အမှန်စင်စစ် ကျန်းချန်သည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေ၏။ အင်မော်တယ်ဘုရင်များနှင့် မိစ္ဆာဘုရင်များအား တစ်ဦးပြီးတစ်ဦးဆုံတွေ့ခဲ့ပြီးနောက် သူသည် အချက်အလက်အချို့ကို သတိပြုမိလာသည်။ သူ၏နောက်မျိုးဆက်တပည့်များမှာ ထိုအင်မော်တယ်ဘုရင်များနှင့် မိစ္ဆာဘုရင်များအား ဒဏ္ဍာရီလာ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများအဖြစ်သာ မှတ်ယူထားကြပြီး အလွန်အမင်းရိုသေကြောက်ရွံ့နေကြ၏။ ၎င်းတို့သည် ထိုပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနိုင်သည့် အခြေအနေမျိုး လုံးဝမရှိချေ။
မိမိ၏တပည့်များမှာ ထိုပုဂ္ဂိုလ်ကြီးများသည် မိမိတို့၏လူရင်းများဖြစ်သင့်ကြောင်းကိုပင် မသိရှိကြချေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သောနှစ်များအတွင်း ဖေးရှန်ဂိုဏ်းမှာ မည်သည့်စောင့်ရှောက်မှုမျိုးကိုမျှ မရရှိခဲ့ကြောင်းထင်ရှား၏။ သို့မဟုတ်ပါက ဖေးရှန်ဂိုဏ်းသည် ဤမျှအထိ ဆုတ်ယုတ်သွားစရာ အကြောင်းမရှိပေ။
ဘိုးဘေးကြီးမှာ ဤကိစ္စအတွက် ဒေါသထွက်နေသည်ကိုမြင်သောအခါ ယွမ်ကျိ၊ ယွမ်ရှန့်၊ ယွမ်ရှုနှင့် အခြားသူများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ဝန်းများပင်နီမြန်းလာကြ၏။ ဤကဲ့သို့သော အတိတ်သမိုင်းကြောင်းရှိခဲ့သည်ကို ယခုမှပင်သိရှိကြရသည်။ ထိုအင်မော်တယ်ဘုရင်ပညာရှင်ကြီးများသည် အတိတ်က ဖေးရှန်ဂိုဏ်းကိုစောင့်ရှောက်ပါမည်ဟု ကတိကဝတ်ပြုခဲ့ကြသည် မဟုတ်ပါလော။ သို့ဆိုလျှင် အဘယ်ကြောင့် ဤနှစ်များအတွင်း မည်သည့်အကူအညီမျှ မရရှိခဲ့ကြသနည်း။
“ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့”
ကျန်းချန်၏ဒေါသကြောင့် အင်မော်တယ်ဘုရင်နှစ်ပါးမှာ တုန်လှုပ်သွားကြရသည်။ ထိုအခြေအနေကို စောင့်ကြည့်နေသော အလောင်းကောင်ဘုရင်သုံးပါးသည်လည်း အလျင်အမြန်ပင် ပျံသန်းရောက်ရှိလာကြသည်။
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“ကျွန်တော်တို့မှာလည်း အခက်အခဲကိုယ်စီနဲ့ပါ”
ဖေးရှန်ဂိုဏ်း၏ လက်ရှိဆုတ်ယုတ်နေသောအခြေအနေကို တွေးတောမိကာ အစ်ကိုကြီးချန်မှာ အမှန်တကယ်ပင် စိတ်ဆိုးနေမိသည်။
“မင်းတို့ ဒီနေ့သာ ခိုင်လုံတဲ့အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင် အခုချက်ချင်း ဒီကနေ ထွက်သွားကြတော့”
သူက ပြင်းထန်စွာပြောကြားလိုက်သည်။ အတိတ်က သူအောင်မြင်နေချိန်တွင် အကျိုးအမြတ်များကို အတူတကွခံစားခဲ့ကြပြီး ယခုကဲ့သို့ သူမရှိချိန်တွင် အားကိုးရာမဲ့ပစ်ပယ်ထားခြင်းကို လက်မခံနိုင်ချေ။
မင်ချီသည် ကျန်းချန်၏တင်းမာနေသော မျက်နှာကိုကြည့်ကာ အလျင်အမြန်ပင် ရှင်းပြလေသည်။
“ဒီကိစ္စမှာ အကြောင်းရင်းရှိပါတယ်”
“ပြောစမ်း”
