အဆင့်မြင့် ဒိုကဲဘီ စမ်းသပ်မှု ပြီးဆုံးသွားပြီးနောက်တွင် ဘီဟွန်းသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပျင်းရိလေးကန်နေခဲ့သည်။ သူ လုပ်ဆောင်ရန်မှာ ဆိုးလ်ဌာနခွဲ မန်နေဂျာဟောင်း ဘာရမ် ချန်ထားရစ်ခဲ့သည့် ‘ကိုရီးယားကျွန်းဆွယ် ဇာတ်ဝင်ခန်း’ ကို စီမံခန့်ခွဲရန်သာ ရှိတော့သည်။ တစ်ခါတစ်ရံတွင် သူ ဖန်တီးထားသော ဇာတ်ဝင်ခန်းများကို လှဲလျောင်းကာ ကြည့်ရှုနေရုံသာ လုပ်နေမိ၏။
-ဟီဝန်ရေ။ ဒီဘက်မှာဟ
-ချီး... တစ်ကောင် လွတ်သွားပြီ။ မြောက်ဘက်ကို သွားနေပြီဟေ့
ဖန်သားမျက်နှာပြင်ထက်တွင် ‘မိုင်းကောင်များကိုဖမ်းဆီးခြင်း’ ဟုခေါ်သော ကိုရီးယားကျွန်းဆွယ်ရှိ ဇာတ်ဝင်ခန်းတစ်ခုမှာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည်။ ၎င်းမှာ သတ်မှတ်ထားသော အချိန်အတွင်း ထွက်ပြေးလွတ်မြောက်သွားသည့် ‘မိုင်းကောင်’ အားလုံးကို ဖမ်းဆီးရမည့် ဇာတ်ဝင်ခန်း ဖြစ်သည်။
အကယ်၍ တစ်ကောင်လောက် လွတ်သွားလျှင်ပင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနိုင်သော်လည်း ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များမှာမူ စိုးရိမ်ပူပန်ပုံ မရပေ။
-တိုက်တန်က ရှာတွေ့သွားပြီ။ အဲဒါကို ငါ ရှင်ယူဆောင်းနဲ့အတူ ရှင်းလိုက်မယ်
ကိုယ်စားလှယ်များသည် ပြီးပြည့်စုံသော စနစ်တကျရှိမှုနှင့် အဖွဲ့လိုက် လုပ်ဆောင်နိုင်စွမ်းကို ပြသခဲ့ကြသည်။ ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ အလားတူ ဇာတ်ဝင်ခန်းများကြောင့် နယ်မြေ၏ လေးပုံတစ်ပုံခန့် ပေါက်ကွဲပျက်စီးသွားခဲ့ရသော အချို့နိုင်ငံများနှင့် ကွာခြားလှသည်။ အမှန်စင်စစ် ဤဇာတ်ဝင်ခန်းသာ အရမ်း ခက်ခဲလွန်းပါက ဇာတ်ဝင်ခန်းအဖြစ် အတည်ပြုချက် ရရှိမည် မဟုတ်ပေ။
"ချီး... ဘာလို့ ဒီလို ဖြစ်နေရတာလဲ..."
