ပြင်ဆင်မှုများမှာ မကြာမီပင် ပြီးဆုံးသွားခဲ့သည်။ ကျနော်သည် ယူဂျွန်ဟော့ စက်မှုဇုန်ကို အိုင်လင်းထံတွင် အပ်နှံခဲ့ပြီး ကင်ဒေါ့ဂျာ စက်မှုဇုန်ကိုမူ မာ့ခ်နှင့် ကောင်စီဝင်အချို့ထံတွင် လွှဲပြောင်းပေးခဲ့သည်။
…တကယ်တော့ ကင်ဒေါ့ဂျာ စက်မှုဇုန်ဆိုသည့် အမည်ကို ကြားရသည်မှာ တစ်မျိုးကြီးပင် ဖြစ်နေလေသည်။
မိစ္ဆာနယ်မြေထဲမှာ အဲ့ဒီအမည်နဲ့ စက်မှုဇုန်တစ်ခု တကယ်ရှိနေပြီလား။
လူတွေကတော့ စိတ်ကျေနပ်ကြမည် မဟုတ်ဟု ကျနော် တွေးမိသည်။
"ချီးပဲ။ ငါက အရက်ဆိုင်ပိုင်ရှင် သက်သက်ပါဗျာ။ ဒါကြီးကို ငါ့ဆီ ပစ်ထားခဲ့လို့ တကယ်ရော ဖြစ်ပါ့မလား"
"အရက်ဆိုင် ဖွင့်တာနဲ့ အတူတူပါပဲ။ ကျနော် ပြန်လာတဲ့အထိပဲ စောင့်ရှောက်ပေးထားပါ။ လုပ်ပိုင်ခွင့်တချို့ကို လွှဲပေးခဲ့တာမလို့ လုံခြုံရေးပိုင်းကိုတော့ ခင်ဗျား ကိုင်တွယ်နိုင်ပါလိမ့်မယ်"
ကျနော်က ထိုသို့ပြောလိုက်သော်လည်း မာ့ခ်ကမူ မယုံကြည်နိုင်သေးသည့် မျက်နှာထားနှင့်ဖြစ်နေဆဲပင်။
"ဒါပေမဲ့လည်း မင်းရဲ့ မျက်နှာလေးတော့ ပြသွားသင့်တာပေါ့။ စက်မှုဇုန်ကလူတွေ အတော်လေး ဇဝေဇဝါ ဖြစ်ကုန်ကြလိမ့်မယ်"
"အခုလောလောဆယ် ကျနော် အဲဒီကို သွားဖို့ အချိန်မရှိတော့ဘူး"
"တကယ်လို့ တော်လှန်ရေးသမား အသစ်တစ်ယောက် ပေါ်လာရင် ဘယ်လိုလုပ်မလဲ..."
"ဒီနယ်မြေတစ်ခုလုံးက နောက်ထပ် ဇာတ်ဝင်ခန်းဆီကို ကူးပြောင်းသွားပြီလေ။ တော်လှန်ရေးသမားတစ်ယောက်ကတော့ လောလောဆယ် ပေါ်လာဦးမှာ မဟုတ်ပါဘူး"
ကျနော့်စကားကို မာ့ခ်က လက်ခံသွားပုံရသည်။ အနည်းငယ်တော့ စိတ်မချသော်လည်း စက်မှုဇုန်ကို မာ့ခ်ထံတွင် ခေတ္တအပ်နှံထားခြင်းက လုံလောက်မည်ဟု ထင်လေသည်။ မူရင်းဝတ္ထုထဲတွင်လည်း ပျက်စီးသွားသော စက်မှုဇုန်ကို အကောင်းဆုံး ပြန်လည်ကုစားပေးခဲ့သူမှာ မာ့ခ်ပင် ဖြစ်သည်။ ယူဂျွန်ဟော့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများကြောင့် ကင်ဒေါ့ဂျာစက်မှုဇုန်မှာလည်း ထိတ်လန့်တုန်လှုပ်နေခဲ့ရသဖြင့် မာ့ခ်ကဲ့သို့သော လူမျိုးက လိုအပ်နေခြင်း ဖြစ်သည်။
မာ့ခ်သည် ကောင်စီဝင်များကို ဦးဆောင်ကာ ကင်ဒေါ့ဂျာ စက်မှုဇုန်ဆီသို့ ထွက်ခွာသွားသည်။ ဟန်မြုံအိုက သူတို့၏ ကျောပြင်ကို ကြည့်နေရင်းမှ ရုတ်တရက် စကားစလိုက်သည်။
"ဒါဆိုရင် ငါတို့လည်း သွားကြစို့"
"ငါတို့ဟုတ်လား"
ကျနော် မျက်မှောင်ကြုတ်လျက် ဟန်မြုံအိုကို လှည့်ကြည့်လိုက်သည်။
…ဒီလူက ဘယ်အချိန်ကတည်းက အထုပ်အပိုးတွေ ပြင်ထားတာလဲ။
