[ဘယ်သူက... စက်မှုဇုန်ရဲ့... သခင်အသစ်လဲ]
ဧရာမ အသံကြီးတစ်သံ ထွက်ပေါ်လာရာ ယူဂျွန်ဟော့နှင့် ကျနော်သည် ပြတင်းပေါက်အပြင်ဘက်သို့ ပြိုင်တူ ကြည့်လိုက်မိကြသည်။ လမ်းမများမှာပါ ဆူညံသွားခြင်းကို ကြည့်ခြင်းအားဖြင့် ထိုအသံအစစ်ကို အသုံးပြုခြင်းမှာ အတော်ပင် ပြင်းထန်လှမှန်း သိသာလှ၏။ ယူဂျွန်ဟော့က တိုးညှင်းသောလေသံဖြင့်ရေရွတ်လိုက်သည်။
"ပါပီရပ်စ်ရဲ့ နက္ခတ်ပဲ"
"တကယ်လို့ အဲ့ဒါက နောက်ဆုံးဖာရိုဘုရင်မဆိုရင် အဲဒီအမျိုးသမီးပဲ ဖြစ်ရမယ်"
ဟောင်းနွမ်းနေသည့် ရွှေရောင်သရဖူကို ဆောင်းထားသော ဧရာမ မံမီရုပ်ကြီး။ နှာတံမြင့်မြင့်ရှိမှန်း ပေါ်လွင်နေသည်မှလွဲ၍ ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများဖြင့် စည်းနှောင်ထား လေသည်။ ‘Ways of Survival’ ထဲတွင် ဖတ်ခဲ့ရသည့်အတိုင်းပင်။ ဤကိုယ်စားလှယ်ခန္ဓာကိုယ်မှာ အီဂျစ်၏ နောက်ဆုံးဖာရိုဘုရင်မ ‘ကလီယိုပတ်ထရာ’ ပိုင်ဆိုင်ကြောင်း ထင်ရှားလှသည်။
[ဘယ်သူက... ယူဂျွန်ဟော့လဲ...]
စက်မှုဇုန်တစ်ခုလုံး ဟိန်းထွက်သွားအောင် နက္ခတ်၏အသံအစစ်က နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။ အသံမှာ အမှန်တကယ်ပင် ခန့်ညားထည်ဝါလှသော်လည်း ကျနော်တို့ နှစ်ဦးလုံးမှာမူ စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိပေ။ ကလီယိုပတ်ထရာမှာ အလွန်ဆုံးရှိလှမှ သမိုင်းဝင်အဆင့်ရှိ နက္ခတ်တစ်ခုမျှသာ ဖြစ်သည်။ ယူဂျွန်ဟော့နှင့် ကျနော်သည် မဟာနက္ခတ်ကြီးများကိုပင် ရင်ဆိုင်ဖူးလေရာ ဤမျှလောက်နှင့် မတုန်လှုပ်တော့ပေ။
"ယူဂျွန်ဟော့။ မင်း နိုင်လောက်တယ်မလား"
ကျနော့်ခန္ဓာကိုယ်တွင် ဇာတ်လမ်းအထုပ်များ ချိတ်ဆွဲထားရဆဲ ဖြစ်သဖြင့် ကျနော်ကိုယ်တိုင် ဝင်ရောက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သေးပေ။ ယူဂျွန်ဟော့က ခေါင်းခါပြလိုက်သည်။
"အခုလောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ မကြာခင် အချိန်စေ့တော့မယ်"
"မင်းပြောတာ ပြစ်ဒဏ်ကိုလား။ တစ်နေ့ကို ၁၀ မိနစ်လောက် ပျောက်ကွယ်သွားရမယ်ဆိုတဲ့ အချက်ကို ပြောတာလား"
ယူဂျွန်ဟော့က ပြန်မဖြေပေ။ ထိုသို့ပြန်မဖြေသည်က ကျနော်ပြောသော စကားမှန်သည်ဟု ကျနော်မှတ်ယူလိုက်ပြီး ကလီယိုပတ်ထရာကို လှမ်းကြည့်လိုက်သည်။
"ဒါဆိုရင် ဟိုတစ်ယောက်က..."
"သူ ဘာမှလုပ်မှာ မဟုတ်ဘူး"
"ဘာလို့လဲ"
"မိစ္ဆာဘုရင် ရွေးချယ်ပွဲက မစသေးဘူးလေ"
သဘာဝအတိုင်းပင် ဇာတ်ဝင်ခန်းထဲတွင် မပါဝင်သေးသော နက္ခတ်များ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်များသည် ဖြစ်နိုင်စွမ်း၏ ကန့်သတ်မှုကို ခံထားရသည်။ မဟာဇာတ်လမ်းကြီး မစတင်သေးသရွေ့ သူတို့သည် လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိပေ။ သို့သော်လည်း...