ဘီဟွန်းသည် သူ၏ လက်ချောင်းများကို ကိုက်ရင်း မြည်တွန်တောက်တီးနေမိသည်။ အမှန်တကယ်တော့ သူသည် ဤဇာတ်ဝင်ခန်း၏ အခက်အခဲကို ယခုထက် များစွာ ပိုမိုမြှင့်တင်နိုင်ပေသည်။ ကိုရီးယားကျွန်းဆွယ်၏ တစ်ဝက်ခန့်ကို ဖောက်ခွဲပစ်ပြီး ကိုယ်စားလှယ်များကို ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုဆီသို့ ဦးတည်သွားအောင် သူလုပ်နိုင်၏။ သို့သော် သူ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
'အဲဒီအချိန်တုန်းက ကင်ဒေါ့ဂျာကို ငါကယ်တင်ခဲ့သင့်တာ... အခု ဒီမှာ အခက်အခဲကို မြှင့်တင်လိုက်ရင် သူတို့တွေ သေသွားကြမှာ အသေအချာပဲ'
ယခုမှ နောင်တရနေခြင်းမှာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်သည်။ မည်မျှပင် ပြင်ဆင်မှုများ ပြုလုပ်ထားပါစေ ဇာတ်ဝင်ခန်း၏ ပြင်ပတွင် အသက်ရှင်ရန်မှာ မဖြစ်နိုင်ပေ။
[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များသည် ‘ကင်ဒေါ့ဂျာ၏ အဖွဲ့’ ကို အားပေးထောက်ခံနေကြပါသည်။]
[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များက ဒင်္ဂါး ၂,၀၀၀ ထောက်ပံ့လိုက်ပါသည်။]
ဘီဟွန်း၏ ရုပ်သံလိုင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရခြင်း အကြောင်းရင်းမှာ ကင်ဒေါ့ဂျာ ချန်ထားရစ်ခဲ့သည့် ရုပ်သံကြည့်ရှုသူများကြောင့်ပင် ဖြစ်သည်။ ထိုနက္ခတ်များသည် ဇာတ်ဝင်ခန်းမှာ စိတ်ဝင်စားစရာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သူတို့ကို မှန်မှန်ပင် ထောက်ပံ့ပေးနေကြသည်။ သို့သော်လည်း ရုပ်သံလိုင်းတွင် ထိုကဲ့သို့သော နက္ခတ်များသာ ရှိနေသည်တော့ မဟုတ်ပေ။
[နက္ခတ်အများအပြားမှာ ဇာတ်ဝင်ခန်း၏ တိုးတက်မှုအပေါ် ငြီးငွေ့နေကြပါသည်။]
[အချို့သော နက္ခတ်များသည် ရုပ်သံလိုင်းမှ ထွက်ခွာသွားကြပါသည်။]
ကင်ဒေါ့ဂျာ ပျောက်ကွယ်သွားပြီး ယူဂျွန်ဟော့သည်လည်း ကိုရီးယားကျွန်းဆွယ် ဇာတ်ဝင်ခန်းမှ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် ရုပ်သံလိုင်းကို စွန့်ခွာသွားကြသော နက္ခတ်အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။ တစ်နည်းအားဖြင့် ဘီဟွန်းသည် တဖြည်းဖြည်းနှင့် သေဆုံးနေခြင်းပင် ဖြစ်သည်။
'ငါ အပြောင်းအလဲတစ်ခု လုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ'
ထိုသို့လုပ်ဆောင်ရန် နည်းလမ်းကို သူ သိရှိပြီးသား ဖြစ်သည်။ အကယ်၍ သူသာ ယခင်ကကဲ့သို့ ဇာတ်ဝင်ခန်းများ၏ အခက်အခဲကို မြှင့်တင်ပြီး နက္ခတ်များကို လှည့်စားလိုက်မည်ဆိုလျှင် ရုပ်သံကြည့်ရှုသူများမှာ ပြန်လည်တိုးပွားလာပေလိမ့်မည်။ သို့သော်ငြားလည်း ဘီဟွန်းသည် ထိုနည်းလမ်းဖြင့် ဇာတ်ဝင်ခန်းကို ဆက်လက်မလုပ်ဆောင်လိုတော့ပေ။
