ကျနော်သည် တဟုန်ထိုး စီးဝင်လာသော ဒေါသနှင့် နာကျည်းမှုလှိုင်းလုံးများကို အတတ်နိုင်ဆုံး ကြံ့ကြံ့ခံရင်း ‘ပြစ်ဒဏ်ပေးသူ’ ဆီသို့ အော်ဟစ်ပြောဆိုလိုက်သည်။
"နေဦး။ ခဏလေးပါ"
ထိုစဉ် နက္ခတ်များ၏ မက်ဆေ့ချ်များက ကျနော့်ခေါင်းထဲသို့ စီးဝင်လာခဲ့သည်။
[ရွှေခေါင်းကွင်း၏အကျဉ်သားနက္ခတ်သည် အလွန်အမင်း အံ့အားသင့်သွားပါသည်။]
[နက္ခတ်အချို့က သင်၏ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်နေကြပါသည်။]
[ရွှေခေါင်းကွင်း၏အကျဉ်သားနက္ခတ်သည် သင့် အကြည့်ကြောင့် ပြင်းထန်သော နေမထိထိုင်မသာဖြစ်မှုကို ခံစားနေရပါသည်။]
ဟင်။ ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး...
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ချန်နယ်ထဲသို့ ဝင်ရောက်လာပါသည်။]
…ဪ။ ယူရီအယ်ပဲ။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် အံ့အားသင့်သွား ပါသည်။]
အက်စ်မိုးဒီအက်စ်နှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ ယူရီအယ် ချန်နယ်ထဲသို့ ဝင်ရောက်လာခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ ပြဿနာမှာ နောက်ဆက်တွဲ ရောက်ရှိလာသော နက္ခတ်များ၏ မက်ဆေ့ချ်များပင် ဖြစ်သည်။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ဘာတွေဖြစ်ပျက်နေသလဲဟု မေးမြန်းနေပါသည်။]
[ရွှေခေါင်းကွင်း၏အကျဉ်သားနက္ခတ်က သူလည်း သေသေချာချာ မသိကြောင်း ပြောဆိုနေပါသည်။]
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သောနက္ခတ်သည် တခိခိ ရယ်မောနေပါသည်။]
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ‘အက်စ်ဂတ်’ နက်ဗျူလာဆီသို့ ဦးတည်သွားနေပါသည်။]
နက္ခတ်များဆီမှ ရုတ်တရက် အဆက်မပြတ် ရောက်ရှိလာသော မက်ဆေ့ချ်များကြောင့် ကျနော် သတိပြန်ဝင်လာခဲ့သည်။ ဒါက ဘာအခြေအနေကြီးလဲ။ သူတို့က ဘာလို့ ကျနော့်ကို ဝိုင်းပြီး လက်ညှိုးထိုးနေကြတာလဲ...
ကျနော် နက္ခတ်များ၏ မက်ဆေ့ချ်များကြောင့် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် ပြစ်ဒဏ်ပေးသူမှာ လမ်းကြားထဲမှ အမြန်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"အာ… နေဦးလေ"
နှမြောစရာကောင်းလှပေသည်။ ဤသည်က တော်ရုံတန်ရုံ ရခဲလှသော အပေါင်းအဖော်ကောင်း တစ်ဦးကို ရရှိနိုင်မည့် အခွင့်အရေးပင်။
ဂျန်ဟာယောင်းက ကျနော့်နောက်သို့ ယခုမှ လိုက်လာပြီး မေးလိုက်သည်။
"ဘယ်လိုလဲ။ သူက တကယ်လှတယ် မဟုတ်လား"
"သူ ဘယ်တုန်းက ပေါ်လာတာလဲ"
"လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကပါ။ သူ့ရဲ့ အလှတရားတင်မကဘဲ အစွမ်းကလည်း ကြောက်စရာကောင်းလောက်အောင် ထူးချွန်တယ်ဆိုတဲ့ ကောလဟာလက မြန်မြန်ဆန်ဆန်ပဲ ပြန့်သွားတာလေ။ ဒါပေမဲ့ သူ့ကို အမိဖမ်းဖို့တော့ ခက်တယ်"
"သူ မနက်ဖြန်ရော လာဦးမှာလား"
ထိုအမျိုးသမီး၏ ဓါးသိုင်းအစွမ်းကို ကျနော် သေသေချာချာ မသိရသေးသော်လည်း မိစ္ဆာဘုရင် ရွေးချယ်ပွဲတွင်တော့ အားကိုးရမည့်သူ ဖြစ်လာမှာ အသေအချာပင်။
ဒါနဲ့ နေဦး၊ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ။ မူရင်း ‘Ways of Survival’ ထဲမှာလည်း မပါခဲ့ဖူးပါဘူး...