"ငါကတော့ ဒီမှာ တစ်ယောက်တည်း ကျန်မနေခဲ့နိုင်ဘူး"
"…"
"ပြီးတော့ ငါက သိုင်းပညာနဲ့ ပတ်သက်ရင်လည်း အမြင်ရှိတယ်လေ။ ငယ်ငယ်တုန်းက သိုင်းဝတ္ထုတွေ အများကြီး ဖတ်ခဲ့တာကွ"
ဟန်မြုံအို အဘယ်ကြောင့် လိုက်ချင်နေရသလဲဆိုသည်ကို ကျနော် သိသည်။ တိတိကျကျ ပြောရလျှင် ဟန်မြုံအို မဟုတ်ဘဲ ဟန်မြုံအို၏ အထက်လူကြီးကြောင့် ဖြစ်သည်။
[‘ရာဂနှင့်အမျက်ဒေါသနတ်ဆိုး’ မိစ္ဆာဘုရင်သည် သင့်ကို စိုက်ကြည့်နေပါသည်။]
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် ‘အက်စ်မိုးဒီအက်စ်’ မိစ္ဆာဘုရင်ကို စိုက်ကြည့်နေပါသည်။]
ယူရီအယ်အတွက် စိတ်မကောင်းဖြစ်ရသော်လည်း ယခုလောလောဆယ်တော့ ကျနော် မတတ်နိုင်ပေ။ ပြုပြင်ထားသော မူရင်းဇာတ်လမ်း၏ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းဘဝ ဖြစ်ပေါ်တိုးတက်မှုများကို ကျနော် မသိသေးသဖြင့် လောလောဆယ်တွင် အက်စ်မိုးဒီအက်စ်နှင့် ဆက်ဆံရေးကို မပျက်အောင် ထိန်းထားခြင်းက အကောင်းဆုံးပင်။ ထို့အပြင် ယူရီအယ်နှင့် အက်စ်မိုးဒီအက်စ်တို့ထက် ပို၍ စိတ်ပူစရာကောင်းသည့် အရာတစ်ခုလည်း ရှိသေးသည်။
"အမှိုက်ကောင်တွေကလည်း များလှချည်လား"
"ခင်ဗျားက ဒီကမ္ဘာကြီးကိုပဲ အပြစ်တင်နေတော့မှာလား"
ဂျန်ဟာယောင်းနှင့် ယူဂျွန်ဟော့တို့မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ အခြေအတင် ဖြစ်နေကြသည်။ ကျနော် သက်ပြင်းချလိုက်မိသည်။ ကျနော့်၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် တွေ့ဆုံရန်ဖြစ်ရာ ယူဂျွန်ဟော့ လိုက်လာမှသာ အဆင်ပြေမည် ဖြစ်သည်။ ဂျန်ဟာယောင်းမှာလည်း ဆက်သွယ်ရေးအတွက် လိုအပ်သည်။ ထို့အပြင် ဤခရီးစဉ်သည် ဂျန်ဟာယောင်း၏ အစွမ်းထက်လာမှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာပင်။
"ဒါဆိုရင် သွားကြစို့"
ကျနော်က အချက်ပေးလိုက်ရာ ဘီယူက ‘ဘတ်’ ခနဲ အသံပြုရင်း လေထဲတွင် ကူးပြောင်းမုခ်ဝတစ်ခုကို ဖွင့်လိုက်သည်။ လေဝဲသံကြီးနှင့်အတူ ကူးပြောင်းမုခ်ဝတစ်ခု ပေါ်လာခဲ့သည်။ မဟာတွင်းနက်ကြီးလောက် မကြီးသော်လည်း ကျနော်တို့ လေးဦး ဖြတ်သန်းသွားရန်တော့ လုံလောက်ပေသည်။
ကူးပြောင်းမုခ်ဝ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယူဂျွန်ဟော့က အရင်ဆုံး အပြေး ဝင်သွားခဲ့သည်။ ယူဂျွန်ဟော့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဂျန်ဟာယောင်းက တုန်လှုပ်နေသော လေသံဖြင့် ပြောလိုက်သည်။
"…ကျုပ် တစ်ခါမှ မိစ္ဆာနယ်မြေထဲကနေ အပြင်ကိုမထွက်ဖူးဘူး"