'ငါလည်း ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်'
လှုံ့ဆော်မှုပေးနိုင်သော ဇာတ်ဝင်ခန်းများကိုသာ အခြေအနေမရွေး လိုက်လံလုပ်ဆောင်ပြီး ကိုယ်စားလှယ်များ၏ အသက်ရှင် သေဆုံးမှုကို ဂရုမစိုက်တတ်သည့် ယခင်ကလိုမဟုတ်တော့ဘဲ သူသည် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ဘီဟွန်းသည် ကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုခဲ့သည်။ သူသည် စီမံခန့်ခွဲရေးဌာနက ပြောဆိုနေသော ‘အလွယ်လမ်း’ များကို မေ့ဖျောက်ပြီး ကွဲပြားသော ဇာတ်ဝင်ခန်းများကို မြင်တွေ့လိုသည်။ ပထမမျိုးဆက် ဒိုကဲဘီများ ဖန်တီးခဲ့သည့် ဇာတ်ဝင်ခန်းများကဲ့သို့ပင် ဒိုကဲဘီများအကြား အချိန်အကြာကြီး အမှတ်ရနေမည့် အရာတစ်ခုခုကို ချပြလိုခြင်းဖြစ်သည်
-ဘီဟွန်း
ဘီဟွန်းသည် ဒိုကဲဘီများ၏ ဆက်သွယ်ရေးစနစ်မှတစ်ဆင့် တစ်စုံတစ်ရာကို ကြားလိုက်ရပြီး အလိုအလျောက်ပင် မတ်တပ်ထရပ်လိုက်မိသည်။
-မင်း အခြေအနေက ကောင်းနေပုံရတယ်။ နေရောကောင်းရဲ့လား
မြင်ကွင်းတွင် ပေါ်ထွက်လာသော မျက်နှာမှာ ‘မဟာ ဒိုကဲဘီလောင်း’ တစ်ဦး ဖြစ်လာပြီးနောက် ဆိုးလ်ဒုံးမှ ထွက်ခွာသွားခဲ့သည့် ဆိုးလ်ဌာနခွဲ မန်နေဂျာဟောင်း ဘာရမ် ပင် ဖြစ်သည်။ အံ့အားသင့်သွားသော ဘီဟွန်းသည် လျင်မြန်စွာပင် ယဉ်ကျေးပျူငှာစွာ ပြုမူလိုက်သည်။ ဆိုးလ်ဌာနခွဲမှ ထွက်ခွာသွားပြီးနောက် ဘာရမ်သည် အဆင့်မြင့် စီမံခန့်ခွဲရေးဌာနသို့ ဝင်ရောက်သွားခဲ့သည်။ ထိုဌာနမှာ ကမ္ဘာတစ်ဝှမ်းရှိ အသိဉာဏ်အရှိဆုံးသော ဒိုကဲဘီများ စုဝေးရာ နေရာတစ်ခုပင် ဖြစ်သည်။
မြင်ကွင်းထက်ရှိ ဘာရမ်မှာ ယခင်ကထက် ပိုမို၍ ခန့်ညားထည်ဝါနေပုံရသည်။
-ငါ မင်းဆီကို မက်ဆေ့ချ်အချို့ ပေးပို့ချင်လို့ ဆက်သွယ်လိုက်တာ
"မက်ဆေ့ချ်အချို့ပေးချင်လို့ဟုတ်လား"
ဘီဟွန်းသည် အတန်ငယ် ထိတ်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဘာရမ်သည် ဤကဲ့သို့ အဓိပ္ပာယ်ပါပါ စကားပြောဆိုသောအခါတိုင်း သတင်းကောင်းကို မည်သည့်အခါမျှ မကြားရဖူးသောကြောင့် ဖြစ်သည်။
-မဟာဇာတ်လမ်းကြီး တစ်ပုဒ်ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်
"…ဂိုင်ဂန်တိုမာခီယာ ဒါမှမဟုတ် လွနာရော့ခ် ဖြစ်ဖို့အတွက်က အချိန်အများကြီး လိုသေးတာမဟုတ်ဘူးလား"
-အဲဒီ ဇာတ်လမ်းတွေ မဟုတ်ဘူး။ အခု မိစ္ဆာနယ်မြေမှာ မဟာဇာတ်လမ်းကြီး တစ်ပုဒ် ပေါ်ထွက်လာဖို့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်