"ဟေ့… အက်စ်မိုးဒီအက်စ် ကို မင်း မေ့သွားပြီလား"
"လူတိုင်းက အက်စ်မိုးဒီအက်စ်လိုမျိုး မလုပ်နိုင်ကြပါဘူး"
ထိုအချက်ကိုတော့ ကျနော် သိရှိပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာနယ်မြေအတွင်း၌ မိစ္ဆာဘုရင်များသည် နက္ခတ်များထက်စာလျှင် ကန့်သတ်ချက်များ ပိုမိုနည်းပါးသောကြောင့် ဖြစ်သည်။ ပြဿနာမှာ နက္ခတ်များသည် ထိုကန့်သတ်ချက်များကို ကျော်လွှားရန်အတွက် ပိုလျှံနေသော ဖြစ်နိုင်စွမ်းများကို အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။
"ကလီယိုပတ်ထရာက ပါပီရပ်စ်ရဲ့ အဖွဲ့ဝင်တစ်ဦး မဟုတ်လား။ တကယ်လို့ သူက နက်ဗျူလာရဲ့ ဖြစ်နိုင်စွမ်းကို ငှားသုံးလိုက်ရင်..."
"ကင်ဒေါ့ဂျာ။ သူတို့ ဘာတွေလုပ်ခဲ့သလဲဆိုတာ မင်း မေ့သွားပြီထင်တယ်"
"ဘာကိုလဲ"
ယူဂျွန်ဟော့ ပြန်မဖြေနိုင်မီမှာပင် ကလီယိုပတ်ထရာ၏ အသံက လေထုထဲတွင် ပဲ့တင်ထပ်လာသည်။
[စက်မှုဇုန်ရဲ့... အုပ်စိုးသူအသစ်ကို... ပြောလိုက်။ တကယ်လို့ သူသာ... မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ... ပါဝင်ခဲ့မယ်ဆိုရင်... သူ သေချာပေါက် သေရလိမ့်မယ်]
ထိုစကားများနှင့်အတူ ကလီယိုပတ်ထရာ၏ ခန္ဓာကိုယ်မှာ စတင်ပျောက်ကွယ်သွားတော့သည်။ ဧရာမ သဲရဲတိုက်ကြီးတစ်ခု ပြိုကျသွားသကဲ့သို့ပင် ခန္ဓာကိုယ်မှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။
[အခုပြောတာကို... မှတ်ထားပါ။ ပါပီရပ်စ်က... နင့်ကို... ဘယ်တော့မှ... နှစ်ကြိမ်... သတိပေးမှာ မဟုတ်ဘူး]
သူက ဘာလို့ အေးအေးဆေးဆေး ထွက်သွားရတာလဲ။ ထူးဆန်းလှသည်။ ပုံမှန်ဆိုရင် နောက်ဆုံးဖာရိုဘုရင်မဟာ ကိုယ်စားလှယ် ရာပေါင်းများစွာကို သတ်ဖြတ်ပြီးမှ ထွက်သွားတတ်တာ မဟုတ်ဘူးလား။
ယူဂျွန်ဟော့က ကျနော့်ကို သနားစရာကောင်းသည့်အလား ကြည့်ကာ ပြောလိုက်သည်။
"မင်း မေ့သွားပြီလား။ သူတို့တွေက မင်းအပေါ်ကို ကံကြမ္မာအတင်းအကျပ် သတ်မှတ်ခဲ့ကြတာလေ"
"အာ..."