“မိုချန်၊ ကျိလင်ဟန်၊ လင်နင်နဲ့ သွမ့်ဟယ်တို့ ရှိနေစဉ်တုန်းက ဖေးရှန်ဂိုဏ်းဟာ အလွန်တက်ကြွပြီး အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ သူတို့လောက်တောင် အဆင့်မရှိခဲ့ပါဘူး”
“ဟုတ်ပြီ... သူတို့တွေ အထက်လောကကို တက်လှမ်းသွားပြီးနောက်မှာရော ဘာဖြစ်ခဲ့လို့လဲ”
“သူတို့တွေ အထက်လောကကို ရောက်ရှိသွားပြီးနောက်မှာ ကျွန်တော်တို့လည်း တဖြည်းဖြည်း ကျင့်ကြံအားထုတ်ရင်း အောင်မြင်မှုအချို့ ရရှိလာခဲ့ပါတယ်။ မူလကတော့ ဖေးရှန်ဂိုဏ်းရဲ့ နောက်မျိုးဆက်တွေကို ပံ့ပိုးကူညီဖို့ အစီအစဉ် ရှိခဲ့ပါတယ်”
မင်ချီက ဆိုသည်။ ထိုစဉ် အလောင်းကောင်ဘုရင်ကျန့်ယန်က ကြားဖြတ်၍...
“ဒါပေမဲ့ အဲဒီအချိန်မှာ အထက်အင်မော်တယ်လောကမှာ အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်”
ဖြည့်စွက်ပြောသည်။ ကျန်းချန်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။
“ဘာအပြောင်းအလဲလဲ”
“ဖေးရှန်ဂိုဏ်းကနေ အထက်လောကကို တက်လှမ်းသွားတဲ့ အင်မော်တယ်ဘုရင်အရေအတွက် တစ်ထောင်ပြည့်သွားတဲ့အခါမှာ အထက်က အင်မော်တယ်ဧကရာဇ်တွေရဲ့ စိုးရိမ်မှုနဲ့ မနာလိုမှုကို စတင်နှိုးဆွလိုက်သလို ဖြစ်သွားပါတယ်။ ရလဒ်အနေနဲ့ အလယ်အင်မော်တယ်လောကမှာရှိတဲ့ ဖေးရှန်ဂိုဏ်းကိုပါ အမြစ်ပြတ်သုတ်သင်ဖို့ ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြပါတယ်”
ဤသတင်းကြောင့် ဖေးရှန်ဂိုဏ်း အကြီးအကဲများမှာ ထိတ်လန့်သွားကြရသည်။ ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာလည်း အခြေအနေကို ရုတ်တရက် သဘောပေါက်သွား၏။
“ဒါကြောင့်လည်း ဘိုးဘေးကြီးတွေက အောက်လောကကို တစ်ခါမှပြန်မလာနိုင်ခဲ့ကြတာပဲ။ သူတို့တွေ အထက်လောကကို ရောက်တဲ့အခါမှာ အင်မော်တယ်ဧကရာဇ်တွေရဲ့ နှိပ်ကွပ်မှုကို ခံခဲ့ကြရတာလား”
သူတို့က ဝမ်းနည်းစွာရေရွတ်ကြလေသည်။
အစ်ကိုကြီးချန်သည်လည်း မိမိအနေဖြင့် နှစ်သန်းပေါင်းများစွာ တံခါးပိတ်အိပ်စက်... အိပ်ပျော်နေခဲ့သဖြင့် အရေးကြီးသောအဖြစ်အပျက်များကို လွဲချော်ခဲ့မိကြောင်း သက်ပြင်းချရင်း တွေးတောနေမိသည်။
“အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ခဲ့လဲ”
“အထက်လောကအနေနဲ့ အလယ်လောကရဲ့ အငြင်းပွားမှုတွေမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လို့မရပါဘူး။ ဒါကြောင့် အဲဒီနှစ်တွေအတွင်းမှာ အလယ်လောကမှာရှိတဲ့ အင်မော်တယ်ဂိုဏ်းအချို့ကို ဖေးရှန်ဂိုဏ်းကိုဖျက်ဆီးဖို့ အမြဲတစေညွှန်ကြားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဓားနယ်မြေ၊ မိစ္ဆာနယ်မြေနဲ့ အခြားသော မဟာမိတ်အဖွဲ့တွေက ပညာရှင်တွေ အထက်လောကကို မတက်လှမ်းရသေးခင်မှာ ဖေးရှန်ဂိုဏ်းကိုကာကွယ်ပေးခဲ့ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းရှစ်ဆယ်ခန့်က ဖြစ်ရပ်တွေပါ”
ယွမ်ကျိက ထိုစကားကိုထောက်ခံလျက်...
