ကျနော့် လက်များမှာ တုန်ရင်နေသော်လည်း အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
မဟုတ်ဘူး။ ယူဂျွန်ဟော့ကတော့ သေဆုံးသွားမှာ မဟုတ်ဘူး။
ပြောရမည်ဆိုလျှင် ကျနော့်အာရုံကို ဖမ်းစားထားသည့် မက်ဆေ့ချ်မှာ သက်သေပင် ဖြစ်သည်။
[သင်သည် လက်ရှိအချိန်တွင် နောက်ထပ် အဓိက ဇာတ်ဝင်ခန်းကို စောင့်ဆိုင်းနေပါသည်။]
ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်လျှင် ယူဂျွန်ဟော့သည် ထုတ်ပယ်ခြင်း ပြစ်ဒဏ်ကို မရရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယူဂျွန်ဟော့သည် ကျနော့်ကဲ့သို့ပင် ဇာတ်ဝင်ခန်းအသစ်တစ်ခုထဲသို့ ဝင်ရောက်သွားမည် ဖြစ်သောကြောင့် ဖြစ်၏။
ဇာတ်ဝင်ခန်းတစ်ခုချင်းစီတွင် ကွဲပြားမှုများ ရှိနိုင်သော်လည်း ကျနော် စော်ဘွားဖြစ်လာသည်နှင့် တစ်ပြိုင်နက် သူသည်လည်း စော်ဘွားဖြစ်လာခဲ့သည်။ ထိုအချက်မှာ ယူဂျွန်ဟော့သည်လည်း ကျနော့်ကဲ့သို့ပင် ‘မိစ္ဆာဘုရင်လောင်း’ တစ်ဦး ဖြစ်လာခဲ့သည်ဟု ဆိုလိုခြင်းပင်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု စနစ်အတွင်း အမှားအယွင်း တစ်ခုကြောင့် ဆုကြေးရှင်းတမ်းလုပ်ဆောင်မှု နှောင့်နှေးနေပါသည်။]
သို့သော်လည်း ဤမက်ဆေ့ချ်က ရှိနေသေးလေသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ‘အမည်လွှဲ’ကို အသုံးပြုခြင်းဖြင့် ဇာတ်လမ်း သို့မဟုတ် အောင်မြင်မှုတစ်ခုကို ရရှိရန်မှာ အလွန်ပင် ရှားပါးလှသည်။ ဤတစ်ကြိမ်တွင်မူ ယူဂျွန်ဟော့နှင့် ကျနော်သည် တစ်ဦးနှင့်တစ်ဦး အမည်လွှဲကာ အပြန်အလှန် အောင်မြင်မှုများ ရယူခဲ့ကြသည်။
အကယ်၍ ဤအချက်ကြောင့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ အဓိက ဇာတ်ဝင်ခန်းမှာ လွဲချော်သွားခဲ့လျှင် မည်သို့လုပ်မည်နည်း။ ကျနော်ကတော့ အဓိက ဇာတ်ဝင်ခန်းထဲသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်ခဲ့သော်လည်း ယူဂျွန်ဟော့သာ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သဖြင့် ထုတ်ပယ်ခြင်း ပြစ်ဒဏ် စတင်ခဲ့ခြင်းလော။
"ရှင်အဆင်ပြေရဲ့လား"
"…ရေတစ်ခွက်လောက် ရမလား"
အိုင်လင်းသည် ကျနော့်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ခေတ္တမျှ စိုက်ကြည့်နေသည်။
"ကျမ ရေသွားယူနေတုန်း ဆေးသွင်းပိုက်ကို ထပ်ပြီး ဆွဲမဖြုတ်နဲ့ဦးနော်"