ပထမဆုံးအကြိမ် ဒိုင်မင်းရှင်း ကူးပြောင်းမှုအပြီးတွင် ဂျန်ဟာယောင်းသည် မိစ္ဆာနယ်မြေ၌သာ အမြဲနေထိုင်ခဲ့ခြင်း ဖြစ်သည်။ ကျနော်က အားပေးစကား ပြောရန် ပြင်လိုက်သော်လည်း ဟန်မြုံအိုက မမျှော်လင့်ဘဲ အရင် ဦးအောင် ပြောလိုက်သည်။
"ငါ့ကိုသာ ယုံလိုက်စမ်းပါ။ ငါက သိုင်းဝတ္ထုပေါင်း ၃၀၀ ကျော် ဖတ်ဖူးတာ။ မင်းက ငါ့နောက်ကသာ လိုက်ခဲ့"
ဟန်မြုံအို၏ စကားကြောင့် ကျနော် ပြုံးလိုက်မိသည်။
…သိုင်းဝတ္ထု ၃၀၀ ကျော်တဲ့။ အဲဒါတွေက ပထမဆုံး သိုင်းလောကနဲ့ တကယ်ရော တူပါ့မလား စိုးရိမ်မိတယ်။
"သွားကြစို့"
ကျနော်တို့ သုံးယောက်သား ကူးပြောင်းမုခ်ဝထဲသို့ တစ်ပြိုင်နက်တည်း ခုန်ဝင်လိုက်ကြသည်။ ကျနော့်၏ အမြင်အာရုံများ မှောင်အတိ ကျသွားပြီး စကြဝဠာကြီး၏ မြင်ကွင်းကျယ်က ကျနော့်ရှေ့တွင် ဖြန့်ကျက် ပေါ်လာခဲ့သည်။ ကျနော်သည် အလင်းတန်းတစ်ခုအဖြစ် စကြဝဠာကြီးကို ဖြတ်သန်းသွားခဲ့သည်။ ထိုနေရာမှာ ရေတွက်မကုန်နိုင်သော ဇာတ်လမ်းများ စီးဆင်းနေသည့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ဂလက်ဆီပင် ဖြစ်သည်။ ကြယ်အချို့က ကျနော် ဖြတ်သန်းသွားသည်ကို စိုက်ကြည့်နေကြပြီး ကျနော် သတိပြန်ဝင်လာချိန်တွင်မူ ကြမ်းတမ်းသော မြေပြင်ကို ထိတွေ့နေရပြီ ဖြစ်သည်။
"ဝေါ့... ခေါင်းတွေ မူးလိုက်တာ..."
ဂျန်ဟာယောင်းက ဘေးတွင် အော့အန်ရန် ပြင်နေပြီး ဟန်မြုံအိုကမူ တောင်တက်လာရသကဲ့သို့ မောဟိုက်နေသည်။
ယူဂျွန်ဟော့ ဘယ်နေရာသို့ ပျောက်ကွယ်သွားသည်ကို ကျနော် မမြင်ရပေ။
…သူ သေချာပေါက် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နဲ့ မတွေ့ချင်လို့ ဖြစ်မှာပါ။
"အို... ဒီနေရာက..."
အလွန်အမင်း စိတ်လှုပ်ရှားနေသော ဟန်မြုံအိုက ကလေးတစ်ယောက်ကဲ့သို့ မျက်နှာပေးဖြင့် ကျနော်တို့ကို ရှေ့သို့ သွားရန် တိုက်တွန်းနေလေသည်။ ‘Ways of Survival’ ကို စတင်ဖတ်ဖူးစဉ်က ကျနော်လည်း ဤသို့သော ပုံစံမျိုး ဖြစ်ခဲ့မှာ အသေအချာပင်။
[သင်သည် နဂါးပြာရဲတိုက်သို့ ရောက်ရှိလာပါပြီ။]
မိုးကောင်းကင်မှ ကူးပြောင်းမုခ်ဝမှာ ထိုမက်ဆေ့ချ်နှင့်အတူ ပိတ်သွားခဲ့ပြီး ကျနော်လည်း ပတ်ဝန်းကျင်ကို စတင် စူးစမ်းကြည့်လိုက်သည်။
「 နဂါးပြာရဲတိုက်သည် ပထမဆုံး သိုင်းလောက၏ အကြီးကျယ်ဆုံးသော ခံတပ်ကြီး လေးခုထဲမှ တစ်ခု ဖြစ်သည်။ 」
