“ဒါကတော့...”
ဘိုးဘေးကြီး၏ အဆင့်အတန်းမှာ တစ်ချိန်ကအလွန်မြင့်မားခဲ့သည်ကို သိရှိထားကြသော်လည်း ယွမ်ရှန့်နှင့် ယွမ်ရှုတို့မှာ လက်ရှိအခြေအနေကိုလက်ခံရန် အနည်းငယ်ခက်ခဲနေကြဆဲ။ အောက်လောကတွင်ဖြစ်စေ အင်မော်တယ်လောကတွင်ဖြစ်စေ ဆေးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် အစီအရင်ပညာရပ်များ၌ ကျွမ်းကျင်နှံ့စပ်သော ကျင့်ကြံသူများသည် အမြဲတစေ အထူးတလေးတစားဆက်ဆံခြင်းခံရသူများဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်ရှိသော ပညာရှင်ကြီးများဆိုပါက မည်သည့်နေရာရောက်ပါစေ အထူးဧည့်သည်တော်များအဖြစ် သတ်မှတ်ခံရစမြဲ။ သာမန်အင်မော်တယ်များသာမက အင်မော်တယ်ဘုရင်များပင်လျှင် တွေ့ဆုံခွင့်ရရန်အတွက် ထိုပညာရှင်ကြီးများ၏ စိတ်အခြေအနေကို ကြည့်ရှုရွေးချယ်ကြရသည်။
ထိုသို့သောပုဂ္ဂိုလ်ကြီးများ ရောက်ရှိလာခြင်းကြောင့် ဖေးရှန်ဂိုဏ်းသားများမှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ဂုဏ်ယူမဆုံးဖြစ်နေကြသည်။
“ဒီပုဂ္ဂိုလ်နှစ်ဦးက ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သန့်စင်ခြင်းနယ်ပယ်မှာ ထိပ်တန်းခေါင်းဆောင်တွေပါ။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက အင်မော်တယ်ဘုရင်မင်ချီက အဆင့် ၇ အင်မော်တယ်လက်နက်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့လို့ အလယ်အင်မော်တယ်လောကတစ်ခုလုံးမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရတာပါ...”
ဘိုးဘေးကြီးအနေဖြင့် အတိတ်တွင် မည်မျှအဆင့်အတန်းမြင့်မားခဲ့သည်ဆိုစေဦး ယခုကဲ့သို့သော ပညာရှင်ကြီးများနှင့်ဆုံတွေ့ချိန်တွင် လုံလောက်သောအရိုအသေပေးမှုမျိုးရှိသင့်သည်ဟု ယူဆနေကြသည်။ အစ်ကိုကြီးချန်ကမူ စိတ်ထဲမှ ကျိတ်၍ တွေးနေမိသည်။
ငါ ကံစမ်းမဲနှိုက်လို့ရထားတဲ့ လက်နက်သန့်စင်ခြင်းပညာက အဆင့် ၉ အင်မော်တယ်လက်နက်တွေကိုတောင် တိုက်ရိုက်ဖန်တီးနိုင်တာပဲ၊ ငါရော ဂုဏ်ယူနေလို့လား...
သူသည် လိုအပ်သောကုန်ကြမ်းပစ္စည်းများ မစုံလင်သေးသဖြင့်သာ ထိုပညာရပ်ကို အလေးမထားဘဲ ပစ်ပယ်ထားသလိုဖြစ်နေခြင်းသာ။
“ကောင်းပြီ... ကောင်းပြီ၊ သူတို့ကို ဝင်လာချင်ရင်ဝင်လာခဲ့လို့ ပြောလိုက်ပါ၊ မလာချင်လည်း သူတို့သဘောပဲ”
ယွမ်ရှန့်နှင့် ယွမ်ရှုတို့မှာ ဘိုးဘေးကြီး၏စကားအတိုင်း တိုက်ရိုက်ပြောကြားရန်မဝံ့ရဲကြ။ သူတို့သည် တံခါးဝသို့ပြန်လည်ရောက်ရှိလာချိန်တွင် စိတ်မသက်မသာဖြစ်နေကြရသည်။ ဂိုဏ်းချုပ်ယွမ်ကျိနှင့် အခြားအကြီးအကဲများမှာမူ အင်မော်တယ်ဘုရင်နှစ်ပါးအား အထူးတလည်မြှောက်ပင့်ဖားယား၍ စကားပြောဆိုနေကြလေ၏။
“ဘိုးဘေးကြီးကျန်း မကြာခင်ထွက်လာပါလိမ့်မယ်”
“စီနီယာတို့အနေနဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါဦး...”
