ကိုယ်စားလှယ်အားလုံးမှာ သွေးအန်နေကြရလောက်ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများရှေ့တွင် ယူဂျွန်ဟော့သည် အသက်ကို အောင့်ထားပြီး သူ၏ မှော်စွမ်းအင်အားလုံးကို မြှင့်တင်လိုက်သည်။
သူ၏ အသားအရေကို ရစ်ပတ်ထားသည့် ဖိအားများမှာ တဖြည်းဖြည်း လျော့နည်းသွားသည်။ ဤတည်ရှိမှုမှာ အလွန်တရာ အင်အားကြီးမားလွန်းသဖြင့် အဆင့်ကျော်လွန်သူ ယူဂျွန်ဟော့ပင်လျှင် တောင့်ခံထားရန် ခက်ခဲနေ၏။ မျှော်လင့်ထားသည့်အတိုင်း မိစ္ဆာဘုရင်တစ်ပါး၏ အရှိန်အဝါမှာ သာမန်နှင့် ကွဲပြားလှသည်။ ယူဂျွန်ဟော့၏ ရင်ထဲမှ ခံစားချက်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အက်စ်မိုးဒီအက်စ်က အနားသို့ ညင်သာသော ခြေလှမ်းများဖြင့် ချဉ်းကပ်လာသည်။
[စိတ်ဝင်စားစရာပဲ။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာက စစ်ဝစ်ဇ် စက်မှုဇုန်မှာ ငါ့လက်အောက်ငယ်သားရဲ့ မျက်လုံးတွေကနေတစ်ဆင့် မင်းကို မြင်ခဲ့တာ...]
ခြေလှမ်းများမှာ သိသိသာသာ ပေါ့ပါးနေသော်လည်း ယူဂျွန်ဟော့၏ မျက်လုံးထဲတွင်မူ ကမ္ဘာပေါ်၌ အလေးလံဆုံး အရာများကဲ့သို့ ဖြစ်နေသည်။ ကောင်းကင်ခွဲဓါးကို ဆုပ်ကိုင်ထားသည့် လက်မှာ ပို၍ တင်းကျပ်လာပြီး လည်ပင်းမှ အကြောများမှာလည်း ထောင်ထလာသည်။
[မင်းက ဂီလိုဘတ်ကို ပြောင်းရွှေ့ပြီး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ စော်ဘွားကို အနိုင်ယူနိုင်ခဲ့တယ်… မင်းရဲ့ စွမ်းရည်တွေက တကယ်ကို ကြီးကျယ်တာပဲ၊ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်]
ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်… ဤအမည်မှာ မည်သူ့ကို ရည်ညွှန်းနေသည်ဆိုသည်မှာ ထင်ရှားလှသည်။
'ချီးပဲ။ ကင်ဒေါ့ဂျာ'
အရာအားလုံးမှာ မှားယွင်းသော နေရာတွင် ဖြစ်ပျက်ခဲ့သည်။ တိုတောင်းသော အချိန်အတွင်းမှာပင် ယူဂျွန်ဟော့၏ ခေါင်းထဲသို့ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။
'ဒီကောင်က မပြည့်စုံသေးတဲ့ ကိုယ်စားလှယ် ခန္ဓာကိုယ်ထဲမှာ ရှိနေတာ။ ငါ အနိုင်ရနိုင်မလား'
'ဟင့်အင်း၊ ဒါက မဖြစ်နိုင်ဘူး'
'ဒါက ကိုယ်စားလှယ် ခန္ဓာကိုယ် ဖြစ်နိုင်ပေမယ့် ဒီနေရာက မိစ္ဆာနယ်မြေပဲ'
'ဒါဆို ငါ ထွက်ပြေးနိုင်မလား'
'ထွက်ပြေးဖို့က လုံးဝကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ'
'ကိုယ်စားလှယ်တစ်ဦးရဲ့ စိတ်နဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာဘုရင်ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိဘူး'