‘Ways of Survival’ ထဲမှ ဖော်ပြချက်အရဆိုလျှင် ဤနေရာမှာ ပထမဆုံး သိုင်းလောကတွင် အကြီးဆုံးသော ရဲတိုက်များထဲမှ တစ်ခု ဖြစ်သည်။ ရင်ပြင်၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ဤမြို့ကြီးမှာ အလွန်ပင် ကြီးမားလောက်မည်ဟု ယူဆမိသည်။ ဤမြို့ကြီးမှာ နန်းတော်ကြီးကို ဗဟိုပြု၍ ကျယ်ပြန့်စွာ တည်ရှိနေသော မြို့ကြီးပင် ဖြစ်သည်။
ဈေးတန်းများနှင့် သက်ဝင်လှုပ်ရှားနေသော လမ်းမများပေါ်တွင် ပစ္စည်းအမျိုးမျိုးကို ရောင်းချနေကြသည်။ အိမ်ငယ် အိမ်ကြီးများ၏ ရှေ့တွင်လည်း သိုင်းလောကသားများ ထိုင်နေကြ၏။ မည်သူကမျှ သိသာသော ရန်လိုမှုကို မပြကြသော်လည်း သူတို့တွေသည် မည်မျှအစွမ်းထက်ကြသည်ကို ကျနော် ခန့်မှန်းကြည့်နိုင်သည်။
[ရွှေခေါင်းကွင်း၏အကျဉ်သားနက္ခတ်သည် စိတ်ဝင်တစားရှိသော မျက်နှာအမူအရာ ပြုလုပ်နေပါသည်။]
[နက္ခတ်အချို့သည် ပထမဆုံး သိုင်းလောက၏ မြင်ကွင်းကြောင့် လွမ်းဆွတ်တမ်းတနေကြပါသည်။]
ပထမဆုံး သိုင်းလောကသည် ရေတွက်မကုန်နိုင်သော သန်မာသူများ မွေးဖွားကြီးပြင်းရာ နေရာဖြစ်သည်။ ဖြစ်နိုင်သည်မှာ နက္ခတ်အချို့သည် ဤနေရာကို ဖြတ်သန်းသွားခဲ့ဖူးပေလိမ့်မည်။ ဂျန်ဟာယောင်းသည် ပတ်ဝန်းကျင်၏ အငွေ့အသက်ကို လွှမ်းမိုးခံလိုက်ရသကဲ့သို့ ဟိုဟိုဒီဒီ လှမ်းကြည့်ရင်း စကားစလိုက်သည်။
"…ဒါက တရုတ်စတိုင်လား။ မူလကတည်းက ဒီလိုပဲလား"
"‘သိုင်းလောက’ ဆိုတဲ့ နောက်ခံက မူလကတည်းက ဒီလိုပဲလေ"
တရုတ်စတိုင်ဟု ဆိုသော်လည်း အနီရောင် မီးအိမ်များမှာ ဂျပန်စတိုင် ဖြစ်နေပြီး အရှေ့တောင်အာရှ ဗိသုကာလက်ရာအချို့လည်း ရောနှောနေသည်။ ဟုတ်ပေသည်။ တရုတ်နိုင်ငံမှာပဲ တွေ့ရနိုင်မည့် ထူးခြားချက်တွေလည်း ရှိနေပါသေး၏။ ဥပမာ- တရုတ်ဝတ်စုံလိုမျိုးပေါ့...
[မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူနက္ခတ်သည် သင့်ကို စိုက်ကြည့်နေပါသည်။]
ကျနော် မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်နေခဲ့သည်။ ရဲတိုက်ကြီးမှာ အလွန်ကျယ်ပြောလှသဖြင့် အတိုင်းအဆကို ခန့်မှန်းရခက်လှပေသည်။ သို့သော် ကျနော် ဖတ်ဖူးသည့်အတိုင်းဆိုလျှင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ဤနယ်မြေထဲတွင် ရှိနေမည် မဟုတ်ပေ။
အရင်ဆုံး... ကျနော်တို့ ဈေးတန်းဘက်ကို သွားသင့်သည်။ ဤနေရာအထိ ရောက်လာခဲ့ပြီဖြစ်ရာ ပထမဆုံး သိုင်းလောက၏ ဟင်းလျာများကို မြည်းစမ်းကြည့်ချင်မိသည်။ အကောင်းဆုံး စားစရာများမှာ ဖက်ထုပ်နှင့် ကြက်စွပ်ပြုတ်တို့ပင် ဖြစ်သည်။ ထိုဟင်းလျာနှစ်မျိုးမှာ ပထမဆုံး သိုင်းလောကတွင် ယူဂျွန်ဟော့ အများဆုံး စားလေ့ရှိသော အစားအစာများ ဖြစ်၏။