"သူက နေ့တိုင်းလာနေကျဆိုတော့ မနက်ဖြန်လည်း လာမှာပါ။ ဘာလဲ၊ ခင်ဗျားက သူ့အလှမှာ နစ်မျောသွားပြီလား"
"အဲလို မဟုတ်ပါဘူး"
"နောက်တာပါ၊ နောက်တာ။ ခင်ဗျားက မိန်းကလေးတွေကို စိတ်မဝင်စားဘူးဆိုတာ ကျုပ်သိပါတယ်"
"…အဲဒါကို ဘယ်သူပြောတာလဲ"
ဘယ်လိုဖြစ်ပြီး ဒီလို ကောလဟာလမျိုးက ထွက်လာရတာလဲဟ။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် သင့်ကို စိုက်ကြည့်နေပါသည်။]
…ထိုကောလဟာလ ဘယ်ကနေ စတာလဲဆိုတာကို ကျနော် သိလိုက်ပြီ ထင်သည်။
"မတွေ့ရတာ ကြာပြီနော်၊ ယူရီအယ်"
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ‘ဟွန့်’ ခနဲ နှာခေါင်းရှုံ့လျက် ဂုဏ်ယူဝင့်ကြွားနေပါသည်။]
ကျနော်သည် ယူရီအယ်နှင့်အတူ ဆေးကုသဆောင်သို့ ပြန်လာစဉ် ယူရီအယ်၏ သွယ်ဝိုက်သော မက်ဆေ့ချ်များကို နားထောင်နေခဲ့သည်။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် မိမိကိုယ်ကိုယ် ပြန်လည်ချီးမွမ်းခန်းဖွင့်နေပါသည်။]
ယူရီအယ် ပြောပြသမျှ ဇာတ်လမ်းအများစုမှာ ယူရီအယ်အနေဖြင့် ယူဂျွန်ဟော့ကို မိစ္ဆာနယ်မြေသို့ သွားရောက်ရန် မည်သို့မည်ပုံ စည်းရုံးခဲ့ရသည်ဆိုသည့် အကြောင်းအရာများပင် ဖြစ်သည်။ ထင်ထားသည့်အတိုင်း ကျနော့်ကို ကယ်တင်ရန် ယူဂျွန်ဟော့ကို တိုက်တွန်းခဲ့သူမှာ ယူရီအယ်ပင် ဖြစ်သည်။ ကျနော် တွေးထားခဲ့သလိုပါပဲ။ ယူဂျွန်ဟော့ဆိုသည့်ကောင်သည် သူ့ဘာသာသူ ကျနော့်ကို ကယ်ဖို့ ဒီကို လာမည့်သူ မဟုတ်ပေ။
"ခင်ဗျားရဲ့ ကိုယ်စားပြုခန္ဓာကိုယ်ကို အခု ပြင်ဆင်နေပါတယ်။ အဲဒါပြီးသွားရင်တော့ ခင်ဗျား အထဲကို ပြန်ဝင်လို့ ရပါပြီ"
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲနေပါသည်။]
"ဒါနဲ့ နေဦး။ ယူဂျွန်ဟော့ကို ခင်ဗျား ဘယ်လို ကိုယ်ပိုင်ဇာတ်ဝင်ခန်းမျိုး ပေးခဲ့တာလဲ။ နတ်ခေါင်ချုပ် တစ်ယောက်အနေနဲ့ မိစ္ဆာနယ်မြေထဲမှာ ကိုယ်ပိုင်ဇာတ်ဝင်ခန်းတစ်ခု ထုတ်ပြန်ပေးဖို့ဆိုတာ အန္တရာယ်များလွန်းတယ် မဟုတ်လား"