ထိုအခါမှ ကျနော် သတိရသွားသည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးသည်။ ပါပီရပ်စ်၊ ဝေဒ နှင့် အိုလံပတ်စ် တို့သည် ကျနော့်အပေါ် ကံကြမ္မာ အတင်းအကျပ် သတ်မှတ်ရန်အတွက် အလွန်များပြားလှသော ဖြစ်နိုင်စွမ်းများကို အသုံးပြုခဲ့ကြသည်။ ကလီယိုပတ်ထရာ အလွယ်တကူ ပျောက်ကွယ်သွားရခြင်းမှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။ ယခုအခါ သူတို့ထံတွင် ဖြစ်နိုင်စွမ်းများ မလုံလောက်တော့ပေ။
ယူဂျွန်ဟော့က သူ၏ ထူးခြားလှသော တည်ကြည်လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
"မိစ္ဆာဘုရင် ရွေးချယ်ပွဲ မတိုင်ခင်အထိ ငါတို့ အချိန်အနည်းငယ် ရလိုက်ပြီ"
ကျနော် ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့ ယခုလောလောဆယ်တွင် နက္ခတ်များသည် ကျနော်တို့ဘက်ကို တိုက်ခိုက်လာမည် မဟုတ်ပေ။ ကျနော်သည် မက်ဆေ့ချ်မှတ်တမ်းများကို စစ်ဆေးကြည့်လိုက်သည်။
[‘မိစ္ဆာဘုရင် ရွေးချယ်ပွဲ’ ကို လက်ရှိအချိန်တွင် ပြင်ဆင်နေပါသည်။]
[ကျန်ရှိသော ပြင်ဆင်ချိန် - ၂၈ ရက်၊ ၁၇ နာရီ နှင့် ၁၂ မိနစ်။]
ကျနော့် ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် မိစ္ဆာဘုရင် ရွေးချယ်ပွဲသည် ၂၁ ခုမြောက်မှ ၂၄ ခုမြောက်အထိရှိသော ဇာတ်ဝင်ခန်းများကို ဝါးမြိုသွားပေလိမ့်မည်။ ဤသည်က မဟာဇာတ်လမ်းကြီး ဖြစ်သောကြောင့် ဇာတ်ဝင်ခန်းများကို စားပစ်လိုက်ခြင်းမှာ သဘာဝကျလှသည်။ ကျနော်သည် ကျန်ရှိနေသည့် အချိန်ကို တွက်ချက်ကာ ပြောလိုက်သည်။
"ငါတို့ နှစ်ယောက်ထဲနဲ့တော့ မလုံလောက်ဘူး"
"ငါ သိတယ်"
မိစ္ဆာဘုရင် ရွေးချယ်ပွဲသာ စတင်လိုက်သည်နှင့် နက္ခတ်များသည် ဤနေရာသို့ အစုလိုက်အပြုံလိုက် ရောက်လာကြပေလိမ့်မည်။ သမိုင်းဝင်အဆင့်ရှိ နက္ခတ်တစ်ခုမှာ အင်အားနည်းနေနိုင်သော်လည်း သာမန်ကိုယ်စားလှယ်များထက်စာလျှင်မူ များစွာ ပိုမိုအစွမ်းထက် နေဆဲ ဖြစ်၏။ ထို့အပြင် သူတို့တွေ အမြောက်အမြား ပေါ်လာသည်နှင့်အမျှ ယူဂျွန်ဟော့နှင့် ကျနော် နှစ်ဦးတည်း ရင်ဆိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။
"မင်းမှာ အကြံရှိလား"
ယူဂျွန်ဟော့က ခေါင်းခါပြသည်။ ကမ္ဘာမြေမှ အပေါင်းအဖော်များကို ခေါ်ဆောင်လာရန် နည်းလမ်းရှိသော်လည်း လီဟန်းဆောင်နှင့် ယောင်ဟီဝန် တို့မှာ အဆင့်ကျော်လွန်သူများ သို့မဟုတ် နက္ခတ်များကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။ သူတို့အနေဖြင့် ကိုယ်ပိုင်ဇာတ်ဝင်ခန်းများနှင့် အဓိကဇာတ်ဝင်ခန်းများကို အပြန်အလှန် ဖြတ်သန်းရင်း ပိုမိုသန်မာလာရန် အချိန်လိုအပ်သည်။ နောက်ပိုင်း ဇာတ်ဝင်ခန်းများကို ရောက်ရှိမှသာ အင်အားအပြည့်အဝ စီမံခန့်ခွဲနိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျနော့်အနေဖြင့် လက်ရှိတွင် အသုံးပြုနိုင်မည့် အပေါင်းအဖော်များကို ရှာဖွေရန် လိုအပ်သည်။
"မင်း ဒီမှာကော အပေါင်းအဖော်တွေ စုဆောင်းထားတာ ရှိလား"
"ဪ... ရှိတာပေါ့..."
ဒါနဲ့နေဦး၊ ဂျန်ဟာယောင်း တစ်ယောက် ဘယ်ရောက်နေတာလဲ။
ကျနော်သည် နာကျင်နေသော ခန္ဓာကိုယ်ဖြင့် အားတင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ငါ သူ့ကို အဖွဲ့ဝင်တွေ ရှာဖို့ လွှတ်ထားတာ။ အခုလောက်ဆိုရင် ရလဒ်တစ်ခုခု ထွက်လောက်ပြီ..."