သူသည် ပူပူနွေးနွေး ကြက်စွပ်ပြုတ်နှင့် ဖက်ထုပ်စားနေသည့် မြင်ကွင်းကို မကြာခဏ ဖော်ပြလေ့ရှိသည်။ ထိုသို့ ဖတ်ရသည့် ညများတွင် ကျနော်သည် ဆာလောင်နေသော ဗိုက်ကို လက်ဖြင့်ဖိကာ အနီးနားရှိ စတိုးဆိုင်သို့သွား၍ ဝမ် ၁,၀၀၀ တန် ပေါက်စီပူပူလေးများကို ဝယ်စားခဲ့ရဖူးသည်။
"ဟင်း... သိုင်းကျင့်နေတဲ့လူ တစ်ယောက်မှလည်း မတွေ့ပါလား"
"သူတို့က သိုင်းပညာကို ဒီတိုင်း လျှောက်ပြနေကြမှာ မဟုတ်ဘူးလေ။ ခင်ဗျားသာ သိုင်းဝတ္ထု ၃၀၀ ကျော် ဖတ်ဖူးတယ်ဆိုရင် သိမှာပါ"
"ဒါဆို မင်းက သိုင်းလောကအကြောင်း ကျွမ်းကျင်တာလား။ ဒီနေရာနဲ့ တစ်ခုခု ပတ်သက်မှုရှိလို့လား"
"ဟုတ်ပါတယ်၊ ရှိတာပေါ့"
"မင်းရဲ့ကျွမ်းကျင်မှုကို ကြည့်ချင်ပါသေးတယ်"
ဟန်မြုံအိုကို သနားစဖွယ် အကြည့်ဖြင့် ကျနော်စိုက်ကြည့်လိုက်မိသည်။ ဤလူသည် ဤ ‘သိုင်းလောက’ မှာ သူသိထားသည့် ‘သိုင်းလောက’ မျိုးဟု ထင်နေပုံရသည်။ မကြာမီမှာပင် ဟန်မြုံအို၏ မျှော်လင့်ချက်များမှာ တဖြည်းဖြည်း ပြိုလဲပျက်စီးလာခဲ့တော့သည်။
"…တစ်ခုခုတော့ ထူးဆန်းနေပြီ"
"ဘာဖြစ်လို့လဲ"
ဟန်မြုံအိုသည် ဘေးနားမှ ဖြတ်သွားသော ကိုယ်စားလှယ်တစ်ဦးကို မမြင်အပ်သည့်အရာကို မြင်လိုက်ရသကဲ့သို့ အနီးကပ် စိုက်ကြည့်နေသည်။
"ဘာလို့ သိုင်းလောကသားတွေက ဂျင်းဘောင်းဘီ ဝတ်ထားကြတာလဲ"
"ဝတ်တော့ ဘာဖြစ်လို့လဲ "
"မဟုတ်ဘူးလေ။ ဒီလိုခေတ်ကာလ တရုတ်ပြည်မှာ ဂျင်းဘောင်းဘီ မရှိနိုင်ဘူးလေ..."
"သူတို့က ကျနော်တို့လိုပဲ ခရီးသွားတွေ ဖြစ်မှာပေါ့"
ဂျင်းဘောင်းဘီတင် မကပေ။ လူအများစုမှာ နားကြပ်များ သို့မဟုတ် နားကြပ်အကြီးစားများကို တပ်ထားကြပြီး စမတ်ဖုန်းနှင့်တူသော ကိရိယာများကို အသုံးပြုနေသည့် ကိုယ်စားလှယ်များလည်း ရှိနေသည်။ သိုင်းလောကဖက်ရှင်ဟု ခေါ်ဆိုကြသည့် ဝတ်စုံများကို ဝတ်ဆင်ထားသူများ ရှိသော်လည်း ထက်ဝက်ခန့်မှာမူ ကျနော်တို့ကဲ့သို့ပင် ဤကမ္ဘာနှင့် လားလားမျှ မအပ်စပ်ကြပေ။
ဟန်မြုံအိုသည် သူစိတ်ကူးယဉ်ထားသည့် အလှတရားများ ရှေ့တင် ပျက်စီးသွားသဖြင့် စိတ်ပျက်အားငယ်နေပြီး ကျနော်ကတော့ ခေတ္တမျှ သက်ပြင်းချလိုက်မိသည်။
"ခင်ဗျား ဘာတွေ စိတ်ကူးယဉ်နေလဲဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ အခုခေတ် သိုင်းလောကဆိုတာက ဒီလိုပဲလေ"
"အဲ-အဲဒါ တကယ်လား"
"သေချာတာပေါ့။ အခုဆို မြို့တွေအားလုံးက ဒီလိုပဲ ဖြစ်ကုန်ပြီ"
"ဒါက ငါမြင်ချင်တဲ့ သိုင်းလောက မဟုတ်ဘူး..."