အိုင်လင်း အခန်းထဲမှ ထွက်သွားသောအခါ ကျနော်သည် အခြေအနေကို တည်ငြိမ်စွာဖြင့် ပြန်လည်သုံးသပ်လိုက်သည်။ ကျနော့်အနေဖြင့် စိတ်အေးအေးထားရန် လိုအပ်ပေသည်။ ယူဂျွန်ဟော့ သေ၊ မသေဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ပြတ်တောက်သွားခါနီးတွင် ထုတ်ပယ်ခြင်း ပြစ်ဒဏ်ကြောင့် သူ အသတ်ခံလိုက်ရနိုင်ခြေ ရှိသော်လည်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း အရာရာကို အပိုင်တွက်၍ မရနိုင်ပေ။ ကျနော့်အနေဖြင့် ယူဂျွန်ဟော့၏ အသက်ရှင်မရှင်ကို အရင်ဆုံး အသေအချာ အတည်ပြုရန် လိုအပ်သည်။
"ဘီယူ"
ဘီယူသည် ရုပ်သံလိုင်းကို ဂီလိုဘတ်ဘက်အထိ ချဲ့ထွင်ထားခဲ့သည်။ အကယ်၍ ဘီယူသာ ကူညီမည်ဆိုပါက နက္ခတ်တစ်ပါး၏ မျက်လုံးများမှတစ်ဆင့် ထိုဒေသကို ကျနော် လှမ်းမြင်နိုင်ပေလိမ့်မည်။
"ဘီယူ။ ငါပြောတာ ကြားရလား"
တစ်ခုခု ဖြစ်သွားတာလား။
ဘီယူထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ တခြားသော နက္ခတ်များဆီမှ မက်ဆေ့ချ်များကိုပင် ကျနော် မကြားရတော့။ ခဏတာမျှ ကျနော် စိတ်မသက်မသာ ဖြစ်သွားမိသည်။ ကျနော် မရှိခိုက် ဘီယူ ဘာဖြစ်သွားခဲ့သနည်း။
…ဟင်။
အသံကို သေချာနားစွင့်ကြည့်လိုက်ရာ ကျနော့်အနားတွင် ဘီယူ၏ အသက်ရှူသံကို ကြားလိုက်ရသည်။ ဘီယူ၏ ကြည်လင်သော ခန္ဓာကိုယ်လေးမှာ ကျနော့်ရင်ဘတ်ပေါ်တွင် လှဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်း ဖြစ်သည်။
ကျနော်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ အကယ်၍ ဘီယူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ကျနော် တကယ့်ကို စိတ်ဓာတ်ကျသွားပေလိမ့်မည်။
"…ငါ တောင်းပန်ပါတယ်"
ကျနော်သည် ဘီယူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ ‘Ways of Survival’ အရ ဒိုကဲဘီအသစ်လေးများမှာ တစ်နေ့လျှင် အနည်းဆုံး ၁၂ နာရီခန့် အိပ်စက်ရန် လိုအပ်သည်။ ကျနော်လည်း အိပ်ပျော်နေခဲ့သဖြင့် ဘီယူ အိပ်ပျော်သွားခြင်းမှာ မထူးဆန်းပေ။ အလုပ်များလွန်းသဖြင့် ဘီယူ၏ အားအင်များ ကုန်ခမ်းသွားသည့် အခြေအနေ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကျနော်သည် ဒုတိယမြောက် နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အသက်ဝင်လာပါပြီ။]
ထိုအခါ ကျနော့်၏ နားထင်များမှာ တဒိန်းဒိန်းနှင့် စတင်နာကျင်လာတော့သည်။
[ထိခိုက်ဒဏ်ရာများ စုပုံနေမှုကြောင့် စွမ်းရည်မှာ ပယ်ဖျက်ခံလိုက်ရပါသည်။]
…ချီး။ ဒါလည်း မရပြန်ဘူးလား။
ယူဂျွန်ဟော့နှင့် ချိတ်ဆက်မှု ပြတ်တောက်သွားချိန်တွင် ကျနော် အတော်လေး ထိခိုက်သွားပုံရသည်။
