"ရယ်စရာကောင်းလိုက်တာ။ ငါက ‘မိစ္ဆာဘုရင်’ တောင် မဖြစ်သေးဘူးလေ။ ငါ့မှာ မရှိသေးတဲ့ မဟာဇာတ်လမ်းကြီး ရဲ့ ဝေစုတွေကို ငါက ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ"
"ငါ ကူညီရင် မင်း လုပ်နိုင်ပါတယ်"
အက်စ်မိုးဒီအက်စ်၏ မျက်နှာတွင် မာနထောင်လွှားသော ယုံကြည်ချက်များ ပြည့်နှက်နေသည်။ မျက်နှာထားမှာ ‘မိစ္ဆာဘုရင်’ တစ်ပါး ဖြစ်လာရန်မှာ အလွန်လွယ်ကူသည့်အလား ဖော်ပြနေသော မျက်နှာထားမျိုးပင်။ ကျနော်သည် သူ၏ မျက်နှာကို ကြည့်ကာ စကားကို ဆက်လိုက်သည်။
"…ကောင်းပြီလေ၊ ငါသာ မိစ္ဆာဘုရင် ဖြစ်လာခဲ့ရင် ဝေစုတစ်ခု ပေးပါ့မယ်"
ထိုအချိန်တွင် ကောင်းကင်ယံမှ ကြယ်များမှာ လက်ခနဲ ဖြစ်သွားကြသည်။
[နက္ခတ်အချို့သည် သင်၏ ဆုံးဖြတ်ချက်အပေါ် များစွာ စိတ်ပျက်သွားကြပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင့်ကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်ရှုနေပါသည်။]
[လိင်ပြောင်းလဲရခြင်းကို နှစ်သက်သော နက္ခတ်သည် သင်၏ လိင်အမျိုးအစားကို ပြောင်းလဲပစ်ချင်နေပါသည်။]
ကျနော် မျှော်လင့်ထားသည့်အတိုင်းပင် နက္ခတ်များမှာ ပြင်းထန်သော တုံ့ပြန်မှုများကို ပြသလာကြသည်။ သို့သော် လောလောဆယ်တွင် ကျနော့်အနေဖြင့် ရွေးချယ်စရာမရှိပေ။ အက်စ်မိုးဒီအက်စ်ကို မည်သို့မရှုံးအောင် လုပ်ရမည်ကို မသိမခြင်းတော့ သူ့ကို ရန်သူသဖွယ် ဆက်ဆံ၍ မရနိုင်ပေ။
အက်စ်မိုးဒီအက်စ်သည် ကျနော့်၏ အဖြေကို ကျေနပ်သွားသည့်အလား ရယ်မောလိုက်သည်။
"ကောင်းမွန်တဲ့ အတွေးပဲ။ ဒါဆို ဝေစု ဘယ်လောက်အထိ ပေးမှာလဲ"
"၃၀ ရာခိုင်နှုန်း"
အက်စ်မိုးဒီအက်စ်၏ မျက်နှာတွင် အနည်းငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ လက်ခနဲ ဖြတ်ပြေးသွားသည်။
"ဒါက နည်းလွန်းတယ်"
"မင်းက အရမ်း လောဘကြီးနေတယ်လို့ မထင်ဘူးလား"
"၅၀ ရာခိုင်နှုန်းပေးပြီး ဒီမှာပဲ စာချုပ်ချုပ်လိုက်စမ်းပါ"
တကယ့်ကို အရှက်မရှိတဲ့ လူလိမ်ပဲ။
အကယ်၍ ကျနော်သာ မဟာဇာတ်လမ်းကြီး ရဲ့ တစ်ဝက်ကို ပေးလိုက်ရမည်ဆိုပါက အက်စ်မိုးဒီအက်စ်၏ ခွင့်ပြုချက်မပါဘဲ ထိုဇာတ်လမ်း၏ စွမ်းအားကို ဆွဲထုတ်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ကျနော်သည် ခိုင်မာစွာပင် ခေါင်းခါပြလိုက်သည်။
"အဲဒီ သဘောတူညီချက်ကို ငါ လက်မှတ်မထိုးနိုင်ဘူး"
"ဘာဖြစ်လို့လဲ"