“ဟားဟား... စီနီယာတို့ကြွရောက်လာတာက ကျွန်တော်တို့ဖေးရှန်ဂိုဏ်းအတွက် တကယ့်ကိုဂုဏ်ယူစရာပါပဲ”
“အင်မော်တယ်ဘုရင်နှစ်ပါးက အရင်က ဆေးဖော်စပ်ခြင်းမဟာမိတ်နဲ့ လက်နက်သန့်စင်ခြင်းမဟာမိတ် အဖွဲ့တွေထဲကို ဝင်ရောက်ဖို့ငြင်းပယ်ခဲ့တယ်လို့ ကြားဖူးပါတယ်ခင်ဗျာ”
အင်မော်တယ်ဘုရင်နှစ်ပါးမှာ အခြေအနေကောင်းမွန်ပြီး ပြုံးရွှင်စွာပင် ပြန်လည်တုံ့ပြန်ကြသည်။ အင်မော်တယ်ဘုရင်လျိုယွမ်က တည်ငြိမ်စွာဖြင့်...
“မှန်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမဟာမိတ်အဖွဲ့တွေက အထက်အင်မော်တယ်လောကနဲ့ဆက်နွှယ်နေပြီး အင်မော်တယ်ဧကရာဇ် အတော်များများက နောက်ကွယ်ကနေ ထောက်ပံ့ပေးနေလို့ပဲ”
ဖေးရှန်ဂိုဏ်းအကြီးအကဲများမှာ ထိုစကား၏ဆိုလိုရင်းကို နားမလည်ကြချေ။ အင်မော်တယ်ဧကရာဇ်များ နောက်ကွယ်၌ရှိနေခြင်းမှာ ကောင်းမွန်သောအချက်တစ်ခုမဟုတ်သလော။ ထိုအကြောင်းပြချက်ဖြင့် အဖွဲ့ထဲမဝင်ခြင်းမှာ အဘယ်ကြောင့်နည်း။
၎င်းတို့မှာ ဆက်လက်မမေးဝံ့ကြဘဲ မြှောက်ပင့်စကားကိုသာ ဆက်လက်ပြောဆိုကြသည်။
“စီနီယာတို့လိုပုဂ္ဂိုလ်မျိုးတွေကို လက်လွတ်လိုက်ရတာက အဲဒီမဟာမိတ်အဖွဲ့တွေအတွက် တကယ့်ကို ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ”
“မှန်ပါတယ်... စီနီယာတို့သာ အဲဒီအဖွဲ့တွေထဲ ရောက်နေမယ်ဆိုရင် ဒါဟာ အလယ်အင်မော်တယ်လောက တစ်ခုလုံးအတွက် ကောင်းချီးတစ်ရပ်ဖြစ်လာမှာပါ”
ထိုစကားကိုကြားသောအခါ အင်မော်တယ်ဘုရင်နှစ်ပါးမှာ မျက်မှောင်ကြုတ်သွားကြသည်။
ဖေးရှန်ဂိုဏ်း၏ နောက်မျိုးဆက်များမှာ အထက်လောကမှ အင်မော်တယ်ဧကရာဇ်များသည် အတိတ်က ၎င်းတို့၏ဘိုးဘေးကြီးအား အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့သည်ကို မသိရှိကြလေသလော။