‘မိစ္ဆာနယ်မြေ’ ဟူသော စကားလုံးကြောင့် ဘီဟွန်း၏ မျက်နှာထားမှာ ပြောင်းလဲသွားခဲ့သည်။
"မိစ္ဆာဘုရင် ရွေးချယ်ပွဲလား"
ဘီဟွန်းသည် ခေါင်းညိတ်ပြနေသော ဘာရမ်ကို ကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ ပုံမှန်အားဖြင့် ပေါ်ထွက်လာတတ်သော မဟာဇာတ်လမ်းများနှင့် မတူဘဲ မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ အလွန်ရှားပါးသော ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။ ဘီဟွန်းကိုယ်တိုင်ပင် မိစ္ဆာဘုရင် ဇာတ်ဝင်ခန်းကို ကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
'နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးချယ်ပွဲက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကပဲ'
မဟာဇာတ်လမ်းကြီးအကြောင်း စိတ်ကူးယဉ်ကြည့်ရုံမျှဖြင့် သူ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေခဲ့သည်။ ဘာရမ်သည် ဘီဟွန်း၏ စိတ်ကို ရိပ်မိသွားပြီး ရယ်မောလိုက်သည်။
-မင်းက မဟာဇာတ်လမ်းကြီးကို မြင်ချင်နေတာလား
"မြင်ချင်တာပေါ့။ ဒါပေမဲ့ နောင်တလည်း ရမိတယ်။ အဲဒီမဟာဇာတ်လမ်းကြီးကို တာဝန်ယူရမယ့် ဒိုကဲဘီက ဘယ်သူလဲ"
ရှေးယခင်ကတည်းက မိစ္ဆာနယ်မြေမှာ အကျိတ်နှင့်လူများ၏ နယ်မြေဖြစ်ခဲ့သည်။ မိစ္ဆာနယ်မြေမှာ ရုပ်သံလိုင်းများ ဖွင့်လှစ်ရန် ခက်ခဲသော ခြောက်သွေ့သည့် ဇာတ်ဝင်ခန်း နယ်မြေတစ်ခု ဖြစ်သည်။ ထို့အပြင် မိစ္ဆာဘုရင် ရွေးချယ်ပွဲ၏ ထုတ်လွှင့်မှုက...
-ဒီတစ်ကြိမ်မှာတော့ မတူတော့ဘူး။ စီမံခန့်ခွဲရေးဌာနက မိစ္ဆာနယ်မြေဆီကို ဒိုကဲဘီတွေ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ
"ဗျာ။ အဲဒါက..."
ဒိုကဲဘီများသည် အကျိတ်နှင့်လူများ၏ အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသလို၊ အကျိတ်နှင့်လူများသည်လည်း ဒိုကဲဘီများ၏ အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပေ။ ဤသည်က ‘မိုးကုတ်စက်ဝိုင်း၏ ကတိကဝတ်’ ပင် ဖြစ်သည်။ ယခု ဘာရမ်၏ စကားများမှာ ထိုပဋိညာဉ်နှင့် တိုက်ရိုက်ဆန့်ကျင်နေပေသည်။
-ငါ့ရဲ့ မူလအစီအစဉ်က အကျိတ်နှင့်လူတွေနဲ့ သဘောတူညီချက်အသစ်တစ်ခု ချုပ်ဆိုပြီးမှ ရုပ်သံလိုင်း ဖွင့်လှစ်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ အခုက ပိုပြီး ရှုပ်ထွေးသွားပြီ။ သူတို့က ကတိကဝတ်ကို အရင် ချိုးဖောက်လိုက်ကြတာကွ
"သူတို့က ကတိကဝတ်ကို ချိုးဖောက်လိုက်တယ် ဟုတ်လား"
