ဤအလောင်းကောင်ဘုရင်သုံးပါးသည် များပြားလှစွာသော အောက်လောကများအနက် တစ်ခုဖြစ်သည့် ရူးသွပ်အလောင်းကောင်နယ်မြေမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ၎င်းတို့သည် လွန်ခဲ့သောကာလများက အစ်ကိုကြီးချန်နှင့်အတူ အထက်လောကသို့ တက်လှမ်းလာခဲ့ကြ၏။ ထိုစဉ်အခါက များပြားလှစွာသော နယ်ပယ်အသီးသီးမှ ထူးချွန်ထက်မြက်သူများကြားတွင် အထူးတလည် ထင်ရှားကျော်ကြားခြင်းမရှိခဲ့ချေ။
အလောင်းကောင်မျိုးနွယ်စု၏ အားသာချက်မှာ အမြစ်ပြတ်သုတ်သင်ရန်ခက်ခဲခြင်းနှင့် ပြာပုံထဲမှရုန်းထွက်ကာ အလွယ်တကူပြန်လည်ရှင်သန်နိုင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ပြန်လည်ရှင်သန်လာချိန်တိုင်းတွင် များပြားလှစွာသော အလောင်းကောင်ရုပ်သေးတပ်မတော်နှင့်အတူ ပေါ်ပေါက်လာတတ်သည်။
သို့ရာတွင် ထိုခေတ်ကာလက သူတို့တောက်ပခွင့်ရမည့်အခြေအနေမျိုးမရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကြုံတွေ့ရသည့် အကျပ်အတည်းတိုင်းသည် ရုတ်တရက်ဆိုက်ရောက်လာတတ်ပြီး လူတိုင်း၏စွမ်းဆောင်နိုင်ရည်ထက် များစွာကျော်လွန်နေသောကြောင့်ဖြစ်သည်။ သူတို့အနေဖြင့် ပြန်လည်ရှင်သန်ရန် အချိန်လုံလောက်စွာ မရရှိခဲ့သကဲ့သို့ ရုပ်သေးအဖြစ်သန့်စင်ရန်အတွက်လည်း လိုအပ်သောအလောင်းကောင်အရေအတွက်ကို မရရှိခဲ့ကြပေ။
ထိုစဉ်က အရေးတကြီးလိုအပ်သည်မှာ ချက်ချင်းလက်ငင်း တိုက်ခိုက်နိုင်စွမ်းရှိသည့် ခွန်အားဖြစ်ပြီး အလောင်းကောင်မျိုးနွယ်စု၏ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမှာ အားကောင်းသည်ဟုမဆိုနိုင်ဘဲ ၎င်းတို့၏ကြံ့ခိုင်သောခန္ဓာကိုယ်ကိုသာ အဓိကအားထားရခြင်းဖြစ်သည်။ အောက်လောကများတွင် ၎င်းတို့ထက် ခန္ဓာကိုယ်ပိုမိုကြံ့ခိုင်သည့် အရိုးမျိုးနွယ်စု၊ မိစ္ဆာမျိုးနွယ်စုနှင့် ကောင်းကင်လက်နက်မျိုးနွယ်စု စသည်ဖြင့် အမြောက်အမြားရှိနေခဲ့သည့်အပြင် အစွန်းရောက်မျိုးနွယ်စုများဖြစ်သည့် မိစ္ဆာကျင့်ကြံသူများနှင့် ဓားကျင့်ကြံသူများမှာလည်း အကန့်အသတ်မဲ့သော နည်းစနစ်များကို ပိုင်ဆိုင်ထားကြသည်။