ကျောက်ခဲလေးများမှာ လေထဲသို့ စတင်လွင့်ပျံလာကြသည်။ သိသိသာသာ ခြိမ်းခြောက်နေခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို ကြောက်နေမည်ဆိုလျှင် ကျနော် ဤနေရာသို့ လာခဲ့မည် မဟုတ်ပေ။ ကျနော်သည် ကောင်းကင်ယံကို မော့ကြည့်ရင်း ဆက်လက်ပြောဆိုလိုက်သည်။
"ငါက ဒီဝေစုကို မင်းတစ်ယောက်တည်းကိုပဲ ပေးမှာ မဟုတ်လို့လေ"
ကျနော့်၏ စကားကြောင့် ရုတ်တရက်ဆိုသလို နက်ရှိုင်းသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားတော့သည်။ အက်စ်မိုးဒီအက်စ်မှာ ကျနော် ဘာကို ဆိုလိုသည်ကို နားမလည်နိုင်သဖြင့် ဆွံ့အသွားပုံရသည်။ ကျနော့်ပတ်ဝန်းကျင်ရှိ ကြယ်များမှာလည်း အသက်ရှူပင် မဝဘဲ ရှင်းလင်းချက်ကို စောင့်ဆိုင်းနေကြသည်။
"မဟာဇာတ်လမ်းကြီး ရဲ့ ၃၀ ရာခိုင်နှုန်းကို ယှဉ်ပြိုင်မှုဆိုင်ရာ ဝေစုတွေအဖြစ် ထုတ်ပေးသွားမှာ"
"…ယှဉ်ပြိုင်မှုဆိုင်ရာ ဝေစုတွေ ဟုတ်လား"
"အဲဒါက ငါ့ကို ကူညီတဲ့ ဘယ်သူမဆို ဒီဝေစုတွေရဲ့ အစိတ်အပိုင်းတစ်ခုကို ရရှိနိုင်မယ်လို့ ဆိုလိုတာပဲ။ သူတို့ ရရှိမယ့် ပမာဏကတော့ ဇာတ်လမ်းအပေါ် သူတို့ရဲ့ ကူညီပံ့ပိုးမှုအပေါ်မှာပဲ လုံးဝ မူတည်လိမ့်မယ်"
ကောင်းကင်ယံမှ ကျနော့်ကို ကြည့်နေကြသော အကြည့်များမှာ တစ်ဦးပြီး တစ်ဦး ပြောင်းလဲလာကြသည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်ဝင်စားသော မျက်နှာထားကို ပြုလုပ်နေပါသည်။]
[နက္ခတ်အချို့သည် သင်၏ စကားကို ကြားပြီးနောက် လောဘဇောများ ထွက်ပေါ်လာနေပါသည်။]
‘ယှဉ်ပြိုင်မှုဆိုင်ရာ ဝေစု’ ဆိုသည်မှာ ကျနော် ထုတ်သုံးနိုင်သည့် နောက်ဆုံးကတ်ပင် ဖြစ်သည်။ အကယ်၍ ရှေ့ဆက်သွားရန်အတွက် သားရဲတစ်ကောင်ကို ခေါ်ဆောင်သွားရမည်ဆိုပါက သားရဲများကို ရွေးချယ်နိုင်မည့် အခွင့်အရေးကို ချဲ့ထွင်ထားခြင်းက ပိုကောင်းပေလိမ့်မည်။ အက်စ်မိုးဒီအက်စ်သည် ကျနော့်၏ ရည်ရွယ်ချက်ကို သတိပြုမိသွားပြီး သူ၏ မျက်နှာထားမှာ တင်းမာသွားတော့သည်။
"…ငါ အလှည့်စားခံလိုက်ရတာပဲ"
"ငါ မုသား မပြောခဲ့ပါဘူး"
လေထဲတွင် လွင့်ပျံနေသော ကျောက်ခဲများမှာ ကျနော့်ထံသို့၊ ပို၍ တိတိကျကျ ပြောရလျှင် ယူဂျွန်ဟော့ထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ အလွယ်တကူ တားဆီးရန် ခက်ခဲသော စွမ်းအားပြင်း တိုက်ခိုက်မှုတစ်ခုပင်။ အတိတ်က ကျနော့်အတွက်ဆိုလျှင် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ယခုမူ မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျနော် တစ်ယောက်တည်း မဟုတ်သောကြောင့်ပင်။ လေထဲမှ ပျံသန်းလာသော ကျောက်ခဲများကို မမြင်ရသော လက်များဖြင့် ဖမ်းဆီးလိုက်ကြသည်။