"တကယ်တော့ ဒီလောကမှာရှိတဲ့ အရာရာတိုင်းက စိတ်ပျက်ဖို့ကောင်းပါတယ်"
ကျနော့်စကားကြောင့် ဟန်မြုံအိုက အလျှော့မပေးသေးပေ။ သူသည် ဘာသာပြန်စွမ်းရည်တစ်ခုကို သင်ယူလိုက်ပြီး လမ်းဘေးဈေးသည် တစ်ဦးကို သွားရောက် စကားပြောသည်။ သူ့၏ ပြောဆိုပုံမှာ သိုင်းလောကနှင့် အတော်လေး လိုက်ဖက်နေသည်။
"တဆိတ်လောက်။ သိုင်းသင်တန်းကျောင်းကို ဘယ်မှာ သွားရှာရမလဲခင်ဗျ"
စုတ်ချာချာ ဆိုင်ခန်းလေးတစ်ခုပေါ်ရှိ ကုန်ပစ္စည်းပုံကြီးကို မှီပြီး ငိုက်မြည်းနေသော ကုန်သည်မှာ ဟန်မြုံအိုကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်လာသည်။
"ဟမ်။ ခင်ဗျားက ဒီကို ခုမှ ရောက်တာထင်တယ်"
"ဟုတ်ပါတယ်"
"ဘာလို့ သိုင်းသင်တန်းကျောင်းကို ရှာနေတာလဲ။ သိုင်းသင်ယူချင်လို့လား"
"ကျုပ်က သိုင်းလောကကို ရောက်လာမှတော့ ဓါးသိုင်း သင်သင့်တယ်လို့ ယူဆလို့ပါ"
"ဟားဟား၊ ဟုတ်ပါပေတယ်။ အဲဒါတော့ ဟုတ်ပါတယ်။ ခင်ဗျားပြောတာ မှန်တယ်"
ထိုအဖြေကြောင့် ဟန်မြုံအို၏ ပါးစပ်မှာ အပေါ်သို့ ကွေးတက်သွားသည်။
[‘ချူဂုမြောင်’ ဇာတ်ကောင်သည် ‘ဈေးညှိခြင်း အဆင့် ၄’ ကို အသက်သွင်းလိုက်ပါသည်။]
အစကတည်းက အခြေအနေမှာ အတော်လေး ဆိုးရွားနေခဲ့သည်။
"ဒါပေမဲ့ ခင်ဗျားက တစ်ခုခုကို နားလည်မှုလွဲနေပုံရတယ်။ အခုခေတ်မှာ ကျုပ်တို့က သိုင်းသင်တန်းကျောင်းတွေမှာ သိုင်းမသင်ကြတော့ဘူး"
"ဟင်… အဲဒါက ဘာကို ဆိုလိုတာလဲ"
"ဟားဟား၊ ချွေးတလုံးလုံးနဲ့ သင်ရတဲ့ ရိုးရာသိုင်းသင်ကြားနည်းတွေဆိုတာက ဝေးလံခေါင်ဖျားတဲ့ နံပါတ် ၁၀၀ မြောက် သိုင်းလောကတွေမှာပဲ သုံးကြတာ။ အခုခေတ်မှာ ဘယ်သူမှ အဲဒီလို သိုင်းမသင်ကြတော့ဘူးဗျ။ ခင်ဗျားက အမှောင်လောကက လာတာနဲ့တူလို့ ကျုပ်က အထူးသတင်းအချက်အလက် ပေးလိုက်မယ်။ ခင်ဗျား ကံကောင်းသွားပြီ"
ဟန်မြုံအိုမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါဆို အခုခေတ်မှာ သိုင်းကို ဘယ်လို သင်ယူကြတာလဲ"
"ကျုပ်တို့က ဒါကို သုံးတယ်"
ကုန်သည်သည် ကုန်ပစ္စည်းများပေါ်တွင် တင်နေသော ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။ ကုန်သည် ကိုင်ထားသည့် သေတ္တာထဲတွင် mp3 အသေးစားလေးနှင့် တူသော အရာတစ်ခု ပါရှိနေသည်။
[မဖွင့်ရသေးသော ‘ကောင်းကင်နှင့်မြေကမ္ဘာရေခဲဝိညာဉ်ဓါး’ အစုံလိုက်]
[-ရေခဲပန်းနတ်ဘုရားမ သိုင်းပညာရှင်၏ ဦးနှောက်ထဲမှ သတင်းအချက်အလက်များကို တိုက်ရိုက်ကူးယူ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
– ထပ်ခါတလဲလဲ လေ့လာခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍ ငယ်စဉ်ကတည်းက စတင်လေ့လာမည်ဆိုပါက ထိုးထွင်းသိမြင်မှုများကို ရရှိပါလိမ့်မည်။
– ခြောက်လ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။ တစ်လလျှင် ဒင်္ဂါး ၅၀၀ သာ ကျသင့်မည်ဖြစ်ရာ မည်သူမဆို သိုင်းဆရာကြီး ဖြစ်လာနိုင်ပါသည်။]
"…ဒါက ဘာကြီးလဲ"
"ဒါက အခုခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတာလေ။ ဒါကို အကြိမ် ၁,၀၀၀ လောက် နားထောင်ရင် ဘယ်သူမဆို သိုင်းဆရာကြီး ဖြစ်လာနိုင်တယ်လို့ ကောလဟာလတွေ ထွက်နေတာ"
"အဲဒါ တကယ်ပဲလား... တကယ်ကြီးလား"
"သေချာပေါက် တကယ်ပေါ့။ သိုင်းလောကမှာ ကျုပ်နေလာတာ ၁၀ နှစ်ကျော်ပြီ။ ကျုပ်က လိမ်ပါ့မလား။ ဟိုမှာ နားကြပ်တွေတပ်ပြီး လမ်းလျှောက်နေတဲ့ လူငယ်တွေကို တွေ့တယ် မဟုတ်လား"
"ဟုတ်ကဲ့၊ တွေ့ပါတယ်။ မဟုတ်မှလွဲရော..."