“မှန်ပါတယ်... ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်သန်းပေါင်းရှစ်ဆယ်တုန်းက ကျွန်တော်တို့ဂိုဏ်းဟာ ရှေးဟောင်းဂိုဏ်းကြီးတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရန်သူတွေဟာ အကြောင်းရင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတာပါ။ ဒါဟာ တစ်စုံတစ်ယောက်က ကူညီပေးခဲ့လို့ပဲဖြစ်ရမယ်”
အင်မော်တယ်ဘုရင်လျိုယွမ်က ခေါင်းငြိမ့်ပြကာ...
“မှန်ပါတယ်။ အဲဒီလူတွေသာမရှိခဲ့ရင် ဖေးရှန်ဂိုဏ်းဟာ အနည်းဆုံး ဆယ်ကြိမ်မက ပျက်စီးသွားလောက်ပါပြီ။ နောက်ပိုင်းမှာ အဲဒီအင်အားကြီးသူတွေလည်း အထက်လောကကို တက်လှမ်းသွားကြတဲ့အခါ ကျွန်တော်တို့ရဲ့အင်အားလျော့နည်းလာပြီး ရှေးဟောင်းဂိုဏ်းကြီးတွေကိုယှဉ်ပြိုင်ဖို့ ခက်ခဲလာပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက နောက်ပိုင်း ဖေးရှန်ဂိုဏ်းရဲ့တပည့်တွေဟာ သာမန်အဆင့်လောက်ပဲရှိကြတော့တာကြောင့် အင်မော်တယ်ဘုရင်အဆင့်အထိ မရောက်နိုင်ကြတော့ပါဘူး။ ဒါကြောင့် အထက်လောကရဲ့ စိုးရိမ်မှုတွေ လျော့နည်းသွားပြီး ဂိုဏ်းဟာ ဆက်လက်တည်ရှိနေခဲ့တာပါ”
ရှင်းပြလေသည်။
ယွမ်ကျိနှင့် အခြားသူများမှာ မိမိတို့၏အရည်အချင်းမပြည့်မီမှုကြောင့်သာ ဂိုဏ်းမှာ ဘေးအန္တရာယ်မှ လွတ်ကင်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြရသည်။
မင်ချီက ဆက်လက်၍...
“လတ်တလောနှစ်တွေအတွင်း ယူမဟာမိတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ပုံစံတစ်မျိုးနဲ့ ကာကွယ်ပေးနေခြင်းဖြစ်ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်က နယ်မြေ ၃၀ ကျော်ကို လွှမ်းမိုးထားပြီး သူတို့အတွက် အန္တရာယ်ရှိနိုင်တဲ့အရာတွေကို တိတ်တဆိတ်ဖယ်ရှားပေးခဲ့ကြတာပါ။ ဒါပေမဲ့ ဒါကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်”
ဖြည့်စွက်ပြောကြားသည်။
ဤအချက်များကိုကြားသိရသောအခါမှ ဖေးရှန်ဂိုဏ်းအကြီးအကဲများမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်း ဂိုဏ်းသည် အခြားဂိုဏ်းများနှင့် ပြဿနာဖြစ်ပွားတိုင်း ထိုဂိုဏ်းများမှာ အကြောင်းရင်းမရှိဘဲ ပျက်စီးသွားတတ်သည်ကို ပြန်လည်သတိရသွားကြသည်။ ဖေးရှန်ဂိုဏ်း၏ အင်အားမှာ သာမန်မျှသာ ဖြစ်သော်လည်း အခြားဂိုဏ်းများထက် ပိုမိုအေးချမ်းစွာ တည်ရှိနေခဲ့ရခြင်းမှာ ဤအကြောင်းကြောင့်ပင်။