[နက္ခတ်အချို့သည် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ ကို စူးစိုက်ကြည့်နေကြပါသည်။]
ဤအခြေအနေက မဟာဇာတ်လမ်းကြီး တွင် ယှဉ်ပြိုင်မှုဆိုင်ရာ ဝေစုရှိကြောင်း ကျနော် ကြေညာလိုက်သည့် အခြေအနေ ဖြစ်သည်။ ထိုဝေစုများကို ရည်မှန်းထားသော နက္ခတ်များမှာ အက်စ်မိုးဒီအက်စ်၏ လုပ်ရပ်များကို ဒီအတိုင်း ကြည့်နေကြမည် မဟုတ်ပေ။ အက်စ်မိုးဒီအက်စ်သည် အံကြိတ်လိုက်မိသည်။ သို့သော် အက်စ်မိုးဒီအက်စ်ပင် ဖြစ်လင့်ကစား များပြားလှသော နက္ခတ်များကို ဆန့်ကျင်ပြီး ဤနေရာတွင် ဖြစ်နိုင်စွမ်းများကို အလဟဿ မဖြုန်းတီးချင်ပေ။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော နက္ခတ်တစ်ဦးလည်း ဤနေရာတွင် ရှိနေသည် မဟုတ်ပေလော။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ ကို စူးစိုက်ကြည့်နေပါသည်။]
အက်စ်မိုးဒီအက်စ်သည် လေထုထဲသို့ ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သူ၏ စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ အထောက်အပံ့မဲ့သွားသော ကျောက်ခဲများမှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တော့သည်။
[မိစ္ဆာဘုရင် ‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ သည် သင့်အပေါ် စိတ်ပျက်သွားပါသည်။]
အက်စ်မိုးဒီအက်စ်က ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောဆိုလာသည်။
"မင်း မှားသွားပြီ။ မိစ္ဆာဘုရင် ဖြစ်လာမယ့်သူက မင်း မဟုတ်ဘူး။ မင်းက အရေးကြီးတဲ့ အခွင့်အရေးတစ်ခုကို လွှင့်ပစ်လိုက်တာပဲ"
သူ၏လေသံမှာ ထိုအခွင့်အရေးကို တခြားတစ်ယောက်အား အချိန်မရွေး ပေးနိုင်သည်ဟု ဆိုလိုနေသော လေသံမျိုးပင်။ အကယ်၍ အက်စ်မိုးဒီအက်စ်သာ တခြားတစ်ယောက်နှင့် လက်တွဲသွားမည်ဆိုပါက အရာအားလုံးမှာ သေချာပေါက် ရှုပ်ထွေးသွားပေလိမ့်မည်။ သို့သော်ငြားလည်း ကျနော် နောက်မဆုတ်ခဲ့ပေ။
"အေး။ ငါကတော့ အခွင့်အရေးကို လွှင့်ပစ်လိုက်တာက ငါမဟုတ်ဘဲ မင်းဖြစ်နေမယ်လို့ ထင်တာပဲ"
အက်စ်မိုးဒီအက်စ်က အဘယ်ကြောင့် ကျနော့်ကို ရွေးချယ်ခဲ့ရသနည်းဟု ကျနော် စဉ်းစားကြည့်လိုက်သည်။ သာမန်အားဖြင့်ဆိုလျှင် အက်စ်မိုးဒီအက်စ်အနေဖြင့် ကျနော့်ထက်စာလျှင် ဘာကန် သို့မဟုတ် မဲလ်လီဒွန်တို့ဘက်သို့ ပါဝင်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။ ကျနော်က လူသားတစ်ဦးဖြစ်ပြီး နက္ခတ်တစ်ပါးလည်း ဖြစ်နေသော်လည်း မဲလ်လီဒွန်နှင့် ဘာကန်တို့မှာမူ မိစ္ဆာများ ဖြစ်ကြသည်။