အမှန်တကယ်တွင် ယူရီအယ်ကဲ့သို့ အဆင့်မြင့်နက္ခတ်တစ်ဦး မိစ္ဆာနယ်မြေသို့ လာရောက်ခြင်းမှာ အလွန်အန္တရာယ်ကြီးလှသည်။
အေဒင် နက်ဗျူလာသည် မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင် ၇၂ ပါးနှင့် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုထားသည်။ ဖြစ်နိုင်သည်မှာ ယူရီအယ်သည် ထိုအချက်ကို သတိပြုမိသဖြင့် ကိုယ်စားလှယ်ခန္ဓာကိုယ်အစား ကိုယ်စားပြုခန္ဓာကိုယ်အဖြစ်နှင့်သာ ကိုယ်ရောင်ပြခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက အက်စ်မိုးဒီအက်စ်နှင့် ရင်ဆိုင်ရစဉ်က ယူရီအယ်သည် ဤမျှလောက် အားနည်းနေမည် မဟုတ်ပေ။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် စိတ်ပျက်အားငယ်သော မျက်နှာအမူအရာ ပြုလုပ်နေပါသည်။]
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်က ယခုအခါတွင်မူ ထိုအရာများမှာ အရေးမကြီးတော့ကြောင်း ပြောဆိုနေပါသည်။]
ယူဂျွန်ဟော့နှင့် ယူရီအယ်တို့ကြားရှိ ဆက်နွယ်မှု ပြတ်တောက်သွားပြီးနောက် ယူရီအယ်၏ ကိုယ်ပိုင်ဇာတ်ဝင်ခန်း မှာလည်း အတင်းအကျပ် ဖျက်သိမ်းခြင်း ခံလိုက်ရသည်။ ယူဂျွန်ဟော့ ပြောပြချက်အရမူ သူသည် အခြားသော ကိုယ်ပိုင်ဇာတ်ဝင်ခန်း တစ်ခုကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
ကျနော်သည် ယူရီအယ်၏ စကားများကို နားထောင်နေစဉ် ဂျန်ဟာယောင်းက ကြားဖြတ်မေးမြန်းလာသည်။
"ခင်ဗျားက နက္ခတ်တွေနဲ့ ဘယ်လိုလုပ် ဒီလောက် ရင်းနှီးနေရတာလဲ"
"ငါကိုယ်တိုင်ကလည်း နက္ခတ်တစ်ပါးမလို့လေ"
"…ဘာ။ ခင်ဗျား နောက်နေတာလား"
"ငါက နက္ခတ်တစ်ပါးဆိုတဲ့အကြောင်းကို မင်းကို မပြောရသေးဘူးလား"
ဂျန်ဟာယောင်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာသည်။
"နက္ခတ်ဆိုတာ... ကောင်းကင်ပေါ်က သက်ရှိတွေလား။ မနက်က ပေါ်လာတဲ့ မံမီရုပ်ကြီးလိုမျိုးလား"
"ယေဘုယျအားဖြင့်တော့ ဟုတ်တာပေါ့"
"အဲဒါကြောင့်ပဲ ဘွဲ့အမည်ဆိုတာ ရှိတာလေ။ နက္ခတ်တစ်ပါးဟာ အဲဒီဘွဲ့အမည်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ရှင်သန်ကြတာ..."