ပုံမှန်အတိုင်းဆိုလျှင် မိစ္ဆာဘုရင်များသည် ဤဇာတ်ဝင်ခန်းအတွင်း၌ တည်ရှိ၍ မရနိုင်ပေ။ မြင်တွေ့နေရသည့် လျှပ်စစ်မီးပွားများအရ အလွန်ကြီးမားသော ဖြစ်နိုင်စွမ်းပမာဏမှာ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်။ ဤကဲ့သို့သော ပြတ်သားသော စိတ်ပိုင်းဖြတ်မှုဖြင့် ရောက်ရှိလာသူထံမှ ယူဂျွန်ဟော့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
'အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်း တစ်ခုပဲ ရှိတော့တယ်'
'သူ့ရဲ့ ဖြစ်နိုင်စွမ်းတွေ ကုန်ဆုံးသွားအောင် အချိန်ဆွဲရမယ်'
သူသည် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သော်လည်း ဇာတ်ဝင်ခန်းအတွင်းရှိ ကိုယ်စားလှယ်တစ်ဦး၏ ခန္ဓာကိုယ်ကို အချိန်အကြာကြီး သိမ်းပိုက်ထားနိုင်မည် မဟုတ်ပေ။ ယူဂျွန်ဟော့အနေဖြင့် အချိန်အနည်းငယ် ဆွဲထားနိုင်သရွေ့ သူသည် ပြန်လည် ထွက်ခွာသွားရမည်သာ ဖြစ်သည်။ ပြဿနာမှာ အချိန်ဆွဲထားသောနည်းလမ်းသည် 'တိုက်ပွဲ' တစ်ခု မဖြစ်စေရန်ပင်။ နောက်ဆုံးတွင် ယူဂျွန်ဟော့သည် သူ၏ မာနကို အနည်းငယ် လျှော့ချလိုက်ရသည်။
"ဟုတ်တယ်။ ကျုပ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ပဲ။ ခင်ဗျားက ဘယ်သူလဲ"
[…ဒါက နည်းနည်း ထူးဆန်းနေသလိုပဲ။ မင်းက မူလကတည်းက ဒီလောက်အထိ ချောတာလား။ ငါ နောက်ဆုံးမြင်ခဲ့တဲ့ မျက်နှာက...]
"ခင်ဗျား ပြောစရာ ရှိလို့ ဒီကို လာတာမလား။ ပြောစရာရှိတာ ပြောစမ်းပါ"
[ဟားဟား။ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါတို့ စကားမပြောခင် ငါ့ကို အနှောင့်အယှက် ပေးနေတဲ့ အရာတစ်ခု ရှိတယ်]
"ဘာလဲ"
အက်စ်မိုးဒီအက်စ်၏ လက်ချောင်းကလေးများက ဖျောက်ခနဲ မြည်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်မီးပွားများ ပေါ်ထွက်လာပြီး လက်တစ်ဖက်၏ ထက်ဝက်ခန့် ပြတ်တောက်နေသော အရုပ်ကလေးတစ်ခုမှာ လေထဲတွင် ပေါ်လာသည်။
[ထင်ထားတဲ့အတိုင်းပဲ]
ယူဂျွန်ဟော့သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ ရင်ဆိုင်နေရသည်မှာ မိစ္ဆာဘုရင်တစ်ပါး ဖြစ်၏။ တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံကို သတိမထားမိဘဲ ရှိနေလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်းမှာ မှားယွင်းခဲ့ပေပြီ။
[နတ်ခေါင်ချုပ်တစ်ပါးရဲ့ သင်္ကေတ ခန္ဓာကိုယ်က ဘာလို့ ဒီမှာ ရှိနေတာလဲ]
"ကျုပ် မသိဘူး"
[တကယ်ပဲလား]
ပြင်းထန်သော လျှပ်စစ်မီးပွားများ လက်ခနဲ ဖြစ်သွားပြီး ယူရီအယ်မှာ နာကျင်သော အမူအရာ ဖြစ်သွားသည်။
[ဒီသင်္ကေတ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ မင်း ဘယ်သူလဲဆိုတာ ငါ ပြောနိုင်တယ်]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်နေပါသည်။]
[နတ်ခေါင်ချုပ် ယူရီအယ်။ နင့်ရဲ့ အစ်ကို ရာဖေးလ် နေကောင်းရဲ့လား။ ငါ့ရဲ့ အကြွေးတွေကို ငါ မမေ့သေးဘူးလို့ သူ့ကို ပြောပေးပါဦး]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ဒေါသတကြီး ဟိန်းဟောက်နေပါသည်။]