သို့သော်လည်း အက်စ်မိုးဒီအက်စ်မှာ ကျနော့်ထံသို့ အရင်ဆုံး လက်ကမ်းလာခဲ့ခြင်း ဖြစ်သည်။ အက်စ်မိုးဒီအက်စ်အနေဖြင့် ကျနော့်ကို ရွေးချယ်ရန် ခိုင်လုံသော အကြောင်းပြချက် တစ်ခုခု ရှိနေရပေမည်။ အမှန်တကယ်ပင် ကျနော့်၏ ငြင်းပယ်မှုကြောင့် အက်စ်မိုးဒီအက်စ်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပုံရသည်။
"…တကယ့်ကို မနှစ်မြို့စရာပဲ။ ငါက မိစ္ဆာဘုရင်ဆိုတာ မင်း မသိဘူးလား"
မဟာမိစ္ဆာတစ်ဦးက ပျက်ယွင်းနေသော မျက်နှာထားမျိုးကို ပြုလုပ်နေခြင်း ဖြစ်သည်။ ဤမြင်ကွင်းမှာ Ways of Survival၏ အမြင်အရ အလွန်ပင် ရှားပါးသော မြင်ကွင်းတစ်ခုပင်။ ကျနော်သည် ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်သည်။
"မင်းက မိစ္ဆာဘုရင် ဖြစ်ဖြစ်၊ နက္ခတ် ဖြစ်ဖြစ် အရေးမကြီးဘူး။ ငါက ငါ့ရဲ့ ဇာတ်လမ်းကို အကောင်းဆုံး ဇာတ်လမ်း ဖြစ်စေချင်ရုံသက်သက်ပါပဲ"
"အကောင်းဆုံး ဇာတ်လမ်း ဟုတ်လား"
"မင်းက စားကောင်းသောက်ဖွယ် အသင်းအဖွဲ့ဝင် တစ်ယောက်ပဲဆိုတော့ ငါ ဆိုလိုတာကို မင်း သိမှာပါ"
ကျနော် တမင်တကာ ထည့်ပြောလိုက်သော စကားကြောင့် အက်စ်မိုးဒီအက်စ်၏ မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ သူ၏မျက်နှာထားမှာ တွေဝေသွားသည့် မျက်နှာထားမျိုးလည်း ဖြစ်သလို ဝမ်းမြောက်သွားသည့် မျက်နှာထားမျိုးလည်း ဖြစ်သည်။ အက်စ်မိုးဒီအက်စ်သည် လူသားများအနေဖြင့် ဖော်ပြရန် ခက်ခဲသော မျက်နှာထားမျိုးဖြင့် ကျနော့်ကို စိုက်ကြည့်နေပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ နှုတ်ကို ဖွင့်ဟလိုက်သည်။
[…မိစ္ဆာလောင်းလျာ တစ်ယောက်က မိစ္ဆာဘုရင် တစ်ပါးရဲ့ ချက်ပြုတ်မှု စွမ်းရည်ကို စမ်းသပ်ချင်နေတာလား…]
ကျနော့်ထံသို့ ပစ်မှတ်ထားလာသော ကြောက်မက်ဖွယ် ကောင်းလှသည့် သတ်ဖြတ်လိုသော စိတ်ဆန္ဒကြောင့် ကျနော် အသက်ရှူပင် အောင့်ထားလိုက်မိသည်။ ဤဒေသတစ်ခုလုံး၏ အချိန်နှင့် ဟင်းလင်းပြင်မှာ မိစ္ဆာဘုရင်၏ လက်ခုပ်ထဲ၌ ရောက်နေသကဲ့သို့ပင် ဖြစ်နေလေသည်။ ထိတ်လန့်သွားကြသော နက္ခတ်များမှာ အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသော်လည်း သူတို့၏ ပတ်ဝန်းကျင်မှ အမှောင်ထုမှာ အလွန်ပင် သိပ်သည်းလွန်းလှသဖြင့် သူတို့၏ စွမ်းအားများမှာ မရောက်ရှိနိုင်ကြပေ။