နောက်ဆုံးတွင် ကျနော်သည် စမတ်ဖုန်းကို ပြန်လည်ကောက်ကိုင်လိုက်မိသည်။ ဤမျှလောက်အထိ မတတ်သာသောအခြေအနေမျိုးကို ကျနော် ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။ ယူဂျွန်ဟော့ သေ၊ မသေ ကျနော် မသိရသလို ကျနော် လုပ်နိုင်သည်မှာလည်း ဝတ္ထုကို ဖတ်ရန်သာ ရှိတော့သည်။
မဟုတ်ဘူး၊ ဒီလိုမျိုး တွေးလို့မဖြစ်ဘူး။ ကင်ဒေါ့ဂျာ၊ မင်း စိတ်ကို ပြန်စုစည်းစမ်း။ မင်း ဒီဝတ္ထုကြောင့်ပဲ အခုအချိန်အထိ အသက်ရှင်လာနိုင်ခဲ့တာ မဟုတ်လား။
ကျနော်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ‘Ways of Survival’ ကို ပြန်ဖွင့်လိုက်သည်။ အရာအားလုံးမှာ ဤဇာတ်လမ်းမှပင် ဆင်းသက်လာခြင်း ဖြစ်၏။ ထို့ကြောင့် အဖြေမှာလည်း ဤဇာတ်လမ်းထဲတွင်သာ ရှိနေပေလိမ့်မည်။
[ဝိသေသ လက္ခဏာ၏ အကျိုးသက်ရောက်မှုကြောင့် ‘စာမြန်မြန်ဖတ်နိုင်စွမ်း’ တိုးမြင့်လာပါသည်။]
ကျနော်သည် စကားလုံးတစ်လုံး၊ ဝါကျတစ်ကြောင်းကိုမျှ မလွတ်စေဘဲ မျက်လုံးကို အစွမ်းကုန်ဖွင့်ကာ စာကို ဖတ်လိုက်သည်။
「 'အဲဒီအချိန်တုန်းက ငါတို့တွေ မိစ္ဆာဘုရင် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်မဆောင်ခဲ့သင့်ဘူး' 」
ဤတစ်ကြိမ်တွင်မူ ယူဂျွန်ဟော့နှင့် ကျနော်သည် အက်စ်မိုးဒီအက်စ်ကို ထောက်ခံသလိုမျိုး ဟန်ဆောင်ခဲ့ခြင်း မရှိပေ။ ကျနော်သည် သူ့ကို လှည့်စားခဲ့ကောင်း လှည့်စားခဲ့နိုင်သော်လည်း နောက်ဆုံးတွင် သူသည် ကျနော်တို့နှင့် ပူးပေါင်းဆောင်ရွက်ဦးမည့် အနေအထားမျိုး ရှိနေသည်။ ဤဝါကျတစ်ကြောင်းတည်းနှင့် ယူဂျွန်ဟော့ သေဆုံးသွားပြီဟု ကျနော် အပိုင်တွက်၍ မရနိုင်ပေ။
၁၃ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း။
၁၄ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း။
…
ဝတ္ထုထဲ၌ ယူဂျွန်ဟော့၏ နောက်ပြန်ဆုတ်မှုများမှာ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ ယခင်ကထက် ပိုမိုကြာရှည်လာသော်လည်း ဆက်တိုက်ဆိုသလို နောက်ပြန်ဆုတ်နေရမှုကြောင့် သူ၏ စိတ်ဓာတ်မှာ တဖြည်းဖြည်းနှင့် ပျက်စီးလာခဲ့သည်။
「 'ဒါက အရမ်း ခက်ခဲလွန်းတယ်' 」
၁၈ ကြိမ်မြောက်။
「 'ငါ အခု ရပ်တန့်လိုက်ချင်ပြီ' 」
၂၁ ကြိမ်မြောက်။
「 'ချီးပဲ... ချီးပဲ... ချီးပဲ...' 」
ယူဂျွန်ဟော့၏ စိတ်ပျက်အားငယ်မှုများကို ဖတ်ရှုရင်း ကျနော့်၏ ရင်ထဲတွင်လည်း ပူလောင်လာမိသည်။ အချိန်ကြာလာသည်နှင့်အမျှ ယူဂျွန်ဟော့သည် သူ၏ မူလ ပုံစံအတိုင်း စိတ်ပျက်အားငယ် တတ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ မိမိကိုယ်ကိုယ်သာ အလေးထားသည့် နိယာမများကို အသုံးပြုကာ နောက်ပြန်ဆုတ်မှုတိုင်းတွင် ရှင်သန်နေသော နောက်ပြန်ဆုတ်သူ တစ်ဦး ဖြစ်သွားတော့သည်။