စဉ်းစားကြည့်မှ ထိုကဲ့သို့သော သတ်မှတ်ချက်ရှိကြောင်း သတိရမိသည်။ နက္ခတ်များ၏ သဘာဝမှာ ဘွဲ့အမည်၏ အနှစ်သာရအတွင်း၌ ကိန်းဝပ်နေကြခြင်း ဖြစ်သည်။ ကျနော်ကတော့ နက္ခတ်ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ပျက်ဆီးသွားခဲ့သဖြင့် ထိုအနှစ်သာရကို မမြင်နိုင်ခဲ့ပေ...
"ဟုတ်တယ်။ အဲဒီနက္ခတ်တွေကြောင့်ပဲ"
"ဒါဆိုရင် ခင်ဗျားရဲ့ ဘွဲ့အမည်က ဘာလဲ..."
ဂျန်ဟာယောင်းသည် ကျနော့်၏ နက္ခတ်အဆင့်အတန်းကို သတိပြုမိသွားပြီး သတိထား၍ စကားပြောလာသည်။ ကျနော် မပြုံးဘဲ မနေနိုင်တော့ပေ။ ဒီကောင် ကျနော် မည်သူမှန်း သိသွားလျှင်တော့ သေချာပေါက် အံ့သြသွားပေလိမ့်မည်။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ‘ဂျန်ဟာယောင်း’ ကိုယ်စားလှယ်အပေါ် သတိကြီးစွာ ထားနေပါသည်။]
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ‘ဂျန်ဟာယောင်း’ ကိုယ်စားလှယ်ကို အလွန်အကျွံ ရင်းရင်းနှီးနှီး မနေရန် သတိပေးနေပါသည်။]
"အု..."
ဂျန်ဟာယောင်းသည် ယူရီအယ်၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသဖြင့် ကျနော့်အနားမှ အမြန်ဆုတ်ခွာသွားသည်။
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် နတ်သမီးလေးကဲ့သို့ ချိုသာစွာ ပြုံးပြနေပါသည်။]
အဲဒီနတ်သမီးက ဘာလို့ သူ့ကို အဲဒီလို သွားပြောရတာလဲ။
ကျနော် ဆေးကုသဆောင်ထဲသို့ ဝင်လိုက်ရာ ယူဂျွန်ဟော့သည် စားပွဲတွင် အေးအေးလူလူ ထိုင်ရင်း လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသည်။
"မင်း နောက်ကျလိုက်တာ"
"ဘာလဲဟ။ မင်းက ရောက်နေပြီလား"
သူ ဘယ်ကို သွားခဲ့သည်လဲတော့ မသိသော်လည်း ယူဂျွန်ဟော့၏ ဖိနပ်များမှာ ရွှံ့များ ပေကျံနေသည်။ လက်ဖက်ရည်မှာလည်း အမျိုးအစား ပြောင်းလဲသွားသည်။
ဒီမှာ ဆေးဖက်ဝင် လက်ဖက်ရည်တွေ ရှိနေတာလား။
စဉ်းစားကြည့်မှ ဒီအေပေးလေးက အရသာခံရာတွင် အလွန် ထက်မြက်သူဖြစ်၏။
ယူဂျွန်ဟော့က ကျနော့်နောက်မှ ဂျန်ဟာယောင်းကို လှမ်းကြည့်လိုက်သည်။
"သူက မင်းပြောတဲ့လူလား"
"ဟုတ်တယ်"
ကျနော် ပြန်ဖြေလိုက်ရာ ဂျန်ဟာယောင်းက ရှေ့သို့ လှမ်းလာသည်။
"…ဒါက စော်ဘွားအသစ်လား။ ဟိုင်း…ကျုပ်က အက်စလန်ပါ"