ကုန်သည်သည် ဟန်မြုံအို၏ အမေးကို အဓိပ္ပာယ်ပါပါ ခေါင်းညိတ်ပြလိုက်သည်။
"အခုခေတ်မှာ လူတိုင်း ဒါကိုပဲ နားထောင်နေကြတာလေ။ ဒီဘက်ခေတ် လူငယ်တွေက ဒါကိုပဲ ဖတ်နေကြတာ"
"ဟူး... အဲဒီလိုလား။ ဒါမျိုးကိုး။ ကျုပ်ကတော့ ခေတ်နောက်ကျ ကျန်ခဲ့ပြီပဲ"
"ဟီးဟီး။ ဒါက ရေခဲပန်းနတ်ဘုရားမ ကိုယ်တိုင် အသံသွင်းထားတဲ့ အကန့်အသတ်ထုတ်ကုန်နော်။ ရေခဲပန်းနတ်ဘုရားမကို သိတယ် မဟုတ်လား။ သူက သိုင်းလောကရဲ့ နာမည်ကြီး အလှပဂေးလေးလေ။ ရော့….ခင်ဗျား တစ်ချက်လောက် နားထောင်ကြည့်လိုက်ဦး။ အိပ်နေရင်တောင် ဒါက တကယ် ထိရောက်တယ်"
ဟန်မြုံအိုက နားကြပ်ကို နားထဲထိုးထည့်နေစဉ် ဂျန်ဟာယောင်းက ကုန်သည်၏ ပစ္စည်းများကို ဟိုလှန်ဒီလှန် လုပ်ကြည့်နေသည်။
[‘တစ္ဆေပျံလွှား’ အိမ်တွင်းလေ့ကျင့်ရေး ၆ လစာ အစုံလိုက်]
[-အကြိမ် ၁၀,၀၀၀ လောက် လိုက်လုပ်လျှင် သင်လည်း သိုင်းဆရာကြီး ဖြစ်နိုင်ပါပြီ။]
[‘တောင်ပိုင်းနန်းတော် ဓါးဘုရင်’ ၏ လေ့ကျင့်ရေးကို လိုက်လုပ်လိုက်ပါ။]
[-တောင်ပိုင်းနန်းတော်၏ ထိပ်တန်းဆရာကြီးပေးသော အွန်လိုင်းသင်ခန်းစာတွေကို နားထောင်ရင်း အန္တရာယ်ကင်းကင်းဖြင့် အထွတ်အထိပ်ကို အမြန်ဆုံး တက်လှမ်းလိုက်ပါ။]
[-၂၄ နာရီပတ်လုံး အမေးအဖြေ ကဏ္ဍလည်း ရှိပါတယ်။ ဒင်္ဂါးတွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ ကြိုက်တဲ့အချိန် ဆက်သွယ်လိုက်ပါ။]
စဉ်းစားကြည့်လျှင် ဤသို့သော အသံသွင်းစက်များသည် ဤအချိန်ကာလတွင် အလွန်ခေတ်စားနေခဲ့သည်။ ထိုအသံသွင်းစက်တို့သည် မသိစိတ်ထဲကနေ သိုင်းပညာကို သင်ယူနိုင်စွမ်းရှိစေသည်ဟု ကျော်ကြားသဖြင့် လူအများမှာ အိမ်ထဲမှာတင် ထိုင်ကာ သင်ခန်းစာများကို နားထောင်ပြီး သက်သောင့်သက်သာ လေ့ကျင့်နေကြခြင်း ဖြစ်၏။
ကုန်သည်သည် ပစ္စည်းများကို စည်းမဲ့ကမ်းမဲ့ လှန်လှောကြည့်နေသော ဂျန်ဟာယောင်းကို စိုက်ကြည့်လိုက်သည်။
"ဟေ့… မောင်ရင်... ဒါမှမဟုတ် မိန်းကလေးလို့ပဲ ခေါ်ရမလား။ မဝယ်ဘူးဆိုရင် ပစ္စည်းတွေကို လျှောက်မမွှေပါနဲ့။ ဒါတွေက ဈေးကြီးတယ်နော်"
"ဒီလို အရာမျိုးကိုသုံးရင် တကယ်ပဲ သိုင်းဆရာကြီး ဖြစ်နိုင်မှာလား"
"ဒီမှာ ကြည့်လိုက်။ ဒီက သုံးသပ်ချက်တွေကို မတွေ့ဘူးလား။ ဒါတွေ အားလုံးက ကျွမ်းကျင်အေဂျင်စီတွေက အသိအမှတ်ပြုထားတဲ့ ပစ္စည်းတွေချည်းပဲ"
‘Ways of Survival’ ထဲတွင် ဤနားထောင်စက်များအကြောင်း ပထမဆုံး ဖတ်ခဲ့ရစဉ်က သိုင်းလောကသားများ၏ ထင်မြင်ချက်များကိုလည်း ဖော်ပြထားခဲ့သည်။