ဤသည်က မိစ္ဆာဘုရင်တစ်ပါး၏ စစ်မှန်သော စွမ်းအားပင်။ အကယ်၍ အက်စ်မိုးဒီအက်စ်သာ ဤနေရာ၌ သူ၏ စွမ်းအားအားလုံးကို အမှန်တကယ် အသုံးပြုလိုက်မည်ဆိုပါက ရွှေခေါင်းကွင်း၏ အကျဉ်းသား ရှိနေလင့်ကစား ယူဂျွန်ဟော့နှင့် ကျနော်မှာ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကျနော် ယုံကြည်မိသည်။ သူသည် ယခုအချိန်တွင် ဤစွမ်းအားကို သက်သေအဖြစ်နှင့် သတိပေးချက်အဖြစ် ပြသနေခြင်း ဖြစ်သည်။
[မိစ္ဆာဘုရင် ‘အက်စ်မိုးဒီအက်စ်’ သည် သင့်အပေါ် သိမ်မွေ့သော နှစ်သက်မှုကို ပြသလိုက်ပါသည်။]
ဤသည်က ကျနော့်ကို အချိန်မရွေး သတ်ပစ်နိုင်ကြောင်း သတိပေးချက်တစ်ခုလည်း ဖြစ်ပေသည်။ အက်စ်မိုးဒီအက်စ်သည် အမှောင်ထုထဲမှနေ၍ ရယ်မောလိုက်သည်။
[ငါ သဘောကျတယ်။ ဒီနေ့အတွက်တော့ ငါ ထွက်သွားပါ့မယ်]
ကံကောင်းထောက်မစွာပင် အခြေအနေမှာ ပြီးဆုံးသွားပုံရသည်။ ကျနော်သည် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်မဆောင်ခဲ့သလို သူသည်လည်း ဇာတ်လမ်း၏ ဝေစုများကို တစ်ဖက်သတ် ဆုံးရှုံးသွားခြင်း မရှိပေ။ အရာရာကို ပြောင်းလဲရန်အတွက် အခွင့်အရေးများစွာ ရှိနေသေးသည်...
[ဒါပေမဲ့ ငါ မထွက်သွားခင်မှာ အမှိုက်တွေကို အရင်ဆုံး ရှင်းလင်းသွားရမယ်]
အက်စ်မိုးဒီအက်စ်က လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ကျနော့်ရင်ဘတ်ဆီမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အရုပ်ကလေး ပေါက်ကွဲသွားသည့် အသံပင်။ နှလုံးတစ်ဝိုက်တွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသော်လည်း ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှာမူ သိသာထင်ရှားသော ထိခိုက်ဒဏ်ရာရမှုမျိုးတော့ မရှိပေ။ အက်စ်မိုးဒီအက်စ်၏ ခန္ဓာကိုယ်မှာ ပြာများအဖြစ်သို့ လွင့်စင်သွားရင်း နောက်ဆုံးစကားကို ချန်ထားရစ်ခဲ့သည်။
[အဲဒီအရာက ငါ့ရှေ့မှာ လျှောက်သွားနေတာကို ငါကြည့်မနေနိုင်ဘူး]
ကျနော်သည် ပျောက်ကွယ်သွားသော အက်စ်မိုးဒီအက်စ်ကို ကြည့်နေပြီးနောက် မိမိ၏ ရင်ဘတ်ကို အလျင်အမြန်ပင် စမ်းသပ်ကြည့်လိုက်သည်။
"…ယူရီအယ်"