သူတို့သည် ရန်သူများ၏အဖွဲ့အစည်းကို အဘယ်ကြောင့်ချီးမွမ်းနေကြရသနည်း။
“မင်းတို့ဘာမှမသိသေးတဲ့ပုံပဲ”
အကြီးအကဲများထိတ်လန့်သွားကြပြီး အလျင်အမြန်တောင်းပန်ကြရသည်။
“စီနီယာတို့ ဘာကိုဆိုလိုတာပါလဲ”
“ကျွန်တော်တို့ တစ်စုံတစ်ခုမှားယွင်းပြောဆိုမိပြီး ကန့်သတ်ချက်တွေကို ထိပါးမိသွားတာလား”
အင်မော်တယ်ဘုရင်နှစ်ပါးမှာ ခေါင်းခါရုံမျှသာပြုလုပ်ပြီး မျက်နှာထားပြေလျော့သွားကြသည်။
“မင်းတို့ရဲ့ဘိုးဘေးကြီးက မင်းတို့ကို ကောင်းကောင်း ကာကွယ်ပေးထားပုံရပါတယ်။ ဒီကြောက်မက်ဖွယ်ရောင်းတဲ့ ဝဲဂယက်ထဲကို ဆွဲမသွင်းချင်လို့ဖြစ်ပါလိမ့်မယ်”
ဟုဆိုလေသည်။
ဖေးရှန်ဂိုဏ်းသားများမှာ ထိုစကား၏ဆိုလိုရင်းကို လုံးဝနားမလည်နိုင်ဘဲ ကြောင်အနေကြ၏။ ဂိုဏ်းချုပ်ယွမ်ကျိတစ်ဦးသာလျှင် လွန်ခဲ့သောနှစ်များက ကျူယန်အင်မော်တယ်ဧကရာဇ်နှင့် ဆက်စပ်နိုင်ကြောင်း ရိပ်မိလိုက်သည်။
ထိုစဉ် ယွမ်ရှန့်နှင့် ယွမ်ရှုတို့ ပြန်ရောက်လာ၏။ ဘိုးဘေးကြီးပါမလာသည်ကိုမြင်သောအခါ အကြီးအကဲများမှာ စိတ်ပျက်သွားကြသည်။ အလယ်အင်မော်တယ်လောကတစ်ခုလုံးက တွေ့ဆုံနိုင်ရန်တောင့်တနေကြသည့် ဤပညာရှင်ကြီးနှစ်ဦးကို ဘိုးဘေးကြီးကအလေးမထားခြင်းမှာ လွန်လွန်းလှသည်ဟုယူဆကြ၏။
“ဘယ်လိုလဲ... ဂိုဏ်းချုပ်ကျန်းက ကျွန်တော်တို့ကိုတွေ့ဆုံဖို့ သဘောတူရဲ့လား”
“သူအချိန်ရရဲ့လား”
ပညာရှင်ကြီးနှစ်ဦးမှာ စိတ်လှုပ်ရှားစွာမေးမြန်းနေကြသဖြင့် ယွမ်ရှန့်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“သူအချိန်ရပါတယ်၊ ခင်ဗျားတို့ ကိုယ်တိုင်ပဲဝင်လာခဲ့ဖို့ ပြောလိုက်ပါတယ်...”