「 'ငါ ဘာကိုမှ ပြောင်းလဲလို့ မရဘူး' 」
သူသည် ပြန်သွားလိုက်၊ ပြန်သွားလိုက်နှင့် ထပ်ခါတလဲလဲ ဖြစ်နေခဲ့သည်။ ဝတ္ထု၏ နောက်ပိုင်း အခြေအနေများမှာလည်း ကျနော် အရင်က ဖတ်ခဲ့ဖူးသည့် ‘Ways of Survival’ နှင့် သိပ်ပြီး ကွာခြားမှု မရှိတော့ပေ။ ကျနော် လွှမ်းမိုးနိုင်ခဲ့သည့် ရှေ့ပိုင်းအပိုင်းများမှလွဲ၍ ယူဂျွန်ဟော့မှာ ယခင်ကကဲ့သို့ပင် အမှားများကို ထပ်မံပြုလုပ်ခဲ့ပြီး အရင်လို စရိုက်မျိုးများ ပြန်လည်ဝင်ရောက်လာခဲ့သည်။
「 'ချီး... နောက်ထပ် အကြိမ်အနည်းငယ်လောက်ဆိုရင်...' 」
ကျနော်သည် ယူဂျွန်ဟော့နှင့်အတူ လပေါင်းများစွာ အချိန်ဖြုန်းခဲ့သော်လည်း ဝတ္ထုအပေါ်တွင် ဤမျှလောက်သာ လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ စိတ်ဓာတ်ကျနေသော ယူဂျွန်ဟော့ထံသို့ ကျနော် လက်လှမ်းကူညီချင်သော်လည်း သူသည် ကျနော် မရောက်ရှိနိုင်သော နေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ၂၅ ကြိမ်မြောက်၊ ၂၆ ကြိမ်မြောက်၊ ၂၇ ကြိမ်မြောက်... ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်မှုများကို အကြိမ်ကြိမ် ပြုလုပ်နေခဲ့သဖြင့် ကျနော် ဆက်လက်မဖတ်နိုင်တော့ဘဲ ရပ်တန့်လိုက်မိသည်။
ဖတ်ရသည်မှာ တကယ့်ကို နာကျင်လှပေသည်။ မူရင်း ‘Ways of Survival’ မှာလည်း ဤကဲ့သို့သော ဇာတ်လမ်းမျိုးသာ ဖြစ်ခဲ့သည်။ အခန်းပေါင်း ၃,၁၄၉ ခန်းလုံးကို ကျနော် ဘယ်လိုတောင် ဖတ်ခဲ့သည်ကို စဉ်းစားမကြည့်နိုင်တော့ပေ။
ကျနော့်၏ ပုံမှန်မဟုတ်သော အသက်ရှူသံကြောင့် ကျနော့်ရင်ဘတ်ပေါ်တွင် ကပ်နေသော ဘီယူမှာလည်း မသက်မသာ လှုပ်ရှားလာသည်။
ကျနော်သည် စာမျက်နှာကို မှတ်သားထားလိုက်ပြီး အောက်ဆုံးအထိ စာမျက်နှာကို ဆွဲချလိုက်သည်။ ဤဇာတ်လမ်းကို ဆက်လက်ဖတ်ရှုရန် ကျနော့်အတွက် လောလောဆယ် ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သော်လည်း အရင်ဆုံး အတည်ပြုရမည့်အရာတစ်ခု ရှိနေသေးသည်။
ပထမအကြိမ် ပြင်ဆင်ချက်တွင် ယူဂျွန်ဟော့သည် သင့်တော်သော ဇာတ်သိမ်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပါသလား။ စာရေးသူကော နိဂုံးပိုင်းကို ရေးသားခဲ့ပါသလား။
စမတ်ဖုန်း၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် စာမျက်နှာကို ဆွဲချနေစဉ်အတွင်း မျက်နှာပြင်မှာ သိသိသာသာပင် ထစ်ငေါ့နေတော့သည်။ ကျနော် စာမျက်နှာကို မည်မျှအထိ ဆွဲချလိုက်မိသနည်း။ နောက်ဆုံးတွင်မူ မူရင်းဇာတ်သိမ်း ရှိရမည့်နေရာသို့ ကျနော် ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ထိုနေရာတွင် ဟာလာဟင်းလင်း ဖြစ်နေသော ကွက်လပ်ကြီးကိုသာ ကျနော် တွေ့ရှိခဲ့ရသည်။