-မိစ္ဆာနယ်မြေမှာ တရားမဝင် ရုပ်သံလိုင်းတစ်ခု ပေါ်ထွက်လာခဲ့တယ်
"…ဗျာ"
ထိုကိစ္စက မဖြစ်နိုင်သော အရာတစ်ခုပင်။ မိစ္ဆာနယ်မြေတွင် ဒိုကဲဘီများ မရှိပေ။ သို့ဆိုလျှင် ရုပ်သံလိုင်းတစ်ခုက မည်သို့ ပေါ်ထွက်လာပါသနည်း။
-အတိအကျကိုတော့ ငါလည်း သေချာမသိဘူး။ အဲဒါကြောင့်လည်း အခု စီမံခန့်ခွဲရေးဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့ကွာ
"တကယ်လို့ အကျိတ်နှင့်လူတွေက ရုပ်သံလိုင်းတစ်ခုကို ခိုးယူသွားတာဆိုရင် ဒီဘက်ကနေ ပိတ်ပစ်လိုက်လို့ မရဘူးလား"
ရုပ်သံလိုင်းတစ်ခု၏ လုပ်ပိုင်ခွင့်မှာ ဒိုကဲဘီများထံတွင်သာ ရှိသည်။ အကယ်၍ အကျိတ်နှင့်လူများက ထူးဆန်းသော နည်းလမ်းတစ်ခုခုဖြင့် ရုပ်သံလိုင်းကို ခိုးယူသွားခဲ့လျှင်ပင် စီမံခန့်ခွဲရေးဌာနအနေဖြင့် ရုပ်သံလိုင်း တစ်ခု သို့မဟုတ် နှစ်ခုကို ပိတ်ပစ်လိုက်ရုံဖြင့် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
-ပြဿနာက အကျိတ်နှင့်လူတွေ မဟုတ်ဘူး
"အကျိတ်နှင့်လူတွေ မဟုတ်ဘူး ဟုတ်လား။ ဒါဆို ဘယ်သူက ရုပ်သံလိုင်းကို ဖွင့်လိုက်တာလဲ"
-မိစ္ဆာနယ်မြေထဲမှာ ဒိုကဲဘီတစ်ကောင် ရှိနေပုံရတယ်
"…ဒိုကဲဘီ ဟုတ်လား"
နေဦး... မဟုတ်မှလွဲရော။ မဖြစ်နိုင်တာ။
ဘာရမ်က ဆက်လက်ပြောဆိုနေခဲ့သည်။
-ဘာပဲဖြစ်ဖြစ် အဲဒါကြောင့်လည်း ငါက စီမံခန့်ခွဲရေးဌာနကနေ မိစ္ဆာနယ်မြေဆီကို ဒိုကဲဘီတွေ စေလွှတ်လိုက်တာပေါ့
"ဪ... အဲဒါဆိုရင် ဘာကြောင့် ကျနော့်ကို ဒါတွေ ပြောပြနေတာလဲ"
-စေလွှတ်မယ့် စာရင်းထဲမှာ မင်းလည်း ပါနေလို့လေ
"ကျနော်က ကိုရီးယားကျွန်းဆွယ်ကို တာဝန်ယူထားရတာလေ"
-ကိုရီးယားကျွန်းဆွယ်ကိုတော့ တခြား ဒိုကဲဘီတွေက ခဏ တာဝန်ယူပေးလိမ့်မယ်။ အလယ်အလတ်အဆင့် ဒိုကဲဘီ အနည်းငယ်ကို ခေါ်ပြီး မိစ္ဆာနယ်မြေကို သွားလိုက်ပါ
ဘီဟွန်းသည် ခေတ္တခဏမျှ တိတ်ဆိတ်သွားသည်။ အရှိန်အဟုန် အကောင်းဆုံးဖြစ်နေသည့် ကမ္ဘာမြေ ဇာတ်ဝင်ခန်းကို စွန့်ခွာပြီး မိစ္ဆာနယ်မြေကို သွားရမည်လော။ ဤသည်က ရာထူးချခံရခြင်းနှင့် အတူတူပင် ဖြစ်သည်။
-ဘာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်မှာလည်း အဖြစ်အပျက် အနည်းငယ်ပဲ ရှိတော့တာ မဟုတ်လား။ စိတ်မကောင်း မဖြစ်ပါနဲ့။ မင်းရဲ့ အဆင့်မြင့်ချင်တယ်ဆိုတဲ့ အိမ်မက်က ဒါကို သေချာလုပ်နိုင်ရင် တကယ်ဖြစ်လာနိုင်ပါတယ်
"…ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ကျနော့်ကို အဲဒီလိုမျိုးပဲ ပြောခဲ့တာပဲ။ ဘာလို့ ကျနော့်ကိုစေလွှတ်ရတာလဲ"