"မင်းက ရိုင်းစိုင်းတဲ့ ကောင်ပဲ"
"ဆောရီးပဲ။ တကယ်တော့ ကျုပ်က သောက်ကောကောင်မပါ"
သူတို့နှစ်ဦး၏ အကြည့်များမှာ လေထဲတွင် ထိပ်တိုက် တွေ့သွားကြသည်။ အခြေအနေမှာ အနေရခက်လာသည်ကို ကျနော် ခံစားမိသဖြင့် အမြန်ဝင်တားလိုက်ရသည်။
"အခုမှ မင်းတို့က ပထမဆုံး ဆုံဖူးတာလား။ ယူဂျွန်ဟော့… မင်း လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီကို ရောက်နေတာ မဟုတ်လား"
"နှုတ်ဆက်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါနဲ့ မင်းရဲ့ အပေါင်းအဖော်သစ်က ယောက်ျားလား၊ မိန်းမလားတောင် မကွဲပြားတဲ့သူလား"
"အေး"
" အားနည်းတဲ့သူတွေကို ငါ မကြိုက်ဘူး"
"…ကျုပ်က အားမနည်းပါဘူးနော်"
ဂျန်ဟာယောင်းက ရင်ကို ကော့ကာ ပြန်ပြောလိုက်သော်လည်း ယူဂျွန်ဟော့၏ မျက်လုံးထဲတွင်တော့ သူက ဘာမှမဟုတ်ပေ။ သူ့ထံတွင် ‘အမည်မသိတံတိုင်း’ ရှိနေနိုင်သော်လည်း အဆင့်ကျော်လွန်သူ ယူဂျွန်ဟော့နှင့် ယှဉ်လျှင်မူ အင်အားမှာ မလုံလောက်သေးပေ။ သူတို့နှစ်ဦးလုံးမှာ အဓိကဇာတ်ကောင်များ ဖြစ်ကြသော်လည်း ယူဂျွန်ဟော့ကတော့ ပထမဆုံးသော ဇာတ်လိုက် ဖြစ်လေသည်။
ယူဂျွန်ဟော့က လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"သူက စောင့်ရကျိုးနပ်တဲ့သူ မဟုတ်ဘူး။ မင်းပြောတဲ့ အပေါင်းအဖော်ဆိုတာ ဒီကောင်တစ်ယောက်ထဲတော့ မဟုတ်ပါဘူးနော်"
စိတ်ဆိုးသွားသော ဂျန်ဟာယောင်းကိုယ်စား ကျနော် အမြန်ပြန်ဖြေလိုက်သည်။
"ဪ။ နောက်ထပ် တစ်ယောက် ရှိသေးတယ်။ အဲဒီလူနဲ့တော့ စကားမပြောရသေးဘူး။ ဒါပေမဲ့ အတော်လေး အားကိုးရလောက်မယ်ကွ"
"ဘယ်သူလဲ"
"သူ့ကို ‘ပြစ်ဒဏ်ပေးသူ’ လို့ ခေါ်ကြတယ်။ ခုနလေးတင်ပဲ ပေါ်လာတာ၊ သူက အများကြီး အကူအညီ ဖြစ်စေလိမ့်မယ်လို့ ငါ ထင်တယ်"
ကျနော့်စကားကြောင့် ယူဂျွန်ဟော့၏ မျက်နှာထားမှာ ရှုပ်ထွေးသွားသည်။
"အဲဒီလူကတော့ မဖြစ်နိုင်ဘူး"
"ဘာလို့လဲ"
"ငါ သူ့ကို အပေါင်းအဖော်အဖြစ် စည်းရုံးဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့တယ်"
"မင်း သူ့ကို ဘာတွေပြောလိုက်လို့လဲ။ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလိုက်တာလား။ ဥပမာ- ငါ့အပေါင်းအဖော် မလုပ်ရင် မင်းကို သတ်ပစ်မယ် ဆိုတာမျိုးလား—"