「 လောလောဆယ် ပြင်ဆင်နေဆဲ ဖြစ်ပါသည်။ ㅠㅠ 」
စာကြောင်းတစ်ကြောင်းတည်းသာရှိသော မက်ဆေ့ချ်တစ်ခုပင်။ ကျနော့်ထံတွင် ကွဲပြားခြားနားသော ခံစားချက်နှစ်ခုမှာ ဒွန်တွဲ၍ ဖြစ်ပေါ်လာတော့သည်။
"…ဟားဟား"
‘ပြင်ဆင်နေဆဲ’ ဆိုသည့် စကားလုံးနောက်က ပူးတွဲပါလာသော အီမိုဂျီပုံလေးက ကျနော့်ကို ဒေါသထွက်စေသော်လည်း ထိုမက်ဆေ့ချ်မှတစ်ဆင့် ပေါ်ထွက်လာနိုင်သော ဖြစ်နိုင်ခြေအချို့က ကျနော့်ကို စိတ်လှုပ်ရှားသွားစေသည်။ ဤဇာတ်လမ်းကို ပြောင်းလဲရန် အခွင့်အရေး ရှိနေသေးသည်။ ယူဂျွန်ဟော့ သေဆုံးသွားခဲ့လျှင်ပင် နည်းလမ်းတစ်ခုခုတော့ ရှိနေဦးမည်။ မည်သို့ပင်ဖြစ်စေ ကျနော်သည် သူ့ကို ဤနောက်ပြန်ဆုတ်မှုအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာရမည် ဖြစ်သည်။
ကျနော်သည် ခိုင်မာသော စိတ်ဓာတ်ဖြင့် စာမျက်နှာများကို ဆက်လက်ဖတ်ရှုလိုက်သည်။ ထိုအခါ ဇာတ်သိမ်းပိုင်းမတိုင်မီ အပိုင်း၌ ရေးသားထားသော စာကြောင်းများက ကျနော့်အာရုံကို ဖမ်းစားလိုက်သည်။
「 ဇာတ်ဝင်ခန်း မပြီးဆုံးမီမှာပင် ယူဂျွန်ဟော့သည် သူ၏ သေဆုံးခဲ့မှုများနှင့် ပတ်သက်သော မရေမတွက်နိုင်သည့် မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရနေခဲ့သည်။ 」
「 'တတိယအကြိမ်မြောက်မှာတော့ အက်စ်မိုးဒီအက်စ်နဲ့ ပထမဆုံး စတွေ့တုန်းက ငါ သေလုနီးပါး ဖြစ်ခဲ့ရတယ်' 」
ကျနော့်ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။
…ဟင်။ ခဏလေး။ အခုက တတိယအကြိမ်မြောက်ပဲ မဟုတ်လား...
ထိုစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသဖြင့် ကျနော် မော့ကြည့်လိုက်ရာ မာ့ခ်ကို တွေ့လိုက်ရ၏။ ကျနော် နိုးနေသည်ကို မြင်သောအခါ သူက လက်လှမ်းပြလိုက်သည်။
"တ- တော်လှန်ရေးသမားကြီး။ နိုးလာပြီလား။ တကယ့်ကို ကံကောင်းတာပဲ"
"ဘာကိစ္စရှိလို့လဲ"
"ဘာမှတော့ မဟုတ်ပါဘူး။ လူတစ်ယောက်က ခင်ဗျားကို လာတွေ့တယ်ဆိုတာ ပြောပြချင်လို့ပါ"
ကျနော် အလုပ်များနေသဖြင့် နောက်မှ ပြန်လာရန် ပြောလိုက်ချင်သော်လည်း မာ့ခ်က ဆက်လက်၍ ပြောလိုက်သည်။
"စက်မှုဇုန်ရဲ့ ပိုင်ရှင်က ခင်ဗျားကို လာရှာနေတာပါ"
"ဟမ်"
"စက်မှုဇုန်ရဲ့ ပိုင်ရှင်က ခင်ဗျားဆီကို လာလည်တာပါ"
သူ ဘာကို ဆိုလိုတာလဲ။ ငါက စက်မှုဇုန်ရဲ့ ပိုင်ရှင် မဟုတ်ဘူးလား။
"ဖယ်စမ်း"
နောက်တစ်စက္ကန့်မှာပင် တစ်စုံတစ်ယောက်က မာ့ခ်ကို တွန်းဖယ်ကာ အခန်းထဲသို့ ဝင်ရောက်လာသည်။ ထိုသူမှာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ပတ်ဝန်းကျင်၏ အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်သည့် တည်ရှိမှုမျိုးပင်။