သို့ဖြစ်ရာ ထိုခေတ်အခါက ဤအလောင်းကောင်သူတော်စင်သုံးပါးမှာ အရေးမပါသည့် အစွန်အဖျားတွင်သာ ရှိနေခဲ့ကြရ၏။ ၎င်းတို့သည် အစည်းအဝေးများတွင်ပင်နေရာမရခဲ့ဘဲ ပြင်ပ၌သာ စောင့်ဆိုင်းခဲ့ရသည်။
ထို့အပြင် ၎င်းတို့၏ ရူးသွပ်အလောင်းကောင်နယ်မြေသမိုင်းတစ်လျှောက်တွင်လည်း အင်မော်တယ်အဖြစ် အောင်မြင်စွာတက်လှမ်းနိုင်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ဖူးချေ။ အစ်ကိုကြီးချန်က ၎င်းတို့အား သတိထားမိရခြင်းမှာ ၎င်းတို့ထံမှ အလောင်းကောင်ပုပ်နံ့ အနည်းငယ် ထွက်ပေါ်နေသောကြောင့်ဖြစ်သည်။
၎င်းတို့ ရပ်နေသည့်နေရာ၏ ပတ်ဝန်းကျင်မီတာအနည်းငယ်အတွင်း၌ လူသူများ အလိုအလျောက် ဖယ်ခွာသွားတတ်ကြသဖြင့် ထိုသုံးဦးမှာ စိတ်ထိခိုက်ခဲ့ရဖူးသည်။ ထိုစဉ်က သူတို့၏ဝတ်စားဆင်ယင်မှုမှာ မံမီများကဲ့သို့ အဖြူရောင်ပတ်တီးစများနှင့်ပတ်ထားသဖြင့် အလွန်ထူးခြားထင်ရှား၏။ ထိုအချက်များကြောင့်သာ ၎င်းတို့ကို မှတ်မိနေခြင်း ဖြစ်သည်။
၎င်းတို့သည် အထက်လောကသို့ မတက်လှမ်းသေးဘဲ အလယ်အင်မော်တယ်လောကတွင် ကျန်ရစ်နေလိမ့်မည်ဟု ကျန်းချန်ကထင်မှတ်မထားခဲ့ပေ။
“ဘိုးဘေးကြီး... သူတို့ကိုသိနေတာလား”
သူ၏အံ့ဩသွားသောအမူအရာကို မြင်တွေ့ရသောအခါ ယွမ်ရှန့်နှင့် ယွမ်ရှုတို့က အလျင်အမြန် မေးမြန်းကြလေသည်။
“ဒါဆိုရင် သူတို့ကလည်း အရင်က ဘိုးဘေးကြီးရဲ့မိတ်ဆွေဟောင်းတွေလား”
မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည့် သူတို့၏အကြည့်များကိုရင်ဆိုင်ရင်း အစ်ကိုကြီးချန်က ခေါင်းငြိမ့်ပြလိုက်သည်။
“အဲဒီလိုလည်း ပြောလို့ရပါတယ်”
ယွမ်ရှန့်နှင့် ယွမ်ရှုတို့မှာ အလွန်ဝမ်းသာသွားကြပြီး...
“ဒါဆိုရင် တကယ်ပဲရောင်းတာပေါ့။ ခုနက ကျွန်တော်တို့ တကယ်ကို ထိတ်လန့်သွားတာပါ”
ဟုဆိုကာ သက်ပြင်းချနိုင်တော့သည်။ သူတို့သည် ဘိုးဘေးကြီး၏ မိတ်ဆွေဟောင်းများဖြစ်နေသဖြင့် ဖေးရှန်ဂိုဏ်းကိုဖျက်ဆီးမည့်ရန်သူများ မဖြစ်နိုင်တော့ချေ။ အမှန်စင်စစ် ဤအလောင်းကောင်ဘုရင်များကို ရင်ဆိုင်ရာတွင် သူတို့အနေဖြင့် ခုခံရန်ဟူသော အတွေးပင်မတွေးဝံ့ကြ။
ဘိုးဘေးကြီးကတော့ တကယ်ကို အဆက်အသွယ်ပေါများလှတယ်...
ကြောက်မက်ဖွယ်ရောင်းတဲ့ အလောင်းကောင်မျိုးနွယ်စုနဲ့ ခင်မင်နေသေး...