အစ်ကိုကြီးချန်မှာလည်း မိမိအနေဖြင့် ၎င်းတို့အား အထင်လွဲခဲ့မိကြောင်း သိရှိရသဖြင့် အားနာသွားမိသည်။
“ကောင်းပြီ... အခြေအနေက အဲဒီလိုဆိုရင်တော့ ဒီကိစ္စကိုမေ့လိုက်ကြရအောင်”
အင်မော်တယ်ဘုရင်မင်ချီနှင့် လျိုယွမ်တို့မှာလည်း ဘေးအန္တရာယ်မှ လွတ်ကင်းသွားသဖြင့် ချွေးစေးများကို သုတ်လိုက်ကြသည်။ ၎င်းတို့သည် ကျန်းချန်ကို အလွန်အမင်းရိုသေကြသော်လည်း ကျိလင်ဟန်နှင့် အခြားတပည့်များအပေါ်တွင်မူ ထိုမျှအထိ အလေးမထားခဲ့ကြချေ။ သို့သော်လည်း ဘိုးဘေးကြီး၏နောက်မျိုးဆက်များကို စောင့်ရှောက်ရန် သတိရနေခဲ့ခြင်းမှာပင် အတော်လေး ရှားပါးလှသောစိတ်ထားပင်။
“အခုငါပြန်ရောက်လာပြီဆိုတော့ မင်းတို့အနေနဲ့ ဘာမှဖုံးကွယ်ထားဖို့မလိုတော့ဘူး”
ကျန်းချန်က ပြုံးလျက်...
“ဖေးရှန်ဂိုဏ်းရဲ့ နောက်မျိုးဆက်တွေအပေါ် မင်းတို့ရဲ့စောင့်ရှောက်မှုတွေကို အခုကစပြီး လွတ်လပ်စွာလုပ်ဆောင်နိုင်ပြီ။ ဒီနှစ်တွေအတွင်း သူတို့ခံစားခဲ့ရတဲ့အခက်အခဲတွေအတွက် ပြန်လည်ပေးဆပ်ကြတာပေါ့”
ယွမ်ကျိနှင့် အခြားသူများမှာမူ ဘိုးဘေးကြီးသည် မည်သူ့ကိုမဆို ဆက်ကြေးတောင်းရန် ဝန်မလေးသောပုဂ္ဂိုလ်ဖြစ်ကြောင်း သိရှိသွားကြတော့သည်။
“ဟုတ်ကဲ့... အမှန်ပါပဲ... စီနီယာတွေအနေနဲ့ ဂျူနီယာတွေအတွက် လက်ဆောင်လေးတွေ ပေးသင့်တာပေါ့”
အင်မော်တယ်ဘုရင်မင်ချီနှင့် လျိုယွမ်တို့မှာ ရယ်မောလျက် အဆင့် ၇ အင်မော်တယ်ဆေးလုံးများ ဖြစ်သော ထိုက်ရွှမ်ဝိညာဉ်ပေါင်းစပ်ဆေးလုံးငါးပုလင်းကို ထုတ်ပေးလိုက်ကြသည်။ ဤဆေးလုံးမှာ ဝိညာဉ်ကျင့်ကြံမှုအတွက် အလွန်ရှားပါးသောဆေးလုံးဖြစ်သဖြင့် ယွမ်ကျိနှင့် အခြားအကြီးအကဲများမှာ ဝမ်းသာအားရဖြင့် ကျေးဇူးတင်ကြလေ၏။
အစ်ကိုကြီးချန်မှာမူ ဤဆေးလုံးများမှာ သူမကြာသေးမီကစားသုံးခဲ့သည့် ထောင်ပေါင်းများစွာသောဆေးလုံးများနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်သဖြင့် တည်ငြိမ်စွာပင် စောင့်ကြည့်နေမိသည်။ အားလုံးက ကျေးဇူးတင်နေကြစဉ် အင်မော်တယ်ဘုရင်လျိုယွမ်၏နောက်မှ တပည့်အချို့မှာမူ ဤအခြေအနေကို ဆက်လက်သည်းမခံနိုင်တော့ပေ။
***