ကျနော်သည် ပါးစပ်အဟောင်းသားဖြင့် ထိုလူကို ငေးကြောင်ကြည့်နေမိသည်။ သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော ယူဂျွန်ဟော့သည် ကျနော့်ရှေ့တွင် မတ်တပ်ရပ်နေခြင်းပင် ဖြစ်သည်။
ကျနော့်အနေဖြင့် အသိစိတ်ပြန်ဝင်လာရန် အချိန်အနည်းငယ် ပိုပေးလိုက်ရသည်။ ပြန်ရောက်လာသော အိုင်လင်းသည် ကျနော်တို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲကို အသာအယာပြင်ဆင်ပေးကာ ပျောက်ကွယ်သွားခဲ့သလို၊ ကြောင်အမ်းအမ်းဖြင့် ရပ်နေသော မာ့ခ်သည်လည်း ဤနေရာမှ ရှောင်ထွက်သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်နှင့် ကျနော်ကပင် စကားစလိုက်သည်။
"မင်း ဒီကို ဘယ်တုန်းက ရောက်တာလဲ"
"လွန်ခဲ့တဲ့ နှစ်ရက်က ရောက်တာ"
ပြီးခဲ့သည့် ၁၀ မိနစ်ခန့်က တုန်လှုပ်ခြောက်ခြားနေခဲ့သော မိမိကိုယ်ကိုယ် ကျနော် ရှက်မိသွားသည်။ ကျနော်ကတော့ သူ သေဆုံးသွားပြီဟု ထင်မှတ်ကာ အမျိုးမျိုး စိတ်ကူးယဉ်ပြီး ပူပန်နေခဲ့သော်လည်း ကျနော် စိုးရိမ်နေရသော ထိုလူမှာမူ ဤစက်မှုဇုန်ထဲမှာပင် လမ်းလျှောက်သွားလာနေခဲ့လေသည်။
"…မင်း ဘယ်လိုရှင်သန်ခဲ့တာလဲ။ အဲဒီအခြေအနေက ရှင်ဖို့ မလွယ်ဘူးလေ"
"ငါ အကူအညီ အနည်းငယ် ရခဲ့လို့ပါ"
"ဘယ်သူ့ဆီကလဲ။ မင်းရဲ့ ထောက်ပံ့သူဆီကလား"
"အဲဒီလူက ငါ့ကို တစ်ခါမှ မကူညီဖူးဘူး"
ကျနော်ကတော့ သူ့ထံမှ အကူအညီတောင်းခဲ့သော်လည်း သူက အမှန်တကယ် ကူညီလိမ့်မည်ဟု မထင်ခဲ့ပေ။ ‘Ways of Survival’ ၏ အစမှ အဆုံးအထိ သူလုပ်ခဲ့သမျှမှာ ယူဂျွန်ဟော့ကို နောက်ပြန်ဆုတ်ခိုင်းခြင်းသာ ရှိသည်။ ယူဂျွန်ဟော့၏ ဒဏ်ရာများမှာ ပျောက်ကင်းနေပြီဖြစ်ပြီး သူသည် တော်တော်လေး ကျန်းမာသန်စွမ်းနေပုံရသည်။
"နက္ခတ်တစ်ပါးက ငါ့ကို ကူညီခဲ့တာ"
"နက္ခတ်လား။ ဘယ်သူလဲ"
"မင်း အသေးစိတ် သိစရာ မလိုပါဘူး"
"အလဲအလှယ်အနေနဲ့ ဘာပေးလိုက်ရလဲ။ သူတို့က အလကားတော့ ကူညီမှာ မဟုတ်ဘူး"
"ငါက ပြစ်ဒဏ်အနည်းငယ်ပဲ လက်ခံလိုက်ရတာပါ"
"ပြစ်ဒဏ် ဟုတ်လား"
"မိစ္ဆာနယ်မြေ ဇာတ်ဝင်ခန်း မပြီးမချင်း တစ်နေ့ကို ၁၀ မိနစ်လောက် ငါ ပျောက်ကွယ်သွားလိမ့်မယ်"
"ပျောက်ကွယ်သွားမယ် ဟုတ်လား။ အဲဒါက ဘာကို ဆိုလိုတာလဲ"
"အဲဒီလိုမျိုး တစ်ခုခုပါပဲ။ ဘာပဲဖြစ်ဖြစ် အခု ငါက အဓိက ဇာတ်ဝင်ခန်းထဲကို ရောက်နေပြီ၊ ဇာတ်ဝင်ခန်း အမှားအယွင်းကလည်း ပြေလည်သွားပြီဆိုတော့ အဲဒါကို စိတ်ပူနေစရာ မလိုတော့ဘူး"