လာချင်ရင်လာ၊ မလာချင်လည်းနေဟူသောစကားကိုမူ မပြောဝံ့ချေ။ ထိုစကားကိုကြားသောအခါ ပညာရှင်ကြီးနှစ်ဦး၏ နောက်မှလိုက်ပါလာသောတပည့်များမှာ ဒေါသထွက်သွားကြသည်။
“ဆရာ... ဒီလူကဘယ်သူမို့လို့လဲ”
“ဘိုးဘေးကြီး... ဒီလူက ဘာတွေ ဒီလောက်အထိတော်နေလို့လဲ။ သူ့မှာ ဘာအရှိန်အဝါတွေရှိနေလို့လဲ”
“သူက ကျွန်တော်တို့ကို ထွက်ပြီးမကြိုဆိုဘူးဆိုရင် ကျွန်တော်တို့ပြန်ကြရအောင်”
“ဟုတ်ပါတယ်... ကျွန်တော်တို့သွားလေရာမှာ ဒီလိုဆက်ဆံတာမျိုးမကြုံဖူးပါဘူး။ ဒီဖေးရှန်ဂိုဏ်းက ဘာမို့လို့လဲ”
“အားလုံးပါးစပ်ပိတ်ထားကြစမ်း”
အင်မော်တယ်ဘုရင်မင်ချီက သူ့တပည့်များကို ဒေါသတကြီးငေါက်ငမ်းလိုက်သည်။
“အဲဒီပုဂ္ဂိုလ်ရဲ့ရှေ့မှောက်မှာ မင်းတို့ဒီထက်ပိုပြီးရိုင်းစိုင်းမယ်ဆိုရင် မင်းတို့ကို ဂိုဏ်းကနေထုတ်ပစ်ဖို့ ဝန်မလေးဘူးနော်”
ဟုဆိုကာ သူနှင့် လျိုယွမ်တို့မှာ ဝတ်စုံများကိုပြုပြင်လျက် ဆိုကြလေသည်။
“ဂိုဏ်းချုပ်ကျန်းဘယ်မှာလဲ၊ လမ်းပြပေးပါ”
သူတို့၏တုံ့ပြန်မှုကိုမြင်တွေ့ရသောအခါမှ ဖေးရှန်ဂိုဏ်းအကြီးအကဲများမှာ သက်ပြင်းချနိုင်တော့သည်။ ဘိုးဘေးကြီး၏အရှိန်အဝါမှာ လူတိုင်းအပေါ် သက်ရောက်မှုရှိနေသည် မဟုတ်ပါလော။
မျှော်လင့်ထားသည့်အတိုင်းပင် ဤပညာရှင်ကြီးနှစ်ဦးသည် ဘိုးဘေးကြီးကျန်းကို မြင်တွေ့ရချိန်တွင် ရိုသေစွာဂါရဝပြုကြလေသည်။ ၎င်းတို့မှာ အလွန်စိတ်လှုပ်ရှားနေကြပြီး မျက်ရည်ပင်ဝဲနေကြ၏။ နှစ်ပေါင်းများစွာကွဲကွာနေသောတပည့်များက မိမိတို့၏ဆရာသခင်ကို ပြန်လည်တွေ့ရှိရသကဲ့သို့ပင်။
အကြီးအကဲများမှာ အံ့အားသင့်လွန်းသဖြင့် ထုံထိုင်းနေကြရသော်လည်း ပညာရှင်ကြီးများ၏နောက်မှ တပည့်များမှာမူ ဤမြင်ကွင်းကို လုံးဝနားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ ၎င်းတို့သည် ဤဖေးရှန်ဂိုဏ်း၏ ဘိုးဘေးကြီးအကြောင်းကို ကြားဖူးထားကြသည်မှာ...
သူသည် အင်မော်တယ်ကံကြမ္မာတိုကင် ၃,၃၀၀ ကို ဝယ်ယူခဲ့သူဖြစ်ကြောင်း၊ အဆင့် ၉ အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားကြောင်းနှင့် အချို့သော အင်မော်တယ်ဘုရင်၊ မိစ္ဆာဘုရင်များနှင့် ခင်မင်မှုရှိကြောင်းတို့ဖြစ်သည်။ သို့သော်လည်း ဤအချက်များမှာ ၎င်းတို့၏ ဆရာသမားများ ဤမျှအထိဦးညွှတ်ရလောက်အောင်မလုံလောက်ဟု ထင်မြင်နေကြ၏။
“မင်းတို့နှစ်ယောက်ရော အထက်လောကကို ဘာလို့မသွားကြသေးတာလဲ”
“ကျွန်တော်တို့အားလုံး အရှင်ပြန်လည်ပေါ်ထွက်လာပြီး ဦးဆောင်ပေးမယ့်အချိန်ကို စောင့်နေကြတာပါ”
ကျန်းချန်က...