စုတ်ပြတ်သတ်နေပြီဖြစ်သော ယူရီအယ်အရုပ်ကလေးကို ကျနော် ထုတ်ယူလိုက်သည်။ မကြာမီမှာပင် အရုပ်ကလေးနှင့် တစ်ခုခု ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယူဂျွန်ဟော့၏ မျက်လုံးရှေ့တွင် မက်ဆေ့ချ်များ ပေါ်ထွက်လာသည်ကို ကျနော် မြင်လိုက်ရသည်။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်နှင့် ချိတ်ဆက်မှုမှာ ယာယီပြတ်တောက်သွားပါသည်။]
[ကိုယ်ပိုင် ဇာတ်ဝင်ခန်းမှာ အလိုအလျောက် ရပ်စဲသွားပါသည်။]
ယူဂျွန်ဟော့ ဤနေရာသို့ မည်သို့ရောက်လာသည်ကို ကျနော် သိမြင်နိုင်ခဲ့သည်။ အကြောင်းရင်းကို မသိရသော်လည်း ယူရီအယ်က သူ့ကို မိစ္ဆာနယ်မြေသို့ သွားရန် ကိုယ်ပိုင်ဇာတ်ဝင်ခန်းတစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။ ယူဂျွန်ဟော့သည် ထိုဇာတ်ဝင်ခန်းကို လက်ခံပြီး ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ ထိုဇာတ်ဝင်ခန်းမှာ အတင်းအကျပ် ရပ်စဲခံလိုက်ရပြီ ဖြစ်သည်။
ကျနော့်၏ အသားအရေတစ်ဝိုက်တွင် မီးပွားများ စတင်ပေါ်ထွက်လာသည်။ မည်သို့သောအရာ ဖြစ်ပျက်တော့မည်ကို ကျနော် ချက်ချင်းပင် သတိပြုမိလိုက်သည်။
"ယူရီအယ်။ နိုးလာစမ်းပါ"
အရုပ်ကလေးကို ကျနော် အသည်းအသန် လှုပ်ခါလိုက်သော်လည်း ယူရီအယ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ကိုယ်စားပြုခန္ဓာကိုယ်မှာ အလွန်အမင်း ပျက်စီးသွားခဲ့ပြီး ထိုခန္ဓာကိုယ်နှင့် ချိတ်ဆက်မှုမှာလည်း အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရသည်။
"ချီးပဲ..."
ယူဂျွန်ဟော့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ စတင်ပြန့်နှံ့လာတော့သည်။
[သင်သည် အဓိက ဇာတ်ဝင်ခန်းအတွင်းမှ ထွက်ခွာသွားပြီ ဖြစ်ပါသည်။]
ကျနော်သည် ပတ်ဝန်းကျင်ကို အပြေးအလွှား ကြည့်လိုက်မိသည်။ ဤအတိုင်း ဆက်ဖြစ်နေ၍ မရပေ။ ဤအခြေအနေအတိုင်းသာဆိုလျှင် ယူဂျွန်ဟော့မှာ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
[ထုတ်ပယ်ခြင်း ပြစ်ဒဏ် စတင်ပါပြီ။]
ယူဂျွန်ဟော့၏အခြေအနေမှာ ကျနော်နှင့် အခြေအနေချင်း မတူပေ။ ယူဂျွန်ဟော့တွင် Fourth Wall မရှိပေ။ သူသည် နှင်ထုတ်ခံရသူတစ်ဦး ဖြစ်လာပြီးနောက် သူ့ကို ကာကွယ်ပေးမည့်သူ တစ်ဦးမျှ ရှိမည်မဟုတ်ဟု ပြော၍ရသည်။
"ဟေ့... ဘယ်သူပဲဖြစ်ဖြစ် ကူညီကြပါဦး"