"ပြင်ဆင်ထားလိုက်တော့။ ငါ အခုချက်ချင်း သွားတော့မယ်"
သူ ဘယ်ကို သွားမှာလဲဟု ကျနော် မမေးနိုင်မီမှာပင် ယူဂျွန်ဟော့သည် ကျနော့်မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အစီအစဉ်များကို ကျနော်ချမှတ်ပြီးနောက် ပတ်တီးများကို သေချာပြန်ပတ်ကာ ဆေးကုသဆောင်မှ ထွက်လာခဲ့သည်။ အိုင်လင်းက ကျနော့်ကို နောက်ထပ် နှစ်ပတ်ခန့် အနားယူသင့်သည်ဟု ပြောခဲ့သော်လည်း အနားရသွား၍လားမသိ၊ ကျနော့်၏ ခန္ဓာကိုယ်အခြေအနေမှာ ထင်သလောက် မဆိုးလှပေ။
[‘လာမာ့ခ်၏ သစ်ကုလားအုတ်’ ဝိသေသလက္ခဏာက ပြန်လည်ကောင်းမွန်ခြင်း အကျိုးသက်ရောက်မှုကို တိုးမြှင့်ပေးလိုက်ပါသည်။]
…ဪ…. ဒါက ဝိသေသလက္ခဏာရဲ့ အစွမ်းကြောင့်ကိုး။
အပြင်ဘက်သို့ ထွက်ကာ ကိုယ်လက်လှုပ်ရှားနေသော ကျနော့်ကို မြင်သည်နှင့် အိုင်လင်းက ထိတ်လန့်တကြား ပြေးလာသည်။ သူ စကားမပြောမီမှာပင် ကျနော်က အမြန်ဖြတ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ အဲဒါထက် ဒါလေးကို ပြင်ပေးလို့ ရမလား"
အိုင်လင်းသည် ယူရီအယ်အရုပ်ကို လက်ခံရယူရင်း ခေါင်းစောင်းကာ ကြည့်လိုက်သည်။
"…ဒါက ဘာလဲဟင်"
"နက္ခတ်တစ်ပါးရဲ့ ကိုယ်စားပြု ခန္ဓာကိုယ်ပါ"
အိုင်လင်းသည် အလွန်အမင်း အံ့အားသင့်သွားကာ အရုပ်ကို မြေကြီးပေါ်သို့ လွှတ်ချမိမတတ် ဖြစ်သွားသည်။ အိုင်လင်းသည် အရုပ်ကို အမြန်ပြန်ဖမ်းလိုက်ပြီး ကျနော့်ကို မေးလာ၏။
"…ဒါကို လွှတ်ချမိလို့ ကျမ ပြစ်ဒဏ်ခတ်ခံရမလားဟင်"
"စိတ်မပူပါနဲ့၊ သူက သဘောကောင်းတဲ့ နက္ခတ်ပါ။ သေသေချာချာလေး ပြန်ပြင်ပေးပါဦး"
နက္ခတ်က သဘောကောင်းသည်ဆိုသည့် စကားမှာ ပြောရသည်မှာ တစ်မျိုးကြီး ဖြစ်နေသော်လည်း အခြားနက္ခတ်များမဟုတ်ဘဲ ယူရီအယ်ကို ရည်ညွှန်းခြင်း ဖြစ်သဖြင့် ကျနော် ပြောထွက်ခဲ့ခြင်းပင်။
ကျနော်သည် လမ်းလျှောက်ထွက်ဦးမည်ဟု ပြောကာ စက်မှုဇုန်၏ လမ်းမများပေါ်သို့ ထွက်လာခဲ့သည်။ မှိန်ပျပျ အလင်းရောင်များ အောက်ရှိ စက်မှုဇုန်၏ လမ်းမများသည် ယခင်ကနှင့်မတူဘဲ ကွဲပြားခြားနားနေသလို ခံစားရသည်။
အချို့သောလူများက ကျနော့်ကို မှတ်မိကြပြီး ခေါင်းညိတ်နှုတ်ဆက် ကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော တက်ကြွလန်းဆန်းမှုများကို မြင်တွေ့ရ၏။ ဖြစ်နိုင်သည်မှာ ထိုတက်ကြွလန်းဆန်းမှုများက ရှင်သန်ရန် ဆုံးဖြတ်ထားသူများ၏ မျက်နှာအမူအရာပင် ဖြစ်ပေလိမ့်မည်။
"ဟေ့….ယူဂျွန်ဟော့။ ခင်ဗျား နိုးလာပြီလား"
