အလောင်းကောင်ဘုရင်သုံးပါး၏ နောက်မှလိုက်ပါ၍ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြသောအခါ အားလုံးမှာ ဘိုးဘေးကြီးကျန်းကို တွေ့မြင်လိုက်ကြရသည်။ လတ်ဆတ်သောပန်းမန်များ ဝန်းရံထားသည့်အလယ်တွင် ခန့်ညားစွာထိုင်နေ၏။ ဂိုဏ်းချုပ်ယွမ်ကျိမှာ ခဏမျှမှင်သက်သွားပြီးနောက် စိတ်ပျက်သွားရတော့သည်။
ဘိုးဘေးကြီးသည် အလောင်းကောင်ပုပ်နံ့ကို သည်းမခံနိုင်သဖြင့် ပန်းနံ့များဖြင့်ဖုံးအုပ်ရန်ကြိုးပမ်းနေခြင်းမှာ အလွန်သိသာလွန်း၏။ ၎င်းသည် ဧည့်သည်များကို စော်ကားနေခြင်းပင်။ အမှန်စင်စစ် အင်မော်တယ်ဘုရင်အဆင့်ရှိသော ထိုသုံးဦးထံမှ မနှစ်မြို့ဖွယ်အနံ့အသက်ဆိုးများ ထွက်ပေါ်နေခြင်းမရှိဘဲ သင်းပျံ့သောရနံ့ထွက်ပေါ်နေသည်။
ပရိသတ်များမှာ စိုးရိမ်တကြီးစောင့်ကြည့်နေစဉ် အလောင်းကောင်ဘုရင်သုံးပါးမှာ ၎င်းတို့၏ထုံးစံအတိုင်း အသက်မဲ့သောအမူအရာများကို ပယ်ဖျောက်လိုက်ပြီး ရှေ့သို့အတူတကွလှမ်းလိုက်ကြပြီးနောက် ကျန်းချန်ကို အလေးအနက်ဂါရဝပြုလိုက်ကြလေသည်။
“ဂိုဏ်းချုပ်ကျန်း... ခင်ဗျား တကယ်ရှိနေတာပဲ”
“ကျွန်တော်တို့ လာရောက်ဂါရဝပြုပါတယ်”
ခန်းမတစ်ခုလုံး အံ့ဩကုန်ကြ၏။ အလောင်းကောင်ဘုရင်သုံးပါးမှာ ဒေါသမထွက်သည့်အပြင် ဘိုးဘေးကြီးအား ရိုသေစွာဦးညွှတ်နေကြသည် မဟုတ်ပါလော။ အင်မော်တယ်ဘုရင်အဆင့်ရှိသော ကျိယွင်၊ ရှောင်ခွန်းနှင့် အခြားသူများက ဘိုးဘေးကြီးအား ဒူးထောက်ခဲ့ကြသည်ဟူသောသတင်းကို ကြားဖူးခဲ့သော်လည်း ယခုကဲ့သို့ ကိုယ်တိုင်မြင်တွေ့ရခြင်းမှာ အလွန်တုန်လှုပ်စေသည်။
ဤပုဂ္ဂိုလ်သုံးဦးသည်လည်း အတိတ်က ဘိုးဘေးကြီး၏ လက်အောက်ခံများ ဖြစ်ခဲ့ကြဖူးသလော။ ရိုးရိုးမိတ်ဆွေ သို့မဟုတ် ရန်သူများမဟုတ်ဘဲ အမှန်တကယ်ပင် သစ္စာခံများဖြစ်နေခြင်းမှာ အံ့ဩဖွယ်ရာပင်။
မြို့စားမင်းကျန်းက သေသေချာချာအာရုံခံကြည့်သောအခါ အနံ့အသက်ဆိုးများမရှိသည်ကို တွေ့ရှိရသဖြင့် ကျေနပ်သွားကာ ပြုံးလျက်ထူမပေးလိုက်သည်။
“ဟားဟား... မတွေ့ရတာကြာပြီပဲ။ မင်းတို့ ငါ့ကို ဘယ်လိုရှာတွေ့တာလဲ”
အလောင်းကောင်ဘုရင်ကျန့်ယန်က အလျင်အမြန်ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ အရှင့်ရဲ့ သတင်းကိုကြားခဲ့ရလို့ပါ။ ကျိယွင်၊ ရှောင်ခွန်းနဲ့ ချာလီတို့ လာရောက်ဂါရဝပြုခဲ့ကြတယ်ဆိုတာ သိလိုက်ရကတည်းက အရှင်ပြန်လည်ပေါ်ထွက်လာပြီဆိုတာ ကျွန်တော်တို့ခန့်မှန်းမိပါတယ်”
ယင်ရှာကလည်း...