“သူတို့ ဘာကိစ္စနဲ့လာတာလဲ”
“သူတို့ ဘာမှမပြောပါဘူး။ ဘိုးဘေးကြီးကိုယ်တိုင် အပြင်ထွက်ပြီး တွေ့ဆုံပေးလို့ရမလား”
အပြင်ထွက်တွေ့ရမှာလား...
အစ်ကိုကြီးချန် စိတ်ထဲမှတွေးတောမိသည်မှာ ဤအစွန်အဖျားမှပုဂ္ဂိုလ်သုံးဦးအတွက် သူက ဂိတ်တံခါးအထိ သွားရောက်ကြိုဆိုရမည်လော။ ၎င်းတို့တွင် ထိုမျှအထိ ဂုဏ်သတင်းမရှိနိုင်ပေ။ အကယ်၍ ဤသတင်းပြန့်နှံ့သွားပါက နောင်တွင် ကွေကျန့်နှင့် ရွှီယွမ်တို့က သူ့ကိုအထင်သေးကြပေလိမ့်မည်။
သူက လက်ဝှေ့ယမ်းပြလျက်ဆို၏။
“သူတို့ကို ဝင်လာခဲ့ဖို့ပြောလိုက်ပါ။ ပြီးတော့ ဟိုပျက်စီးနေတဲ့ ခေါင်းတလားကြီးတွေကိုလည်း ယူမလာခဲ့နဲ့ဦး၊ အလောင်းကောင်ရုပ်သေးတွေကိုလည်း အများကြီးမခေါ်လာနဲ့၊ ငါအနံ့မခံနိုင်ဘူး”
ယွမ်ရှန့်နှင့် ယွမ်ရှုတို့မှာ ထိုစကားကိုကြားသောအခါ ကြောင်အသွား၏။ ထိုသူများမှာ အလယ်အင်မော်တယ်လောကတစ်ခုလုံးကို တုန်လှုပ်စေလျက် ပတ်ဝန်းကျင်နယ်မြေပေါင်းများစွာကို လက်အောက်ခံအဖြစ်ထားရှိထားသည့် အလောင်းကောင်ဘုရင်ကြီးသုံးပါးဖြစ်ပေသည်။ သူတို့ကို အနည်းငယ်ပိုမိုလေးစားစွာ ဆက်ဆံပေးသင့်သည်မဟုတ်လော။
ထိုစဉ် ဂိတ်တံခါးပြင်ပ၌ ဂိုဏ်းချုပ် ယွမ်ကျိ၊ ယွမ်မုနှင့် အခြားတပည့်အုပ်စုတို့မှာ စောင့်ဆိုင်းနေကြသည်။ ဆောင်းဦးလေပြေကြောင့် ၎င်းတို့မှာ ချမ်းစိမ့်မှုကို ခံစားနေကြရပြီး ဆောင်းရာသီရောက်ရှိလာသကဲ့သို့ ထင်မှတ်နေကြရသည်။
အပြင်ပန်းအားဖြင့် အလောင်းကောင်ဘုရင်သုံးပါးမှာ သာမန်လူနှင့် မခြားနားသော်လည်း အာရုံခံကြည့်ပါက သေခြင်းတရား၏ အရှိန်အဝါများကို သိသိသာသာ ခံစားရပေလိမ့်မည်။ ၎င်းတို့နှင့် မျက်လုံးချင်းဆုံမိရုံမျှဖြင့် အမှောင်ထုထဲသို့ ဆွဲခေါ်ခံရသကဲ့သို့ ခံစားရစေသည်။ ထို့ပြင် သူတို့နောက်ကွယ်မှ တိတ်ဆိတ်ငြိမ်သက်နေသော အလောင်းကောင်ရုပ်သေးတစ်ထောင်မှာလည်း ပိုမို၍ကြောက်မက်ဖွယ်ခံစားချက်ကို ပေးစွမ်းနေသည်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့သုံးဦးမှာ စကားနှစ်ခွန်းသာပြောကြားခဲ့သည်။