ယူဂျွန်ဟော့၏ ဒေါသထွက်နေသော မျက်နှာထားကြောင့် ကျနော် စကားစ ရပ်သွားရသည်။ ယူဂျွန်ဟော့က ဤသို့ ပြောနေသည်ဆိုလျှင် ခိုင်လုံသော အကြောင်းပြချက်တစ်ခုခုတော့ ရှိပေလိမ့်မည်။ ကျနော် မသိသော်လည်း ဖြစ်နိုင်သည်မှာ သူနှင့် ထိုအမျိုးသမီးကြားတွင် ယခင်က ချစ်ခြင်း သို့မဟုတ် မုန်းခြင်းနှင့် ပတ်သက်သည့် ဆက်နွယ်မှုတစ်ခုခု ရှိခဲ့ဖူး၍လား မသိပေ။
ယူဂျွန်ဟော့နဲ့ ထိုကဲ့သို့သော ဆက်နွယ်မှု ရှိရအောင် ထိုအမျိုးသမီးက ဘယ်သူများလဲ။ ထိုအမျိုးသမီးက မူရင်းထဲမှာ မပါခဲ့ဖူးပါဘူး... မဟုတ်ဘူး၊ မူရင်းဇာတ်လမ်းက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဆိုတော့ ဇာတ်လမ်းသစ်တစ်ခု ဖြစ်နေနိုင်တာပဲလေ။ အဲဒါကို မကြာခင် ငါ ရှာဖွေကြည့်ရမယ်။
"ဒါဆိုရင်တော့ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်..."
ကျနော်စိုက်ကြည့်သည်ကို ခံလိုက်ရသော ဂျန်ဟာယောင်းက စူပုပ်ပုပ် မျက်နှာထားဖြင့် ပြန်ပြောလာသည်။
"ဘာလဲ... ဘာဖြစ်လို့လဲ"
"ငါ ခိုင်းထားတာကိုရော သေသေချာချာ လုပ်ထားရဲ့လား"
"လုပ်ထားတာပေါ့"
"ငါ ပြောထားတဲ့ အဆင့်ကျော်လွန်သူအကြောင်းကော ဘာထူးလဲ"
"အကြောင်းပြန်စာ ရပြီ။ လာကြည့်လိုက်"
ဂျန်ဟာယောင်းနှင့် ကျနော်တို့၏ စကားပြောဆိုမှုကို နားထောင်နေသော ယူဂျွန်ဟော့က မျက်မှောင်ကြုတ်ကာ မေးလာသည်။
"အဆင့်ကျော်လွန်သူ ဟုတ်လား။ မင်း ဘာအကြောင်း ပြောနေတာလဲ"
"ဪ။ ဒီကောင်က တခြားသော ဇာတ်ဝင်ခန်းတွေက သက်ရှိတွေနဲ့ ဆက်သွယ်နိုင်စွမ်း ရှိတယ်လေ။ သူက တော်တော်လေး အသုံးဝင်တယ် မဟုတ်လား"
ဤသည်က ယူဂျွန်ဟော့ထံတွင် ဂျန်ဟာယောင်း၏ စွမ်းရည်ကို ကြော်ငြာလိုက်ခြင်း ဖြစ်သော်လည်း ယူဂျွန်ဟော့၏ မျက်နှာမှာမူ အလိုမကျသေးပေ။
"အဲဒီတော့ ဘာဖြစ်လဲ"
"သူ့ရဲ့ဆက်သွယ်နိုင်စွမ်းက အပေါင်းအဖော်တွေ ဒါမှမဟုတ် ကိုယ်စားလှယ်တွေမှာတင် ကန့်သတ်ထားတာ မဟုတ်ဘူးလေ။ ငါတို့သာ နက္ခတ်တွေ ဒါမှမဟုတ် အဆင့်ကျော်လွန်သူတွေကို စည်းရုံးနိုင်မယ်ဆိုရင်—"
"နက္ခတ်တွေကတော့ မဖြစ်နိုင်ဘူး။ ငါ သူတို့ကို မယုံဘူး"
"ဒါဆို အဆင့်ကျော်လွန်သူတွေဆိုရင်ရော မင်း လက်ခံနိုင်မလား"