“အရှင့်ရဲ့ဒဏ်ရာကုသမှုက အရမ်းကြာမြင့်နေခဲ့တာကြောင့် အရှင်ပြန်မလာတော့ဘူးလို့ ကျွန်တော်တို့ စိုးရိမ်နေခဲ့တာပါ။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့ အရှင့်ကို ပြန်လည်အသက်သွင်းနိုင်ဖို့နဲ့ အရှင် ကျွန်တော်တို့ကို ပြန်လည်ဦးဆောင်နိုင်ဖို့အတွက် အင်မော်တယ်ဂူသင်္ချိုင်း အမြောက်အမြားကို တိတ်တဆိတ်ရှာဖွေခဲ့ကြပါတယ်”
၎င်းတို့၏မျက်နှာထားမှာ အေးစက်နေသော်လည်း ပြောဆိုလိုက်သည့်စကားများမှာ ယွမ်ကျိနှင့် အခြားသူများအတွက် အလွန်သိသာစေသည်။ ၎င်းတို့မှာ သာမန်လက်အောက်ခံများမဟုတ်ဘဲ ဘိုးဘေးကြီးအပေါ် အလွန်အမင်းသစ္စာရှိကြသည့် ကိုယ်ရံတော်များပင်။ ၎င်းတို့၏သစ္စာရှိမှုကို မြင်တွေ့ရသူတိုင်းမှာ စိတ်လှုပ်ရှားရ၏။
ကျန်းချန်ကမူ စိတ်ထဲမှတွေးတောနေမိသည်။
မင်းတို့ ငါ့ကိုအထင်သေးလွန်းနေပြီ၊ မင်းတို့ရဲ့ အသက်သွင်းနည်းက လူတွေကို အလောင်းကောင်ရုပ်သေးဖြစ်အောင်လုပ်တာပဲ၊ ငါ့ကိုတော့ အဲဒီလိုမလုပ်ပါနဲ့ဦး...
“ဒီနှစ်တွေအတွင်းမှာ မင်းတို့ ဘယ်လိုတွေဖြတ်သန်းခဲ့ကြလဲ၊ တခြားသူတွေရော ဘယ်မှာလဲ”
ကျန့်ယန်က ပြန်ဖြေ၏။
“တခြားသူတွေနဲ့တော့ အဆက်အသွယ်မရခဲ့ပါဘူး။ အလယ်အင်မော်တယ်လောကမှာ ကျန်နေခဲ့တဲ့သူက အလွန်နည်းပါတယ်”
“အခု အရှင်ပြန်လည်ထွက်ပေါ်လာပြီဆိုတော့ ကျွန်တော်တို့မှာ ခေါင်းဆောင်ပြန်ရှိလာပါပြီ။ ကျွန်တော်တို့ နယ်မြေတွေကိုချဲ့ထွင်ပြီး အထက်အင်မော်တယ်လောကကိုတောင် ကျူးကျော်တိုက်ခိုက်လို့ရပါပြီ”
ထိုစကားကြောင့် အကြီးအကဲများမှာ ချွေးစေးများထွက်လာကြရသည်။ အလောင်းကောင်မျိုးနွယ်စုက နယ်မြေချဲ့ထွင်ရန်ကြံစည်နေခြင်းမှာ သွေးချောင်းစီးမည့်တိုက်ပွဲကြီးများကို ဆိုလိုခြင်းပင်။ ၎င်းတို့က ဘိုးဘေးကြီးအား ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်နေကြသည် မဟုတ်ပါလော။
“နေဦး... နေဦး”
မြို့စားမင်းကျန်းက အလျင်အမြန် လက်ဝှေ့ယမ်း၍ တားမြစ်လိုက်သည်။
“မင်းတို့မှားနေပြီ၊ ငါဘယ်တုန်းက မင်းတို့ကိုဦးဆောင်မယ်လို့ ပြောခဲ့လို့လဲ။ ဒါကမဖြစ်နိုင်ဘူး၊ မင်းတို့ အေးအေးဆေးဆေးပဲ နေကြစမ်းပါ”