“ဂိုဏ်းချုပ်ကျန်း ရှိပါသလား”
“ကျန့်ယန်၊ ဝမ်မုနှင့် ယင်ရှာတို့က လာရောက်တွေ့ဆုံခွင့်တောင်းခံတယ်လို့ ပြောပေးပါ”
ထိုစကားပြောပြီးနောက် ၎င်းတို့မှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေကြတော့သည်။ အသက်ရှူသံ၊ ဝိညာဉ်လှုပ်ရှားမှုနှင့် မျက်လုံးများတွင်ပင် အလင်းရောင်ကင်းမဲ့နေသဖြင့် အမှန်တကယ်သေဆုံးနေသူများကဲ့သို့ပင်။
ယွမ်ကျိမှာ အေးစက်လှသောအခြေအနေကိုလျှော့ချရန် တစ်ခုခုပြောဆိုချင်သော်လည်း ဤအလောင်းကောင်ဘုရင်များရှေ့တွင် မည်သို့စကားစရမည်ကိုမသိဘဲ ဖြစ်နေသည်။ မှားယွင်းပြောဆိုမိပါက တိုက်ခိုက်ခံရမည်ကိုလည်း စိုးရိမ်နေ၏။
ဂိုဏ်းချုပ်ဖြစ်သူပင် ထိုမျှအထိစိုးရိမ်နေရပါက အခြားသူများ၏အခြေအနေမှာ ပြောစရာပင်မလိုတော့ချေ။ လူတိုင်းမှာ အသက်ကိုပင် ပြင်းပြင်းမရှူဝံ့ကြဘဲ ဘိုးဘေးကြီးကျန်း အမြန်ဆုံးထွက်လာရန်သာ မျှော်လင့်နေကြသည်။
မကြာမီတွင် ယွမ်ရှန့်နှင့် ယွမ်ရှုတို့ ပြန်လည်ရောက်ရှိလာ၏။ ယွမ်ကျိမှာ ဘိုးဘေးကြီး မည်သို့ဆိုသည်ကို မေးမြန်းချင်သော်လည်း ခွင့်ပြုချက်မရှိဘဲ စိတ်ချင်းဆက်သွယ်၍ပင် မမေးဝံ့ချေ။
ကျန်းချန် ပါမလာသည်ကို မြင်သောအခါ လူတိုင်းမှာ စိုးရိမ်ထိတ်လန့်သွားကြရသည်။ ထိုနှစ်ဦး ပြန်ရောက်လာသည်ကို မြင်သောအခါ အလောင်းကောင်ဘုရင်သုံးပါးမှာလည်း စတင်လှုပ်ရှားလာကြ၏။ ခေါင်းဆောင်ဖြစ်သူ ကျန့်ယန်က
“ဂိုဏ်းချုပ်ကျန်း ဘယ်မှာလဲ”
ဟုမေးမြန်းလိုက်ရာ ၎င်း၏အသံမှာ သံ သံချင်းပွတ်သံကဲ့သို့ပင်။
ယွမ်ရှန့်မှာ ချွေးပြန်လျက် မည်သို့ပြန်လည်ဖြေကြားရမည်ကို မသိဘဲဖြစ်နေသည်။ ဘိုးဘေးကြီး၏ သဘောထားမှာ အလွန်ပြတ်သားလှသဖြင့် ၎င်းတို့က အတင်းအကျပ်တိုက်တွန်း၍မရနိုင်ပေ။
“သူ ဘာပြောလိုက်လဲ”
ဝမ်မုနှင့် ယင်ရှာတို့က တစ်ပြိုင်နက် မေးမြန်းကြသည်။ ယွမ်ရှုက စိတ်ကို တင်းထားလျက်
“သူ... သူက ခင်ဗျားတို့ကို ကိုယ်တိုင်ဝင်လာခဲ့ဖို့ ပြောလိုက်ပါတယ်၊ ပြီးတော့...”