– ဘတ်ယောင်ရှင် (၁၂ နှစ်၊ ကျား)
‘သူငယ်ချင်း ပြောလို့ နားထောင်ကြည့်တာ တကယ် ကောင်းပါတယ်။ ၃ လမြောက်မှာတင် ကျုပ်က ကိုယ်ပိုင်သင်တန်းကျောင်းမှာ နံပါတ် ၁ ရနေပြီ’
– ထန်လန်မီယို (၃၂ နှစ်၊ မ)
‘အမှန်အတိုင်း ပြောရရင် ၃ ပတ်လောက် နားထောင်ပြီးတော့ သိုင်းတတ်ဖို့တော်တော်ကြာတယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ၆ ပတ်မြောက်မှာတော့ ကျမ မသိသေးတဲ့ သိုင်းပညာတွေကို စတင် ကြားလာရပြီ’
– ဟွာဝမ်ဘန်ဂွန် (၂၄ နှစ်၊ ကျား)
‘ဒါကို နားထောင်ပြီးကတည်းက ဇာတ်ဝင်ခန်းတွေထဲမှာ ကျုပ်ရဲ့ စွမ်းဆောင်ရည်တွေ ပိုကောင်းလာတယ်။ ဇာတ်ဝင်ခန်း အခက်အခဲဆိုတာ ဘာလဲဗျာ။ အခုဆို ကျုပ် ဒိုကဲဘီတွေကိုတောင် မကြောက်တော့ဘူး’
၎င်းတို့မှာ သိသာလှသော လိမ်ညာထားသည့်ကြော်ညာများသာ ဖြစ်သော်လည်း ပထမဆုံး သိုင်းလောကသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော မည်သည့်ကိုယ်စားလှယ်အတွက်မဆို ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။ သူတို့မှာ ခက်ခဲသော ဇာတ်ဝင်ခန်းများကို ဖြတ်ကျော်လာခဲ့ရသည့် ကိုယ်စားလှယ်များ ဖြစ်သဖြင့် ထိုပစ္စည်းများ၏ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြခြင်း ဖြစ်လေ၏။
သို့သော်လည်း ဇာတ်ဝင်ခန်း၏ အခက်အခဲကို လျော့ကျစေနိုင်လောက်သည့် နက်ရှိုင်းသော သိုင်းပညာရပ်များကို ဒင်္ဂါးအနည်းငယ်ပေးရုံဖြင့် သင်ယူနိုင်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။
ဟန်မြုံအိုသည် ဤသိုင်းလောကကို မကြိုက်ကြောင်း ညည်းညူနေခဲ့ရာမှ စိတ်ပြောင်းသွားပုံရသည်။
"မင်းလည်း တစ်ချက်လောက် နားထောင်ကြည့်မလား။ သိုင်းပညာတွေက ခေါင်းထဲကို တကယ်ပဲ အလွယ်တကူ ဝင်လာသလို ခံစားရတယ်—"
"ဟီးဟီး။ အကိုကြီး။ ခင်ဗျားရဲ့ အခြေအနေက တော်တော်လေး ကောင်းနေပြီ။ အဲဒါကို ‘ပေါ့ပါးလန်းဆန်းခြင်း ဖြစ်စဉ်’ လို့ ခေါ်တာဗျ။ များသောအားဖြင့် ၃ ပတ်လောက်ကြာရင် ဖြစ်တတ်တယ်"
"ဪ... ဟုတ်လား။ ဒါဆို တစ်ခါတည်း အပြတ်ဝယ်မယ်ဆိုရင် ဘယ်လောက်—"
ကျနော်က သူ့ကို တားရန် ပြင်လိုက်စဉ်မှာပင် ကျနော့်နောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"လူတွေက ဒီလို အရာမျိုးကို သုံးပြီး သိုင်းဆရာကြီး ဖြစ်နိုင်မယ်ဆိုရင် ပထမဆုံး သိုင်းလောကဆိုတာ ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူး"
***