စကားပြောနေစဉ် ယူဂျွန်ဟော့၏ မျက်နှာထားမှာ တစ်ခုခုကို ဖြေရှင်းပြီးသွားသည့်အလား ရှိနေသည်။ အခြေအနေမှာ အနည်းငယ် စိတ်ရှုပ်စရာပင်။ ကျနော်ကတော့ တစ်ပတ်တိတိ အိပ်ပျော်နေခဲ့သော်လည်း ယူဂျွန်ဟော့မှာမူ ကျနော်နှင့် မပတ်သက်သော တစ်စုံတစ်ဦး၏ အကူအညီဖြင့် အသက်ရှင်ခဲ့သည်။ ထို့နောက် သူက စက်မှုဇုန်၏ အုပ်စိုးသူဖြစ်လာရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
"…"
ယူဂျွန်ဟော့နှင့် ဤကဲ့သို့ စကားပြောရခြင်းမှာ ရှားပါးသောကြောင့် ဖြစ်ပေလိမ့်မည်။ ဆေးကုသဆောင်အတွင်း၌ အနေခက်သော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းသွားသည်။ ယူဂျွန်ဟော့သည် လက်ဖက်ရည်သောက်ရင်း စားပွဲပေါ်သို့ ငေးကြောင်ကြည့်နေခဲ့သည်။
သူ ဘာကြောင့် ဒီကိုလာခဲ့တာလဲဟု ကျနော် မေးချင်မိသည်။ နောက်နောင် ဘာလုပ်မည်နည်းဟုလည်း မေးချင်သည်။ သို့သော် ကျနော့်နှုတ်မှ လုံးဝကွဲပြားခြားနားသော စကားလုံးများသာ ထွက်လာခဲ့သည်။
"တခြားလူတွေကော... သူတို့ အဆင်ပြေကြရဲ့လား"
အမှန်တကယ်တော့ ယူဂျွန်ဟော့ သိနိုင်မည် မဟုတ်ပေ။ သူသည် သူ၏ခေါင်းထဲတွင် ဇာတ်ဝင်ခန်းများဖြင့်သာ ပြည့်နှက်နေသူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော သူမျိုးသည် တခြားလူများ ဘာလုပ်နေသည်ကို ဂရုစိုက်မည် မဟုတ်ပေ။ ကျနော်ကတော့ သူ့ကို တမင်သက်သက် နားပူနားဆာ လုပ်ချင်နေမိသည်။
ကျေးဇူးပြုပြီး တစ်ကိုယ်တည်း မရှင်သန်ပါနဲ့ကွာ။
အကယ်၍ သူသာ ထိုသို့ ရှင်သန်နေမည်ဆိုလျှင် ဇာတ်ဝင်ခန်း၏ အဆုံးသတ်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဤစကားကို ပြောရန် ကျနော် ရည်ရွယ်ထားသော်လည်း...
"လီဟန်းဆောင်က စစ်တပ်ထဲ သွားတယ်"
ယူဂျွန်ဟော့က စကားစပြောလာသည်။
"ယောင်ဟီဝန်နဲ့ လီဂျီဟယ်က ကိုယ်စားလှယ်အသစ်တွေကို လေ့ကျင့်ပေးနေကြတယ်။ သူတို့က နောင်လာမယ့် ကပ်ဘေး ဇာတ်ဝင်ခန်းတွေအတွက် ပြင်ဆင်တဲ့အနေနဲ့ သူတို့ရဲ့ အင်အားကို မြှင့်တင်နေကြတာ"
"…ဟမ်"
"ယူဆန်းအာနဲ့ ဟန်ဆိုယောင်းကတော့ အစိုးရအရာရှိတွေနဲ့ ဆက်သွယ်နေကြတယ်"
"အဲဒီ နှစ်ယောက်က အတူတူလှုတ်ရှားနေကြတာလား"
ယူဂျွန်ဟော့ ဤမျှလောက် စကားအများကြီး ပြောသည်ကို ကျနော် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဤအချက်ကြောင့်ပင် ကျနော်သည် သူ၏ ဇာတ်လမ်းထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဂုံဖီဒူကတော့ ဧရာမ ရဲတိုက်ကြီးဆောက်ဖို့ ဆောင်းနမ်မှာ မြေတွေ ဝယ်နေတယ်။ သူက သူ့ကိုယ်သူ တကယ့်ဘုရင်လို့ ထင်နေပုံရတယ်"
"ဟားဟား၊ အဲဒီ ဦးလေးကြီးကတော့ တကယ်ပါပဲ..."