"မင်း စိတ်ထဲမှာ တစ်ယောက်ယောက်ကို တွေးထားလို့လား"
ကျနော် ခေါင်းညိတ်ပြလိုက်သည်။
"ငါ ‘ပထမဆုံး သိုင်းလောက’ ကို သွားမလားလို့"
"…ပထမဆုံး သိုင်းလောက ဟုတ်လား"
"အဲဒီနေရာက အဆင့်ကျော်လွန်သူတွေ အပေါများဆုံး နေရာလေ"
"မင်း ဘာတွေးနေလဲဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အဲဒီလူတွေ အားလုံးက နက္ခတ်တွေထက် ပိုသာလွန်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ အဲဒီမှာလည်း မဟာမိစ္ဆာတွေနဲ့ မိစ္ဆာဆိုးကြီးတွေ အများကြီး ရှိနေတာနော်"
"ငါ သိပါတယ်။ ဒါပေမဲ့ တခြားလူတွေလည်း ရှိသေးတယ် မဟုတ်လား"
"သူတို့မှာ သိုင်းသမားပီသတဲ့ စိတ်ဓာတ်လေး နည်းနည်းရှိရုံနဲ့ မင်းကို ကူညီလိမ့်မယ်လို့ ထင်နေတာလား။ သိုင်းလောကထဲက လူတွေထဲမှာ လူကောင်းတစ်ယောက်မှ ရှိခဲ့တာကို ငါ မမှတ်မိဘူး"
ယူဂျွန်ဟော့၏ လေသံထဲတွင် နက်ရှိုင်းသော နာကျည်းမှုများကို ကျနော် ခံစားလိုက်ရသည်။ ပြီးခဲ့သည့် နောက်ပြန်ဆုတ်ခြင်း ဘဝတွင် သူသည် ပထမဆုံး သိုင်းလောက၌ အတွေ့အကြုံ ဆိုးခဲ့ဖူးသောကြောင့် ဤသို့ ပြောခြင်းမှာလည်း အကျိုးအကြောင်းမဲ့တော့ မဟုတ်ပေ။ သို့သော်လည်း—
"အနည်းဆုံးတော့ တစ်ယောက်ကတော့ ကူညီကောင်း ကူညီမှာပါ"
ကျနော်သည် ယူဂျွန်ဟော့၏ ပျက်ယွင်းသွားသော မျက်နှာထားကို ကြည့်ကာ ပျော်ရွှင်သော လေသံဖြင့် ပြောလိုက်သည်။
"ငါက ‘ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်’ ဆီကနေ အကူအညီ တောင်းမလားလို့"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်။ ‘Ways of Survival’ တစ်အုပ်လုံးတွင် အစွမ်းထက်ဆုံးသော အဆင့်ကျော်လွန်သူများထဲမှ တစ်ဦးပင်။ ယခုအချိန်ကာလတွင် ထိုသူတော်စင်မသည် ထိပ်ဆုံးမှာ မရှိသေးသော်လည်း စွမ်းရည်များမှာမူ လုံလောက်မှု ရှိနေလောက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် အခြားသူမဟုတ်ဘဲ ယူဂျွန်ဟော့၏ ဆရာ ဖြစ်နေသောကြောင့်ပင်။
"ဘာလို့ အဲဒီလူကို စည်းရုံးချင်ရတာလဲ"
"အဲ့ဒီသူတော်စင်မက အမှားအမှန် ဒါမှမဟုတ် တရားမျှတမှုတွေမှာ ချုပ်နှောင်ခံထားရတဲ့သူ မဟုတ်ဘူးလေ။ ပြီးတော့ ကိုယ့်ဆရာကိုယ် သွားခေါ်တာက သဘာဝကျပါတယ်။ ဟုတ်တယ်မလား"