ကျနော် နောက်လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်က ဤဘက်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ ဂျန်ဟာယောင်းသည် ကျနော့်အနားသို့ လျှောက်လာပြီး ကျနော့်လည်ပင်းကို လက်မောင်းဖြင့် ခပ်ကြမ်းကြမ်း ဖက်လိုက်သည်။ ကျနော်သည် ဂျန်ဟာယောင်း၏ လက်ကို ဖယ်ထုတ်ရင်း ပြောလိုက်သည်။
"ငါ့နာမည်က ယူဂျွန်ဟော့ မဟုတ်ဘူး"
"ဘာလဲ။ အခုမှပဲ ခင်ဗျားရဲ့ နာမည်အရင်းကို ထုတ်ပြောချင်နေတာလား"
"…မင်းက သိနေတာလား"
"နာမည်ဝှက် သုံးနေတာ ခင်ဗျားတစ်ယောက်ထဲမှ မဟုတ်တာ"
ဂျန်ဟာယောင်းကို ခေတ္တခဏမျှ စိုက်ကြည့်နေပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ကျနော်ပြောလိုက်သည်။
"ငါ့နာမည်က ကင်ဒေါ့ဂျာ ပါ"
ကျနော်ကတော့ သေသေချာချာ မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သော်လည်း ဂျန်ဟာယောင်းမှာမူ ကြောင်တောင်တောင် မျက်နှာထားဖြင့် ရှိနေသည်။
"ထူးဆန်းတဲ့ နာမည်ပဲ။ တစ်နေရာရာမှာ ကြားဖူးသလိုလိုတော့ ရှိသား..."
"…ထားလိုက်ပါတော့။ မင်း ဘာလုပ်နေတာလဲ"
"ဪ။ လူတချို့နဲ့ စကားပြောရင်း ဒီနားက သတင်းတစ်ခု ရလာလို့လေ"
"သတင်းဟုတ်လား"
"ခင်ဗျား အိပ်ပျော်နေလို့ မသိတာလား။ ဒီအတောအတွင်း စက်မှုဇုန်မှာ စိတ်ဝင်စားစရာတွေ အများကြီး ဖြစ်သွားတယ်"
လွန်ခဲ့သည့် တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ဂျန်ဟာယောင်းထံမှ ကျနော် ကြားသိခဲ့ရသည်။ အမှန်ပင် စိတ်ဝင်စားစရာ အကောင်းဆုံးမှာ ယူဂျွန်ဟော့အကြောင်း ဖြစ်၏။
"သူက အုပ်ချုပ်ခွင့်ကို ငြင်းပယ်လိုက်တာလား"
"ဟုတ်တယ်။ သူက စော်ဘွားတော့ လုပ်မယ်၊ ဒါပေမဲ့ ဒီနေရာကို အုပ်ချုပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာ။ အဲဒါကြောင့် အားလုံးက အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတာပေါ့"
အခြေအနေက ရှင်းလှသည်။ ဖြစ်နိုင်သည်မှာ ယူဂျွန်ဟော့သည် သူ၏ ‘လွှမ်းမိုးထားသော်လည်း မအုပ်ချုပ်ဘူး’ ဆိုသည့် ဆောင်ပုဒ်အတိုင်း လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။ သူ ပြောခဲ့သည့်အတိုင်းပင်။ ထိုစိတ်ကူးမှာ ကောင်းသော်လည်း အခြေအနေမှာမူ ဆိုးရွားလှသည်။
"စက်မှုဇုန်ရဲ့ စနစ်က ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တော့မှာပေါ့။ အခြေအနေကို သေသေချာချာ မစီစဉ်ဘဲနဲ့ အဲဒီလို ကြေညာလိုက်တာက လုံခြုံရေး ပြဿနာတွေကိုပဲ ဖြစ်လာစေလိမ့်မယ်"
"အဲဒါကြောင့်ပဲ အခု နိုင်ငံသားတွေက စိတ်လှုပ်ရှားနေကြတာလေ"
အစွမ်းထက်သော အာဏာရှင်တစ်ဦးသည် လူသားတို့၏ လောဘဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ထိုကဲ့သို့သော အာဏာရှင်တစ်ဦးက သူ၏ အာဏာကို စွန့်လွှတ်လိုက်သောအခါ...