"ကလေးနှစ်ယောက်လည်း နေကောင်းကြပါတယ်။ သူတို့က ပျင်းလာတိုင်း ဒင်္ဂါးတစ်ပြားကို ခေါင်းပန်းလှန်တတ်ကြတယ်"
ယူဂျွန်ဟော့တစ်ယောက် အေးစက်သော လေသံဖြင့် ဆက်လက်ပြောဆိုနေသည်ကို ကျနော် စိတ်ဝင်တစား နားထောင်နေမိသည်။ အချို့သော ဇာတ်လမ်းများမှာ နားလည်ရန် လွယ်ကူသော်လည်း အချို့မှာမူ အချိန်အနည်းငယ် ပိုပေးရသည်။ သို့သော်ငြားလည်း ထိုသူများအားလုံးမှာ ကျနော် သိကျွမ်းသော သူများ၏ ဇာတ်လမ်းများပင် ဖြစ်သည်။ ကျနော်နှစ်သက်သော သူများသည် ကျနော် မရှိသော နေရာတစ်ခုတွင် ဇာတ်လမ်းများကို ရှင်သန်နေကြသည်။
နားထောင်နေရင်းနှင့် ကျနော့်မှာ ကြည်နူးသလို၊ ဝမ်းနည်းသလိုနှင့် လွမ်းဆွတ်သလို ခံစားလိုက်ရသည်။
"အားလုံးလည်း အသက်ရှင်သန်ဖို့အတွက် အလုပ်ရှုပ်နေကြတာပဲ"
ဇာတ်လမ်း၏ အဆုံးသတ်တွင် ကျနော်သည် ထူးဆန်းသော အထီးကျန်မှုကို ခံစားလိုက်ရသည်။
ဪ... အားလုံးက ကောင်းမွန်စွာ ရှင်သန်နေကြတာပဲ။
[သီးသန့်စွမ်းရည် ‘Fourth Wall’ သည် တုန်ခါနေပါသည်။]
ကျနော်သည် ဤဇာတ်လမ်း၏ ‘ပြင်ပလူ’ တစ်ဦး ဖြစ်ကြောင်း သိရှိလိုက်ရသည်။
「 ၂၅ ကြိမ်မြောက် နောက်ပြန်ဆုတ်မှုတွင် ယူဂျွန်ဟော့က ‘ငါ ဘာကိုမှ ပြောင်းလဲလို့ မရဘူး’ ဟု ပြောခဲ့သည်။ 」
ယူဂျွန်ဟော့တစ်ယောက် နောက်ပြန်ဆုတ်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့သလိုမျိုး ကျနော် မရှိဘဲနှင့်လည်း လူများသည် ဇာတ်ဝင်ခန်းများကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။
နောက်ပြန်ဆုတ်ခြင်း ၄ ကြိမ်မြောက်၊ ၅ ကြိမ်မြောက်၊ ၆ ကြိမ်မြောက်...အစရှိပြီး ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်ခြင်းကို အသုံးပြုကာ ကျနော် အလွယ်တကူ မေ့လျော့ခံရနိုင်သော အဆုံးမရှိသည့် ဇာတ်လမ်းကြီးတစ်ခုဆီသို့ ဦးတည်သွားနေခဲ့သည်။ ထိုအတောအတွင်း လူများသည် ဇာတ်သိမ်းဆီသို့ ရွေ့လျားသွားကြပေလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ သဘာဝကျပေသည်။
သဘာဝကျသည်ဟု ဆိုနိုင်သော်လည်း ထိုအချက်ကို သတိပေးခံရခြင်းမှာ ကျနော့်အတွက် နာကျင်စရာပင်။
ကျနော်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်ခုခု ပြောရန် ကြိုးစားလိုက်သည်။ ငါဝမ်းသာမိတယ်ဟု ပြောချင်သော်လည်း စကားလုံးများက ကျနော့်နှုတ်မှ ထွက်မလာခဲ့ပေ။ ထိုစဉ် ယူဂျွန်ဟော့၏ အသံကို ကြားလိုက်ရသည်။
"ပြီးတော့ အားလုံးက မင်းရဲ့ ဇာတ်လမ်းအကြောင်းကို ပြောနေကြတယ်"
ထိုစကားကြောင့် ကျနော် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိသည်။ ယူဂျွန်ဟော့၏ မျက်နှာ၌ အရင်အတိုင်းပင် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်း မရှိပေ။
" မင်းရဲ့ ဇာတ်လမ်းအကြောင်းကို သူတို့တွေ ခဏခဏ ပြောကြတယ်"
ကျနော်သည် မျက်လုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ရင်း အနည်းငယ် ပြုံးလိုက်မိသည်။ လက်နှစ်ဖက်ဖြင့် ဖန်တီးထားသော အမှောင်ထုအသေးစားလေးထဲတွင် လက်ဖက်ရည်သောက်နေသော ယူဂျွန်ဟော့၏ အသံကို ထပ်မံကြားလိုက်ရသည်။
"ကမ္ဘာမြေကို ပြန်ကြစို့။ ကင်ဒေါ့ဂျာ"
***