-အကြောင်းရင်း အတိအကျကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ လူကြီးတွေက မင်းကို တိုက်ရိုက် ရွေးချယ်လိုက်တာကွ
သူတို့က ဆုံးဖြတ်ပြီးသားဆိုလျှင် ငြင်းဆန်ရန် နည်းလမ်းမရှိပေ။ ဘီဟွန်း၏ မျက်နှာမှာ ညှိုးငယ်သွားခဲ့သည်။ ထိုကဲ့သို့သော အန္တရာယ်များသည့် နေရာသို့ သူ သွားရတော့မည်ပင်။
-မင်း ဘာတွေ တွေးနေလဲဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သိပ်ပြီး စိတ်မပျက်ပါနဲ့။ ဒါက ရာထူးချလိုက်တာ မဟုတ်ပါဘူး။ အဲဒီအစား မင်း ကြားရင် ဝမ်းသာသွားမယ့် သတင်းတစ်ခု ငါ့မှာ ရှိသေးတယ်
ဘီဟွန်းသည် မည်သည့်အရာကိုမျှ မျှော်လင့်ခြင်းမရှိဘဲ ခေါင်းမော့ကြည့်လိုက်ရာ ဘာရမ်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
-ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်က မိစ္ဆာနယ်မြေမှာ ပေါ်လာပြီ
ကျနော်တို့နှစ်ဦးလုံး အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြသည်။ ယူဂျွန်ဟော့၏ စကားအပြီး မိနစ် ၃၀ ခန့် ကြာမှသာ ကျနော် စတင်၍ စကားပြောနိုင်တော့သည်။ ထိုမိနစ် ၃၀ အတွင်း အိုင်လင်းသည် အခန်းထဲသို့ တစ်ခေါက်ဝင်၊ တစ်ခေါက်ထွက် လုပ်သွားသည်ကို ကျနော် မြင်တွေ့ခဲ့ရသည်။
"…ယူဂျွန်ဟော့။ ယူရီအယ်အရုပ်ကို ယူလာခဲ့သေးလား"
ကျနော့်အမေးကို ယူဂျွန်ဟော့က ဘာမှပြန်မပြောဘဲ အရုပ်ကို ထုတ်ပေးလာသည်။ ကျနော် ထိုအရုပ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်မိ၏။ လက်မောင်းများနှင့် ခြေထောက်များမှာ အားလုံး စုတ်ပြဲနေခဲ့ပြီဖြစ်သည်။ ဤအရုပ်မှာ ကိုယ်စားပြုခန္ဓာကိုယ်တစ်ခုမျှသာ ဖြစ်နိုင်သော်လည်း ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ ယူရီအယ်၏ အစစ်အမှန် ခန္ဓာကိုယ်သည်လည်း ထိုကဲ့သို့သော ရိုက်ခတ်မှုကြောင့် ထိခိုက်မှုရှိပေလိမ့်မည်။ ထိုမျှလောက် ဂုဏ်ယူဝင့်ကြွားတတ်သော နတ်ခေါင်ချုပ်တစ်ပါးသည် မိစ္ဆာနယ်မြေအတွင်း ဤကဲ့သို့ ဝေဒနာခံစားနေရခြင်းပင်။
"…ငါ အခုချက်ချင်း ပြန်လို့မရသေးဘူး"
"အေးပါ"
သူသည် ကြိုတင်သိရှိထားသည့်အလား ပြန်ဖြေသည်။ ကျနော် ခေါင်းလှည့်ကြည့်လိုက်ရာ ယူဂျွန်ဟော့သည်လည်း ယူရီအယ်အရုပ်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျနော်တို့ စကားမပြောဖြစ်ကြသော်လည်း တစ်ဖက်လူ ဘာတွေးနေသည်ကိုမူ အထင်အရှား သိနိုင်ပေသည်။
" မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ မင်းကစိတ်ကူးနေတာလား"
"…ဟုတ်တယ်"
မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ နောင်တစ်ချိန်တွင် နက္ခတ်များကို ရင်ဆိုင်နိုင်ရန်အတွက် ကျနော် မဖြစ်မနေ ဖြတ်သန်းရမည့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။
"အဖွဲ့ဝင်တွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ ငါ ဒီမှာ မဟာဇာတ်လမ်းကြီးတစ်ပုဒ် ရအောင်ယူရမယ်"
ယူရီအယ်၏ စုတ်ပြဲနေသော လက်မောင်းကို ဂရုတစိုက် ပြန်လည်ဆက်ပေးရင်း ကျနော် ပြောလိုက်သည်။
"ဒီနည်းနဲ့မှ နောင်လာမယ့် ပျက်စီးခြင်း ဇာတ်ဝင်ခန်းတွေအတွက် ပြင်ဆင်နိုင်မှာ"
ကျနော်သာ ကမ္ဘာမြေကို ပြန်သွားမည်ဆိုလျှင် ရွေးချယ်စရာများမှာ ကန့်သတ်ချက် ရှိနေပေလိမ့်မည်။ ဤနေရာတွင် အခွင့်အရေးများစွာ ရယူနိုင်ပြီး အင်အားကို တည်ဆောက်နိုင်သောကြောင့် ယခုပြန်ရန်မှာ သိပ်ပြီးအကျိုးမရှိလှပေ။ ဇာတ်ဝင်ခန်း၏ အခက်အခဲမှာလည်း မူရင်းဝတ္ထုထက်ပင် ပိုမိုဆိုးရွားနေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာမြေသို့ ပြန်သွားမည်ဆိုပါက ကျနော့်အလုပ်များအတွက် အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။
ယူဂျွန်ဟော့သည် ကျနော့်ကို ခဏမျှ စိုက်ကြည့်နေသည်။
"မဆိုးပါဘူး"
သူ၏လေသံမှာ ကိစ္စအတော်များများကို နားလည်ပေးထားပုံရသည်။ ဖြစ်နိုင်သည်မှာ ယူဂျွန်ဟော့သည် ကျနော့်၏ စိတ်နှလုံးကို မည်သူထက်မဆို ပိုမိုနားလည်နေခြင်း ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် အားနည်းနေစဉ်အချိန်အတွင်း သူ၏ တန်ဖိုးရှိသော အရာများကို ဆုံးရှုံးခဲ့ရဖူးသောကြောင့် ဖြစ်သည်။
ကျနော် မေးလိုက်သည်။
"မင်းကော ဘာလုပ်မှာလဲ"
"ငါလည်း မိစ္ဆာနယ်မြေမှာ ခဏလောက် နေဦးမယ်။ ဒီမှာ ငါ့ရဲ့ ကိုယ်ပိုင်ဇာတ်ဝင်ခန်း ရှိနေလို့ အခုချက်ချင်း ထွက်သွားလို့ မရသေးဘူး"
အိုး... အဲလိုလား။
"တကယ်လား။ အပန်းမကြီးဘူးဆိုရင် ငါ့ကို ကူညီပေးပါလား"
"ငါက ငါ့ကိုယ်ငါ ကူညီနေတာ၊ မင်းကို ကူညီနေတာ မဟုတ်ဘူး"
သူ ဘာကို ဆိုလိုသနည်းဟု သိလိုသဖြင့် ကျနော် ယူဂျွန်ဟော့ကို မော့ကြည့်လိုက်သည်။ ယခင်အတိုင်းပင် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိသော မျက်နှာထားမျိုး ဖြစ်သော်လည်း တစ်ခုခုတော့ ကွဲပြားနေသလို ခံစားရသည်။
"…မင်းလည်း မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ စီစဉ်နေတာလား"
"ရွေးချယ်ပွဲမှာပါဖို့က သဘာဝပဲလေ"
ကျနော့်ခေါင်းထဲတွင် ရှုပ်ထွေးသွားရသည်။
ဒီမအေဘေးက မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ တွေးနေတာလား...
"နေဦး။ မင်းပဲ ငါ့ကို ကမ္ဘာမြေဆီပြန်ဖို့ ပြောခဲ့တာလေ..."