ပြည်သူတို့၏ စုပြုံနေသော လောဘဆန္ဒများသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။
「 "ငါ သေသွားရင် စက်မှုဇုန်ရဲ့ အမှောင်ထုတွေ ပျောက်ကွယ်သွားမယ်လို့ မင်းက ထင်နေတာလား" 」
ထိုစကားမှာ ‘Ways of Survival’ ထဲမှ စစ်ဝစ်ဇ် စော်ဘွား ပြောခဲ့သည့် စကားများပင်။ သူပြောခဲ့သည်မှာ မှန်ကန်ကြောင်း ကျနော် နောက်တစ်ကြိမ် ထပ်မံတွေးတောမိသည်။ အုပ်စိုးသူ ပြောင်းလဲသွားရုံမျှဖြင့် စက်မှုဇုန်မှာ ရုတ်တရက်ကြီး ပြောင်းလဲသွားမည် မဟုတ်ပေ။ အစွမ်းထက်သော အာဏာရှင်စနစ် ကွယ်ပျောက်သွားခြင်းကြောင့် လူတို့၏ ဖုံးကွယ်ထားသော လောဘဆန္ဒများသည် ပိုမို၍ပင် ပေါ်လွင်လာပေလိမ့်မည်။
"ဟေ့… အဲဒီ အပိုင်းအစကို ငါ့ကိုပေးစမ်း"
"မ-မပေးနိုင်ဘူး။ ငါ အရင်ကောက်ရတာ"
စောင့်ဆိုင်းနေခဲ့ကြသည့်အလား အော်ဟစ်သံများ ထွက်ပေါ်လာရာ ဂျန်ဟာယောင်းနှင့် ကျနော်သည် ပြိုင်တူ ခေါင်းလှည့် ကြည့်လိုက်မိသည်။ လမ်းကြားတစ်ခုအတွင်း လူအုပ်ကြီးက ကိုယ်စားလှယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်နေကြသည်။ အခြေအနေမှာ ရှင်းလှသည်။
သူတို့သည် စက်ရုံမှ ထွက်လာသော ဇာတ်လမ်း အပိုင်းအစတစ်ခုအတွက် လုယက်နေကြခြင်း ဖြစ်သည်။ ကျနော် ဝင်ရောက်တားဆီးရန် ပြင်လိုက်စဉ်မှာပင် ဂျန်ဟာယောင်းက ကျနော့်ကို တားဆီးလိုက်သည်။
"နေဦး။ ခဏစောင့်ကြည့်ပါဦး"
"…ဘာလို့လဲ"
" သတင်းတစ်ခု ရထားတယ်လို့ ကျုပ် ပြောထားတယ်လေ"
"ဘာသတင်းလဲ"
" ‘ပြစ်ဒဏ်ပေးသူ’ က ဒီကို ရောက်လာလိမ့်မယ်"
" ပြစ်ဒဏ်ပေးသူ ဟုတ်လား"
ထိုကဲ့သို့သော အမည်နာမမျိုးကို ကျနော် တစ်ခါမျှ မကြားဖူးခဲ့ပေ။ တော်လှန်ရေး ဇာတ်ဝင်ခန်း သို့မဟုတ် ‘Ways of Survival’ ထဲတွင်လည်း ထိုကဲ့သို့သော အဆင့်အတန်းမျိုး မရှိခဲ့ပေ။ ကျနော့်၏ သံသယကို ဂျန်ဟာယောင်းက ရိပ်မိသွားပြီး ထပ်လောင်းပြောပြသည်။
"ဒါက နိုင်ငံသားတွေ ပေးထားတဲ့ နာမည်ပြောင်ပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းက အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနေတာလေ..."
ထိုစဉ် လမ်းကြားထဲမှ အမျိုးသားတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"သူ့ကို သတ်ပြီး အဲဒါကို လုယူလိုက်ကြတော့"
ထိုလူများသည် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြရာ လူသတ်ပွဲတစ်ခု ဖြစ်တော့မည့်အလားပင်။ ကျနော်သည် ပြစ်ဒဏ်ပေးသူကို စောင့်မနေတော့ဘဲ အရင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ခါးကြားရှိ ဓါးကို ကိုင်ရန် ကျနော်ပြင်လိုက်စဉ်မှာပင် လမ်းကြားအတွင်းသို့ သွယ်လျသော အရိပ်တစ်ခု ပေါ်လာခဲ့သည်။
"ရပ်လိုက်ကြစမ်း"