သူသည် သက်ရှိများကိုသာနှစ်သက်သူဖြစ်ရာ ကမ္ဘာကြီးတစ်ခုလုံး အလောင်းကောင်များဖြင့် ပြည့်နှက်သွားမည်ကို မလိုလားပေ။ ဂိုဏ်းချုပ်ယွမ်ကျိနှင့် အခြားသူများမှာလည်း ဘိုးဘေးကြီး စိတ်မှန်နေသေးသည့်အတွက် သက်ပြင်းချနိုင်တော့သည်။
သို့သော် အလောင်းကောင်ဘုရင်များက ဆက်လက်တောင်းဆိုကြသည်။
“အကယ်၍ အလောင်းကောင်မျိုးနွယ်စုသာ ကြီးထွားလာမယ်ဆိုရင် တစ်နေ့မှာ ဟိုရန်သူတွေကို တုံ့ပြန်နိုင်ပါလိမ့်မယ်။ အတိတ်က သူတို့က အကြိမ်ကြိမ်သုတ်သင်ဖို့ကြိုးစားခဲ့တာကို အရှင်ကလဲ့စားမချေချင်ဘူးလား။ ကျွန်တော်တို့ ဒီနှစ်တွေမှာ အရှင့်ရဲ့အမိန့်ကိုစောင့်ရင်း အင်အားစုဆောင်းနေခဲ့တာပါ...”
“တော်ပြီ... တော်ပြီ”
မြို့စားမင်းကျန်းက စကားဖြတ်လိုက်၏။ အခြားသူများ နားမလည်နိုင်သော်လည်း ရန်သူများဆိုသည်မှာ အထက်လောကမှ အင်မော်တယ်ဧကရာဇ်များနှင့် မိစ္ဆာဧကရာဇ်များကို ဆိုလိုခြင်းဖြစ်ကြောင်း သူသိသည်။ အတိတ်ကဖြစ်ရပ်များမှာ သွေးကြွေးများရှိခဲ့သော်လည်း ကျန်းချန်ကမူ စိတ်ထဲသိပ်မထားတော့ပေ။ ထိုရန်သူများကို နောင်တွင် အထက်လောကရောက်ရှိချိန်မှသာ ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားသည်။
“ဒါက မင်းတို့တိုက်ရမယ့်တိုက်ပွဲမဟုတ်ဘူး၊ အချိန်တန်ရင် ငါကိုယ်တိုင်ဖြေရှင်းမယ်”
အလောင်းကောင်ဘုရင်သုံးပါးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် လျှောက်ထားကြလေသည်။
“အမိန့်အတိုင်းပါခင်ဗျာ၊ ဒါဆိုရင် အရှင့်နောက်ကိုလိုက်ပါပြီး အတူတူတိုက်ပွဲဝင်ခွင့်ပြုပါ”
သူတို့သည် အေးစက်သောအမူအရာရှိသော်လည်း ဂိုဏ်းချုပ်ကျန်းနောက်လိုက်ခြင်းက အောင်မြင်မှုများရရှိစေမည်ကို သေချာသိရှိကြသည်။
ဖေးရှန်ဂိုဏ်း၏အကြီးအကဲများ စိတ်လှုပ်ရှားကုန်၏။ အကယ်၍ အလောင်းကောင်ဘုရင်သုံးပါးနှင့် အလောင်းကောင်ရုပ်သေးတပ်မတော်သာ ဂိုဏ်း၏သစ္စာခံဖြစ်လာပါက ဖေးရှန်ဂိုဏ်းကို မည်သူကမှရန်ပြုဝံ့တော့မည်မဟုတ်။
သို့ရာတွင် ကျန်းချန်က
“မင်းတို့ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာပေါ်မှာပဲ မူတည်တယ်”
ဟု ပြောဆိုလိုက်သောအခါ အားလုံးအံ့ဩသွားကြရသည်။
အင်မော်တယ်ဘုရင်အဆင့်ရှိသူများက ကိုယ်တိုင်သစ္စာခံရန်ကမ်းလှမ်းသည်ကို ငြင်းပယ်နေခြင်းမှာ မယုံနိုင်စရာပင်။
“ဘိုးဘေးကြီး... ဒါက...”