ယူဂျွန်ဟော့၏ မျက်နှာထားမှာ ‘ပြစ်ဒဏ်ပေးသူ’ အကြောင်း ပြောတုန်းကထက်ပင် ပိုမို ဆိုးရွားသွားသည်။ တည်ငြိမ်လှသော ယူဂျွန်ဟော့၏ ထိုသို့သော အမူအရာမျိုးမှာ တကယ်ကို မြင်ရခဲလှသည်။ ယူဂျွန်ဟော့သည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး နဖူးတွင်လည်း ချွေးစက်များ စို့လာခဲ့သည်။
"လုံးဝ မဖြစ်နိုင်ဘူး"
"ငါ မရဘူးလို့ ပြောရင် မရဘူး။ အဲဒီလူကတော့ လုံးဝကို...မရဘူး"
ကျနော်သည် ‘Ways of Survival’ ကို ဖတ်ထားသူဖြစ်ရာ ယူဂျွန်ဟော့ ဘာကြောင့် ဤသို့ ပြုမူနေသည်ကို သေချာပေါက် သိနေသည်။ သို့သော်လည်း မတတ်နိုင်ပေ။ ယခုတစ်ကြိမ်တွင်မူ ကျနော့်၏ အစီအစဉ်အတိုင်းသာ လှုပ်ရှားရမည် ဖြစ်သည်။
"မဟုတ်ဘူး။ ငါတို့ သွားမှဖြစ်မယ်။ ငါ လက်မှတ်လည်း ရထားပြီးပြီ"
ဘီယူသည် လေထဲတွင် ဝဲပျံရင်း အသံပြုလိုက်သည်။
[ဘတ်]
နောက်ဆက်တွဲအနေဖြင့် ဇာတ်ဝင်ခန်းသစ် မက်ဆေ့ချ် ပေါ်လာခဲ့သည်။
[ဇာတ်ဝင်ခန်းခွဲအသစ်တစ်ခု ရောက်ရှိလာပါပြီ။]
ပထမဆုံး သိုင်းလောကမှာ လူအများ အဝင်အထွက် အလွန်များသော ဇာတ်ဝင်ခန်း နယ်မြေတစ်ခု ဖြစ်သဖြင့် ဒိုကဲဘီ အိတ်ထဲမှ ကူးပြောင်းမုခ်ဝ လက်မှတ်များကို ဝယ်ယူ၍ ရနိုင်သည်။ ဒင်္ဂါး ၅၀,၀၀၀ ခန့် ကျသင့်မည် ဖြစ်သော်လည်း အားသာချက်မှာ မိမိအလိုရှိသလို အဝင်အထွက် ပြုလုပ်နိုင်ခြင်းပင်။
"ယူဂျွန်ဟော့၊ သေသေချာချာ စဉ်းစားကြည့်ပါဦး။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် တစ်ယောက်တည်းတင် မဟုတ်ဘူး။ အဲဒီမှာ မင်းအတွက် အသုံးဝင်မယ့် အရာတွေ အများကြီး ရနိုင်တယ်လေ"
ပထမဆုံး သိုင်းလောကဆိုသည်မှာ အဆင့် ၂၀ မှ အဆင့် ၄၀ အတွင်းရှိ ဇာတ်ဝင်ခန်းများမှ သိုင်းပညာရှင် အမျိုးမျိုး စုဝေးရာ နေရာဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် သွားမည်ဆိုပါက သတင်းအချက်အလက်များနှင့် လျှို့ဝှက်ချက် အမြောက်အမြားကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။
ယူဂျွန်ဟော့သည် အတော်ကြာ စဉ်းစားနေပြီးမှ မေးလာသည်။
"မင်း ဘယ်တော့ သွားမှာလဲ"
ကျနော် ပြုံးကာ ပြန်ဖြေလိုက်သည်။
"အခုချက်ချင်းသွားမယ်"
***