နက်မှောင်သော ဝတ်ရုံကြီးကို ခြုံထားသည့် အမျိုးသမီးတစ်ဦးသည် တံတိုင်းပေါ်တွင် ရပ်နေသည်။ ဝတ်ရုံကြောင့် ထိုအမျိုးသမီး၏ လက်နက်ကိရိယာများကို သေချာမမြင်ရသော်လည်း မျက်နှာကိုမူ အလွန်ပင် ထင်ထင်ရှားရှား မြင်နေရလေသည်။ သူ၏မျက်နှာမှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကနှင့် မသက်ဆိုင်သည့်အလား အခြားသော နယ်ပယ်တစ်ခုမှ ရောက်လာသည့်အသွင်မျိုးပင် ဖြစ်သည်။ လေထဲတွင် ဝေ့ဝဲနေသော သူ၏ ခါးအထိရှည်သည့် ဆံနွယ်များကို ကြည့်ရင်း ကျနော်သည် အလွန်ပင် အံ့အားသင့်သွားရသည်။
…‘Ways of Survival’ ထဲမှာ ဒီလိုလူမျိုး ပါခဲ့လို့လား။ ရုတ်တရက်ဆိုသလိုပင် လှပခြင်းကို ဖော်ပြသည့် ချီးမွမ်းစကားလုံးတိုင်း၏ အဓိပ္ပာယ်ကို တွေးမိသွားတော့သည်။
နက်မှောင်၍ စူးရှသော မျက်ဝန်းများသည် သပ်ရပ်လှပသော မျက်ခုံးအစုံအောက်တွင် တည်ရှိနေသည်။ ကမ္ဘာပေါ်ရှိ လှပခြင်းကို တိုင်းတာသည့် စံနှုန်းအားလုံးမှာ တစ်ပြိုင်နက်တည်း ပြိုလဲသွားသကဲ့သို့ပင်။ သူ၏မျက်နှာမှာ နက္ခတ်တစ်ပါး၏ ဘွဲ့အမည်များဖြင့်ပင် ဖော်ပြရန် မဖြစ်နိုင်သော မျက်နှာမျိုး ဖြစ်သည်။ ကျနော့်အနေဖြင့် အားမလိုအားမရ ဖြစ်စွာဖြင့် ထိုမျက်နှာကို ဖော်ပြရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
「 ဒီမိန်းမရဲ့မျက်နှာက ယူဂျွန်ဟော့ရဲ့ ပါးကို သုံးချက်ဆင့်ရိုက်နိုင်လောက်တဲ့ အလှတရားမျိုး ဖြစ်နေတာက လုံးဝကို သံသယဖြစ်စရာမရှိဘူး။ 」
‘Ways of Survival’ ထဲတွင် ထိုကဲ့သို့သော ဖော်ပြချက်မျိုး မရှိခဲ့ဖူးပေ။ မူရင်းဝတ္ထုထဲတွင် ဂျန်ဟာယောင်းကို အလွန်ဆုံး တင်စားထားလှမှ ‘ယူဂျွန်ဟော့၏ ပါးကို နှစ်ချက်ရိုက်နိုင်သည့် အလှမျိုး’ ဟုသာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ကျနော် ဆွံ့အမှင်သက်နေစဉ်မှာပင် ယူဂျွန်ဟော့ကို ပါးနှစ်ချက်ရိုက်နိုင်သူက ပြောလိုက်သည်။
"ဟိုးမှာ... လာပြီ။ အဲဒါ ပြစ်ဒဏ်ပေးသူပဲ" ဟု တိုးတိုးလေး ပြောလိုက်သည်။
ထိုအမျိုးသားများသည် အမျိုးသမီး၏ အလှတရားတွင် နစ်မျောနေကြပြီးမှ သတိပြန်ဝင်လာကြသည်။ သူတို့၏ နှုတ်ခမ်းများ လှုပ်ရှားသွားပုံအရ ဘာပြောတော့မည်ကို ကျနော် သိနေသည်။ သူတို့ ပါးစပ်မဟနိုင်မီမှာပင် တစ်စုံတစ်ခုက လှုပ်ရှားသွားသည်။ ထို့နောက် တစ်စုံတစ်ခု မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ခဏအကြာမှသာ အမျိုးသားတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"အား... အားးးး"
လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရသည့် အမျိုးသားမှာ နာကျင်စွာ အော်ဟစ်နေပြီး ကျန်ရှိနေသောသူများမှာမူ အခြေအနေကို ရိပ်မိကာ စတင်ထွက်ပြေးကြတော့သည်။ သူတို့ မရင်ဆိုင်နိုင်သည့် ရန်သူမျိုးဖြစ်ကြောင်း သတိထားမိသွားကြခြင်းပင်။ ကယ်တင်ခြင်းခံလိုက်ရသည့် အမျိုးသားပင်လျှင် ထိတ်လန့်တကြားဖြင့် လမ်းကြားထဲမှ ပြေးထွက်သွားခဲ့သည်။ ခဏချင်းအတွင်းမှာပင် လမ်းကြားထဲ၌ ဖြတ်တောက်ခံထားရသော လက်မောင်းတစ်ဖက်နှင့် ထိုအမျိုးသမီးသာ ကျန်ရစ်ခဲ့တော့သည်။