ကျနော်သည် ကောင်းကင်ယံသို့ လှမ်း၍ အော်ဟစ်လိုက်သည်။ သို့သော် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှာ ပျက်စီးနေပြီဖြစ်သဖြင့် ကျနော့် အသံမှာ ထွက်မလာခဲ့ပေ။ ခြေထောက်များမှ စတင်ခဲ့သော အက်ကြောင်းများမှာ လည်ပင်းအထိ ပြန့်နှံ့သွားပြီး အသံကြိုးများကိုပါ ထုံကျင်သွားစေသည်။ ဤသည်က ကျနော့်အနေဖြင့် ညကောင်းကင်ယံရှိ နက္ခတ်များထံမှ အကူအညီ မတောင်းခံနိုင်ရန် တားဆီးထားသည့် ပြစ်ဒဏ်တစ်ခုပင် ဖြစ်သည်။ စကြဝဠာတစ်ခုလုံးမှာ ယူဂျွန်ဟော့၏ သေဆုံးမှုကို ပြင်းပြင်းထန်ထန် မျှော်လင့်နေကြသည့်အလား သူ၏ ဇာတ်လမ်းများကို သိမ်းပိုက်ကာ သူ့ကို သတ်ဖြတ်ရန် ကြိုးစားနေကြလေသည်။
...ဒီအထိပဲလုပ်နိုင်တော့မှာလား။ ငါ ဒီအတိုင်း အဖြစ်မခံနိုင်ဘူး။ တကယ်လို့ ယူဂျွန်ဟော့သာ ဒီနေရာမှာ သေဆုံးသွားခဲ့ရင် အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်။
တစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်းမှာပင် Ways of Survival၏ စာမျက်နှာများမှာ ကျနော့်ခေါင်းထဲ၌ ဖြတ်ပြေးသွားကြသည်။ မရေမတွက်နိုင်သော စာမျက်နှာများပေါ်မှ စာလုံးများမှာ ကျနော့်ထံသို့ ပျံသန်းလာကြပြီး ကျနော်လည်း ထိုစာလုံးတို့ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
ဟုတ်ပြီ၊။
ဤအရာသည်သာ တစ်ခုတည်းသော နည်းလမ်းပင်။ ကျနော့်မှာ မရှိသော်လည်း ယူဂျွန်ဟော့မှာမူ ထိုအရာ ရှိနေသည်။ ကျနော်သည် သူ့ထံမှ အကူအညီ တောင်းခံရန်သာ ရှိတော့သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ယူဂျွန်ဟော့၏ ထောက်ပံ့သူကို ကြည့်ရှုနေပါသည်။]
ကျနော်သည် စစ်မှန်သော အသံကို အသုံးပြုချင်သော်လည်း ယခုမူ ကျနော့်တွင် အားအင်မရှိတော့ပေ။ ကျနော့်၏ ဇာတ်လမ်းမှာ ထိုတည်ရှိမှုထံသို့ ရောက်ရှိသွားရန်သာ ကျနော် မျှော်လင့်နေမိသည်။
[ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ၏ ထောက်ပံ့သူသည် သင့်ကို ကြည့်ရှုနေပါသည်။]
ကြီးမားသော တည်ရှိမှုကြီးတစ်ခုက ကျနော့်ကို စိုက်ကြည့်နေ၏။ ထိုတည်ရှိမှုကြီးမှာ ရင်းနှီးသလိုလို ရှိသော်လည်း မရင်းနှီးသကဲ့သို့လည်း ခံစားရသည်။ ကျနော် စကားမပြောနိုင်ခင်မှာပင် အမှောင်ထုတစ်ခုက ကျနော့်ကို ဖုံးလွှမ်းသွားတော့သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၃ မှာ အတင်းအကျပ် ရပ်စဲသွားပါသည်။]
အမှောင်ထု ဖုံးလွှမ်းနေသော နေရာတစ်ခု။ ကျနော် ဤအတွေ့အကြုံမျိုးကို တစ်ကြိမ် ကြုံဖူးသည်။ ဘယ်တုန်းကပါလိမ့်။ နက္ခတ်များ၏ ဂုဏ်ပြုပွဲအတွင်းမှ ကျနော် ထွက်လာခဲ့စဉ်ကပင် ဖြစ်သည်။
[■■… ]
[ ဘယ်လို ပြောင်းလဲရမလဲ… ]
[ …ဟင့်အင်း ]
ချီးပဲ... ဒါက ဘာကို ဆိုလိုတာလဲ...
"အင့်..."