“ပြီးတော့ ဘာဖြစ်လဲ”
“ပြီးတော့... ဟို ခေါင်းတလား မှော်လက်နက်တွေကို ယူမလာဖို့နဲ့ အလောင်းကောင်ရုပ်သေးတွေကိုလည်း အများကြီးမခေါ်လာဖို့ ပြောပါတယ်...”
ယွမ်ရှုမှာ မည်မျှပင် ရဲရင့်သည်ဆိုစေဦးတော့ အစ်ကိုကြီးချန်၏ ငါအနံ့မခံနိုင်ဘူးဟူသော စကားကိုမူ ပြန်မပြောရဲပေ။
ထိုစကားကိုကြားလိုက်ရချိန်တွင် ဖေးရှန်ဂိုဏ်းသားအားလုံးမှာ မျှော်လင့်ချက်ကင်းမဲ့သွားကြရသည်။ ဘိုးဘေးကြီးမှာ တကယ်ပင် ရူးသွပ်နေလေပြီလော။ မည်မျှပင် စီနီယာအဆင့်ရှိသည်ဆိုစေဦးတော့ ဤအလောင်းကောင်ဘုရင်ကြီးများကို အပြင်ထွက်၍ကြိုဆိုခြင်းက ဘာများထိခိုက်စေမည်နည်း။ ယခုကဲ့သို့သော အနေအထားမျိုးသည် တမင်တကာစော်ကားနေသကဲ့သို့ ဖြစ်နေသည်။
ယွမ်ကျိက ရဲတင်းစွာဖြင့်
“ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ခင်ဗျာ၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးကြီးက အပြင်ထွက်ရတာကို သိပ်မကြိုက်လို့ပါ...”
ဟု ရှင်းပြရန် ကြိုးပမ်းစဉ် ကျန့်ယန်ကကြားဖြတ်၍ ဆိုလေသည်။
“လမ်းပြပါ”
ယွမ်ကျိတို့မှာ အံ့ဩသွားကြသော်လည်း ယွမ်ကျဲနှင့် ယွမ်ဟယ်တို့က အလျင်အမြန်ပင် ဖိတ်ကြားလိုက်ကြသည်။
“ကြွပါ... ကြွပါခင်ဗျာ”
ထိုသို့ဖြင့် အလောင်းကောင်ဘုရင်သုံးပါးမှာ ဖေးရှန်ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာကြသည်။ ၎င်းတို့သည် ခေါင်းတလားများကို ယူဆောင်မလာခဲ့သကဲ့သို့ အလောင်းကောင်ရုပ်သေးများအနက်မှ ငါးဦးကိုသာ ခေါ်ဆောင်လာခဲ့၏။ လူတိုင်းမှာ ၎င်းတို့၏သဘောထားကို ခန့်မှန်းရခက်သဖြင့် စိုးရိမ်နေကြရသည်။ မကြာမီတွင် ကျန်းချန်၏နေအိမ်သို့ ရောက်ရှိလာကြရာ ကျန်းချန်အား တံခါးဝတွင်မတွေ့ရဘဲ အစေခံမလေးနှစ်ဦးဖြစ်သည့် စုယဲ့နှင့် စုမန်တို့ကိုသာတွေ့ရ၏။
ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ အလွန်စိတ်ပျက်နေကြရသည်။ ဘိုးဘေးကြီး၏အရှိန်အဝါမှာ ကြီးမားလွန်းလှသဖြင့် တံခါးဝသို့ပင်ထွက်၍မကြိုဆိုခြင်းမှာ ဤအလောင်းကောင်ဘုရင်ကြီးများအား တမင်စော်ကားနေခြင်းပင်။
“ကောင်းပြီ”
ကျန့်ယန်က တိုတိုတုတ်တုတ်ပြောဆိုလိုက်သော်လည်း ဒေါသထွက်သည့်အရိပ်အယောင်မပြပေ။
***