ယူဂျွန်ဟော့သည် ကျနော့်ကို လျစ်လျူရှုကာ ပြတင်းပေါက်ဆီသို့ သွားရန် ထရပ်လိုက်သည်။ နေဝင်ချိန်၏ မှေးမှိန်သော အလင်းရောင်က ယူဂျွန်ဟော့၏ မျက်နှာပေါ်တွင် အမှောင်ရိပ်တစ်ခုကို ထင်ဟပ်စေသည်။ ‘Ways of Survival’ အရဆိုလျှင် ယူဂျွန်ဟော့သည် သူ၏ အကြံအစည်များ ပေါ်သွားသောအခါ တည်ငြိမ်အေးဆေးသော မျက်နှာထားမျိုး အမြဲဟန်ဆောင်တတ်သည်။
ဒီမအေဘေးက ငါ့ကို ကမ္ဘာမြေကို ပြန်လွှတ်ပြီး မိစ္ဆာဘုရင် ဖြစ်ချင်နေတာပေါ့လေ။
ထိုအရှက်မရှိသော ကျောပြင်ကြီးမှာ ထွက်ပြေးချင် နေသည့်အလားပင်။
ထိုစဉ် ယူဂျွန်ဟော့က စကားပြောလာသည်။
"သူတို့ လာနေကြပြီ"
ဆေးကုသဆောင်၏ တံခါးကို တွန်းဖွင့်ကာ အိုင်လင်းနှင့် မာ့ခ်တို့ ပြေးဝင်လာစဉ် ပြတင်းပေါက်အပြင်ဘက်မှ အေးစက်သော လေထုတစ်ခု ဝင်ရောက်လာခဲ့သည်။ သူတို့စကားကို နားမထောင်ဘဲနှင့်ပင် ဘာဖြစ်နေသည်ကို ကျနော် သိရှိနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘီယူသည် နိုးလာခဲ့ပြီး ကျနော့်ကို စိုးရိမ်တကြီး စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။
[‘လူသားမျိုးနွယ်ကို တည်ထောင်သူ’ နက္ခတ်သည် ယူဂျွန်ဟော့ စက်မှုဇုန်ကို ကြည့်ရှုနေပါသည်။]
[‘နောက်ဆုံး ဖာရိုဘုရင်မ’ နက္ခတ်သည် ယူဂျွန်ဟော့ စက်မှုဇုန်ကို ကြည့်ရှုနေပါသည်။]
[အချို့သော နက်ဗျူလာများရှိ နက္ခတ်များသည် ယူဂျွန်ဟော့ စက်မှုဇုန်ကို ကြည့်ရှုနေကြပါသည်။]
ကောင်းကင်ယံတွင် ကြယ်ပေါင်း တစ်ဒါဇင်ကျော်မှာ တောက်ပနေခဲ့ပြီး ၎င်းတို့အနက် တစ်ပွင့်မှာ ပြင်းထန်သော အလင်းတန်းများနှင့် လျှပ်စစ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် စက်မှုဇုန်၏ အဝင်ဝ၌ ဧရာမ ပုံရိပ်ကြီးတစ်ခု စတင်ပေါ်ပေါက်လာတော့သည်။
ကိုယ်စားလှယ်ခန္ဓာကိုယ်တစ်ခု၏ တိုက်ရိုက် သက်ဆင်းလာမှုပင်။ ဆင်းသက်လာသည့်အရာမှာ ခေါင်းပေါ်တွင် ရွှေရောင်သရဖူ ဆောင်းထားသော ဧရာမ မံမီရုပ်ကြီး ဖြစ်သည်။ ထိုမံမီ၏ အရပ်မှာ တံတိုင်းများကိုပင် ကျော်လွန်နေပြီး စက်မှုဇုန်အတွင်းရှိ ကိုယ်စားလှယ်များမှာ စတင်၍ အော်ဟစ်နေကြတော့သည်။
ကျနော် မှတ်မိသလောက်ဆိုလျှင် ဤနက္ခတ်မှာ ‘ပါပီရပ်စ်’ မှ ဖြစ်သည်။ ထို့အပြင် ပါပီရပ်စ်သည် ‘ဘာကန်’ နှင့်လည်း လက်တွဲထားခဲ့သည်။
ယူဂျွန်ဟော့က ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။
"…သူတို့တွေ ကန့်ကွက်ဖို့ လာကြတာ ထင်တယ်"
မည်သည့်အရာကို ကန့်ကွက်သနည်းဟု မေးနေရန် မလိုတော့ပေ။ ဤသည်က မိစ္ဆာဘုရင် ရွေးချယ်ပွဲ၏ အစပျိုးမှုပင် ဖြစ်တော့သည်။
***