အကြီးအကဲများမှာ ဒီလောက်အထိ ဟန်ဆောင်နေဖို့လိုလို့လားဟုပင် မေးခွန်းထုတ်ချင်နေကြသည်။ အကယ်၍ အင်မော်တယ်ဘုရင်များက စိတ်ဆိုးသွားပါက မည်သို့ဖြစ်မည်နည်း။ သို့သော် အလောင်းကောင်ဘုရင်များကမူ တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားကြ၏။
“ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်ပါ့မယ်”
ဤကြောက်မက်ဖွယ်ရောင်းလှသော အလောင်းကောင်ဘုရင်များမှာ ဘိုးဘေးကြီး၏ရှေ့မှောက်တွင် တပည့်သစ်လေးများကဲ့သို့ ယဉ်ကျေးနေကြခြင်းမှာ အံ့ဩဖွယ်ရာပင်။ ကျန်းချန်ကမူ အရိပ်အမြွက်ကိုနားမလည်ကြသသည့် ထိုလူများကို စိတ်ပျက်နေ၏။ ထို့ကြောင့် သူက တိုက်ရိုက်ပြောလိုက်တော့သည်။
“မင်းတို့ ဂိုဏ်းတွေအများကြီးကိုသုတ်သင်ခဲ့တယ်ဆိုတော့ တိုက်ပွဲဝင်ပစ္စည်းတွေ အများကြီးရှိရမယ်မဟုတ်လား”
အလောင်းကောင်မျိုးနွယ်စုအတွက် အင်မော်တယ်ဆေးလုံးများနှင့် အင်မော်တယ်လက်နက် အများစုမှာ အသုံးမဝင်ချေ။ ထို့ကြောင့် ထိုပစ္စည်းများကို အလဟဿထားမည့်အစား ဂိုဏ်းချုပ်ကျန်းထံသို့ လွှဲပြောင်းပေးရန် အရိပ်အမြွက်ပြောကြားခြင်းဖြစ်သည်။ ယွမ်ကျိနှင့် ယွမ်ရှုတို့မှာ ဘိုးဘေးကြီးက ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများထံမှ ပစ္စည်းများတောင်းခံနေခြင်းအပေါ် အလွန်အံ့အားသင့်သွားကြ၏။
ထိုအခါမှသာ အလောင်းကောင်ဘုရင်သုံးပါးမှာ သဘောပေါက်သွားကြပြီး
“ရှိပါတယ်... ရှိပါတယ်၊ ကျွန်တော်တို့ မေ့သွားလို့ပါ”
ဟုဆိုကာ အင်မော်တယ်လက်နက်များ၊ မှော်ရတနာများနှင့် ဆေးပုလင်းအမြောက်အမြားကို ထုတ်ပေးလိုက်ကြလေသည်။ ၎င်းတို့ထဲတွင် အဆင့် ၆ နှင့် အဆင့် ၇ အင်မော်တယ်လက်နက်များပင် ပါဝင်နေသဖြင့် အားလုံးမှာမှင်သက်သွားကြရသည်။
ကျန်းချန်အလွန်ကျေနပ်သွားပြီး ထိုပစ္စည်းအားလုံးကို ချက်ချင်းသိမ်းဆည်းလိုက်သည်။
“ကောင်းတယ်... မင်းတို့က ကျိယွင်နဲ့ ရှောင်ခွန်းတို့ထက် အများကြီးပိုတော်ကြတယ်”
ထိုသို့ချီးကျူးလိုက်သောအခါ အလောင်းကောင်ဘုရင်သုံးပါးမှာလည်း အလွန်ဂုဏ်ယူဝမ်းမြောက်သွားကြ၏။ ထိုအချိန်မှစ၍ ခန်းမတစ်ခုလုံးတွင် ပျော်ရွှင်ကြည်နူးဖွယ်အရှိန်အဝါများ လွှမ်းမိုးသွားလေတော့သည်။
***