ဂျန်ဟာယောင်းသည် ဓါးကို တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားသော အမျိုးသမီးကို ကြည့်ကာ ချီးကျူးစကား ဆိုလိုက်သည်။
"ကြည့်လိုက်စမ်းပါဦး။ သူက တကယ် မိုက်တယ်မဟုတ်လား။ ခင်ဗျားပဲ ကျုပ်ကို အသုံးဝင်မယ့်သူတွေ ရှာခိုင်းထားတာလေ။ ကျုပ် မနေ့က သူ့ကို စကားပြောဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ သူက ရုတ်တရက်ကြီး ပျောက်ကွယ်သွားလို့—"
ထိုအမျိုးသမီး၏ ဓါးသိုင်းမှာ ရက်စက်လှသော်လည်း သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း တိကျစွာ လှုပ်ရှားသွားခြင်း ဖြစ်သည်။ အံ့သြစရာအကောင်းဆုံးမှာ ဓါးချက်၏ အရှိန်ပင် ဖြစ်သည်။ ကျနော် ရေရွတ်မိလိုက်သည်။
"ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလောက်အဆင့်ရှိတဲ့ ဓါးသိုင်းမျိုး မရှိနိုင်ဘူး"
"ဘာပြောလိုက်တာလဲ"
ဂျန်ဟာယောင်းကတော့ သတိမထားမိလောက်သော်လည်း ကျနော်ကတော့ အသေအချာ သတိပြုမိလိုက်သည်။ ယခုအချိန်ကာလတွင် ဤမျှလောက် မြန်ဆန်သော အရှိန်မျိုးမှာ အဆင့်ကျော်လွန်သူများသာ တတ်စွမ်းနိုင်ခြင်း ဖြစ်၏။ ကျနော့်၏ ရင်ခုန်သံများမှာ ကျယ်လောင်လာခဲ့သည်။
ဤအမျိုးသမီးက မည်သူမည်ဝါဖြစ်ကြောင်း ကျနော် မသိသော်လည်း သူ့ကိုသာ ကျနော့်အပေါင်းအဖော်အဖြစ် သိမ်းသွင်းနိုင်မည်ဆိုပါက မိစ္ဆာဘုရင် ရွေးချယ်ပွဲတွင် ကြီးမားသော အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။ နက်မှောင်သော ဝတ်ရုံခြုံထားသည့် အမျိုးသမီး နောက်လှည့်လိုက်သည့် အချိန်မှာပင် ကျနော်သည် တုံ့ဆိုင်းမနေဘဲ လမ်းကြားထဲသို့ ခုန်ဝင်လိုက်သည်။
"ဟေ့"
ကျနော်သည် ထိုအမျိုးသမီးနှင့် စကားပြောနေစဉ်အတွင်း ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသုံးပြုကာ သတင်းအချက်အလက်များ ရယူရန် စီစဉ်ထားသည်။ ထိုအမျိုးသမီး၏ ဝိသေသလက္ခဏာ ဇယားကိုသာ မြင်တွေ့နိုင်မည်ဆိုပါက စည်းရုံးရသည်မှာ ပိုမိုလွယ်ကူပေလိမ့်မည်။ အကယ်၍ ကျနော် ကံကောင်းမည်ဆိုလျှင်...
"အု..."
ကျနော် အမျိုးသမီးအနားသို့ ချဉ်းကပ်ပြီး စွမ်းရည်ကို အသုံးမပြုနိုင်မီမှာပင် ခြေလှမ်းများ ရပ်တန့်သွားရသည်။ ထိုအမျိုးသမီး၏ မျက်ဝန်းများက ကျနော့်ကို စိုက်ကြည့်နေခဲ့သည်။ ကျနော့်ဆီသို့ စီးဆင်းလာသော ကြောက်မက်ဖွယ် ခံစားချက်များကြောင့် ကျနော် တုန်လှုပ်သွားရသည်။ အလွန်တရာ ပြင်းထန်လှသော နာကျည်းမှုနှင့် ဒေါသတရားများသည် ကျနော့်ဆီသို့ ဦးတည်နေခဲ့သည်။ ရေတံခွန်ကြီးတစ်ခုသဖွယ် စီးဆင်းလာသော ထိုခံစားချက်များကြောင့် ကျနော်မှာ ဆွံ့အသွားခဲ့ရသည်။
…ဒီမိန်းကလေးက ဘယ်သူလဲ။ သူက ငါ့ကို သိနေတာလား။
…အဲဒါထက်... သူက ဘာလို့ ငါ့ကို ဒီလောက်တောင် မုန်းနေရတာလဲ။
***