[ဒါပေါ့။ နင်ဟာ ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်မှသာ ပြောပြနိုင်မှာလေ]
ယူဂျွန်ဟော့၏ မျက်နှာထားမှာ မှောင်မှောက်သွားသည်။ ဤနေရာမှာ မိစ္ဆာနယ်မြေ ဖြစ်သည်။ ယူရီအယ် မည်မျှပင် အင်အားကြီးမားပါစေ သင်္ကေတ ခန္ဓာကိုယ်တစ်ခုနှင့် မိစ္ဆာဘုရင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ ယူဂျွန်ဟော့သည် တွန့်ဆုတ်မနေဘဲ သူ၏ စွမ်းအင်များကို မြှင့်တင်လိုက်သည်။
"တော်တော့"
ယူရီအယ်၏ သင်္ကေတ ခန္ဓာကိုယ်ကို ဤနေရာ၌ ဆုံးရှုံးလိုက်ရလျှင် ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ ဤနေရာတွင် ယူရီအယ်ကို ဆုံးရှုံးလိုက်ရပါက သူသည် ဇာတ်ဝင်ခန်းအတွင်းမှ လမ်းပျောက်သွားပေလိမ့်မည်။ ယူဂျွန်ဟော့၏ထံမှ ပွက်ပွက်ဆူနေသော မှော်စွမ်းအင် ဖိအားများကြောင့် အက်စ်မိုးဒီအက်စ်မှာ စိတ်ဝင်စားသွားပုံရသည်။
[ဟ… ဒီစွမ်းအင်က… အတော်လေး မာကျောတာပဲ။ ဒါပေမဲ့...]
နောက်တစ်ခဏတွင် အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
[သာမန်လူသားတစ်ယောက်က နက္ခတ်တစ်ပါးလို ဟန်ဆောင်နေတာပဲ]
သေးငယ်သော လက်မောင်းကလေး ဆန့်ထွက်လာပြီး ယူဂျွန်ဟော့၏ မေးရိုးကို လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်။
"အု..."
[တကယ်ကို မင်းက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် မဟုတ်ဘူးပဲ။ ဟုတ်တယ်မလား]
ယူဂျွန်ဟော့သည် ကောင်းကင်ခွဲဓါးကို အလျင်အမြန် လွှဲယမ်းလိုက်သည်။ သို့သော် မထင်မှတ်ဘဲ ထိုဓါးမှာ အက်စ်မိုးဒီအက်စ်၏ လက်ထဲ၌ အလွယ်တကူ အဖမ်းခံလိုက်ရသည်။
[မင်းမှာ ဒီလောက်အထိ ချောမောတဲ့ မျက်နှာရှိမှန်းသာ ငါသိခဲ့ရင် အစကတည်းက မင်းကို လွှတ်ပေးခဲ့မှာ မဟုတ်ဘူး]
ထို့နောက်တွင် ကောင်းကင်ခွဲဓါးမှာ နှစ်ပိုင်းကျိုးသွားတော့သည်။
[မင်းက ငါ့ကို ကြောက်နေတာပဲ။ ချစ်စရာကောင်းတဲ့ ကလေးလေး]
"အ..."
[မင်းက ဒီလောက်အထိ ခုခံနေမယ်ဆိုရင် ငါ မင်းနဲ့ စကားပြောချင်တဲ့ စိတ်တွေ ပျောက်သွားလိမ့်မယ်]
အက်စ်မိုးဒီအက်စ်၏ နောက်ကွယ်တွင် မဟူရာအရိပ်များ စုရုံးလာကြသည်။ ထိုအမှောင်ထုမှာ လေထဲတွင် စုစည်းသွားပြီး ဧရာမဦးချိုများရှိသော သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွား၏။
[ငါ မင်းကို နင်းခြေပစ်ချင်တယ်]
ယူဂျွန်ဟော့၏ နှာခေါင်းမှ သွေးများ စီးကျလာသည်။ အားကောင်းလှသော ဇာတ်လမ်းအရှိန်အဝါမှာ သူ၏ အဆင့်ကျော်လွန်ခြင်း စွမ်းအားကို ဖိနှိပ်ထားသည်။ ကြီးမားလှသော တည်ရှိမှု၏ ရှေ့မှောက်တွင် ယူဂျွန်ဟော့သည် 'အဆင့်ကျော်လွန်ခြင်း အဆင့် ၁' ကို ဖွင့်လှစ်ရန် တိတ်တဆိတ် ပြင်ဆင်လိုက်သည်။
အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သော်လည်း ယူဂျွန်ဟော့မှာ လက်မလျှော့ပေ။ အကယ်၍ သူသည် အခိုက်အတန့်မျှသာ အခွင့်အရေး ဖန်တီးနိုင်ပါက ကမ္ဘာမြေ ဇာတ်ဝင်ခန်းသို့ ပြန်သွားရန် အချိန်လုံလောက်ပေလိမ့်မည်။ ယူဂျွန်ဟော့ ထိုသို့ တွေးတောနေစဉ်မှာပင် တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရပြီး တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ဘယ်ဘက်လက်မောင်းနှင့် ညာဘက်ခြေထောက်မှာ ကျိုးသွားခဲ့ပြီး ဝမ်းဗိုက်အတွင်းရှိ မှော်စွမ်းအင်များပင် ဆုံးရှုံးသွားရသည်။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် မြေပြင်ပေါ်၌ ပုံလျက်သား လဲကျနေပြီ ဖြစ်သည်။ အက်စ်မိုးဒီအက်စ်သည် ယူဂျွန်ဟော့ကို ဆွဲထူလိုက်ပြီး သူ၏ နဖူးကို အသာအယာ ထိတွေ့လိုက်သည်။
[မယုံနိုင်စရာပဲ။ သာမန်လူသားတစ်ယောက်မှာ ဒီလောက်အထိ မြင့်မြတ်တဲ့ မျှော်လင့်ချက်မဲ့မှု ရှိနေတာလား]
"ခွေး..သား..."
[ပါစီဖုန်းက 'ကင်ဒေါ့ဂျာ' ဟာ အကောင်းဆုံး ဇာတ်လမ်းလို့ ပြောခဲ့ဖူးတယ်။ ဟားဟား]
အက်စ်မိုးဒီအက်စ်သည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ယူဂျွန်ဟော့သည် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်နေပြီးမှ မျက်လုံးများကို မှိတ်လိုက်တော့သည်။
'စိတ်မကောင်းပါဘူး။ ကင်ဒေါ့ဂျာ'
အခြားနည်းလမ်း မရှိတော့ပေ။ သူသည် နောက်ထပ် နောက်ပြန်ဆုတ်ခြင်းဆီသို့သာ မျှော်လင့်ချက် ထားရတော့မည်။ သူ မျက်လုံးများကို မှိတ်လိုက်သောအခါ ယူဂျွန်ဟော့၏ နာရီမှာ နောက်သို့ ပြန်သွားရန် ပြင်ဆင်လိုက်တော့သည်။ စက္ကန့်တံ၊ မိနစ်တံ၊ နာရီတံ။ ထိုဧရာမ လက်တံကြီးများက ဆန့်ကျင်ဘက်အရပ်သို့ လည်ပတ်တော့မည့် ခဏ၌ —
「 အဲဒါကြောင့် ငါ့အကြောင်းကို အစောကြီးကတည်းက မင်းဟာ တွေးထားသင့်တာ 」
ရုတ်တရက်ဆိုသလို ယူဂျွန်ဟော့၏ နာရီမှာ ရပ်တန့်သွားတော့သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ အသက်ဝင်ပါပြီ။]
ယူဂျွန်ဟော့၏ ပတ်ပတ်လည်တွင် ဧရာမလျှပ်စစ်မီးပွားများ ပေါ်ထွက်လာသဖြင့် အံ့အားသင့်သွားသော အက်စ်မိုးဒီအက်စ်သည် နောက်သို့ ဆုတ်ခွာသွားတော့သည်။ ယူဂျွန်ဟော့၏ မျက်ဝန်းများအတွင်း၌ တစ်စုံတစ်ခုမှာ လက်ခနဲဖြစ်သွားပြီး အခြားအရာတစ်ခုမှာ နိုးထလာခဲ့သည်။ နိုးထလာသောအရာမှာ အခြားသူမဟုတ်ဘဲ ကျနော်ပင် ဖြစ်သည်။
[မင်းက...]
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ ကို စိုက်ကြည့်နေပါသည်။]
ကျနော်သည် တောက်ပသော မျက်ဝန်းများဖြင့် အက်စ်မိုးဒီအက်စ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျနော် ပြောလိုက်သည်။
[ငါ့ရဲ့ ကိုယ်စားလှယ်ကို လက်ဖျားနဲ့တောင် မထိနဲ့၊ အက်စ်မိုးဒီအက်စ်]
***