ကျနော်သည် အန်ထုတ်တော့မည့်သူတစ်ဦးကဲ့သို့ တုန်တုန်ရီရီဖြင့် အသက်ကို ပြင်းပြင်းရှူကာ ထထိုင်လိုက်မိသည်။ နှလုံးခုန်သံမှာလည်း ရူးသွပ်မတတ် မြန်ဆန်နေပြီး လည်ပင်းဆီမှလည်း အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျနော့်၏ မျက်ဝန်းများမှာလည်း မျက်ရည်များဖြင့် ပြည့်လျှံနေတော့သည်။
ကျနော် အသက်ရှင်နေသေးသည်။ ပို၍ တိတိကျကျ ပြောရလျှင် အိုင်လင်းက ကျနော့်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း စိတ်သက်သာရာရမှုထက် စိုးရိမ်သောကစိတ်က ပို၍ ကြီးစိုးနေမိသည်။ ကျနော်သည် ဆေးကုသဆောင် အပြင်ဘက်သို့ အသံအက်အက်ဖြင့် လှမ်းအော်လိုက်သည်။
"အိုင်လင်း"
အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အိုင်လင်းသည် ကျနော့်၏ ခေါ်သံကြောင့် အပြေးအလွှား ရောက်ရှိလာသည်။ ကျနော်က ဆေးသွင်းပိုက်ကို ဆွဲဖြုတ်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။ ကျနော်သည် သူမ၏ လက်များကို ခါချလိုက်ပြီး အော်ဟစ်လိုက်မိသည်။
"မြန်မြန်... ငါ့ကို ထူပေးပါ။ ဂီလိုဘတ် စက်မှုဇုန်ကို အခုချက်ချင်း သွားရမယ်"
"ရှင် ဘာတွေ ပြောနေတာလဲ။ အခုမှ သတိရလာတဲ့ လူတစ်ယောက်က―"
"အချိန်မရှိတော့ဘူး၊ မြန်မြန်လုပ်ပါ"
အတွေးပေါင်းများစွာက ကျနော့်ဦးနှောက်ထဲ၌ ဖြတ်ပြေးနေကြသည်။ ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ ဆီကနေ အကူအညီ တောင်းရမလား။ ဒါမှမဟုတ် ဟာမီးစ်ကိုပဲ ခေါ်ရမလား။ ကျနော် သဘောမကျသော်လည်း ဇာတ်လမ်းရဲ့ ဝေစုတွေကို သုံးပြီး အကူအညီ တောင်းရပေလိမ့်မည်။ အခုချက်ချင်း ဂီလိုဘတ်ကို သွားဖို့ပဲ လိုသည်။ အခုသွားရင် မနောက်ကျသေးဘူး... အခုချက်ချင်း...
"တစ်ပတ်တိတိ သတိမေ့နေတဲ့ လူတစ်ယောက်အတွက်တော့ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ခန္ဓာကိုယ် ပြန်လည် တည်ငြိမ်လာဖို့အတွက် အနည်းဆုံး နောက်ထပ် တစ်ပတ်လောက် ထပ်နားရဦးမယ်"
"…ဘာ"
ကျနော့် နှလုံးခုန်သံမှာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျနော် နားကြားမှားနေခြင်း ဖြစ်မည်ဟုပင် ထင်မိသည်။ ကျနော် ဖတ်ဖူးသည့် ကမ္ဘာကြီးမှာ ပြိုလဲပျက်စီးနေပြီ ဖြစ်သည်။ နေရာပျောက်ဆုံးသွားသော စာလုံးများက ကျနော့်ကို ဖိနှိပ်လာကြသည်။
"…ဘယ်လောက်တောင် ကြာသွားပြီလဲ"
"တစ်ပတ်ရှိပြီ။ ရှင် သတိမေ့နေတာ တစ်ပတ်တိတိ ရှိသွားပြီ"
ကျနော်သည် ကြမ်းပြင်ကို ငေးကြောင်ကြည့်နေမိပြီးနောက် အိုင်လင်း ဖန်တီးပေးထားသည့် စမတ်ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဇယားကို ဖွင့်ကြည့်ကာ ဖိုင်ကို ကျနော်စစ်ဆေးလိုက်သည်။
– ‘ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်နိုင်မည့် နည်းလမ်းသုံးသွယ် (ပထမအကြိမ် ပြင်ဆင်ချက်).txt’
ဝတ္ထု၏ ခေါင်းစဉ်မှာ ပြောင်းလဲခြင်း မရှိပေ။ ဒုတိယအကြိမ် ပြင်ဆင်ချက်မှာ ရောက်မလာခဲ့သလို ယူဂျွန်ဟော့၏ စကားလုံးများမှာလည်း အရင်အတိုင်းပင် ရှိနေဆဲ ဖြစ်သည်။
ဘာမှ ပြောင်းလဲမသွားကြောင်း သိလိုက်ရချိန်တွင် ကျနော်သည် အလွန်အမင်း စိတ်ပျက်အားငယ်သွားတော့သည်။
တကယ်ပဲလား။ ယူဂျွန်ဟော့ တကယ်ပဲ သေသွားပြီလား။
***