ဘာလို့ဒီစကားကိုပဲ ထပ်ခါတလဲလဲပြောနေကြတာလဲ
တွေးမိသည်။ ဤလူများမှာ သူကဦးဆောင်၍ အင်မော်တယ်လောကကြီးကို ပြောင်းလဲပစ်မည့်အချိန်ကို မျှော်လင့်နေကြပုံရသည်။ အမှန်စင်စစ် သူသည် ဤနှစ်ဦးမှာ အတိတ်က မည်သည့်နယ်မြေမှဖြစ်ကြောင်းကိုပင် သေသေချာချာမမှတ်မိချေ။
“မင်းတို့နှစ်ယောက်ကတော့ ဒီနှစ်တွေအတွင်း အခြေအနေတော်တော်ကောင်းမွန်နေကြတယ်လို့ကြားတယ်”
“ငါ့ရဲ့နောက်မျိုးဆက်တွေတောင် မင်းတို့အကြောင်းကို သိနေကြတယ်လေ”
ပညာရှင်ကြီးနှစ်ဦးမှာ အလျင်အမြန်ပင် နှိမ့်ချစွာဖြင့်...
“ဂိုဏ်းချုပ်ကျန်းက ကျီစားနေတာပါ၊ ဒါတွေက အပေါ်ယံနာမည်တွေတင်ပါ...”
“အရှင့်ရဲ့စွမ်းဆောင်ချက်တွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ရဲ့ အောင်မြင်မှုသေးသေးလေးတွေက ပြောပလောက်စရာမရှိပါဘူး”
ဟုဆိုကြသည်။ ဤစကားများက တပည့်များအား အံ့အားသင့်စေပြန်သည်။ ၎င်းတို့၏ ဆရာများသည် အင်မော်တယ်ဧကရာဇ်နှင့်တွေ့ဆုံချိန်တွင်ပင် ဤမျှအထိနှိမ့်ချခြင်းမရှိခဲ့။
ကျန်းချန်က ခပ်အေးအေးပင်ပြုံးလျက်...
“မင်းတို့ဆီမှာ သတင်းအရင်းအမြစ်တွေ အများကြီးရှိမှာပဲမဟုတ်လား”
“ဟုတ်ကဲ့... အသင့်အတင့်တော့ ရှိပါတယ်ခင်ဗျာ”
“ဂိုဏ်းချုပ်ကျန်း တစ်ခုခုမေးမြန်းစရာရှိလို့လား”
“ငါ မေးချင်တာက... မင်းတို့အနေနဲ့ ဖေးရှန်ဂိုဏ်းအကြောင်းကို ကြားဖူးတာကြာပြီမဟုတ်လား”
ပညာရှင်ကြီးနှစ်ဦးက အလျင်အမြန်ခေါင်းငြိမ့်ပြကြသည်။
“ဟုတ်ပါတယ်၊ ဒါက အရှင့်ရဲ့ဂိုဏ်းဖြစ်လို့ ကျွန်တော်တို့ အမြဲတမ်းဂရုစိုက်နေခဲ့ပါတယ်”
“ဂရုစိုက်တယ် ဟုတ်လား”
ကျန်းချန်၏မျက်နှာထားမှာ ရုတ်တရက်တင်းမာသွားပြီး...
“ငါ့ရဲ့တပည့်တွေက မင်းတို့ဆီကနေ ဘယ်လိုဂရုစိုက်မှုမျိုးမှမရရှိခဲ့တာကို ငါအခုမှသိလိုက်ရတယ်... မင်းတို့တင်မဟုတ်ဘူး၊ ရှောင်ခွန်း၊ ချာလီနဲ့ ကျီယွင်တို့လည်း ငါ့ရဲ့နောက်မျိုးဆက်တွေကို လုံးဝဂရုမစိုက်ခဲ့ကြဘူး”
ဟုဆိုကာ ထိုင်ခုံလက်ရန်းကို ပြင်းထန်စွာရိုက်လိုက်ပြီး မတ်တပ်ရပ်လျက် အေးစက်စွာ ပြုံးလိုက်လေသည်။
“အရင်တုန်းက မင်းတို့ပြောခဲ့တဲ့စကားတွေက တကယ့်ကိုနားဝင်ချိုခဲ့ပေမယ့်.... နောင်မှာ ဖေးရှန်ဂိုဏ်းရဲ့မျိုးဆက်တွေကို သေချာပေါက်ကြည့်ရှုစောင့်ရှောက်ပါ့မယ်ဆိုတဲ့စကားက ဘယ်ရောက်သွားတာလဲ”
***